စုချီဟန် ထွက်သွားပြီးနောက် ကျန်ကျောင်း၊ ဓားမိစ္ဆာနှင့် တခြားလူများက ရီဖူရှင်းဘေးကို ရောက်လာကြသည်။
လိပ်ပြာလေးနှင့် ပတ်သက်သော ကောလာဟလများအား သူတို့လည်း သိကြပေသည်။
“ရှန့်ထိုကျန့်ရဲ့ တပည့်ကြီးက လူမှုရေး သိပ်နားလည်ဟန် မတူဘူး…” စုရှမ်းက မှတ်ချက်ချသည်။
“ဒါက သူ့ကျင့်ကြံခြင်းနဲ့ ပတ်သက်လိမ့်မယ်…” ဓားမိစ္ဆာက ပြောသည်။ စုချီဟန်ကား ရှန့်ထိုကျန့်၏အဆိပ်လမ်းစဉ်ကို ဆက်ခံသူဖြစ်ရာ ထိုအရာက သူ၏ စိတ်သဘောနှင့် အမူအရာတို့ကို လွှမ်းမိုးပေသည်။
“သူနဲ့ပတ်သက်ပြီး မပြောနဲ့တော့… ကျုပ်က သားရဲတွေက တစ်ဆင့် ကျောက်ပြည်ထောင်ရဲ့ လှုပ်ရှားမှုတွေကို ကြည့်နေတယ်.. ဒီနောက်ပိုင်း သူတို့က မူမမှန်ဘူး…”
“တကယ်လို့ မင်းသာ ကျောက်ပြည်ထောင် ဘုရင်ဆိုရင် သူ့စစ်တပ်ကို ဘယ်နေရာသို့ စေလွှတ်မယ်လို့ ထင်လဲ…” စုရှမ်းက ရီဖူရှင်းကို မေးသည်။
“ကျောက်ပြည်ထောင် ဘုရင်က မောက်မာပြီးတော့ စရိုက်ကြမ်းတယ်… တကယ်လို့ သူ့မှာသာ ကျုပ်နဲ့ဆရာတို့ကို သတ်ဖို့ အခွင့်အရေးရခဲ့ရင် သေချာပေါက် လာသတ်မှာပဲ…” ရီဖူရှင်းက ပြောသည်… “ဒါကြောင့် သူက သေချာပေါက် ပြည်နယ်ကိုးခု မြို့တော်ကိုပဲ စစ်ချီလိမ့်မယ်…”
အကယ်၍ ကျောက်ပြည်ထောင် ဘုရင်ကသာ ကိုယ်တိုင် တိုက်ခိုက်မည် ဆိုပါကလည်း သူ၏ဆရာကိုသာ ဖြစ်ပေလိမ့်မည်။ ကျောက်ပြည်ထောင်မှ တခြား စွမ်းအားမြင့် တန်ခိုးရှင်များမူကား ရီဖူရှင်းတို့အဖွဲ့ကို တိုက်ခိုက် ကြပေလိမ့်မည်။
အကယ်၍ သူတို့သာ ပြည်နယ်ကိုးခု မြို့တော်၌ အသတ်ခံခဲ့ရပါက မြေရိုင်းပြည်နယ်ကား သေချာပေါက် အဆုံးသတ်ပေပြီ။
ထို့ကြောင့် ကျောက်ပြည်ထောင် ဘုရင်က သေချာပေါက် ပြည်နယ်ကိုးခု မြို့တော်ကို စစ်ချီပေလိမ့်မည်။
အကယ်၍ သူတို့အားလုံး အသတ်ခံရပါက တော်ဝင်စစ်ပွဲ ပြီးဆုံးပြီဟုပင် ပြော၍ ရပေမည်။
“တော်ဝင် အကြီးအကဲ…” ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်ကို ကြည့်ကာ မေးသည်… “အဘက ကျောက်ရန်ဝမ်နဲ့ ရင်ဆိုင်ရရင် ဘယ်လိုနေမလဲ…”
ကျောက်ရန်ဝမ်ကား ကျောက်ပြည်ထောင်၏ နောက်ထပ် ရှန့်ထို တန်ခိုးရှင်တစ်ပါး ဖြစ်သည်။ ကျောက်ရန်ဝမ်ကား ကျောက်ပြည်ထောင်၏ စီနီယာ ဖြစ်သော်လည်း ရှန့်ထိုအဆင့်တွင် ပိုမိုနိမ့်ကျပေသည်။
“အခု ကျောက်ရန်ဝမ်က ဘယ်လောက် အားကောင်းလဲ ငါမသိဘူး… ဒါပေမဲ့ ဘာပဲဖြစ်နေပါစေ ငါက အေးအေးဆေးဆေး ထွက်သွားနိုင်တယ်…” ကျေးရွာ ခေါင်းဆောင်က ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ဒါဆိုလည်း အဘတို့ကို ဒုက္ခပေးရတော့မှာပဲ… ကျန်ကျောင်း၊ စုရှမ်းနဲ့ တခြား စီနီယာ ကိုးယောက်ကို ခေါ်ပြီး ကျောက်ပြည်ထောင် မြို့တော်ကို သွားလိုက်ပါ… အခွင့်အရေး ပေါ်လာသလို ဆောင်ရွက်ပါ… ရည်ရွယ်ချက်က ရန်သူကို သတ်ဖို့မဟုတ်ဘူး… သူတို့ကို စောင့်ကြည့်ဖို့ပဲ… တကယ်လို့ ထူးခြားတာ တစ်ခုခုရှိရင် သားရဲတွေက တစ်ဆင့် ပြောပါ့မယ်…”
“ဒီမှာ မင်းတို့လူ နည်းနည်းပဲ ကျန်လိမ့်မယ်…” ဓားမိစ္ဆာက မျက်မှောင်ကြုတ် လိုက်သည်။ သည်နေရာတွင် ကျန်ရစ်မည့်လူကား ရီဖူရှင်း၊ ယူချင်း၊ ယန်ဟောင်၊ ထောင်ကျန်းနှင့် ထာဝရ အဘိုးအိုတို့သာ ဖြစ်ပေမည်။
သူတို့က တခြား လူများကိုလည်း ခေါ်လာခြင်း မရှိခဲ့ကြပေ။
“ပြဿနာမရှိဘူး… ကျွန်တော်က ဆေးဥယျာဉ်မှာပဲ ရှိနေမယ်…” ရီဖူရှင်းက ပြောသည်။
“ငါတို့ဘယ်တော့ သွားရမလဲ…” ကျေးရွာ ခေါင်းဆောင်က မေးသည်။
“အခုပဲ…” ရီဖူရှင်းက ပြောသည်။
“ကျောက်ပြည်ထောင် ဘုရင်က အခု ကျောင်းတော်မှာပဲ… တကယ်လို့ ငါတို့ထွက်သွားရင် သူမသိအောင် သွားဖို့ မလွယ်ဘူး…” ကျေးရွာ ခေါင်းဆောင်က ပြောသည်။
“ဘယ်အချိန်ပဲ သွားသွား သူမသိအောင် သွားလို့မရဘူး… အဘက အာကာသဓာတ်မှာ ကျွမ်းကျင်တယ်.. တကယ်လို့ ကျောက်ပြည်ထောင် ဘုရင်က အဘနောက်ကို လိုက်ချင်ရင်လည်း လိုက်ပါစေ…” ရီဖူရှင်းက ပြောသည်။
“ငါ နားလည်ပြီ…” ကျေးရွာ ခေါင်းဆောင်က ခေါင်းညိတ်သည်။ ထို့နောက်တွင် သူတို့က နတ်ဘုရားဓားအား ထုတ်ကာ ထွက်သွား ကြတော့သည်။
ထိုအခိုက်တွင် ကျောင်းတော်မှ လူများအားလုံးက ကောင်းကင်ကို ဖြတ်သန်း သွားသော အလွန် အားကောင်းသော ဓားအသိကို ခံစားကြရသည်။ နတ်ဘုရားဓားက လေဟာနယ်ကို ခွင်းကာ အဝေးသို့ ဝင်ရောက် ပျောက်ကွယ် သွား၏။
ကျောက်ပြည်ထောင် ဘုရင်၏ မျက်လုံးက မှိတ်နေရာမှ ရုတ်တရက် ဖွင့်လိုက်သော်လည်း မျက်လုံးကို ပြန်မှိတ်ကာ ငြိမ်သက်စွာ ကျင့်ကြံသည်။
သူ့ခရီး၏ ရည်ရွယ်ချက်က ကျေးရွာခေါင်းဆောင် မဟုတ်ပေ။ သူ့အနေဖြင့် အာကာသဓာတ်တွင် ကျွမ်းကျင်သော ရှန့်ထိုတစ်ပါးအား သတ်ရန် မလွယ်ကူပေ။
သူတို့သွားသော နေရာကိုလည်း သူ ဂရုမစိုက်ပေ။ ကျောက်ပြည်ထောင်တွင် ကျောက်ရန်ဝမ်ရှိကာ ဖီးနစ်ဝင်္ကပါလည်း တည်ရှိပေသည်။
တော်ဝင်ကျဲနန်းတော်၏ စစ်တပ်တစ်ခုလုံးက ကျောက်ပြည်ထောင်ကို တိုက်ခိုက်လျှင်ပင် မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။
ကျောက်ပြည်ထောင်၏ ထိပ်သီး စစ်အင်အားကလည်း ယခုထွက်လာနေပြီ ဖြစ်ကာ သူတို့၏အစီအစဉ်က ပြောင်းလဲမည် မဟုတ်ပေ။
နောက်ရက် အနည်းငယ်တွင် နှစ်ဟောင်း ကုန်ပေတော့မည်။ ပြည်နယ်ကိုးခု ကျောင်းတော်ကလည်း ကျောင်းသားများ၏ တိုးတက်မှုကို အကဲဖြတ်သည့် ပွဲတစ်ခု လုပ်ပေလိမ့်မည်။ နှစ်ကုန် လက်ရည်စမ်းပွဲက ကြီးကျယ် ခမ်းနားကာ တန်ခိုးရှင်များစွာ တက်ရောက် ကြပေလိမ့်မည်။
နှစ်ဟောင်းကုန်သော နေ့ကား ပြည်နယ်ကိုးခု ကျောင်းတော်၏ အစည်ကားဆုံး နေ့လည်း ဖြစ်သည်။
သည်တစ်ကြိမ်တွင်ကား အခန်းအနားကို ကျောက်ပြည်ထောင် ဘုရင်ကိုယ်တိုင် တက်ရောက်မည် ဖြစ်သည်။ ရှီဟွာတောင်မှ တန်ခိုးရှင်များနှင့် တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များကလည်း ဖိတ်ကြားမှုကို လက်ခံ ရရှိထားကြသည်။
ပြည်နယ်ကိုးခု ကျောင်းတော်တွင် တော်ဝင်မြေသုံးခုမှ လာရောက် လည်ပတ် နေထိုင်ကြသည်။ ဧည့်သည်များ ဖြစ်သည့်အလျောက် ကျောင်းတော်ကလည်း သူတို့အား အထူးတလည် ဧည့်ခံခဲ့ကာ ကောင်းမွန်စွာ ဆက်ဆံခဲ့ပေသည်။ သို့သော်လည်း ရီဖူရှင်းကား ပွဲကို တက်ရောက်ခြင်း မရှိခဲ့ပေ။ ဆေးစမ်းသပ်ခြင်း၏ နောက်ပိုင်းရက်များမှာ ပြီးဆုံးသွားပြီဖြစ်ပြီး မကြာခင် မုန်တိုင်းများ ရောက်လာ ပေတော့မည်။ သူကား ထိုအခမ်းအနားကို စိတ်မဝင်စားပေ။
သူ၏ ငြင်းပယ်မှုကြောင့် ကျောင်းတော်မှ လူများက ရီဖူရှင်းကား အလွန် ရိုင်းစိုင်းသည်ဟု ဝေဖန်ကြသည်။ သူကား ထိုကြီးမားသော အခမ်းအနားကို တက်ရောက်ရန် ဖိတ်ကြားခြင်းအား တိုက်ရိုက် ငြင်းပယ်ခဲ့သည်။
ပြည်နယ်ကိုးခု ကျောင်းတော်၏ အခမ်းအနားမှာ အလွန် စည်ကားသော်လည်း ရီဖူရှင်းကား ဆေးဥယျာဉ်ထဲ၌ တိတ်ဆိတ်စွာ လေ့ကျင့်နေသည်။ တစ်ချိန်တည်းမှာပင် ကျောက်ပြည်ထောင် မြို့တော်၌ စစ်ပွဲတစ်ခု ဖြစ်ပွားပေသည်။
တော်ဝင်ကျဲနန်းတော်၏ တော်ဝင် အကြီးအကဲက ကျောက်ပြည်ထောင်သို့ ရောက်လာကာ ကျောက်ရန်ဝမ်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားသည်။ ကျောက်ရန်ဝမ်ကား အရေးနိမ့်ကာ ဖီးနစ်ဝင်္ကပါ အတွင်းသို့ ဆုတ်ခွာခဲ့ရပြီး ကျေးရွာ ခေါင်းဆောင်၏ တိုက်ခိုက်မှုကို ကာကွယ် နေရသည်။
တိုက်ပွဲက ကျောက်ပြည်ထောင် တစ်ခုလုံးကို ထိတ်လန့် စေခဲ့သည်။ ယခင် မရဏဓား နတ်မယ်၏ အစေခံကား အလွန် အားကောင်းလွန်းရကား ကျောက်ရန်ဝမ်ကိုပင် အသာစီး တိုက်ခိုက်နိုင်သည်။
တစ်ဖက်တွင်လည်း ကျန်ကျောင်းတို့အဖွဲ့က မြို့တော်တွင် ကျောက်ပြည်ထောင်ကို ဆက်လက် စောင့်ကြည့် နေကြသည်။ ကျန်ကျောင်းမှာလည်း အာကာသဓာတ်ကို ကျွမ်းကျင်သူဖြစ်ရာ တစ်ဖက် တန်ခိုးရှင်များက သူတို့အား ဖမ်းမိရန် မလွယ်ကူပေ။
တစ်ဖက်တွင် တော်ဝင်ကျဲ နန်းတော်၌ ကျန်ရစ်သော တန်ခိုးရှင်များမှာလည်း ဇွဲနပဲဖြင့် ကြိုးစား လေ့ကျင့်နေကြသည်။
နန်းတော်ကား မြေရိုင်းပြည်နယ် တစ်ခုလုံးမှ တန်ခိုးရှင်များအား စုစည်းနေကာ နန်းတော်၌လည်း အားကောင်းသော ဝင်္ကပါ အစီအရင်များကို ရန်ရှောင်၏ ဦးဆောင်မှုဖြင့် စီမံနေကြသည်။ သူတို့က တိုက်ခိုက်ခံရမည်ကို သိပ်စိတ်ပူစရာပင် မလိုတော့ပေ။
တော်ဝင်ကျဲ နန်းတော်၏ ကောင်းကင်ထက်မှ သားရဲတစ်ကောင် ပျံသန်းလာကာ တော်ဝင်ရှီနန်းဆောင်၏ အမြင့်ဆုံး မျှော်စင်ထက်သို့ ကျဆင်းလာသည်။ သူက ပြောသည်… “နန်းတော်သခင်က တော်ဝင်ကျဲ နန်းတော်က တန်ခိုးရှင်တွေ အကုန်လုံးကို တော်ဝင်ရှီ နန်းဆောင်မှာ လာရောက် စုစည်းဖို့ အမှာ ပါးလိုက်တယ်…”
အားလုံးက သားရဲကို လှမ်းကြည့် လိုက်ကြသည်။ သူကား သိမ်းငှက်နက် ဖြစ်သည်။ သူတို့အားလုံးက ရီဖူရှင်း၏ သိမ်းငှက်နက်ကို သိကြသည်။
မကြာမီ တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များက တော်ဝင်ရှီ နန်းဆောင်ရှေ့ကို လာရောက် စုစည်းကြသည်။
“ဝင်္ကပါ နန်းဆောင်ကလွဲပြီး ပြည်နယ်ကိုးခု မြို့တော်သို့ ရှီတန်ခိုးရှင်တွေ ချီတက်ကြရမယ်… အင်အား တစ်ဝက်ကို ဒီမှာ ချန်ထားခဲ့ပြီး ကျန်တဲ့တစ်ဝက်က ပြည်နယ်ကိုးခု မြို့တော်သို့ သွားမယ်…” သိမ်းငှက်နက်က ပြောသည်။
“ကောင်းပြီ…” အားလုံးက ခေါင်းညိတ်ကြသည်။ မကြာမီ အကြီးအကဲများ၊ တာဝန်ရှိသူများက သူတို့၏အင်အားစုများကို စုစည်းကာ နန်းတော်တွင် ကျန်ရစ်မည့်လူ၊ ထွက်ခွာမည့် လူများအား စနစ်တကျ တာဝန် ခွဲဝေကြသည်။
ထိုနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်တော့မည်မှာ သေချာပေသည်။
မကြာမီ စစ်တပ်တစ်ခုက ပြည်နယ်ကိုးခု မြို့တော်သို့ ဦးတည် သွားကြတော့သည်။ များစွာသော သားရဲများကလည်း အရပ်မျက်နှာ မျိုးစုံသို့ ထွက်သွားကြသည်။
ဆေးဥယျာဉ်မှ ရီဖူရှင်းက ဆေးရည်ကန်မှ ထွက်လာခဲ့သည်။ သူ၏တစ်ကိုယ်လုံးက စွမ်းအားများဖြင့် ပြည့်နှက်နေသည်ဟု သူ ခံစားနေရသည်။
ယနေ့ကား သူ၏ဆေးစမ်းသပ်မှု နောက်ဆုံးနေ့ ဖြစ်သည်။
ရှစ်ဆယ့်တစ်ရက်ကြာ ဆေးစမ်း သပ်မှုအပြီးတွင် သူ၏ခန္ဓာကိုယ်ကား ကြီးစွာ ပြောင်းလဲခဲ့ကာ မယုံကြည်နိုင်ဖွယ် ကောင်းအောင် သန်မာလာခဲ့၏။ ထို့အပြင် သူက ဒြပ်မှုန်လောကဓာတ် ကိုလည်း နားလည်ကာ တန်ခိုးအဆင့် တက်ခဲ့သည်။
ဆေးစမ်းသပ်မှုက သူ့အား ပိုမို သန်မာစေခဲ့သည်။
ရှန့်ထိုကျန့်၊ လိပ်ပြာလေး၊ ထောင်ကျန်းနှင့် ယူချင်းတို့ အားလုံးက ရီဖူရှင်း ဆေးစမ်းသပ်မှု ပြီးသွားသည်ကို ကိုယ်တိုင် လာရောက် ကြည့်ရှုကြသည်။
ရီဖူရှင်းက ရှန့်ထိုကျန့်ထံသို့ သွားရောက် ဦးညွှတ်ကာ ပြောသည်… “ကျေးဇူးတင်ပါတယ် … စီနီယာ…”
“ဒါက မင်းရဲ့ ကိုယ်ပိုင် အားထုတ်မှုပဲ… ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး… တကယ်လို့မင်းသာ ခံနိုင်ရည် မရှိခဲ့ရင် သေရမှာပဲ…” ရှန့်ထိုကျန့်က ပြောသည်။
ရီဖူရှင်းက ပြုံးလျက် ပြောသည်… “စီနီယာ… ဒီနေ့က ဒီနှစ်ရဲ့ နောက်ဆုံးနေ့ပဲ … ကျုပ်တို့ ညစာစားပွဲတစ်ခု လုပ်ကြမလား…”
“မင်းဘာသာမင်း ပွဲလုပ်ပါ…” ရှန့်ထိုကျန့်က ပြောကာ တစ်ဖက်ကို ထွက်သွားသည်။
လိပ်ပြာလေးက ပြုံးလျက် ပြောသည်… “ဆရာက နှစ်ကုန်ကျရင် ဘယ်တော့မှ တခြားလူတွေနဲ့ ညစာစားပွဲ မလုပ်ဘူး…”
“တကယ်လား…” ရီဖူရှင်းက တီးတိုးပြောသည်။
ရှန့်ထိုကျန့်၏အသံက အဝေးမှ ရောက်လာသည်… “မင်း အသက်ရှင်ခဲ့ရင် မိုရှီအဆင့် တက်တဲ့အခါ ဆေးစမ်းသပ်မှုရဲ့ ဒုတိယအဆင့်ကို ဆက်လုပ်ကြမယ်…”
သူ၏စကားကို ကြားသည်တွင် ရီဖူရှင်း တစ်ကိုယ်လုံး တုန်သွားသည်။ ပထမတစ်ကျော့ကပင် မချိမဆံ့ ခံစားခဲ့ရသည်။ ဒုတိယ တစ်ကျော့တွင် သူက မည်မျှ ခံရမည်ကို မတွေးရဲပေ။
***