အပိုင်း (၈၄၉)

တော်ဝင်လမ်း၏ သားတော်များ

ရီဖူရှင်းက လျူယွန်ကို ကြည့်သည်တွင် သူက ပြုံးလျက် ပြန်ပြောသည်… “နန်းတော်သခင်ရီက အပန်းမကြီးဘူးဆိုရင် ပြည်နယ်ကိုးခု ကျောင်းတော်က လူငယ်တွေကို ကူညီ သင်ပြပေးပါဦး… သူတို့က ပြင်ပလောကမှာလည်း ထူးခြား ထက်မြက်တဲ့လူတွေ ရှိတယ် ဆိုတာ သိပ်မသိကြဘူး…”

လျူယွန်၏ စကားကို ကြားသည်တွင် ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ သူက ထရပ်ကာ ကွင်းထဲကို ဝင်လိုက်ပြီး စူးရန်ကို ပြောသည်… “ဒါက လက်ရည်စမ်းပွဲ သက်သက်ပဲ…. အနိုင်အရှုံးက အရေးမပါဘူး… ဒါကြောင့် ရလဒ်အပေါ်မှာလည်း သိပ်မခံစားစေချင်ဘူး…”

ရီဖူရှင်း၏ အပြုအမူနှင့် ပြောစကားအရ သူကား အနိုင်ရမည်ကို အလွန် ယုံကြည်ချက် ရှိနေဟန် ရသည်။

ဒါ…

“စရအောင်….” စူးရန်က တည်ငြိမ်စွာ ပြောပြီး သူ၏ ကိုယ်ရောင် ကိုယ်ဝါကို ထုတ်လွှတ်လိုက်၏။

လောကဓာတ်က ကောင်းကင်နှင့် မြေပြင်အကြား စတင် ရိုက်ခတ်လာခဲ့သည်။ ရီဖူရှင်း၏ နောက်တွင် လူဝံပုံသဏ္ဌာန်တစ်ခု စတင် ဖြစ်တည်လာခဲ့၏။

လူဝံကြီးထံမှ အလွန် ရုန့်ရင်းကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါများ ထွက်ပေါ်လာကာ ရီဖူရှင်းထံသို့ စီးဆင်းလာသည်။

ဘန်း… ကျယ်လောင်သော အသံနှင့်အတူ လူဝံကြီးက လေဟာနယ်ကို ကျော်ဖြတ်လျက် စူးရန်ထံသို့ လှမ်းလာသည်။

စူးရန်က လူဝံကြီးထံမှ ကြီးမားသော အရှိန်အဝါကို ခံစားမိ၏။ သူ့ခန္ဓာကိုယ်မှလည်း ကိုယ်ရောင်ကိုယ်ဝါများ ဖြာထွက်လာကာ တစ်ကိုယ်လုံးလည်း အပူရှိန် ပြင်းထန်နီရဲလာ၏။ သူ့နောက်တွင်လည်း ရုန့်ရင်း ကြမ်းတမ်းသော သတ္တဝါဆန်း တစ်ကောင် ပေါ်လာတော့သည်။

ဟေးရန်ကား စူးရန် ဆင့်ခေါ်ခဲ့သော သတ္တဝါဆန်း တစ်မျိုး ဖြစ်သည်။ ထိုသတ္တဝါကား မီးဓာတ်ကို အခြေပြုကာ အလွန်ရုန့်ရင်း ကြမ်းတမ်း၏။ လက်မှ မီးတောက်တံကို ကိုင်စွဲကာ သူက ကောင်းကင်ထက်ကို အတင်း ထိုးတက်သွားပြီး သူ့ထံလှမ်းလာသော လူဝံကြီးအား တိုက်ရိုက် ရင်ဆိုင်သည်။

“ဒါက သက်စောင့်ဝိညာဉ် အချင်းချင်း ရင်ဆိုင်တာ များလား…” လူအများအပြားက ရေရွတ်ကြသည်။ လောကဓာတ်များက သက်စောင့်ဝိညာဉ်တွင် တကယ့် သားရဲများအလား ပေါင်းစပ် ဖြစ်ပေါ်နေကြသည်။

လူဝံကြီးက လက်ဝှေ့ယမ်း သည်တွင် သူ၏လက်၌ နှင်တံတစ်ချောင်း ဖြစ်ပေါ်လာကာ ကြီးမားသော အရှိန်အဝါဖြင့် ဝှေ့ယမ်းသည်။ သူတို့၏ ခန္ဓာကိုယ်ထံမှ စွမ်းအင်လှိုင်းများ ရိုက်ခတ်သည်တွင် မြေပြင်မှ တန်ခိုးရှင်များက နောက်ကို မြန်ဆန်စွာ ဆုတ်ကြသည်။ သူတို့ထံကို ရိုက်ခတ်လာသော ဖိအားများကား အလွန် ပြင်းထန်ပေသည်။

မာန်သွင်းသံ တစ်ချက်နှင့်အတူ မီးနှင့် မီးတောက်ရည်များက စူးရန်ကို စီးဆင်းသွားဟန် ရကာ သူ၏ ခန္ဓာကိုယ်ကလည်း ပိုမို၍ အရွယ်အစား ကြီးလာခဲ့သည်။ အဆုံးမဲ့ လောကဓာတ်က ကောင်းကင်နှင့် မြေပြင်အကြား မွေးဖွားလာခဲ့ကာ သူ့ထံကို လာရောက် ပေါင်းစပ်ကြသည်။

“ကောင်းကင်အေးခဲ လောကဓာတ်က ကျုပ် အားသာချက် တစ်ခုတည်းတော့ မဟုတ်ဘူး… ကျုပ်က ကြယ်တာရာ လောကဓာတ် ကိုလည်း လေ့ကျင့်တယ်… ဒါက မင်းအတွက် အတွေ့အကြုံ တစ်ခုဖြစ်မှာပဲ…” ရီဖူရှင်းက လက်နှစ်ဖက်ကို နောက်တွင် ချိတ်ထားကာ လေထဲတွင်ပင် တည်ငြိမ်စွာ ရပ်နေသည်။

သူက ထိုသို့ ပြောလိုက်သည်တွင် ကြယ်တာရာ လောကဓာတ်က သူ့ထံမှ ဖြာထွက် လာခဲ့သည်။ ထိုအခိုက်တွင်ပင် ကြီးမားသော ဖိအားက ပတ်ဝန်းကျင် တစ်ခုလုံးအား ရိုက်ခတ်သွားသည်။ မြေပြင်မှ တန်ခိုးရှင်များက သူတို့၏ စွမ်းအားများကို စုစည်းကာ ဖိအားများအား တောင့်ခံကြရသည်။

စူးရန်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ့နောက်မှ သတ္တဝါဆန်းကြီးက လက်ကို မြှောက်ကာ သူ၏နှင်တံကြီးအား ရောက်ရှိလာသော လူဝံထံသို့ ရိုက်နှက်လိုက်သည်။ ထိုအခိုက်တွင် နှင်တံနှစ်ချောင်းက ရင်ဆိုင်တွေ့ကာ စူးရန်က သူ့ထံသို့ ကြယ်တာရာများ ဆင်းသက် လာသည်ဟု ခံစားရ၏။ သူ၏ ခြေထောက်အောက် မြေပြင်က အက်ကွဲကြောင်းများ ဖြစ်လာသည်။ စူးရန်နှင့် သားရဲ သတ္တဝါဆန်းတို့ နှစ်ဦးလုံး မြေပြင်ထက်ကို ပြိုလဲသွားကြပြီး ကြီးမားသော ဖိအားအောက်တွင် ပြင်းထန်သော ဝေဒနာကို ခံစားကြရသည်။

ထိုအခိုက်တွင်ပင် လူဝံကြီးက ကောင်းကင်ထက်ကို ပျံတက်သွားကာ သူ၏ ကြမ်းတမ်းသော အရှိန်အဝါကလည်း ပျောက်ကွယ် သွားသည်။ လူဝံကြီးက ရီဖူရှင်း၏ဘေးကို ပြန်ရောက်သွားကာ ရီဖူရှင်းကလည်း အောက်ကို ငုံ့ကြည့်သည်။

“မင်းက ထွင်းဖောက်ခြင်း လောကဓာတ်ကို လေ့ကျင့်တယ်… ဖျက်ဆီးအားက အရမ်းပြင်းတယ် ဆိုပေမဲ့ ကျုပ်ကလည်း ပြင်းထန်တဲ့ စွမ်းအားကို ပိုင်ဆိုင်တဲ့ ကြယ်တာရာ လောကဓာတ်ကို လေ့ကျင့်တယ်… မင်းက ကျုပ်ရဲ့ ကြယ်တာရာ စွမ်းအားကို ထိပ်တိုက် ရင်ဆိုင်တာက အမှားပဲ… ဒါက ပုံမှန်အားဖြင့် အရေးနိမ့်စေတယ်… မင်းက ကျုပ်ကြယ်တာရာ လောကဓာတ် ထုတ်လွှတ်တဲ့ အချိန်မှာ အားနည်းတဲ့ အချိန်အခါကို စောင့်ဆိုင်းပြီးမှ အားကုန်သုံး တိုက်ခိုက်သင့်တယ်…” ရီဖူရှင်းက မှင်တက်နေသော စူးရန်ကို ပြောသည်… “ဒါက သီအိုရီအဆင့်မှာပဲ ရှိတယ်… တကယ် လုပ်နိုင်မလုပ်နိုင်ကတော့ တိုက်ခိုက်သူရဲ့ စွမ်းရည်နဲ့လည်း သက်ဆိုင်သေးတယ်…”

ပြည်နယ်ကိုးခု ကျောင်းတော်မှ လူအများအပြားက ရီဖူရှင်းအား ကြည့်ကြသည်။ သူက စူးရန်ကို သည်နည်းဖြင့် အနိုင်ယူခဲ့သည်။ သိသာစွာပင် သူကား စူးရန်ထက် အားကောင်းပေ၏။ သူ့နာမည် ကျော်ကြားခြင်းမှာလည်း အလကား ဟုတ်ဟန်မတူပေ။ သူလေ့ကျင့်သော အာကာသဓာတ်နှင့် ကြယ်တာရာဓာတ် နှစ်ခုလုံးက အလွန်ရှားပါးသော လောကဓာတ်များ ဖြစ်ကြပေသည်။

စူးရန်ကား ထိုနေရာတွင်ပင် ဆွံ့အစွာ ရပ်နေဆဲဖြစ်သည်။ သူကား ပြည်နယ်ကိုးခု ကျောင်းတော်တွင် ထူးချွန်သော ကျောင်းသား တစ်ယောက်ဖြစ်၏။ အနည်းဆုံး သူက ရီဖူရှင်းနှင့် ယှဉ်တိုက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော်လည်း သူကား တစ်ကွက်မျှပင် မခံနိုင်ခဲ့။

“ကျုပ်က မထိုက်တန်ပါဘူး…” စူးရန်က သူ၏နေရာကို ပြန်သွားခဲ့ကာ ထိုင်လိုက်သည်။ သူ၏ပုံစံ တည်ငြိမ်နေဟန် ရသော်လည်း သူကား စိတ်လှုပ်ရှား နေခဲ့သည်။

ထိုအခိုက်တွင် နောက်တစ်ယောက်က ပေါ်လာသည်။ သူကား အဖြူရောင် ဝတ်ထားကာ သန့်စင်သော ရောင်ဝါများ ရှိနေ၏။ သူလေ့ကျင့်သော မှော်ပညာကြောင့်ပင် သူ့ထံမှ ထူးခြားသော မှော်စွမ်း အင်အလင်းများ ထွက်ပေါ် နေဟန်ရသည်။

“ပြည်နယ်ကိုးခု ကျောင်းတော်တပည့် ကျင့်ရွမ်က နန်းတော် သခင်ရီဆီမှာ နည်းနာ ခံယူချင်ပါတယ်… ပြည်နယ်ကိုးခု ကျောင်းတော်မှ တပည့်များ အားလုံးက အံ့အားသင့် သွားကြသည်။ ကျင့်ရွှမ်ကလည်း ရီဖူရှင်းအား စမ်းလိုနေသည်။

“သဘောအတိုင်းပါပဲ…” ရီဖူရှင်းက ရပ်နေရင်းကပင် ပြောသည်။

ကျင့်ရွှမ်က ခေါင်းညိတ်သည်။ ထိုအခိုက်တွင် လေပြင်း တစ်ချက်နှင့်အတူ မူလနေရာမှ သူ ပျောက်ကွယ်သွား၏။ ရုတ်တရက် ကောင်းကင်ထက်တွင် အဆုံးအစမဲ့သော လျှပ်စီးများ ထွက်ပေါ် လာခဲ့သည်။

ရီဖူရှင်းက ပျောက်ကွယ်သွားကော ကျင့်ရွှမ်အား ကြည့်သည်။ သူကား လျှပ်စီးဓာတ်များဖြင့် ပေါင်းစပ်သွားဟန် ရသည်။ ကောင်းကင်ထက်တွင် ဖြစ်ပေါ်နေသော လျှပ်စီးဓာတ်များထဲ၌​ကျင့်ရွှမ်၏ အငွေ့အသက်များအား သူခံစားရသည်။

ဝုန်း…

နောက်ထပ် ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ရီဖူရှင်းရှေ့ကို လျှပ်စီးဓားတစ်လက်က လေဟာနယ်ကို ဖြတ်တောက် ရောက်ရှိလာဟန် ရသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးကြောင်းများဖြင့် ဖုံးအုပ် လာခဲ့သည်။

နောက်ထပ် ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ စစ်မှန်​သော လျှပ်စီးဓား တစ်ချက် ဆင်းသက်လာကာ ရီဖူရှင်း၏ခေါင်းကို ဖြတ်ရန် ဦးတည်လာသည်။ ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး၏ စိတ်နှလုံးများက ပြင်းထန်စွာ တုန်ခါကြ၏။

လျှပ်စီးဓားက ရီဖူရှင်း၏အနီးကို ရောက်လာပြီ ဖြစ်သည်။

သို့သော် ရီဖူရှင်း၏ရှေ့တွင် အလင်းအရံအတား တစ်ခု ပေါ်လာကာ လျှပ်စီးဓားအား ပျော်ဝင် သွားစေသည်။

ရီဖူရှင်းက မော့ကြည့်သည်တွင် ကောင်းကင်ထက်တွင် လျှပ်စစ်မုန်တိုင်းများ ဆက်လက် ဖြစ်ပေါ်နေသည်ကို မြင်သည်။ ကောင်းကင်ထက်တွင် လူတစ်ယောက်၏ အငွေ့အသက်ကို သူ ကောင်းကောင်း ခံစား၍ ရ၏။

ရီဖူရှင်းက ထိုနေရာသို့ပင် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခိုက်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းက ရပ်တန့်သွားဟန်ရကာ မိုးကြိုး လျှပ်စီးများ အားလုံးကလည်း အေးခဲသွား၏။ လေဟာနယ်က တင်းမာသွားပြီး ကျင့်ရွှမ်ကား အတွင်း၌ ပိတ်မိသွားသည်။

ထိုအခိုက်တွင် လက်ဝါးတစ်ချက် ပေါ်လာကာ ကျင့်ရွှမ်အား အသာအယာ တွန်းထုတ်လိုက်သည်။ ကျင့်ရွှမ်ကား လေထဲတွင်ပင် ဟန်ချက် ထိန်းလိုက်ကာ ရီဖူရှင်းအား မေးသည်… “အဲဒါ ဘာပညာလဲ…”

“မင်းက အမြန်နှုန်းနဲ့ လျှပ်စီးဓာတ်ကို ပေါင်းစပ်ပြီးတော့ ပုံသဏ္ဌာန် မဲ့စေခဲ့တယ်… ဒါက ကြောက်စရာ ကောင်းတဲ့ စွမ်းရည်ကို ဖြစ်ပေါ်စေတာပဲ… ကျုပ်ထင်တယ်… ပြည်နယ်ကိုးခု ကျောင်းတော်မှာ တန်ခိုးအဆင့် အတူအတွင်း မင်းကို အနိုင်ရသူ လက်ဆယ်ချောင်း မပြည့်လောက်ဘူး…” ရီဖူရှင်းက ကျင့်ရွှမ်ကို ဆက်ပြောသည်… “ဒါပေမဲ့ ကျုပ်က ကောင်းကင် အေးခဲဓာတ်နဲ့ ကြယ်တာရာဓာတ်ကို လေ့ကျင့်တယ်… ဒီလောကဓာတ် နှစ်ခုကို ပေါင်းစပ် အသုံးပြုတဲ့အခါ ကြယ်တာရာ ချုပ်နှောင်ခြင်းဆိုတဲ့ နည်းလမ်းတစ်ခုကို ကျုပ် ဖန်တီးထားတယ်…”

“ကျုပ် အရှုံးပေးပါတယ်…” ကျင့်ရွှမ်က သူ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ဦးညွှတ်ပြီး ပြောသည်။ ရီဖူရှင်း ပြောသလိုပင် သူကား ကျောင်းတော်၌ ထိပ်သီး ဆယ်ယောက်စာရင်းဝင် ဖြစ်သည်။ သူ့အား အနိုင်ရသူ လက်ချိုးရ၍ ရ၏။ သို့သော်လည်း ရီဖူရှင်းရှေ့တွင် သူကား မည်သို့မှ ခုခံနိုင်စွမ်း မရှိပေ။

ရီဖူရှင်းကား အလယ်အလတ် ရှီအဆင့်တွင်ပင် ရှိသေးသော်လည်း ကွဲပြားခြားနားသော လောကဓာတ်များဖြင့် တိုက်ခိုက်ရေး ပညာများကို ဖန်တီးနိုင်နေပြီ ဖြစ်သည်။ ဤသို့သော လူအား ပါရမီရှင်ဟုပင် ခေါ်ဆို၍​ မရတော့ပေ။

ထို့နောက်တွင် ရီဖူရှင်းက ဆက်လက်၍ စိန်ခေါ်မှုများကို လက်ခံသည်။ တစ်ယောက်ပြီး တစ်ယောက် ရီဖူရှင်းကို စိန်ခေါ် တိုက်ခိုက်ကြသော်လည်း မည်သူမှ အနိုင်မရခဲ့ပေ။ သူကား ရှီတန်ခိုးအဆင့်တွင် ပြိုင်ဘက်ကင်းကာ စိန်ခေါ်သူများအားလုံးကို အလွယ်တကူ အနိုင်ရခဲ့၏။

ယခုကား ချင်ယွန်အဆောင်က တိတ်ဆိတ်နေသည်။ ကျောင်းတော်၏အတော်ဆုံးများပင် ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့ကြပြီးဖြစ်ရာ စိန်ခေါ်လိုသူကလည်း သိပ်မကျန်တော့ဟန် ရသည်။

“ကျုပ်က မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော် သခင်ရီရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ… အခု အခွင့်အခါ ကြုံလာတော့ တစ်ခါလောက် စမ်းကြည့်ချင် ပါတယ်…” ထိုအခိုက်တွင် အဝေးတစ်နေရာမှ အသံတစ်သံကို ကြားကြရသည်။ လူအုပ်က ချက်ချင်း လမ်းဖယ်ပေးကြ၏။

အားလုံးက လှည့်ကြည့် ကြသည်တွင် ချောမောသော လူငယ်တစ်ယောက်က တည်ငြိမ်စွာ လှမ်းလာ နေသည်ကို မြင်ကြသည်။ ဘေးမှ တပည့်များက သူ့အား လေးစား အားကျစွာ ကြည့်နေကြ၏။ နောက်ဆုံးကား စစ်မှန်သော ပါရမီရှင် ရောက်လာလေပြီ။

ပြည်နယ်ကိုးခု ကျောင်းတော်၌​ အတော်ဆုံး တပည့်များအား တော်ဝင်လမ်း၏ သားတော်များ အဖြစ် သတ်မှတ် ကြသည်။

ပြည်နယ်ကိုးခု ကျောင်းတော်တွင်ပင် တော်ဝင်လမ်း သားတော်များမှာ အနည်းအကျဉ်းသာ ရှိပေသည်။ သူတို့က ရှန့်ထိုများ လက်အောက်၌ တိုက်ခိုက် သင်ယူနိုင်ခွင့် ရှိကြပေသည်။

တစ်ယောက်ချင်းစီက အလွန်အမင်း အားကောင်း ကြသည်။

စူးရန်နှင့် ကျင့်ရွမ်များက ကျောင်းတော်၌​ အလွန်နာမည် ကျော်ကြားသည့်တိုင် တော်ဝင်လမ်း သားတော်ဖြစ်ရန် များစွာ လိုသေးပေသည်။

ယခု ရောက်လာသူကား တော်ဝင်လမ်း၏ သားတော်တစ်ပါး ဖြစ်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset