Switch Mode

အခန်း ( ၅၀ )

မဖိတ်ကြားထားသော ဧည့်သည်

” သောက်ကျိုးနဲ … ငါက ပိန်သွားရင် ဒီလောက်ကို ခန့်တာပဲ ”

နံနက်မိုးသောက်ချိန်တွင် ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူထဲမှ နိုးထလာပြီး သူ၏ မျက်ခုံးနှစ်ဖက်ကြားထဲရှိ တဆစ်ဆစ်ကိုက်ခဲနေသောနေရာကို လက်ဖြင့် ပွတ်လိုက်သည်။ သူသည် သတိလစ်မသွားခင် ကျောင်းသားခေါင်းဆောင် ဖြစ်သွားခဲ့ကြောင်း ပြန်၍အမှတ်ရသွားသဖြင့် ဝိညာဉ်ကွန်ရက်ကိုဖွင့်ကာ သတင်းများကို ဖတ်ရှုလိုက်တော့သည်။

ထိုအခါ သူသည် ချက်ချင်းပင် သူ၏ ရုပ်ပုံတစ်ပုံကို မြင်လိုက်ရ၏။

သူသည် ထိုရုပ်ပုံထဲရှိ သူ၏ မျက်နှာဘေးတိုက်ပုံအား ကြည့်ရင်း မျက်လုံးများမှေးသွားပြီး သူ၏ မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သူ၏အသက်ရှူနှုန်းများမှာလည်း မြန်ဆန်လာပြီး ထိုရုပ်ပုံအား အချိန်အတော်အတန် ကြာသည်အထိ စိုက်ကြည့်နေမိတော့သည်။ နောက်ဆုံးတွင် ထိုရုပ်ပုံထဲမှလူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း သေချာသွားသောအခါ အလွန် စိတ်နှလုံးလှုပ်ရှားသွားတော့သည်။

” ဒါ … ဒါက တကယ် ငါပဲလား။ ဒီ ဓားသွားလိုမျိုး စူးရှချွန်ထက်နေတဲ့ မေးရိုး၊ စင်းနေတဲ့ နှာတံ၊ အသိဉာဏ်ပညာတွေနဲ့ ပြည့်နှက်နေတဲ့ မျက်ဝန်း‌တွေ … ”

ဝမ်ပေါင်လဲ့မှာ မျက်ရည်များပင် ဝဲလာ၏။ ထိုရုပ်ပုံကို ရိုက်ယူထားခဲ့သည့် ရှုထောင့်မှာ မှော်ဆန်လွန်းနေခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ မျက်တွင်းချိုင့်နေသော မျက်နှာကို ချောမောခန့်ညားပြီး ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုတစ်မျိုးဖြင့် ပြည့်နှက်နေသည့် ပုံစံမျိုးဖြစ်အောင် ရိုက်ထားသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် အံသြတုန်လှုပ်နေရတော့သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် မှန်တစ်ချပ်ကို ထုတ်ယူလိုက်ပြီး ယှဉ်ကြည့်လိုက်၏။ မှန်ထဲတွင် ဝိုင်းစက်နေသော မျက်နှာနှင့် အလွန် ချောမောခန့်ညားနေသော ရုပ်ပုံကို ယှဉ်၍ ကြည့်ပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ ပို၍ပင် ကျေနပ်သွားတော့သည်။

” ဖက်တီးတိုင်းမှာ အလားအလာရှိတယ်လို့ လူတွေပြောကြတာ မဆန်းဘူးပဲ။ အဲ့စကားက အပြည့်အဝကို မှန်ကန်တယ်။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အလားအလာအကောင်းဆုံး လူတစ်ယောက်ပဲကွ။ ဟဲဟဲ … တစ်ရက်ရက် ငါ လုံးဝ ပိန်ကျသွားတဲ့ အချိန်ရောက်ရင် ငါ ချောလွန်းလို့ စကြဝဠာကြီးတောင် ပေါက်ကွဲသွားနိုင်တယ် ”

” ပြည်ထောင်စုထဲက တိုင်းသိပြည်သိ အကျော်အမော်တွေတောင် ငါ့ကို ယှဉ်နိုင်ကြတော့မှာ မဟုတ်ဘူး ”

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူကျေနပ်နေပြီး အနာဂတ်တွင် အခြားလူများအား သူ၏ရုပ်ပုံ ပို့ပေးရန် လိုအပ်ပါက အဆင်သင့်ဖြစ်နေရန်အတွက် ဝိညာဉ်ကွန်ရက်ပေါ်မှ ရုပ်ပုံကို သိမ်းဆည်းထားလိုက်တော့သည်။

” ဒီရုပ်ပုံကပဲ ငါ့ရဲ့ ရုပ်ရည်နဲ့ ကိုက်ညီတာလ
လေ ”

ဝမ်ပေါင်လဲ့မှ သူ၏ ဝမ်းဗိုက်ကိုပုတ်ကာ အားရဝမ်းသာဖြင့် ဝိညာဉ်ကွန်ရက်အား ဆက်၍ ကြည့်ရှုနေလိုက်သည်။ ဝမ်ပေါင်လဲ့မှာ နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင် ဖြစ်သွားခဲ့သည့်အချက်ကို အံ့ဩတုန်လှုပ်နေကြသည့် သတင်းများကိုသာ လိုက်၍ဖတ်ခဲ့သည်။ သူ့အား လှောင်ပြောင်ထားသည့် မှတ်ချက်များကိုမူ အလိုအလျောက် လျစ်လျူရှုလိုက်သည်သာ ဖြစ်သည်။

အချိန်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ သတင်းအားလုံးနီးပါးကို ဖတ်ရှုပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ကျေကျေနပ်နပ်နှင့် မုန့်တစ်ထုပ်ကို ထုတ်ယူကာ စားသုံးလိုက်သည်။ သူ၏ စိတ်နှလုံးမှာ ပျော်ရွှင်ကျေနပ်နေပြီဖြစ်ပြီး နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင် ဖြစ်နေပြီဖြစ်ကြောင်း တွေးမိလိုက်၏။ ယခုတွင် မည်သူကမှ သူ့ကို အနိုင်ကျင့်နိုင်တော့မည် မဟုတ်ပေ။

” အခု ငါ တချို့ကိစ္စတွေကို လုပ်ခွင့်ရှိသွားပြီ။ ဒါပေမဲ့ … လင်းတျန်ဟောက်ကို အကြာကြီး လွှတ်ပေးထားလို့ မဖြစ်ဘူး။ ချောင်ခွင်းက သူ့ရဲ့ လက်ခုပ်ထဲက ရေသာသာပဲ ရှိတာ။ ငါ အခုထက် ပိုကြိုးစားပြီးတော့ သူ့ကိုပါ ရှင်းထုတ်ပစ်မှ ရမယ် ”

ဝမ်ပေါင်လဲ့မှာ မုန့်ထုပ်ကိုချ၍ ထွက်ခွာရန် ပြင်လိုက်စဉ် လျှိုတောက်ပင်း အလည်ရောက်လာ၏။

အမှန်တွင် လျှိုတောက်ပင်းမှာ သူ့ထံသို့ အကြိမ်အနည်းငယ်ခန့် လာရောက်ခဲ့ပြီးဖြစ်သည်။ သူ ရောက်လာခဲ့သည့် အကြိမ်တိုင်းတွင် နတ်ဝိဇ္ဇာဂူ အပြင်ဘက်၌ ရပ်ကာ ဝမ်ပေါင်လဲ့ အိပ်နေမည် စိုး‌သဖြင့် လေသံတိုးတိုးဖြင့်သာ သူ့အား လှမ်း၍ ခေါ်ခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ နိုးနေလောက်ပြီဖြစ်ကြောင်း သူက တွေးမိလိုက်သောကြောင့် နောက်ထပ်တစ်ကြိမ် ရောက်လာခဲ့ခြင်းဖြစ်သည်။

” လျှိုတောက်ပင်းက ဝိညာဉ်ကျောက်တုံးခန်းမနဲ့ ကမ္ဗည်းစာခန်းမရဲ့ နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင်ကို ဂါဝရပြုပါတယ် ”
လျှိုတောက်ပင်းမှာ အထဲသို့ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် တရိုတသေ ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် မတ်တတ်ရပ်လိုက်ပြီး ဝမ်ပေါင်လဲ့အား ကူညီပေးသည့် အနေဖြင့် နတ်ဝိဇ္ဇာဂူကို တံမြက်စည်းလှဲကာ လက်ဖက်ရည်များ ငှဲ့ပေးလိုက်၏။

ဝမ်ပေါင်လဲ့ကမူ စိတ်ထဲတွင်သာ သက်ပြင်းချလိုက်၏။ သူသည် သူ၏ လုပ်ပိုင်ခွင့်အာဏာများကို ဆုံးရှုံးသွားခဲ့ပြီး သူ၏ လက်အောက်ငယ်သား အားလုံးမှာလည်း ဖမ်းဆီးခံလိုက်ရသည့် အချိန်က လူအများ၏ ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်းကို မခံခဲ့ရပေ။ ထို့ကြောင့် ယခုတွင် သူသည် လက်ဖက်ရည် တစ်ငုံခန့် သောက်လိုက်ပြီး ပြုံးလိုက်၏။

” တောက်ပင်း။ ဒီတလောအတွင်း မင်း အများကြီး နာကျင်ခံစားခဲ့ရမှာပဲ ”

” ကျောင်းသားခေါင်းဆောင်အတွက် အလုပ်လုပ်ရတာ ကျနော့်အတွက် နာကျင်ခံစားစရာ မဟုတ်ပါဘူး။ ကျောင်းသားခေါင်းဆောင်ကို အ‌သရေဖျက်ဖို့အတွက် ချောင်ခွင်းက ကျနော့်ကို အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောခိုင်းခဲ့တာကိုပဲ ကျနော်က ဒေါသထွက်တာပါ။ လျှိုတောက်ပင်းဆိုတဲ့ ကျနော်က အစကနေ အဆုံးအထိ သစ္စာရှိရှိနေခဲ့တာ။ ကျောင်းသားခေါင်းဆောင်ကို အသရေဖျက်မဲ့ အလုပ်ကို ကျနော် တစ်သက်လုံး လုပ်မှာမဟုတ်ပါဘူး ”
လျှိုေတာက်ပင်းက သူ၏ရပ်တည်ချက်ကို အခိုင်အမာ ထုတ်ပြောလိုက်ပြီး ရင်ကော့ကာ လက်ဖြင့် အကြိမ်အနည်းငယ်ခန့် ထုပြလိုက်၏။

လျှိုတောက်ပင်း၏ အပြုအမူကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် ကျေနပ်သွား၏။ သူသည် အတန်ငယ် တွေးတောလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်အား ရှေ့သို့အနည်းငယ် ကိုင်းညွတ်လိုက်၏။ ထိုအခါ လျှိုတောက်ပင်းမှာ ချက်ချင်းပင် ရှေ့သို့ပြေးလာပြီး သူ၏ နားကို ဝမ်ပေါင်လဲ့ စကားပြောနိုင်ရန် အဆင်ပြေမည့်နေရာတွင် ဂရုတစိုက် ထားလိုက်၏။

” ငါ ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲတွေကို ကျင်းပတော့မှာ မဟုတ်ဘူး။ ဝိညာဉ်ကျောက်တုံးခန်းမနဲ့ ကမ္ဗည်းစာခန်းမရဲ့ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဆောင်တွေကို မင်းပဲ တာဝန်ယူလိုက်။ ကျန်းလန်နဲ့ တခြားလူတွေကိုတော့…. ငါ တာအိုကျောင်းထဲမှာ ဆက်ပြီး မမြင်ချင်တော့ဘူး ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်သည်နှင့် လျှိုတောက်ပင်းမှာ နားလည်သွားပြီး စိတ်နှလုံး လှုပ်ရှားသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ့အား လုပ်ပိုင်ခွင့်များကို လွှဲပေးနေခြင်းဖြစ်ကြောင်း သူက နားလည်လိုက်သည်။ သူသည် စစ်ဆေးရေးမှူးတစ်ယောက် မဟုတ်ပါသော်လည်း သူတို့ထက် ပို၍ အာဏာကြီးမားနေပြီ ဖြစ်သည်။ ထို့အပြင် ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲကို ဆက်လက် မကျင်းပတော့သည်မှာလည်း အလကားတော့ မဟုတ်ပေ။ ယခုဆိုလျှင် ဝိညာဉ်ကျောက်တုံးခန်းမနှင့် ကမ္ဗည်းစာခန်းမတို့၏ ကျောင်းစည်းကမ်း ထိန်းသိမ်း‌ရေးအဆောင်များမှ စစ်ဆေးရေးမှူးများမှာ တုန်လှုပ် ချောက်ချားနေကြလောက်ပြီ ဖြစ်ကြောင်း သူက တွေးမိနေ၏။

” စိတ်မပူပါနဲ့ ကျောင်းသားခေါင်းဆောင်။ ကျနော် နားလည်ပါတယ် ”
လျှိုတောက်ပင်းမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ အမူအရာမှာလည်း တည်ကြည်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် စကားအနည်းငယ် ပြောလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

သူ ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီး အသံလွှင့်လက်စွပ်အား ဖွင့်လိုက်၏။ သူ၏ လက်အောက်ငယ်သားများကို စစ်ဆေးမေးမြန်းရန်အတွက် ရက်ပေါင်းများစွာကြာအောင် ဖမ်းဆီးထားခဲ့သည်ဖြစ်ရာ ထိုကဲ့သို့သော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လျှိုတောက်ပင်းအား တာဝန်ပေး၍ မဖြစ်ကြောင်း သူက သိသည်။ သူသည် အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်ရေး အတ္ထုပ္ပတ္ထိ စာအုပ်များထဲမှ သဘောတရားတစ်ခုကို လေ့လာနိုင်ခဲ့သည်။ ၎င်းမှာ လူများ၏ နှလုံးသားများနှင့် အသိစိတ်များအား ဖမ်းစားနိုင်မည့် လုပ်ရပ်များကိုမူ သူကိုယ်တိုင် လုပ်ရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။

လက်တွေ့တွင်လည်း ထိုအတိုင်းပင်။ ယခင်က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများမှာ ဝမ်ပေါင်လဲ့၏ နှုတ်ဆက်စကားကို ကြားလိုက်ရသောအခါ အလွန် စိတ်နှလုံး လှုပ်ရှားသွားကြ၏။ သူတို့အားလုံး အလွန် တက်ကြွလာကြပြီး သူတို့မှာ ဝမ်ပေါင်လဲ့အား ရိုသေလေးစားနေရာမှ ကိုးကွယ်ဆည်းကပ်သည့် အဆင့်အထိ ရောက်သွားကြ၏။

ဝမ်ပေါင်လဲ့မှာ နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင် ဖြစ်လာခဲ့သည့်အပြင် သူတို့အားလုံး အခက်အခဲဒုက္ခများကို အတူတကွ ကျော်ဖြတ်ခဲ့ကြခြင်း ဖြစ်သောကြောင့် ယခုလို ဖြစ်နေရခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဆောင်နှင့်ပတ်သက်သော ကိစ္စများကို ဖြေရှင်းပြီးသွားသောအခါ ချီအားဖြည့်ပညာရပ် ဒုတိယတွဲကို ထုတ်ယူလိုက်သည်။ သူ ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲသို့ မသွားခဲ့ရသည့် အကြောင်းအရင်းမှာ လင်းတျန်ဟောက်အား သွားတွေ့ရန် စိတ်မပါသောကြောင့် ဖြစ်သည်။

” ငါ သူ့ကို ရှင်းထုတ်ပြီးတဲ့ အချိန်ကျရင် ဓမ္မလက်နက်ဌာနထဲမှာ ငါတစ်ယောက်ပဲ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားတော့မှာ။ အဲဒီလိုက အကောင်းဆုံးပဲ ”
ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်ပြီး ခေါင်းငုံ့ကာ ချီအားဖြည့်ပညာရပ်ထဲရှိ ဝိညာဉ်အမြုတေပညာရပ်အား လေ့လာနေလိုက်တော့သည်။

အမှန်တွင် ကမ္ဗည်းစာများနှင့် ဝိညာဉ်အမြုတေများ၏ ကြားတွင် ဆင်တူမှုများစွာ ရှိကြသည်။ သို့သော် အနည်းဆုံး ကမ္ဗည်းစာလုံး အရေအတွက် ခြောက်သိန်းခန့်အထိ ကျွမ်းကျင်ပိုင်နိုင်‌နေမှသာ ထို ဆင်တူမှုများကို နားလည်သိရှိနိုင်စွမ်း ရှိမည်ဖြစ်သည်။

ဥပမာဆိုရလျှင် ကမ္ဗည်းစာလုံးများ၏ အသေးစိတ်အချက်အလက်များကို ရေးထိုးရသည့် နည်းလမ်းများစွာမှာ ကမ္ဗည်းစာလုံးများကို အမျိုးအစားခွဲခြားနိုင်သည့် နည်းလည်းများဖြစ်နေရုံသာမက ဝိညာဉ်ကျောက်တုံးများပေါ်ရှိ ရေးထိုးထားသော ကမ္ဗည်းစာလုံးများကို ဝိညာဉ်အမြုတေများအဖြစ် ပြောင်းလဲနိုင်သည့် နည်းလမ်းများလည်း ဖြစ်နေ၏။ ကမ္ဗည်းစာလုံးများ၏ အနှစ်သာရကို ပို၍ နားလည်လာလေလေ ထိုနည်းလမ်းများမှာ ပို၍ ဆင်တူလာလေလေဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ တွက်ချက်မှုများအတွက် ပုံသေနည်းတစ်ခုကို အသုံးပြုခဲ့သည့်အတိုင်းပင် ထိုနည်းလမ်းမှာလည်း ပို၍ပင်ကောင်းသော အားသာချက်တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ သူ ပါမောက္ခကြီး၏ စာသင်ခန်းထဲတွင် ရှိခဲ့စဉ်က ကမ္ဗည်းစာပညာရပ်နှင့် ဝိညာဉ်အမြုတေ ပညာရပ်များကို ပေါင်းစည်းကာ အဆင့်မြင့်ကျွန်းမှ အကြီးအကဲကြီး၏ စစ်ဆေးမှုကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်နေရာကို ရယူထားပြီးပြီဖြစ်ရာ ဝိညာဉ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင်နေရာကို ရယူရန်မှာလည်း သူ့အတွက် လွယ်ကူလွန်းနေမည် ဖြစ်သည်။

သူ၏ နားလည်နိုင်စွမ်းများမှာ အလွန် နက်နဲနေပြီ မဟုတ်ပါလော။ ဝိညာဉ်ကျောက်တုံးပညာရပ်ဖြစ်စေ၊ ကမ္ဗည်းစာ ပညာရပ်ဖြစ်စေ ထိုနှစ်မျိုးကို ပေါင်းစပ်လိုက်မည်ဆိုပါက သူ၏ ဝိညာဉ်အမြုတေ ပညာရပ်အပေါ် နားလည်နိုင်စွမ်းများမှာ တိုးတက်လာမည်ဖြစ်ပြီး အခြားသူများကိုပင် ထိတ်လန့်သွားစေနိုင်သည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း သွမ့်မုချီမှာ ထိုကဲ့သို့ပင် ဖြစ်ခဲ့သည်။ သူသည် ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်လာပြီးနောက် နှစ်လအတွင်း ဝိညာဉ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင်အဖြစ်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဗည်းစာလုံးများကို ထိပ်ဆုံးအဆင့်အထိ ကျွမ်းကျင်ပိုင်နိုင်နေပါက မည်မျှ အစွမ်းထက်သည်ကို အထင်အရှား မြင်နိုင်ပေသည်။

လက်ရှိတွင်လည်း ထိုအကြောင်းအရင်းကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် ကြောက်မက်ဖွယ်ရာကောင်းပြီး အန္တရာယ်ရှိသော လူတစ်ယောက်ဖြစ်သည်ဟု လင်းတျန်ဟောက်က မှတ်ယူထားခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူပိုင်ဆိုင်ထားသော အားသာချက်များကြောင့် ကိစ္စအားလုံးကို တစ်ပြိုင်နက်တည်း ပြီးပြတ်အောင်လုပ်ကာ ဝိညာဉ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင်နေရာကိုပါ သိမ်းပိုက်ရန်အတွက် ပြင်ဆင်လိုက်၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စတင်လေ့လာလိုက်တော့သည်။

” အာဂုံဆောင်ဖို့ လိုအပ်တဲ့ ဝိညာဉ်အမြုတေ ပုံသေနည်းတွေက ကမ္ဗည်းစာလုံးတွေနဲ့ အများကြီး ဆင်တူတာပဲ။ ငါ့ရဲ့ ပုံသေနည်းကို အသုံးပြုပြီးတော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှတော့ ဒါက ငါ့အတွက် မခက်ခဲတော့ပါဘူး။ တစ်ခုတည်းသော အခက်အခဲက ငါက စာလုံးတွေ ရေးထိုးတဲ့နေရာမှာ အကျွမ်းတဝင် မရှိသေးတဲ့အချက်ပဲ ”

” အဲဒီ ရေးထိုးတဲ့ပညာရပ်ကို တိုးတက်လာအောင်လုပ်ဖို့ဆိုရင် တခြားလူတွေက ငွေကြေးသုံးပြီး လေ့ကျင့်ရမှာ။ ဘာလို့လဲဆိုတော့ ဝိညာဉ်ကျောက်တုံးတွေကို ဖန်တီးဖို့အတွက် ကျောက်တုံးအလွတ်တွေကို အသုံးပြုရတာမလား ”

” ဒါပေမဲ့ ငါ့အတွက်ကတော့ ကျောက်တုံးအလွတ်တွေတောင် မလိုဘူး။ ဘာလို့လဲဆိုတော့ ငါက ကမ္ဗည်းစာလုံးတွေ အများကြီးပိုပြီးတော့ ဝင်ဆံ့နိုင်တဲ့ သက်တံ့ဝိညာဉ်ကျောက်တုံးတွေကိုပါ ဖန်တီးနိုင်စွမ်း ရှိနေတာလေ။ အဲဒီတော့ ငါက ဝိညာဉ်အမြုတေ ကမ္ဗည်းစာလုံးတွေရဲ့ ပုံသေနည်းအမျိုးမျိုးကို ရေးထိုးတဲ့‌နေရာမှာ ကျွမ်းကျင်လာအောင် လုပ်ဖို့ပဲ လိုတော့တာ ”

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး ကမ္ဗည်းစာလုံးများ ရေးထိုးသည့် ပညာရပ်ကို အကျွမ်းတဝင်ဖြစ်နေအောင် စတင်လေ့ကျင့်လိုက်တော့သည်။

ထိုရေးထိုးခြင်းပညာရပ်ကြောင့် စာလုံးများ ရေးထိုးနိုင်သည့် အရည်အချင်းများ တိုးတက်လာရုံသာမက ကမ္ဗည်းစာလုံးများကိုလည်း ပို၍ပင် နက်နဲစွာ နားလည်လာနိုင်ပေသည်။ ထိုကဲ့သို့ စွမ်းရည်နှစ်မျိုးစလုံး တိုးတက်လာသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ပို၍ပင် အသာစီးရလာပြီဖြစ်ကြောင်း ခံစားနေရ၏။ အခြားသူများမှာ ရေးထိုးခြင်း မစတင်ခင် အချိန်အနည်းငယ်ပေး၍ စဉ်းစားတွေးတောရန် လိုအပ်ပါသော်လည်း သူသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် များပြားသော ကမ္ဗည်းစာလုံးများကို ကျွမ်းကျင်ပိုင်နိုင်သည်ဖြစ်ရာ တစ်ချက်ကလေးပင် စဉ်စားနေရန်မလိုပေ။ ကမ္ဗည်းစာလုံးတိုင်းမှာ သူ၏ ဦးဏှောက်ထဲတွင် စွဲနေသည်ဖြစ်၍ သူ၏ မှတ်ဉာဏ်ထဲမှ‌ ၎င်းတို့ကို ချက်ချင်းထုတ်ယူနိုင်စွမ်း ရှိပေသည်။

တိကျမှုအပိုင်းတွင်လည်း သူသည် အခြားသူများထက် ပို၍သာလွန်နေပြီ ဖြစ်သည်။ သူသည် စမှတ်ပေါ်တွင် ရှိနေရုံမျှဖြင့် ပန်းတိုင်နှင့် အလွန် နီးကပ်နေသည့် အနေအထားသို့ ရောက်ရှိနေပြီဟုပင် ဆိုနိုင်၏။

ထိုအခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် အံ့အားသင့်သွားရပြီး သူ၏ မျက်လုံးများမှာ တဖြည်းဖြည်းနှင့် ဝင်းလက်တောက်ပလာတော့သည်။

” ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သိပ်မကြာခင် ငါ ဝိညာဉ်အမြုတေခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်လာတော့မယ်လို့ ထင်တယ် ”

အချိန်များကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြုတေပညာရပ်များကို လေ့ကျင့်ခြင်းထဲတွင် အာရုံအပြည့် စိုက်ထားခဲ့၏။ တတိယ‌မြောက်နေ့၏ နေမွန်းတည့်ချိန်တွင် မျှော်လင့်မထားသော ဧည့်သည်တစ်ယောက် သူ့နတ်ဝိဇ္ဇာဂူ၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။

ထိုလူမှာ လုကျစ်ဟောင်ပင် ဖြစ်သည်။

သူသည် တွေ့ဆုံခွင့် ပေးရန်အတွက် စာတစ်စောင် ရေး၍ ပေးပို့ခဲ့သည်ဖြစ်ရာ ယခုလေးတင် ဓားပျံဝိညာဉ်အမြုတေတစ်ခုကို ရေးထိုးပြီးသွားသည့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ကြက်သေသေသွား၏။

” ဘာလို့ လုကျစ်ဟောင် ဒီကို ရောက်နေရတာလဲ။ မဟုတ်မှလွဲရော ငါ ဘယ်သူဘယ်ဝါဆိုတာ သူက သိသွားတာများလား ”
ဝမ်ပေါင်လဲ့မှာ အလွန် အံ့ဩမှင်တက်သွား၏။ သို့သော် လက်ရှိတွင် သူသည် နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်နေသည့် အချက်ကို ပြန်၍ အမှတ်ရသွားသောအခါ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ကာ လျှိုတောက်ပင်းအား ထိုအခြေအနေအကြောင်း ရှင်းပြလိုက်တော့သည်။

” သူက သိနေရင်တောင် ဘာလုပ်လို့ ရမှာမလို့လဲ။ ဒါပေမဲ့ လောလောဆယ်တော့ အဲဒီအကြောင်းကို လူမသိအောင် ဖုံးဖိထားတာ အကောင်းဆုံးပဲ ”
လုကျစ်ဟောင်အား တွေ့ဆုံခြင်းမရှိဘဲ ရှောင်တိမ်းနေမည်ဆိုပါက သူ့အတွက် ကောင်းနိုင်မည် မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်၏။

ထို့ကြောင့် သူသည် နတ်ဝိဇ္ဇာဂူ၏ တံခါးကို ဖွင့်လိုက်ပြီး လက်ဝှေ့ပွဲသုံး လက်အိတ်တစ်စုံကို စွပ်ထားသော လုကျစ်ဟောက်အား ရိုးသားဖြောင့်မတ်ကာ စမ်းတဝါးဝါး ဖြစ်နေသည့် အမူအရာဖြင့် လှမ်း၍ကြည့်လိုက်၏။ ထို့အပြင် သူသည် သံဖြင့် ပြုလုပ်ထားသော ဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားသည့်အလား သူ၏ အဝတ်အစားများမှာ မာတောင့်တောင့် ဖြစ်နေသည်။

” မင်းက ဘယ်သူလဲ “

Comment

Leave a Reply

Options

not work with dark mode
Reset