ကျောက်ပြည်ထောင် ဘုရင်က ပြည်နယ်ကိုးခု ကျောင်းတော်ကို ရောက်သည်နှင့် ကျောင်းအုပ်နှင့် သွားတွေ့သည်။
ကျောက်ပြည်ထောင် ဘုရင်၏ လက်ရှိ အဆင့်အတန်းမှာ ရီဖူရှင်းထက် မြင့်ပေသည်။ ရီဖူရှင်းအတွက် ရှန့်ထိုကျန့်နှင့် ကျောင်းအုပ်တို့အား တွေ့ဆုံရန် ခက်ခဲသော်လည်း ကျောက်ပြည်ထောင် ဘုရင်အတွက် အလွန် လွယ်ကူပေသည်။
ရီဖူရှင်း၏ ဆေးစမ်းသပ်မှုက နောက်ထပ် ကိုးရက်ကြာဦးမည် ဖြစ်သည်။ ထောင်ကျန်း၏ နတ်ဘုရား ပြစ်ဒဏ်ခံယူမည့် အချိန်ကလည်း နီးကပ်လာပြီဟု ပြော၍ရသည်။ ထို့အပြင် နှစ်ကုန်ခါနီး အချိန်ရောက်လေလေ ပြည်နယ်ကိုးခု မြို့တော်မှလူများက မုန်တိုင်းတစ်ခု ရောက်လာခါနီးလာပြီဟု ခံစားရလေလေ ဖြစ်သည်။
ရီဖူရှင်းက ဆေးဥယျာဉ်ထဲတွင်သာ ရှိနေသော်လည်း ကျောက်ပြည်ထောင်ဘုရင် ရောက်လာခြင်းကို သိထားကာ မုန်တိုင်းက ရောက်လာတော့မည် ကိုလည်း ခန့်မှန်းမိသည်။
တော်ဝင်စစ်ပွဲ၏ စည်းမျဉ်းအရ သူ၏ဆရာကသာ ရှန့်ထိုဖြစ်သွားပါက ကျောက်ပြည်ထောင် ဘုရင်က သူ့ဆရာကို ကိုယ်တိုင် သတ်ဖြတ်နိုင်ပြီ ဖြစ်သည်။
ကျောက်ပြည်ထောင် ဘုရင်ကား ရီဖူရှင်း၏ဆရာအတွက် ရောက်လာခြင်း ဖြစ်သည်။
မနက်ခင်း အချိန်ဖြစ်ရာ ရီဖူရှင်းက သိုင်းပညာရပ်အား လှုပ်ရှား ကစားနေသည်။ သူ၏ တော်ဝင်လက်သိုင်းမှာ အလွန် အားကောင်းပေသည်။ သူက လှုပ်ရှားဟန်များကိုသာ လေ့ကျင့်သော်လည်း စုစည်း ဖြစ်ပေါ်လာသော အားအဟုန်က မှားယွင်းနိုင်ဖွယ် မရှိပေ။ အလင်းများက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်နေကာ တော်ဝင် မြင့်မြတ်စေသည်။
လေထဲမှ အသံလှိုင်း ပေါက်ကွဲသံတစ်ခုကို ကြားကြရသည်။ ရီဖူရှင်းက လက်ဝါးတစ်ချက် ထိုးနှက်လိုက်သည်တွင် လောကဓာတ်တစ်ခုက သူ၏ခန္ဓာကိုယ်ကို စီးဆင်းသွားကာ ကြယ်အလင်းများက သူ့လက်မှ ထွက်ပေါ်လာသည်။ သို့သော်လည်း အလင်းများက အမှုန်အမွှားများ အဖြစ် ပြောင်းလဲသွားပြီး အမှုန်အမွှားတိုင်းက ကြောက်မက်ဖွယ်အားကို ပိုင်ဆိုင်ကြသည်။ လက်ဝါးရိုက်ချက်တွင် လေထုက ပြင်းထန်စွာ တုန်ခါသည်။
သူက လောကဓာတ် အသစ်ဖြစ်သော ဒြပ်မှုန်လောကဓာတ် တစ်ခုကို နားလည် ဆင်ခြင်နိုင်ခဲ့သည်မှာ သေချာပေသည်။ အမှုန်အမွှားများက ကိုယ်ပိုင်တိုက်ခိုက်ရေး စွမ်းအင် မရှိသော်လည်း တခြား လောကဓာတ်များဖြင့် ပေါင်းစပ်သောအခါ ကြောက်မက်ဖွယ် အားကောင်း လာပေသည်။
ခြံဝင်းထဲတွင် လေထု ပေါက်ကွဲသံများကို ကြားရပြီး အတန်ကြာမှ ငြိမ်သက် တိတ်ဆိတ်သွားသည်။ သူ၏ခန္ဓာကိုယ်တွင် ချွေးများ ပြန်နေသော်လည်း ရီဖူရှင်းကား အလွန် လန်းဆန်းနေဟန် ရ၏။
သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ကြီးမားသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်ဟု ခံစားရသည်။ ၇၂ရက်တိတိ ခံယူခဲ့ရသော ဆေးရည်စိမ်ခြင်းတွင် သူ့ခန္ဓာကိုယ်မှာလည်း ပိုမို သန်မာလာပြီး စိတ်စွမ်းအားမှာလည်း ယခင်ထက် ပိုအားကောင်း လာခဲ့သည်။ စမ်းသပ်မှု တစ်ခုစီတိုင်းက သူ့အား သိသိသာသာ ပြောင်းလဲစေခဲ့၏။
ယခုကား စမ်းသပ်မှု၏ နောက်ဆုံးအဆင့်ကို ရောက်လာပြီ ဖြစ်သည်။ နောက်ထပ် ကိုးရက်ပြည့်ပါက စမ်းသပ်ခြင်း ပထမအကျော့မှာ ပြီးဆုံးပြီဟု ပြော၍ရပေသည်။
“ဖူရှင်း…” လူတစ်ယောက် လျှောက်လာသည်တွင် ရီဖူရှင်းက ကြည့်လိုက်ရာ လိပ်ပြာလေး ဖြစ်နေသည်။
ဆေးစမ်းသပ်ခြင်းကို ၇၂ရက်တိတိ ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ သူနှင့် လိပ်ပြာလေးတို့ကလည်း ယခင်ထက် ပိုမိုရင်းနှီးလာခဲ့ပြီ ဖြစ်သည်။
“ဒီနေ့ စောတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“နင်က နောက်ဆုံးအဆင့်ကို ရောက်လာပြီ… ဒီနေ့သာ ဘေးကင်းရင် နောက်နေ့တွေ ပြဿနာ မရှိတော့ဘူး…” လိပ်ပြာလေးက ပြောသည်။
သူမကား နောက်ဆုံးတွင် ထိုဖိအားကြီးကို လက်လွှတ်ရန် နောက်ဆုံးနေ့သို့ ရောက်လာပြီ ဖြစ်သည်။ အဆင့်တိုင်း၏ ပထမဆုံးနေ့မှာ အန္တရာယ် များလှပေသည်။ ယနေ့လည်း နောက်ဆုံးအဆင့်၏ ပထမနေ့ဖြစ်ရာ အကယ်၍ ရီဖူရှင်းကသာ သည်နေ့ကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပါက နောက်နေ့များတွင် အန္တရာယ် သိပ်မရှိတော့ပေ။
ထို့ကြောင့် သည်နေ့ကား အလွန် အရေးပါပေသည်။
“ပြင်ဆင်တာ ပြီးသွားပြီလား…” ရီဖူရှင်း မေးသည်။
“အင်း… နင် အဲဒီကို သွားဖို့ပဲ လိုတော့တယ်…” လိပ်ပြာလေးက ဖြေသည်။
“ဒါဆိုလည်း သွားရအောင်…” ရီဖူရှင်းက ပြုံးလိုက်ကာ ပြောသည်… “ယူချင်း…”
ယူချင်းက ရီဖူရှင်းတို့နောက်ကို လိုက်ပါလာသည်။ ရီဖူရှင်း စမ်းသပ်မှု ခံယူတိုင်း ယူချင်းက ဘေးတွင် အမြဲရှိပေသည်။
သူတို့သုံးယောက် ဆေးရည်ကန်သို့ လာနေစဉ်မှာပင် လိပ်ပြာလေးက ရုတ်တရက် ရပ်လိုက်ရာ ရီဖူရှင်းက နောက်လှည့်လျက် မေးသည်… “ဘာဖြစ်လို့လဲ…”
“ငါ အထဲကို မဝင်တော့ဘူး… အပြင်မှာပဲ စောင့်နေတော့မယ်…” လိပ်ပြာလေးက ပြုံးလျက် ပြောသည်။
ရီဖူရှင်းက နားမလည်သော်လည်း လျင်မြန်စွာ ခေါင်းညိတ်သည်… “ကောင်းပြီ… ဒါဆိုလည်း ငါတို့ဝင်တော့မယ်…”
“ကောင်းပြီ…” လိပ်ပြာလေးက ပြုံးလျက် ခေါင်းညိတ်သည်။
ရီဖူရှင်းနှင့် ယူချင်းတို့က အတွင်းထဲသို့ ဝင်ကာ ဆေးရည်ကန်သို့ လျှောက်လာ ကြသည်။
လိပ်ပြာလေးမူကား ဆေးရည်ကန်ရှိရာ အပြင်ဘက် အခြမ်း၌သာ ကျောပေးလျက် ထိုင်နေသည်။ သူမက ဖြစ်ပျက်နေသည်များကို မမြင်ရသော်လည်း သူမ၏ စိတ်စွမ်းအားဖြင့် သိနိုင်ပေသည်။
သူမ၏လက်များက ဒူးကို ကိုင်ထားကာ လှေကားထစ် ကလေး၌သာ တိတ်ဆိတ်စွာ ထိုင်နေသည်။
ဆေးရည်ကန်ထဲမှ နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ် လာသည်တွင် သူမ ရုတ်တရက် တုန်ယင်သွားသည်။ သို့သော်လည်း သူမကား နောက်လှည့်ကြည့်ရန် မကြိုးစားပေ။ သူမက မကြည့်ရဲဟု ပြောလျှင် ပိုမှန်ပေမည်။
သည်တစ်ကြိမ် စမ်းသပ်မှုကား ယခင် အဆင့်များထက် များစွာ ပြင်းထန်ပေသည်။
သူမက ရီဖူရှင်းပြောနေစဉ်က သက်သောင့်သက်သာ ဖြစ်နေခြင်းမှာ ဟန်ဆောင်ခြင်းသာ ဖြစ်သည်။ ရီဖူရှင်းက ယခင်ရှစ်ဆင့်ကို ကျော်ဖြတ်နိုင်သော်လည်း သည်အဆင့်တွင် ကျော်ဖြတ်နိုင်မည်ဟု သူမ သိပ်မထင်ထားပေ။
နောက်ဆုံးအဆင့် ဖြစ်သောကြောင့်ပင် သူမက ထိုမြင်ကွင်းနှင့် ရင်ဆိုင်ရန် တွန့်ဆုတ်နေခြင်း ဖြစ်သည်။
အော်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ကာ ပြင်းထန်သော နာကျင်မှုကို အော်သံမှ တစ်ဆင့်ခံစား သိရှိနိုင်ပေသည်။ အော်သံ တစ်သံချင်းစီက သူမအား စိုးရိမ် ထိတ်လန့်စေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ရီဖူရှင်းထံမှ အသံများ ဆက်လက် ကြားနေရရာ သူအသက်ရှင် နေသည်ဟု အဓိပ္ပာယ်ရပြီး ကောင်းမွန်သော သင်္ကေတလည်း ဖြစ်သည်။ နောက်ဆုံးတွင် ရုတ်တရက် တိတ်ဆိတ်သွား၏။
အသံကို ကြားနေသော အချိန်အခါတွင် လိပ်ပြာလေး၏စိတ်က အလွန်အမင်း စိုးရိမ်နေသော်လည်း အသံများ ရုတ်တရက် တိတ်ဆိတ် သွားသည်နှင့် သူမ၏ခန္ဓာကိုယ်က တောင့်တင်း သွားသည်။
“ဘုန်း…” ထိုအခိုက်တွင် ကျယ်လောင်စွာ ပေါက်ကွဲသံ တစ်ချက် ကြားလိုက်ရပြီး ဆေးရည်ကန်က ပြင်းထန်စွာ ဆူပွက်လာသည်ကို ခံစားရသည်။
သူမကား ထပ်မံ၍ ထိုင်နေနိုင်ဟန် မရတော့ဘဲ ရုတ်တရက် ထရပ်လိုက်ကာ ဆေးရည်ကန် အတွင်းသို့ ပြေးဝင်လာခဲ့၏။
သို့သော်လည်း သူမ မြင်လိုက်ရသော မြင်ကွင်းက သူမအား ထိတ်လန့်စေခဲ့သည်။
သူမ၏အသက်ရှူနှုန်းက မြန်ဆန်နေသည်။ တစ်စုံတစ်ခု ဆိုးရွားသည့်ကိစ္စ ဖြစ်ပျက်နေပြီဟု သူမတွေးထင်ခဲ့၏။
သို့သော်လည်း ဆေးရည်ကန်ထဲ၌ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေဟန် ရသည်။ သဘာဝစွမ်းအင်များက ရီဖူရှင်း၏ခန္ဓာကိုယ်ကို အဆက်မပြတ် စီးဝင်နေကြကာ ကြောက်မက်ဖွယ် လေပွေတစ်ခုအလား စုစည်းနေကြသည်။
ဆေးရည်ကန်၏ စွမ်းအားများက သူ့ခန္ဓာကိုယ်၏ ဝါးမျိုခြင်းကို အဆက်မပြတ် ခံနေရကာ သူ့ခန္ဓာကိုယ်အား ပြီးပြည့်စုံစေသည်။ သူ့ခန္ဓာကိုယ်ကား ပိုမို လင်းလက် လာနေ၏။
ရီဖူရှင်း၏အသက်ရှူနှုန်း ကလည်း ပိုမြန်လာသည်။
ထိုအရာကား တန်ခိုးအဆင့် တက်ရောက်သော နိမိတ် ဖြစ်ပေသည်။
သူမ၏မျက်လုံးတွင် ဝမ်းသောသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူမ၏ မျက်လုံးများမူကား နီရဲနေဆဲ ဖြစ်သော်လည်း အလွန်လှပနေဆဲ ဖြစ်၏။
ယခုကား ဘေးအန္တရာယ်များ ချုပ်ငြိမ်းသွားပြီ ဖြစ်ကြောင်း သူမ သိလိုက်သည်။
သည်တစ်ကျော့ စမ်းသပ်မှုမှာ ရီဖူရှင်း၏ အသက်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ သူမ ထမ်းပိုးထားရသော ဖိအားမှာလည်း ယခုအခါ အလွန်တရာ ပေါ့ပါးသွားပြီ ဖြစ်သည်။
ရီဖူရှင်းနှင့် ရက်ပေါင်းများစွာ နီးနီးကပ်ကပ် ပြောဆို ဆက်ဆံခဲ့ပြီး နောက်ပိုင်း သူမကား ရီဖူရှင်းကို မိတ်ဆွေရင်း တစ်ယောက်ကဲ့သို့ သဘောထားနေပြီ ဖြစ်သည်။
အရာအားလုံး ကောင်းကောင်းမွန်မွန် ပြီးဆုံးခဲ့၏။
ရီဖူရှင်းက ဆေးရည်စိမ်ခြင်း ပထမအကျော့၌ မသေသည့်အပြင် တန်ခိုးအဆင့်ပင် တက်ရောက်ခဲ့သည်။ ယခုကား သူက အဆင့်မြင့် ရှီတစ်ယောက် ဖြစ်နေလေပြီ။ ဆေးရည်စိမ်ခြင်း၏ အကျိုးကျေးဇူး ကြောင့်လည်း သူ၏တိုက်ခိုက်ရေး စွမ်းအားမှာ အလွန်အမင်း အားကောင်း လာခဲ့ပေသည်။
ယူချင်း၏ တင်းတင်း ဆုပ်ထားသော လက်မှာလည်း ပြေလျော့သွားပြီ ဖြစ်သည်။ ရီဖူရှင်းက သည်နေ့ကို ကျော်ဖြတ်ပြီးလျှင် နောက်နေ့များ၌ အန္တရာယ် မရှိတော့သည်ကို သူသိသည်။
ဆေးရည်ကန်ထဲမှ ပြင်းထန်သော အားလှိုင်းများ တဖြည်းဖြည်း ငြိမ်သက် သွားပြီးနောက် ရီဖူရှင်းက ဆေးကန်ထဲမှ ထွက်လာခဲ့သည်။ သူက အဝတ်အစားများ ဝတ်ဆင် လိုက်ပြီးနောက် ယူချင်းနှင့် လိပ်ပြာလေးတို့ကို ပြုံးရွှင်လျက် ကြည့်သည်။
သည်တစ်ကျော့အတွက် ဆေးစမ်းသပ်မှုမှာ သူ့အသက်ကို မထိခိုက်ရုံသာမက တန်ခိုးအဆင့်ပါ တက်ရောက်ခဲ့သေး၏။ သူ၏ ခန္ဓာကိုယ်ကလည်း ပိုမို သန်မာလာခဲ့သည်။
လက်ရှိ တန်ခိုးအဆင့်တွင် သူ့အား ထိခိုက်ရန် တတ်နိုင်သူများမှာ အလွန်တရာ နည်းပါး သွားပေတော့မည်။
“နင်လုပ်နိုင်ခဲ့ပြီ…” လိပ်ပြာလေး ကလည်း ပြုံးလျက် ပြောသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ကာ ဆက်ပြောသည်… “အားလုံးအတွက် ကျေးဇူးပဲ…”
စမ်းသပ်မှုများ တစ်လျှောက်လုံးတွင် လိပ်ပြာလေးကား သူ့ဘေးတွင် လိုအပ်သည်များ အားလုံးကို ကူညီခဲ့သည်။ သူမ ကိုယ်တိုင်ကလည်း ဆေးဝါးများကို စီမံဖော်စပ်ခဲ့ရ၏။
“ရှင့်ဆရာကလည်း မကြာခင် သူ့ဆေးစိမ်တာတွေ ပြီးတော့မယ်… အားလုံး ပြီးသွားတဲ့အခါ ရှင့်ကို ထွက်သွားခွင့် ပေးအောင် ပြောကြည့်မယ်… သူက နောက်နှစ်ဆင့်ကို မေ့ရင်လည်း မေ့လိုက်လိမ့်မယ်…” လိပ်ပြာလေးက ပြောသည်။
“အင်း ဒါက ခက်ခဲတယ်ဆိုပေမဲ့ မေ့ဖို့တော့ ခက်ခဲလိမ့်မယ်…” ရီဖူရှင်းက ပခုံးတွန့်ကာ ပြောသည်… “နေ့တိုင်း ရေချိုးတာကို ဘေးမှာ မိန်းမချော တစ်ယောက်က အဖော်လုပ်ပေးတယ် ဆိုတာ…”
“ကောင်းပြီလေ… ဒါဆိုလည်း ကျန်တဲ့ စမ်းသပ်မှုတွေကို ဆက်လုပ်ဖို့ ဆရာကို ပြောလိုက်မယ် … နင်က သာယာနေတယ် ဆိုမှတော့ အနားပေးဖို့တောင် မလိုတော့ဘူး ထင်တယ်…” လိပ်ပြာလေးက ပြုံးလျက် ပြန်ပြောသည်။
“မဟုတ်ဘူး… မဟုတ်ဘူး…” ရီဖူရှင်းက ထိတ်လန့်တကြား လက်ကာပြသည်။ သူမ၏ မချိုမချဉ် အမူအရာကို ကြည့်ကာ သည်မိန်းကလေးက မည်သည့်နေရာမှ ဤသို့သော အတွေးအကြံများကို သင်ယူလာသည် သူမတွေးတတ်တော့။
“သွားရအောင် … ဆရာနဲ့ သွားတွေ့မယ်…” လိပ်ပြာလေးက ပြောသည်။
“ကောင်းပြီ…” သူက ခေါင်းညိတ်သည်။ သည်အန္တရာယ် ဖြစ်စဉ်ထဲမှ သူက အကျိုး ကျေးဇူးများစွာ ရရှိခဲ့ရာ ရှန့်ထိုကျန့်ကိုပင် ကိုယ်တိုင်ကျေးဇူးတင်သင့် သည်ဟု သူတွေးလိုက်သည်။
သူတို့သုံးယောက်က ရှန့်ထိုကျန့်ဘက်သို့ ရောက်လာကြသည်။ ထောင်ကျန်းနှင့် စုချီဟန်တို့လည်း ထိုနေရာတွင် ရှိနေကြ၏။
ရီဖူရှင်းကို မြင်သည်နှင့် မြေရိုင်းပြည်နယ်မှ နန်းတော်သခင်မှာ ဆေးစမ်းသပ်မှု ပထမအကျော့အား ဖြတ်ကျော်ခဲ့ပြီဟု စုချီဟန် သိလိုက်သည်။ ရီဖူရှင်းကား ယခင် မည်သူမှ မစွမ်းခဲ့သော အရာတစ်ခုအား အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့သည်။
ရှန့်ထိုကျန့်ကလည်း ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ဒီတစ်ကျော့ စမ်းသပ်မှုက မင်းရဲ့အသက် အန္တရာယ်ကို မခြိမ်းခြောက် နိုင်တော့ဘူး ထင်တယ်… ဂုဏ်ယူပါတယ်..”
“ကျွန်တော်နဲ့ ဆရာကို အကြာကြီး ဂရုစိုက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းကလည်း ဦးညွှတ်ကာ ပြောသည်။
“သိပ်လည်း ပျော်မနေနဲ့ဦး…” ရှန့်ထိုကျန့်က ဆက်ပြောသည်… “မင်းဆရာက အခု နတ်ဘုရားပြစ်ဒဏ်ကို ခံယူနိုင်ခဲ့အထိ သန်မာနေပြီ… မှန်တယ်… သူက ဆက်ပြီး ဆေးရည်စိမ်ရင် သူ့မှာ ပိုပြီး အခွင့်အရေး ရှိတယ်… ဒါပေမဲ့ ငါက မင်းကို သတင်းဆိုးတစ်ခု ပြောစရာရှိတယ်…”
ရီဖူရှင်းက အံ့အားသင့် သွားသည်။
“ကျောက်ပြည်ထောင် ဘုရင်က ပြည်နယ်ကိုးခု ကျောင်းတော်ကို ရောက်လာပြီးတော့ ကျောင်းအုပ်နဲ့ တွေ့သွားတယ်… ကျောင်းအုပ်က ခုနကပဲ ငါနဲ့လာတွေ့သွားတယ်…” ရှန့်ထိုကျန့်က ပြောသည်။
ရီဖူရှင်း၏ အမူအရာက အေးစက်သွားသည်။ ကျောက်ပြည်ထောင် ဘုရင်က ဘာလိုချင် နေသနည်း။
“ကျောက်ပြည်ထောင်နဲ့ တော်ဝင်ကျဲနန်းတော် အကြား တော်ဝင်စစ်ပွဲက အင်ပါယာရှား ကိုယ်တိုင် အသိအမှတ် ပြုထားတာ… ပြည်နယ်ကိုးခု ကျောင်းတော်က ဝင်စွက်ဖက်လို့ မသင့်ဘူး… ဒါပေမဲ့ ငါက ထောင်ကျန်းကို ကူညီခဲ့တယ်… အလှဲအလှယ် အနေနဲ့လည်း မင်းက ဆေးစမ်းသပ်မှု ခံယူခဲ့တယ်… ငါ့ကိစ္စမှာ ကျောက်ပြည်ထောင် ဘုရင်က ဝင်မပါဘူး…” ရှန့်ထိုကျန့်က ဆက်ပြောသည်… “ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို ဒီထက် သန်မာအောင် လုပ်ပေးတယ်ဆိုရင် ငါက တော်ဝင်စစ်ပွဲမှာ ဝင်စွက်ဖက်တယ်လို့ ဆိုလိုတာပဲ… မင်းက ကျောင်းတော်မှာ ဧည့်သည်အနေနဲ့ ဆက်နေမယ်ဆိုရင် ကျောင်းတော်က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်လို့ ကျောင်းအုပ်က ပြောတယ်… ဒါပေမဲ့ ထောင်ကျန်းက နတ်ဘုရားပြစ်ဒဏ်ကို ဆင့်ခေါ်မယ် ဆိုရင်တော့ ကျောင်းတော်မှာ မလုပ်သင့်ဘူး…”
ရှန့်ထိုကျန့်က ဘာကို ပြောလိုသည်ကို ရီဖူရှင်းသိသည်။ ကျောက်ပြည်ထောင်ကား ရှန့်ထိုကျန့်၏ ကိစ္စရပ်များတွင် ဝင်စွက်ဖက်ရန်အထိ မမိုက်မဲပေ။ သူ့တွင် ထိုသို့ လုပ်ပိုင်ခွင့်လည်း မရှိသလို ရှန့်ထိုကျန့်ကလည်း ဂရုမစိုက်ပေ။
သို့သော်လည်း ထောင်ကျန်းအား ကျောင်းတော် အတွင်း၌ နတ်ဘုရား ပြစ်ဒဏ်ကို ခံယူစေခြင်းကိုမူကား ကျောင်းတော်က ခွင့်ပြုမည် မဟုတ်ပေ။ မဟုတ်လျှင် ကျောင်းတော်က ထောင်ကျန်းအား တမင်သက်သက် ကာကွယ် ပေးနေသည်ဟု လူအများက ထင်မြင်ကြပေမည်။
ရီဖူရှင်း ထင်ထားသည့်အတိုင်း ကျောက်ပြည်ထောင် ဘုရင်ကား သူ၏ဆရာအတွက် ရောက်လာပေသည်။
***