အပိုင်း (၈၅၂)

ဆရာကြီးစု

ပြည်နယ် ကိုးခု ကျောင်းတော်၏ဆေးဥယျာဉ်။ နံနက်ခြင်း အချိန်အခါ။

ပြည်နယ် ကိုးခုကျောင်းတော်၌ ယခင်က ဆေးဥယျာဉ်မရှိဖူးပေ။ နောက်ပိုင်း ရှန့်ထိုကျန့်က ကျောင်းတော်ကို ရောက်လာပြီး နောက်ပိုင်းတွင်မှ သူ့အတွက် အထူးတလည် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

ဆေးဥယျာဉ် အပြင်ဘက်ကို လူတစ်စု ရောက်လာသည်။ သူတို့ကား ရီဖူရှင်းတို့ အုပ်စုမဟုတ်ပေ။ သို့သော် ကျောက်ဟောင်တို့ အုပ်စုဖြစ်ပေသည်။

ဆေးဥယျာဉ်ထဲမှ လူတစ်ယောက် ထွက်လာသည်။ သူကား ကျင့်ရွှမ်ဖြစ်သည်။

“ အရှင့်သားက ကိုယ်တိုင်လာလည်တာ အကြောင်းရင်း ကိစ္စရှိပါသလား… ” ကျင့်ရွှမ်က လက်နှစ်ဖက်ကို ဆုပ်ကာ လေးစားစွာ မေးသည်။ ကျောက်ဟောင်ကား ပြည်နယ်ကိုးခု ရှီအဆင့် ဝင်ဖြစ်ရာ သူက လေးစားသမှု ထားရန် လိုအပ်ပေသည်။

“ အရေးကြီးတာတော့ မဟုတ်ပါဘူး… ရှန့်ထိုကျန့်က နာမည်ကျော်ကြားတော့ လမ်းကြုံတာနဲ့ လာလည်ဖြစ်ခဲ့တာပါပဲ… ” ကျောက်ဟောင်က ပြုံးလျက်ပြောသည်… “ ဒါက သေးငယ်တဲ့ လက်ဆောင်လေးပါပဲ…ဒါကို ဆရာကြီးစုကို လက်ဆင့်ကမ်းပေးပါ… ကျုပ်က ရှန့်ထိုကျန့်ကို အဖေ့ကိုယ်စား နှုတ်ဆက်ပါတယ်လို့လည်း ပြောပေးပါ… ”

“ ကောင်းပါပြီ… ” ကျင့်ရွှမ်က ဗူးကလေးအား ယူလိုက်ကာ မေးသည်… “ တခြား ဘာပြောစရာ ရှိပါသေးသလဲ… အရှင့်သား… ”

“ မလိုအပ်တော့ပါဘူး… ” ကျောက်ဟောင်က ခေါင်းယမ်းသည်။ ထို့နောက် ကျောက်ဟောင်က ဆေးဥယျာဉ်မှ ထွက်သွားသည်။ ကျင့်ရွှမ်ကလည်း သူဆေးပင်များ ရေလောင်း ပေါင်းသင်ရာနေရာသို့ ရောက်လာခဲ့၏။

ကျင့်ရွှမ်ကား ဆေးဥယျာဉ် အစောင့်တစ်ယောက်မျှသာ ဖြစ်သော်လည်း သူကား အမှန်တကယ်အားဖြင့် တော်ဝင် လမ်းသားတော်ဖြစ်ရန် လျှာထားခံရသူ တစ်ယောက်လည်း ဖြစ်ပြီး ကျောင်းတော်၌ ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်သည်။

သူက ဆေးဥယျာဉ်တွင် အလုပ်လုပ်ရသလို ကျောင်းတော်တွင်လည်း လွတ်လပ်စွာ လေ့ကျင့်နိုင်ပေသည်။

ကျင့်ရွှမ်က ဆေးဥယျာဉ် တစ်နေရာရှိ အနက်ရောင် ဝတ်စုံဝတ်လူ တစ်ယောက်ထံသို့ ရောက်လာသည်။

သူကား ကျောက်ဟောင်ပြောသော ဆရာကြီးစု ဖြစ်ပေသည်။ သူကား ရှန့်ထိုကျန်း၏ အကြီးဆုံးသား ဖြစ်သော စုချီဟန် ဖြစ်သည်။

ရှန့်ထိုကျန့်တွင် တပည့်နှစ်ယောက်မျှသာ ရှိသည်။ တပည့်အကြီးမှာ စုချီဟန် ဖြစ်ကာ အဆိပ်သခင်ဟုလည်း နာမည် ကျော်ကြားသည်။ အနာဂတ်တွင် သူသာ ရှန့်ထိုဖြစ်ပါက အဆိပ်ရှန့် ထိုဟူသော ဘွဲ့နာမကို ပိုင်ဆိုင်ပေမည်။

ဒုတိယတပည့်မှာ မိန်းကလေးဖြစ်ပြီး သူတို့နှင့် သိပ်မဝေးသော နေရာတွင် ဆေးပင်အချို့ကို နှုတ်နေသည်။ စုချီဟန်က အနက်ရောင် ဝတ်ထားကာ သူမကား အဖြူရောင်ကို ဝတ်ထားပေသည်။ သူမသည်လည်း လှပသော မိန်းမပျို တစ်ယောက်ဖြစ်ပေသည်။

ကျောင်းတော်တွင် သူမ၏နာမည်ကို မည်သူမှ မသိကြပေ။ အားလုံးက သူမမှာ လိပ်ပြာလေး တစ်ကောင်အလား လှပသောကြောင့် နတ်မိမယ်ဒီးဟုသာ ခေါ်ကြသည်။ သူမကား ပြည်နယ်ကိုးခုကျောင်းတော်တွင် အလှဆုံး မိန်းကလေးလည်း ဖြစ်သည်။ သူမက ရှန့်ထိုကျန့်၏ ဆေးပညာကို ဆက်ခံကာ စုချီဟန်နှင့် ဆန့်ကျင့်ဘက်ဟု ပြော၍ ရသည်။

ကျင့်ရွှမ်က စုချီဟန်အား ကြည့်လိုက်ကာ သိပ်မဝေးသော နေရာမှ နတ်မိမယ်ဒီးအား လှမ်းကြည့်သည်။ ထို့နောက် သူက မြန်ဆန်စွာ ခေါင်းငုံ့လိုက်၏။

သူက ကျောင်းတော်တွင် မြင့်မားသော အဆင့်အတန်း ရှိသည့်တိုင် ဆေးဥယျာဉ်တွင်ကား စုချီဟန်၏ လက်အောက်တွင် လေ့ကျင့်ရသော ဆေးဥယျာဉ် ထိန်းသိမ်းသူ တစ်ယောက်သာဖြစ်သည်။

စုချီဟန်က နှစ်သုံးဆယ်ခန့် လေ့ကျင့်ခဲ့ကာ ယခု သူကား ကွန်းရှီအဆင့်သို့ ရောက်လုနီးပါး ဖြစ်သည်။ သူ့အသက်အရွယ်ဖြင့် ထိုအဆင့်သို့ ရောက်ခြင်းက အလွန်ထက်မြက်သည်ဟု ဆိုင်နိုင်ပေသည်။

စုချီဟန်ကား တိတ်ဆိတ်စွာ ရပ်ကာ နတ်မိမယ်ဒီး၏ လှုပ်ရှားမှုများကို ကြည့်နေသည်။

သူက ဘာမှ မပြောသလို ကျင့်ရွှမ်ကလည်း ဘာမှ မပြောရဲပေ။

အတန်ကြာမှ စုချီဟန်က ကျင့်ရွှမ်ဘက်ကို လှည့်လာကာ မေးသည်… “ ဘာလဲ… ”

“ ကျောက်ပြည်ထောင်ရဲ့ကျောက်ဟောင်က ဒါကို ဆရာကြီးဆီသို့ ပို့ခိုင်းလိုက်ပါတယ်… ” ကျင့်ရွှမ်က ပြောသည်.. “ သူ့အဖေအစား အရှင်ရှန့်ထိုကျန့်ကို နှုတ်ဆက်တယ် ပြောပေးပါတဲ့… ”

စုချီဟန်က မျက်မှောင်ကြုတ် လိုက်သည်။

နတ်မိမယ်ဒီးက လှမ်းလာကာ ပြောသည်… “ ဆရာနဲ့ ကျောက်ပြည်ထောင်က မပတ်သက်ဖူးဘူးလို့ပဲ သိထားတယ်… ”

“ သခင်မလေး… ” ကျင့်ရွှမ်က ဦးညွတ်သည်။ ကျင့်ရွှမ်က သူမအား ဆေးဥယျာဉ် ပြင်ပတွင် နတ်မိမယ်ဒီးဟု ခေါ်သော်လည်း သည်နေရာတွင်မူကား ကွဲပြား ခြားနားပေသည်။

နတ်မိမယ်ဒီးက ပြုံးလျက် ခေါင်းညိတ်ပြသည်။

“ ငါသိပြီ… ” စုချီဟန်က ဘူးကလေးကို ဖွင့်ကြည့်သည်။ ဘူးကလေးထဲမှ ပစ္စည်းကား သူ၏ကျင့်ကြံခြင်း၌ အလွန်အရေးပါပေသည်။ သူက ဘူးကလေးကို ပိတ်လိုက်ပြီး မေးသည်… “ အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ… ကျောက်ဟောင်က ဘာလို့ လက်ဆောင် လာပေးတာလဲ… ”

“ ဆရာကြီးက လတ်တလောဖြစ်နေတဲ့ တော်ဝင်စစ်ပွဲကို ကြားတယ်မလား… ” ကျင့်ရွှမ်က ဆက်ပြောသည်… “ ထောင်ကျန်းက နတ်ဘုရားပြစ်ဒဏ်ကို ဆင့်ခေါ်ခဲ့ပြီး ဒါကို အပြည့်အဝ မကျော်ဖြတ်နိုင်ခဲ့ဘူး… ဒါကြောင့် တော်ဝင်ကျဲနန်းတော်က ဆေးဥယျာဉ်ကို မကြာခင် လာဖို့ရှိတယ်… ”

ကျင့်ရွှမ်က အလုံးစုံကို မပြောခဲ့သော်လည်း စုချီဟန်က နားလည်လိုက်သည်။ မြေရိုင်းပြည်နယ်က နောက်ထပ်ရှန့် ထိုတစ်ပါးဖြစ်ပေါ်လာရန် ကြိုးစားနေချိန် ကျောက်ပြည်ထောင်က မည်သို့ ထိုကိစ္စကို လိုလားမည်နည်း။

သူက ဗူးကလေးကို ကျင့်ရွှမ်ထံသို့ ကမ်းပေးလိုက်ရင်း ပြောသည်… “ ကျောက်ဟောင်ကို ပြန်ပေးလိုက်… ”

ကျင့်ရွှမ်က အံ့အားသင့်သွားပြီးမှ ဘူးကလေးကို ယူလိုက်ကာ ဆေးဥယျာဉ် အပြင်ဘက်ကို ထွက်သွားသည်။

စုချီဟန်က ကျင့်ရွှမ် ထွက်သွားရာဘက်ကို ကြည့်ပြီး ပြောသည်… “ ကျောက်ပြည်ထောင်ဘုရင်က မြေရိုင်းပြည်နယ် အပေါ် ဒီလေက် စိုးရိမ်နေတာ ထူးဆန်းတယ်… တော်ဝင်စစ်ပွဲက ဒီလောက် မလွယ်ကူဘူးထင်တယ်… ”

ရီဖူရှင်းတို့က ထိုအချိန်တွင် ဆေးဥယျာဉ် အပြင်ဘက်ကို ရောက်လာကြကာ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆေးဥယျာဉ်ထဲမှ ထွက်လာသော ကျင့်ရွှမ်နှင့် ပက်ပင်းတိုးသည်။

ရီဖူရှင်းက ပြုံးလိုက်ကာ ကျင့်ရွှမ် ထွက်လာသည်ကို ခေါင်းညိတ်ပြသည်။

“ နန်းတော်သခင်ရီ… ” ကျင့်ရွှမ်ကလည်း လက်နှစ်ဖက်ကို ဆုပ်သည်။ ယမန်နေ့က သူတို့ တိုက်ခိုက်ခဲ့ကြသေးသည် မဟုတ်ပါလား။

“ အစ်ကိုကျင့်… ကျုပ်တို့က စီနီယာ ရှန့်ထိုကျန့်နဲ့ တွေ့ချင်လို့… ဆရာကြီးစုဆီကို သတင်းပို့ပေးလို့ ရမလား… ” ရီဖူရှင်းက မေးသည်။ ဆေးဥယျာဉ်တွင် တပည့် နှစ်ယောက်ရှိသည်ကို သူလည်း သိပေသည်။

“ ဟုတ်ကဲ့… ခဏစောင့်ပါဦး… နန်းတော်သခင်ရီ…” ကျင့်ရွှမ်က ခေါင်းညိတ်ကာ ဆေးဥယျာဉ်ထဲသို့ ဝင်သွားသည်။

ကျင့်ရွှမ်ပြန်လာသည်ကို မြင်လျှင် စုချီဟန်က မျက်မှောင်ကြုတ် လိုက်ကာ မေးသည်… “ ဘာဖြစ်လို့လဲ… ”

“ မြေရိုင်းပြည်နယ် နန်းတော်သခင်ရီက လာရောက် တွေ့ဆုံပါတယ်… ” ကျင့်ရွှမ်က ပြောသည်။

စုချီဟန်က ကျင့်ရွှမ်အား ပြောသည်… “ ဆရာက အခုတံခါးပိတ် လေ့ကျင့်နေလို့ ဘယ်သူ့ကိုမှ မတွေ့ဘူးလို့ ပြောလိုက်… ”

ကျင့်ရွှမ်က စုချီဟန်ကို ပြောသည်… “ ဆရာကြီး… သူက တော်ဝင်မြေ တစ်ခုရဲ့ ခေါင်းဆောင်ပါ… သူ့ကို ဒီအတိုင်း ငြင်းလိုက်တာက မသင့်တော်ဘူးလားလို့… ”

စုချီဟန်က မျက်မှောင်ကြုတ်လိုက်ကာ ကျင့်ရွှမ်အားကြည့်သည်။ ရုတ်တရက် ကျင့်ရွှမ်က ကျော်ချမ်းသွား၏။ စုချီဟန်က အေးစက်စွာ ပြောသည်… “ ငါက အကုန်ပြောပြီးပြီ… ငါပြောသလို ပြောလိုက်…. ”

နတ်မိမယ်ဒီးက စုချီဟန်ဘက်ကို လှည့်ကာ ပြောသည်… “ အစ်ကို.. ကျင့်ရွှမ်ပြောတာ ဟုတ်တယ်… တော်ဝင်ကျဲနန်းတော်ခေါင်းဆောင်ကို ဒီအတိုင်း ငြင်းလိုက်တာ မသင့်တော်ဘူး ထင်တယ်… ”

“ ပြင်ပကိစ္စတွေကို ဘယ်တုန်းက စိတ်ဝင်စားလာတာလဲ… ညီမလေး… ” စုချီဟန်က ပြုံးလျက်ပြောသည်။ သူ၏အမူအရာကား ကျင့်ရွှမ်ကို ဆက်ဆံပုံကနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

“ ဒါပေမယ့် အစ်ကိုက နှစ်ဖက်လုံးကို ငြင်းပယ်လိုက်တာပဲ… ဘာလို့လဲ… ” နတ်မိမယ်ဒီးက မေးသည်။

စုချီဟန်က ရီဖူရှင်းအား ငြင်းပယ်လိုသည် ဆိုပါက ကျောက်ဟောင်၏ လက်ဆောင်ကို ယူလိုက်ရပေမည်။

“ ကျုပ်က တစ်ဖက်ရဲ့ လက်ဆောင်ကို ယူရင် တစ်ဖက်ကို အလေးပေးတယ် ဖြစ်မှာပေါ့… ကျုပ်တို့က သူတို့တွေအကြား ဝင်ပါစရာ အကြောင်းမရှိဘူး… ဆရာရဲ့ လေ့ကျင့်မှုကိုလည်း သူတို့ကြောင့် အနှောင့်အယှက် မဖြစ်စေချင်ဘူး… ရီဖူရှင်းရဲ့ အဆင့်အတန်း ဆိုတာကလည်း…သိပ်ပြီး အလေးထားနေစရာ မလိုပါဘူး… ”

“ မှန်တာပေါ့… ” နတ်မိမယ်ဒီးက ပြုံးလျက် ပြောသည်။

ကျင့်ရွှမ်ကား ဆေးဥယျာဉ်အပြင်ကို ရောက်လာကာ ရီဖူရှင်းတို့နှင့် တွေ့ဆုံသည်။

ရီဖူရှင်းက အတန်ကြာ စောင့်ဆိုင်းနေပြီး ဖြစ်ကာ စိတ်က မငြိမ်မသက် ဖြစ်နေသည်။ မည်သို့ဆိုစေ သည်ကိစ္စက သူ့ဆရာ၏ သေရေးရှင်ရေးနှင့် ပတ်သက်နေသည် မဟုတ်ပါလား။

“ ဘယ်လိုလဲ… ” ရီဖူရှင်းက ကျင့်ရွှမ်ထွက်လာသည်ကို မြင်လျှင် လှမ်းမေးသည်။

“ နန်းတော်သခင်ရီ… ” ကျင့်ရွှမ်၏ မျက်လုံးများက တောင်းပန်သော အငွေ့အသက်များဖြင့် ပြောသည်… “ ရှန့်ထိုကျန့်က တံခါးပိတ် လေ့ကျင့်နေလို့ လက်ရှိ ဧည့်သည် မတွေ့နိုင်ပါဘူးလို့ ဆရာကြီးစုက ပြောခိုင်းလိုက်တယ်… စိတ်မကောင်းပါဘူး… ”

ရီဖူရှင်းကလည်း စိတ်ပျက်သွားကာ မေးသည်… “ ဆရာကြီးစုကရော.. သူ့ကို တွေ့လို့ရမလား… ”

“ ဆရာကြီးစုက တွေ့မှာ မဟုတ်ဘူး… ” ကျင့်ရွှမ်က ခေါင်းယမ်းသည်။ စုချီဟန်က ရီဖူရှင်းနှင့် မတွေ့လိုကြောင်း သူသိသည်။

“ ကျုပ် မနက်ဖြန် ထပ်လာခဲ့မယ်… ” ရီဖူရှင်းက ပြုံးလျက်ပြောကာ နောက်လှည့် ထွက်လာခဲ့သည်။

သူကား ရှန့်ထိုကျန့်ကို တွေ့ရန်ကို ထား၍​ ဆေးဥယျာဉ်ထဲကိုပင် ဝင်ခွင့်မရခဲ့ပေ။

“ ဘယ်လောက် မောက်မာလိုက်လဲ… ” စုရှမ်းက ပျင်းရိစွာ မေးသည်… “ ဆရာကြီးစုရဲ့ လေ့ကျင့်မှုက ဘယ်လိုလဲ… ”

“ မိုရှီအမြင့်ဆုံးမှာ… ကွန်းရှီတောင် မရောက်သေးဘူး… ” ကျန်ကျောင်းက ပြောသည်။

ရီဖူရှင်းက မည်သို့မှ ခံစားရဟန်မရှိပေ။ သူတို့အုပ်စုတစ်ခုလုံးက စုချီဟန်ထက် အဆင့်မြင့်မားသည့်တိုင် စုချီဟန်ကား သူတို့အား လက်ခံ တွေ့ဆုံရန်ပင် ဆန္ဒမရှိပေ။ သူတို့အား ဤသို့ ငြင်းလွှတ်ခြင်းက အမှန်ပင် ရိုင်းစိုင်းပေသည်။

“ ကျုပ်တို့က သူတို့ကို တွေ့ခွင့်တောင်းတာပဲ… သူတို့မတွေ့ချင်ဘူး ဆိုမှတော့ ဘယ်သူ့ကို အပြစ်တင်လို့ရမှာလဲ… ” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

“ အကောင်းမြင် စိတ်ထားပဲ… ” စုရှမ်းကလည်း ရယ်မောလျက်ပြောသည်။

“ ကျုပ်တို့ မနက်ဖြန် ထပ်လာကြမယ်… ” ရီဖူရှင်းက ပြောသည်။ သူတို့က တစ်ဖက်လူထံမှ အကူအညီလိုနေရာ လက်ရှိတွင် ဤသို့သော စိတ်နေ သဘောထားမျိုး ထားမှ ရပေမည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset