နှစ်ကုန်ခါနီးလေ ကျောင်းတော်က ပိုစည်ကားလေ ဖြစ်သည်။
သို့သော်လည်း ကျောင်းတော်တွင် ရီဖူရှင်းနှင့် နတ်မိမယ်ဒီးတို့နှင့် ပတ်သက်သော ကောလာဟလများ လှည့်ပတ် နေသည်။
တော်ဝင်ကျဲနန်းတော် သခင်ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်ကို အလည်အပတ် ရောက်လာခဲ့ကာ ရက်သတ္တပတ်များစွာ နေထိုင်သည်။ ထိုကာလအတွင်း၌ သူနှင့် သူ့ဆရာ ထောင်ကျန်းတို့မှာ ရှန့်ထိုကျန့်၏ ဆေးကုသမှုနှင့် ဆေးစမ်းသပ်မှုများကို ခံယူကြရ၏။ ယခုကား ထောင်ကျန်းက သူ၏နတ်ဘုရားပြစ်ဒဏ်ကို ခံယူရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ရီဖူရှင်းကိုယ်တိုင်က တန်ခိုးအဆင့် မြင့်တက် သွားသည်ဟု ဆိုကြသည်။ ဆေးစမ်းသပ်မှုတွင် အောင်မြင်ခြင်းမှာလည်း လိပ်ပြာလေး ကိုယ်တိုင်က လျှော့ပေါ့ ပေးခဲ့သောကြောင့်ဟု ဆိုကြသည်။
ထို့အပြင် လူအများအပြားက ပြောကြသည်မှာ ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်သို့ ရောက်ခါစ၌ ဆရာကြီးစုနှင့် တွေ့ဆုံရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သော်လည်း ဆရာကြီးစုကလည်း လုံးဝ လက်ခံတွေ့ဆုံခြင်း မရှိပေ။ ထို့ကြောင့် ရီဖူရှင်းက နတ်မိမယ်ဒီးနှင့် စတင် ရင်းနှီးမှုယူကာ ရှန့်ထိုကျန့်နှင့် တွေ့ဆုံခဲ့သည်ဟု ထင်မြင်ကြသည်။
ယခု ရီဖူရှင်းက ဆေးဥယျာဉ်၌ အကျိုးကျေးဇူးများ ရရုံမက နတ်မိမယ်ဒီး၏ စိတ်နှလုံးကိုပင် သိမ်းပိုက် နိုင်ခဲ့သည်။
အဓိပ္ပာယ် ကင်းမဲ့သည်ကား ရီဖူရှင်းမှာ လက်ထပ်ပြီးသား လူဖြစ်ကာ အကယ်၍ နတ်မိမယ်ဒီးကသာ ရီဖူရှင်းနှင့် ပတ်သက်မိပါက ကိုယ်လုပ်တော် အဆင့်မျှသာ ရှိပေလိမ့်မည်။
ထိုကောလာဟလများက ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ် လာနေခဲ့သည်။ ရီဖူရှင်းကား ပြည်နယ်ကိုးခု ကျောင်းတော်တွင် ကောင်းမွန်သော ဂုဏ်သတင်းများကို ပိုင်ဆိုင်ခဲ့ရာ ထိုသို့သတင်းများ ထွက်လာသောအခါ လူအများအပြားက သူ့အတွက် ခုခံပြောဆိုကြသည်။ သို့သော်လည်း ပုံမှန်အားဖြင့် ရီဖူရှင်းကို အမြင်ကတ် သူများလည်း ရှိကြပေသည်။
ပြင်ပလူ တစ်ယောက်မှ ကျောင်းတော်ကို ရောက်လာကာ ကျောင်းတော်မှ တပည့်များ အားလုံးကို အနိုင်ယူခဲ့ခြင်းမှာ လူတိုင်းအတွက် သည်းခံနိုင်စရာ ကိစ္စတော့ မဟုတ်ပေ။ နောက်ပိုင်း သူက နတ်မိမယ်ဒီးကို ချဉ်းကပ်လျက် ရှန့်ထိုကျန့်နှင့် တွေ့ဆုံခဲ့သည်။ ဤတွင် ကောလာဟလများကို ကြား၍ရီဖူရှင်းကို သဘောမကျသူများ ရှိလာမည်မှာလည်း ပုံမှန်သာ ဖြစ်ပေသည်။
ရီဖူရှင်း၏ ဂုဏ်သတင်းမှာလည်း ကောင်းခြင်း ဆိုးခြင်းများဖြင့် ရောထွေး နေတော့သည်။
ယခုကား ပြည်နယ်ကိုးခု ကျောင်းတော် အတွင်း၌ လူအများအပြားက စုစည်း နေကြသည်။ ထိုအထဲတွင် တော်ဝင်လမ်း၏ သားတော်များပင် ပါဝင်ကြ၏။ ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သော တွမ့်ချိန်ဟေးပင် ထိုနေရာ၌ ရှိနေပေသည်။ ထိုအရာက အစည်းအဝေး တစ်ခုနှင့် ဆင်ဆင်ရ၏။
ဦးဆောင်သူနေရာ၌ ထိုင်နေသူကား အသက်သုံးဆယ် အရွယ်ခန့် ရှိသော်လည်း သူ၏ တကယ့်အသက်က သည့်ထက် ကြီးရင့်နိုင်ပေသည်။ သူကား ပြည်နယ်ကိုးခု ကျောင်းတော် ကျောင်းအုပ်၏ လက်ရင်းတပည့် ဖြစ်သော လင်းရှာပိုင် ဖြစ်ပေသည်။ သူကား တော်ဝင် လင်းသားတော်များ၏ ခေါင်းဆောင်ဖြစ်ကာ ကျောင်းတော်တွင် မြင့်မားသော အဆင့်အတန်းတစ်ခုအား ပိုင်ဆိုင်၏။
နောင်တွင် ကျောင်းတော်၏ အနာဂတ် ကျောင်းအုပ်နေရာကား လင်းရှာပိုင် သို့မဟုတ် တွန်ဟေးတို့က ဆက်ခံရနိုင်သည်ဟု လူအများအပြားက ယူဆထားကြသည်။
လင်းရှာပိုင်ကား တွန်ဟေးထက် နှစ်အနည်းငယ် ကြီးရင့်ကာ တန်ခိုး အဆင့်မှာလည်း မြင့်မားပြီး ကွန်းရှီအဆင့်သို့ ရောက်နေပြီး ဖြစ်သည်။ နောက်လာမည့် ရှန့်ထိုပြိုင်ပွဲ၌ သူက ပြည်နယ်ကိုးခု ကျောင်းတော်ကို ဦးဆောင်မည့်ဟန် ရှိနေသည်။
ထိုအုပ်စုက အေးအေးဆေးဆေး စကားပြောဆို နေကြသည်။ ထိုစဉ်မှာပင် လင်းရှာပိုင်၏ မျက်လုံးများက လူငယ်တစ်ယောက်ထံကို ရောက်သွားသည်။ လူငယ်ကား လက်တွင် ဓားငယ်တစ်လက်ကို ကိုင်ထားကာ ရုပ်တုငယ် တစ်ခုအား ထွင်းထုနေဟန် ရသည်။
“ညီငယ်လေးတွန်… ဒီနှစ်ထဲမှာ မင်းနဲ့ သိပ်မတွေ့ဖြစ်ဘူး… မင်းရဲ့ တန်ခိုးကျင့်တာက ဘယ်လိုလဲ…” လင်းရှာပိုင်က ပြုံးလျက် မေးသည်။ ရုပ်တုထွင်းနေသူကား တွန်ဟေး ဖြစ်သည်။
“အလယ်အလတ်မိုရှီ…” တွန်ဟေးက အရုပ်ထွင်း နေရင်းဖြင့်ပင် လင်းရှာပိုင်ကို မကြည့်ဘဲ ပြောသည်။ ကျောင်းတော်၏ တပည့်များထဲတွင် လင်းရှာပိုင်ကား မကြည့်ဘဲ စကားပြောရဲသူ ဟူ၍ သူတစ်ယောက်သာ ရှိပေလိမ့်မည်။
သို့သော်လည်း လင်းရှာပိုင်က အလေးထားဟန် မရပေ။ သူက ပြုံးလျက် ပြောသည်… “မင်းက အဆင့်တက် သွားပြန်ပြီ… မင်းက ကွန်းရှီအဆင့်ကို ရောက်ဖို့တောင် သိပ်မလိုတော့ဘူးပဲ…”
“ဒီနှစ်ထဲမှာ စီနီယာအစ်ကိုရဲ့ တိုးတက်မှုကရော…” တွန်ဟေးက တီးတိုး ပြောသည်။
“ဉာဏ်အလင်းရမှု တချို့တလေ ရှိတယ်ဆိုပေမဲ့ တန်ခိုးအဆင့် တက်တာတော့ မရှိဘူး…” လင်းရှာပိုင်က ပြောသည်… “ကျောင်းတော်ထဲ ဒီနှစ်ထဲမှာ ထူးထူးခြားခြား ကိစ္စတွေရှိတယ် ကြားတယ်… မြေရိုင်းပြည်နယ် တော်ဝင်ကျဲနန်းတော်၊ အရှေ့ဘက်နယ်က ရှီဟွာတောင်နဲ့ ကျောက်ပြည်ထောင်တို့က ကျောင်းတော်ကို ရောက်နေကြတယ် ကြားတယ်… ဒါကို မင်း ဘယ်လိုမြင်လဲ…”
တွမ့်ချိန်ဟေးကား အနည်းငယ် ရှက်ရွံ့ဟန် ရနေသည်။ သူက ရီဖူရှင်းအား ရှုံးနိမ့်ခဲ့၏။
“စိန်ခေါ် တိုက်ခိုက်ခဲ့တဲ့ ဂျူနီယာညီလေး တွမ့်ချိန်ဟေးအပြင် တခြား ထူးခြားတာတော့ မရှိဘူး…” တစ်ယောက်က ပြောသည်။
“လင်းရှာပိုင်…”
ထိုအခိုက်တွင် အသံတစ်သံနှင့်အတူ အနက်ရောင် ဝတ်ထားသော လူတစ်ယောက် ရောက်လာသည်။ သူ၏ခန္ဓာကိုယ်မှ အေးစိမ့်သော အငွေ့အသက်များ ထွက်နေသည်။ တော်ဝင်လမ်း၏ သားတော်များနှင့် တွေ့သည့်တိုင် သူ၏မျက်နှာတွင် အပြုံးမရှိပေ။
သူကား ရှန့်ထိုကျန့်၏တပည့်ကြီး စုချီဟန်ဖြစ်သည်။
“လာပြီလား…” လင်းရှာပိုင်က စုချီဟန်ကို မေးသည်…” လိပ်ပြာလေးက ဘာလို့ မလာတာလဲ…”
“လိပ်ပြာလေး အလုပ်များနေတယ်…” လင်းရှာပိုင်၏ ဘေးတွင်ထိုင်ရင်း စုချီဟန်က ပြောသည်။ ရှန့်ထိုကျန့်က ပြည်နယ်ကိုးခု ကျောင်းတော်တွင် မြင့်မားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ရာ ပုံမှန်အားဖြင့် သူ့တပည့်များမှာလည်း တပည့်များအကြား အဆင့်မြင့်မား ပေသည်။
မှန်သည်… သူက တော်ဝင်လမ်း သားတော် ဖြစ်ခြင်းကြောင့် သည်နေရာကို ရောက်လာခြင်း မဟုတ်ပေ။ သူနှင့် လင်းရှာပိုင်တို့က ခင်မင်ရင်းနှီး ကြပေသည်။
“တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းက ဆေးဥယျာဉ်မှာ လေ့ကျင့်နေတယ်လို့ ငါကြားတယ်… မင်းက သူနဲ့ တော်တော်များများ တွေ့ဖူးမှာပေါ့… သူ့ကို ဘယ်လိုထင်လဲ…” လင်းရှာပိုင်က မေးသည်။
“သူနဲ့ သိပ်မတွေ့ဖြစ်ပါဘူး… ဒါပေမဲ့ ဒီလူကတော့ တကယ်ပဲ ပါရမီမြင့်တယ်… နောက်ရက် နည်းနည်းဆို ဆရာရဲ့ ဆေးစမ်းသပ်မှုကို ကျော်ဖြတ် နိုင်တော့မယ်…” စုချီဟန်က ပုံမှန်လေသံဖြင့် ပြောသည်။
“ကျောင်းတော်မှာ ပျံ့နေတဲ့ သတင်းအချို့ ရှိတယ်… လိပ်ပြာလေးက တမင်ပဲ ရီဖူရှင်းကို သက်ညာပေးတယ်… မင်း ဘယ်လိုထင်လဲ…” လင်းရှာပိုင်က မေးသည်။
စုချီဟန်က အေးစက်စွာ ပြောသည်… “အဓိပ္ပာယ်မရှိတာ… လိပ်ပြာလေးက ဆရာ ညွှန်ကြားတဲ့ အတိုင်းပဲ စီမံခဲ့တာ… ရီဖူရှင်ကလည်း သူ့စွမ်းရည် သက်သက်နဲ့ ဒီဆေးစမ်းသပ်မှုကို ကျော်ဖြတ်ခဲ့တာ… ဒီလို ကောလာဟလတွေကို ဖြန့်တယ်ဆိုတာ သူများကို မနာလိုလို့ပဲ…”
“ငါလည်း ဒီလိုပဲ ထင်တယ်… ရီဖူရှင်းက သာမန် မဟုတ်တဲ့လူလို့ ငါကြားတယ်..” လင်းရှာပိုင်က ဆက်ပြောသည်… “ဒီကောလာဟလတွေ ဆက်မပြန့်အောင် ငါ တားလိုက်ပါ့မယ်…”
“အင်း…” စုချီဟန်က ခေါင်းညိတ်သည်။
“ငါက တချို့ကိစ္စတွေကိုလည်း သိထားတယ်… ပထမက မင်းဆီကိုပဲ လာတွေ့ဖို့ ရီဖူရှင်းက ကြိုးစားခဲ့တယ်.. နောက်ပိုင်း မင်းက ငြင်းဆန်တဲ့အခါ ရီဖူရှင်းက လိပ်ပြာလေးကို တမင် ချဉ်းကပ်ခဲ့ပုံရတယ်… အခု ဆေးဥယျာဉ်မှာ သူနဲ့လိပ်ပြာလေးက ပိုရင်းနှီးလာတဲ့ပုံပဲ… ကျောင်းတော်မှာလည်း ကောလာဟလတွေ ရှိနေတော့ မင်းက လိပ်ပြာလေးကို ဆင်ခြင်ဖို့ နည်းနည်း သတိပေးထားဦး… ဒါက သူမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်…” လင်းရှာပိုင်က ပြောသည်။
စုချီဟန်က မျက်မှောင်ကြုတ် လိုက်သည်။ သူက သဘော မကျသော်လည်း ခေါင်းညိတ်သည်။ လင်းရှာပိုင် ပြောသည်မှာ မမှားသည်ကို သူသိသည်။
“ချီဟန်… မင်းနဲ့ လိပ်ပြာလေးက ရှန့်ထိုကျန့်ရဲ့ တပည့်တွေ ဖြစ်ပြီးတော့ ငယ်ငယ်တည်းက အတူတူကြီးပြင်း လာခဲ့ကြတာ… မင်းတို့သာ အတူတူ ပေါင်းစည်းနိုင်ရင် ဒါက ပြီးပြည့်စုံတဲ့ အဆုံးသတ်ပဲ…” လင်းရှာပိုင်က ပြုံးလျက် ပြောသည်။ သူကား အမှန်ပင် စုချီဟန်အတွက် တွေးပေးနေခြင်း ဖြစ်သည်။
စုချီဟန်က သူ့အား ကြည့်ကာ အသာအယာ ပြောသည်… “လိပ်ပြာလေး ပျော်ဖို့ပဲ လိုတယ်…”
“တခြားကိစ္စ မရှိတော့ရင် ငါပြန်ပြီ…” စုချီဟန်က ဆက်နေလိုဟန် မရတော့ပေ။
“သွား… နောက်နေ့မှ ငါက ရှန့်ထိုကျန့်ကို လာဂါရဝ ပြုတော့မယ်…” လင်းရှာပိုင်က ပြောသည်တွင် စုချီဟန်က တစ်ဖက်ကို လှည့်ထွက် သွားသည်။
ဆေးဥယျာဉ်သို့ ပြန်ရောက်ပြီးနောက် စုချီဟန်ကား လင်းရှာပိုင်၏ စကားများကို ပြန်တွေးမိနေဆဲ ဖြစ်သည်။ သူကား လိပ်ပြာလေးထက် အနည်းငယ်ကြီးရာ လိပ်ပြာလေးမှာ သူ၏မျက်စိရှေ့မှောက်၌ အရွယ် ရောက်လာသည်ဟု ဆိုနိုင်ပေသည်။ သူမ၏အပြစ်ကင်းသော နေ့ရက်များအား ထိန်းသိမ်း စောင့်ရှောက်ခဲ့ရရာ သူကား လိပ်ပြာလေး၏ဘဝ၌ အလှပဆုံးသော အချိန်အခါများအား မြင်တွေ့ခွင့်ရခဲ့သူလည်း ဖြစ်သည်။
ဆရာကား သူ၏ဂျူနီယာ ညီမလေးကို ကာကွယ် စောင့်ရှောက်ရန် သူ့အား အမြဲ တာဝန်ပေးထားခဲ့ရာ သူကား သူ့တန်ခိုး ကျင့်စဉ်များထက်ပင် လိပ်ပြာလေးကို တန်ဖိုး ထားခဲ့ပေသည်။
ထိုအရာက မည်သို့သော ခံစားချက်မျိုး ဖြစ်သည်ကိုတော့ သူကိုယ်တိုင်လည်း နားမလည်ပေ။
သို့သော်လည်း အချို့သော ကိစ္စရပ်များတွင် လင်းရှာပိုင် ပြောသည်မှာ မှန်ကန်ပေသည်။
“စီနီယာအစ်ကို…” စုချီဟန်၏အတွေးများအား အသံတစ်သံက လာရောက် နှောင့်ယှက်သည်။ သူက ကြည့်လိုက်သည်တွင် လှပသော အပြုံးတစ်ခုအား မြင်၏။
“အစ်ကိုက ဘာကို တွေးနေတာလဲ…”
“ဘာမှ မဟုတ်ဘူး…” စုချီဟန်က လိပ်ပြာလေး၏လက်ထဲမှ ဆေးပင်များအား ကြည့်ကာ ပြောသည်… “အဲဒါ သူ့အတွက်လား…”
“အင်း..” လိပ်ပြာလေးက ခေါင်းညိတ်သည်… “နောက်ရက် နည်းနည်းဆို ညီမ စိတ်အေးလက်အေး ဖြစ်ပြီ…”
“စီနီယာအစ်ကို… ညီမသွားပြီ…”
“ကောင်းပြီ…” စုချီဟန်က ခေါင်းညိတ်သည်။ သို့သော်လည်း လိပ်ပြာလေးက မထွက်သွားမီပင် စုချီဟန်က ခေါ်သည်… “ညီမလေး…”
“အင်း…” လိပ်ပြာလေး ရပ်လိုက်သည်။
“သူ့ကို ဘယ်လိုထင်လဲ…” စုချီဟန်က မေးသည်။
“ဘယ်သူ့ကိုလဲ…”
“ရီဖူရှင်း…”
“ပြည်နယ်ကိုးခုရဲ့ အသက်အငယ်ဆုံး နန်းတော်သခင်… သူ့ဆရာအတွက် ဆေးစမ်းသပ်မှုကို ခံယူပြီးတော့ ဒီဒဏ်တွေကို တောင့်ခံထားနိုင်တယ်… ပါရမီပိုင်းရော.. စိတ်ဓာတ်ပိုင်းရော ထူးခြားတဲ့သူပဲ…” လိပ်ပြာလေးက ပြုံးလျက် ပြောသည်။
စုချီဟန်က ခေါင်းညိတ်သည်။ ရီဖူရှင်းကား အမှန်ပင် ပြည့်စုံပေသည်။
“သူက လက်ထပ်ပြီးသား မဟုတ်ရင် မိန်းကလေးတွေအတွက် ယုံကြည် အားကိုးထိုက်တဲ့သူ တစ်ယောက်ပဲ…” စုချီဟန်က တီးတိုး ပြောသည်။
“အစ်ကိုက ဘာတွေပြောနေလဲ မသိဘူး..” လိပ်ပြာလေးက နားမလည်စွာ ပြောကာ တစ်ဖက်ကို လှည့်ထွက်သွားသည်။
သို့သော်လည်း စုချီဟန်ကား ထိုနေရာတွင် ကျောက်ရုပ်အလား ရပ်နေဆဲဖြစ်သည်။
နောက်လှည့်ကာ စုချီဟန်ကလည်း ရီဖူရှင်းရှိနေရာသို့ ဦးတည်လိုက်သည်။
ယခု ရီဖူရှင်း ရှိနေရာ၌ ထောင်ကျန်း၊ ချင်ကျောင်းနှင့် ဓားမိစ္ဆာတို့အပြင် တခြားလူများလည်း ရောက်နေကြကာ ထောင်ကျန်း၏ နတ်ဘုရား ပြစ်ဒဏ် ဆင့်ခေါ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ပြောဆိုနေကြသည်။
ရှန့်ထိုကျန့်၏ စကားများက ရီဖူရှင်းကို စိုးရိမ်ပူပန်စေသည်။ ကျောက်ပြည်ထောင် ဘုရင်ကိုယ်တိုင်က ရောက်လာခဲ့ပြီဖြစ်ရာ သူတို့က တစ်ခုခု ကြံစည် ထားကြသည်မှာ သေချာ၏။
ခြေသံတစ်ခုကို ကြား၍ လှည့်ကြည့်လိုက်ကြရာ စုချီဟန် ဖြစ်နေသည်။
စုချီဟန်အားကြည့်ကာ ရီဖူရှင်းက မေးသည်… “ဆရာကြီးစုက ဘာလို့ ရောက်လာတာပါလဲ…”
“ငါမင်းကို ပြောစရာ နည်းနည်းရှိတယ်…” စုချီဟန်က ပြောသည်။
“ပြောပါ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
စုချီဟန်က ရီဖူရှင်း၏အနီးမှ လူများကို ကြည့်သည်တွင် အားလုံးက နားလည် သဘောပေါက် လိုက်ကြကာ သူတို့ နှစ်ယောက်ထဲ ချန်ထား၍ ထွက်သွားကြသည်။
“နောက်ရက် နည်းနည်းဆို စမ်းသပ်တာ ပြီးသွားပြီ… မင်းသေလိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့ မင်းက ငါထင်တာထက် မာတာပဲ…” စုချီဟန်က ပြောသည်။
“ဆရာကြီးစုက ကျုပ်ဆီကို ချီးကျူးဖို့ လာတာတော့ မဖြစ်နိုင်ဘူး…” ရီဖူရှင်းက ပြောသည်။
“လိပ်ပြာလေးကို မင်းက တမင် အသုံးချခဲ့တာလား…” စုချီဟန်၏ မျက်လုံးများက ရုတ်တရက် ထက်ရှသွားသည်။
“ခင်ဗျား ပြောတာကို ကျုပ်နားမလည်ဘူး..” ရီဖူရှင်း၏ အမူအရာကလည်း အေးစက်သွားသည်။
“အရင်က ဆရာကို တွေ့ဖို့ မင်းက လိပ်ပြာလေးကို အသုံးချခဲ့တယ် မလား…” စုချီဟန်၏အေးစက် မာကျောစွာ မေးသည်။
“ကျုပ်က ခင်ဗျားကို ခင်ဗျားဆရာနဲ့ တွေ့ဖို့ တောင်းဆိုတုန်းက အရေးလုပ်လို့လား… ခင်ဗျားကသာ ကျုပ်နဲ့တွေ့ခဲ့ရင် ဒါတွေ ဖြစ်လာစရာကို မရှိဘူး…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်…။
“ဆရာကြီးစုက ဒီလိုတွေးတယ် ဆိုလည်း ကျုပ်မှာ ပြောစရာမရှိဘူး..”
“မင်းက ဆေးဥယျာဉ်ထဲကို ရောက်ပြီးတော့ နောက်ပိုင်း တမင်..” စုချီဟန်က အဆုံးအထိ မပြောရသေးမီတွင်ပင် ရီဖူရှင်းက ကြားဖြတ် ပြောလိုက်သည်…။
“တကယ်လို့ ဆရာကြီးစုက ကျုပ်ကို မေးခွန်းလာထုတ်ရင် ပြန်ပါ…”
သူတို့နှစ်ယောက် တစ်ယောက်ကိုယ် တစ်ယောက်က အေးစက်စွာ ကြည့်နေကြသည်။
အတန်ကြာမှ စုချီဟန်က အေးစက်စွာ ပြောသည်…။
“အနာဂတ်မှာ မင်းက ဆင်ခြင်သင့်တယ် … တကယ်လို့ မင်းကြောင့် လိပ်ပြာလေး တစ်ခုခုဖြစ်ခဲ့ရင် မင်းကို ငါသတ်မယ်…”
ရီဖူရှင်းကလည်း တစ်ဖက်လူကို အေးစက်စွာ ပြန်ပြောသည်…။
“ခင်ဗျား သတ်နိုင်မယ်လို့ ထင်လား…”
“စမ်းကြည့်လေ…” စုချီဟန်က ပြောကာ ထွက်သွားသည်။
ရီဖူရှင်းက စုချီဟန်၏ နောက်ကျောကို ဆရာကြီးစုကား သူ၏နာမည် ဂုဏ်သတင်းနှင့် လိုက်ဖက်ပေသည်။
***