အပိုင်း (၈၄၇)

ကြိုဆိုခြင်း

ကျောက်ရာကား ကျောက်ပြည်ထောင် ဘုရင်၏ ဆက်ခံသူအဖြစ် နာမည် ကျော်ကြားသည်။ ထို့အပြင် ကျောက်ယိုသည်လည်း ပြည်နယ်ကိုးခု ညီလာခံ၌ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် သူ၏ပြိုင်ဘက်မှာ အလွန် အားကောင်းသောကြောင့် ဖြစ်ပေ၏။ ပုံမှန်အားဖြင့် သူတို့၏ပါရမီဖြင့် ပြည်နယ်ကိုးခု ကျောင်းတော်တွင် လေ့ကျင့်ရန် ပြဿနာ မရှိပေ။

သို့သော်လည်း ရီဖူရှင်းက စကားအနည်းငယ် ပြောလိုက်သည်တွင် ကျောက်ပြည်ထောင်က ပြည်နယ်ကိုးခု ကျောင်းတော်ကို အထင်သေးသော ပုံစံမျိုး ဖြစ်နေသည်။

အထူးသဖြင့် ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်ကို ချီးမြှောက်ပြီးမှ ကျောက်ပြည်ထောင်၏ အပြုအမူဖြင့် နှိုင်းယှဉ်ခဲ့ခြင်းက ပိုသိသာစေခဲ့သည်။

ကျောက်ဟောင်က လျူယွန်ကို ဦးညွှတ်ကာ ပြောသည်… “ကျုပ်မှာ အဲဒီသဘော မရှိပါဘူး… ကျောက်ရာနဲ့ ကျောက်ယိုတို့က ပြည်နယ်ကိုးခု ကျောင်းတော်သို့ ရိုးရိုးသားသား လာရောက် လေ့ကျင့်ကြတာပါ… တကယ်လို့ ပြည်နယ်ကိုးခု ကျောင်းတော်က ဝင်ခွင့် စစ်ဆေးမှုတွေရှိရင် သူတို့ သေချာပေါက် အဲဒီအဆင့်တွေကို ဖြတ်ကျော် ပါလိမ့်မယ်…”

“ကျောင်းတော်သို့ ဝင်ခွင့်စစ်ဆေးခံပြီးမှ တက်ရောက်တာ ဂုဏ်ယူစရာပါ….” ကျောက်ရာကလည်း လျူယွန်ကို ဦးညွှတ်ကာ ပြောသည်။ ထို့နောက် သူက ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “ဒါပေမဲ့… ခင်ဗျားစကားရဲ့ ရည်ရွယ်ချက်က ဘာလဲ… ရီဖူရှင်း…”

“အကြီးအကဲတွေ အပေါ်မှာ မင်းရဲ့ အပြုအမူကို သတိထား…” ရီဖူရှင်းက ကျောက်ရာကို ကြည့်ကာ ပြောသည်… “ငါတို့က ပြည်နယ်ကိုးခု ကျောင်းတော်မှာပဲ… မင်းကို ဒီနေရာမှာ သင်ခန်းစာ မပေးချင်ဘူး…”

ကျောက်ရာက လက်သီး တင်းတင်း ဆုပ်လိုက်သည်။ ပြည်နယ်ကိုးခု ညီလာခံ၌ ရီဖူရှင်း၏ သင်ခန်းစွာ ပေးခြင်းကို ခံရမှုမှာ သူ၏ဘဝ၌ အကြီးမားဆုံးသော အရှက်ရမှု ဖြစ်ပေသည်။

ကျောက်ရာအား မကြည့်တော့ဘဲ ရီဖူရှင်းက လျူယွန်ကို ဦးညှွှတ်ကာ ဆက်ပြောသည်… “ပြည်နယ်ကိုးခု ညီလာခံမှာ စီနီယာက ယူချင်းကို ပြည်နယ်ကိုးခု ကျောင်းတော်မှာ လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့တယ်… ဒါပေမဲ့ ဒီမသိတဲ့ အကောင်က သဘောမတူခဲ့ဘူး… ဒီအတွက်လည်း ကျွန်တော်က သူ့ကို ကြိမ်းမောင်းခဲ့တယ်…အခု ယူချင်းက ရှီအဆင့်ကို တက်လှမ်းခဲ့ပြီ… ဒီတစ်ခါ ကျွန်တော်တို့က ပြည်နယ်ကိုးခု ညီလာခံကို လာရောက် လည်ပတ်တဲ့အခါ ယူချင်းကို ကျောင်းတော်က ပါရမီရှင်တွေနဲ့ ထိတွေ့ ဆက်ဆံခိုင်းမယ်…ဒီကာလမှာ သူက စီနီယာတွေဆီကလည်း သင်ယူပြီး အသိအမြင်တွေ ကျယ်လာလိမ့်မယ်…”

သူ့နောက်တွင် ယူချင်းကား မှင်တက်နေသည်။ သူကား ရောင်းချခံနေရသည်။

ဒါ… ရီဖူရှင်းက ပြည်နယ်ကိုးခု ကျောင်းတော်သို့ သူ့အား အဘယ်ကြောင့် ခေါ်လာသည်ကို နားလည်လိုက်သည်တွင် ယူချင်း၏မျက်နှာက ညိုမည်းသွားသည်။ ဒီခွေးကောင်…။

လျူယွန်က ပြုံးလျက်ပြန်ပြောသည်… “ယူချင်းက ပြည်နယ်ကိုးခု ညီလာခံမှာ ပထမရခဲ့ပြီးတော့ ကျောင်းတော်ရဲ့ တပည့်တွေကလည်း သူ့ကို တွေ့ချင်ကြတယ်… နန်းတော်သခင်ရီက ယူချင်းကို ပြည်နယ်ကိုးခု ကျောင်းတော်ရဲ့ တပည့်တွေနဲ့ ထိတွေ့ ဆက်ဆံစေမှတော့ ကျုပ်တို့ကလည်း လက်ကမ်း ကြိုဆိုရမှာပေါ့…”

ပြည်နယ်ကိုးခု ကျောင်းတော်၌ ပွင့်လင်း လွတ်လပ်သော သင်ယူလေ့လာခြင်း ရေခံမြေခံကို ပိုင်ဆိုင်ပေသည်။ ထို့ကြောင့် ယူချင်းအား အသိပညာ၊ အတတ်ပညာများ ဖလှယ်ရန် ကျောင်းတော်သို့ ဝင်ခွင့်ပြုကြပေသည်။ ပြည်နယ်ကိုးခု ညီလာခံ၏နံပါတ်၁ ဖြစ်သည့်အလျောက် ယူချင်း၏စွမ်းရည်က လူငယ်များစွာတို့ကို စိတ်ဓာတ် ခွန်အားများ ပေးစွမ်းနိုင်ပေသည်။

သူတို့ဘေးတွင် ကျောက်ပြည်ထောင်မှ လူများမှာ လျူယွန်၏မြန်ဆန်စွာ လက်ခံ သဘောတူမှုကို ကြည့်ပြီး သဘောမကျ ဖြစ်နေကြ၏။ မှန်သည်… ကျောက်ရာနှင့် ကျောက်ယိုတို့က ပြည်နယ်ကိုးခု ညီလာခံ၏ နံပါတ်တစ်ဖြစ်သော ယူချင်းနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ လျူယွန်၏ သဘောထားကို ကြည့်၍ သူတို့အားလုံးက ကွာဟမှုကို ခံစား သိရှိကြပေသည်။

“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက ပြုံးသည်။ သူတို့က ရှန့်ထိုကျန့်ထံတွင် အကူအညီ လာရောက် တောင်းဆိုခြင်းဖြစ်ရာ ပြည်နယ်ကိုးခု ညီလာခံ၌ အချိန်တစ်ခုကြာ နေထိုင်ရပေဦးမည်။ ယူချင်းအား ပြည်နယ်ကိုးခု ကျောင်းတော်၌ သင်ယူ လေ့လာစေခြင်းက သူတို့အကြား ပိုမိုနီးကပ် စေနိုင်ပေသည်။

“ဒီကိစ္စအပြင် ကျွန်တော်က ပြည်နယ်ကိုးခု ကျောင်းတော်ကို လာတာ ကျွန်တော့်ဆရာနဲ့ ပတ်သက်နေပါတယ်… ကျွန်တော်က စီနီယာကျန့်ကို တွေ့ဆုံလိုပါတယ်…” ရီဖူရှင်းက ပွင့်ပွင့်လင်းလင်း ပြောသည်။

လျူယွန်က ရီဖူရှင်း၏နောက်တွင် ရပ်နေသော ထောင်ကျန်းကို ကြည့်ကာ ပြောသည်… “ထောင်ကျန်းက နတ်ဘုရားပြစ်ဒဏ်ကို ဆင့်ခေါ်နိုင်ခဲ့တယ်လို့ ကျုပ်ကြားတယ်… သူက တကယ်ပဲ လေးစားစရာ ကောင်းတဲ့သူ ဖြစ်ပြီးတော့ ကျုပ်ကလည်း သူ့ကို ရှန့်ထိုကျန့်နဲ့ မိတ်ဆက်ပေးချင်တယ်… ဒါပေမဲ့ ရှန့်ထိုကျန့်က ထူးဆန်းတဲ့ စိတ်နေစိတ်ထားကို ပိုင်ဆိုင်တယ်… နန်းတော် သခင်ရီကလည်း ဒါကို နားလည်မယ်လို့ ကျုပ်ယူဆတယ်… သူက ကျောင်းတော်ထဲမှာ တံခါးပိတ် လေ့ကျင့်ပြီးတော့ ကျုပ်ကိုယ်တိုင်တောင်မှ သူ့ကို အလွယ်တကူ တွေ့ခွင့်မရဘူး…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ထိုအချက်ကို လေ့လာသိရှိပြီး ဖြစ်သည်။ ရှန့်ထိုကျန့်ကား နောက်ပိုင်းနှစ်များတွင် ပြင်ပလောကမှ ကိစ္စရပ်များအား စိတ်ပါဝင်စားခြင်း မရှိတော့ဘဲ သီးသန့် နေထိုင်ပေသည်။

ထို့အပြင် သူကား ပြည်နယ်ကိုးခု ရှန့်ထိုအဆင့် ၁၂ ဖြစ်ရာ သူ့အနေဖြင့် မည်သူ့ကိုမှ မျက်နှာသာပေးနေ စရာမလိုပေ။ ပြည်နယ်ကိုးခု ကျောင်းတော် ကျောင်းအုပ်ပင် မည်သို့မှ မတတ်နိုင်ပေ။

ထို့ကြောင့်ပင် သူနှင့်တွေ့ခွင့်ရရန် ရီဖူရှင်းက ကိုယ်တိုင် လာရောက် ကြိုးစားခြင်းလည်း ဖြစ်၏။

“နားလည်ပါပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ဆက်ပြောသည်… “ကျွန်တော်က ပြည်နယ်ကိုးခု ကျောင်းတော်မှာ အချိန်တစ်ခုကြာ နေထိုင်လို့ ရပါသလား…”

လျူယွန်က ပြုံးလျက်ပင် ခေါင်းညိတ်သည်… “နန်းတော်သခင်ရီက ကျောင်းတော်မှာ ဧည့်သည်အနေနဲ့ နေထိုင်မယ်ဆိုရင် ကျုပ်တို့ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံတာပေါ့…”

အကယ်၍ ရှန့်ထိုကျန့်က ကူညီပေးလိုသော ဆန္ဒရှိပါက သူ့အနေဖြင့် တားဆီးစရာ အကြောင်းလည်း မရှိပေ။

“ကျွန်တော်က အနှောင့်အယှက် ပေးသလို ဖြစ်နေပါပြီ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ဝင်ကြရအောင်…” လျူယွန်က လက်ဝှေ့ယမ်းကာ ပြောသည်။

ထိုအခိုက်တွင် လူတစ်စု ရှေ့ကို တက်လာကြသည်။ သူတို့ကား ရီဖူရှင်းတို့ကို လိုက်ပို့သော ရှီဟွာတောင် အဖွဲ့ဖြစ်သည်။

လျူကျောင်းက ရှေ့ကို တက်လာကာ လျူယွန်အား ဦးညွှတ်လျက် ပြောသည်… “ကျွန်တော်က ဆရာရဲ့ အမိန့်နဲ့ နန်းတော်သခင်ရီတို့ကို ပြည်နယ်ကိုးခု ကျောင်းတော်သို့ လိုက်ပါ စောင့်ရှောက်ပေးတဲ့ တာဝန်ကို ယူထားတဲ့ လျူကျောင်းပါ… ကျွန်တော်က ပြည်နယ်ကိုးခု ကျောင်းတော်ရဲ့ နာမည်ကို အရင်ကတည်းက ကြားဖူးပါတယ်… အခု အခွင့်အရေး ရလာမှတော့ ကျွန်တော်ကလည်း ကျောင်းတော်မှာ အချိန်တစ်ခုကြာ လေ့လာချင်ပါတယ်… စီနီယာက ခွင့်ပြု ပေးစေချင်ပါတယ်…”

လျူယွန်က ပြုံးလျက် ပြောသည်… “ရှီဟွာတောင်ရှန့်ထိုရဲ့ တပည့်ကို ကျုပ်တို့ ကျောင်းတော်က သေချာပေါက် ကြိုဆိုတာပေါ့…”

“ကျေးဇူးတင်ပါတယ်… စီနီယာ…” လျူကျောင်းက ပြုံးလျက် ပြောသည်။

ထို့နောက် သူက ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “နန်းတော်သခင်ရီ …. အခု ကျုပ်တို့က ခင်ဗျားကို ဒီအထိ လိုက်ပို့ပြီးပြီ ဆိုမှတော့ ကျုပ် တာဝန်လည်း ပြီးဆုံးသွားပြီ… အခုအချိန်ကစပြီး တော်ဝင်ကျဲနန်းတော်နဲ့ ကျောက်ပြည်ထောင်တို့ အကြား စစ်ပွဲမှာ ကျုပ်တို့က ဝင်မပတ်သက်တော့ပါဘူး…”

“ကောင်းပြီ…” ရီဖူရှင်းက ထူးမခြားနားစွာ ခေါင်းညိတ်သည်။ ခရီးလမ်းက အထစ်အငေါ့မရှိ ပြီးဆုံးခဲ့၏။ ယခု လျူကျောင်းက ထိုသို့ပြောလာမှတော့ ရီဖူရှင်းကလည်း ငြင်းစရာမရှိပေ။

ကျောက်ပြည်ထောင်က မည်မျှ အားကောင်းပါစေ ပြည်နယ်ကိုးခု ကျောင်းတော်ထဲတွင် အတင့်ရဲစွာ ပြုမူရဲမည် မဟုတ်ပေ။ ပြည်နယ်ကိုးခု ကျောင်းတော်က မည်သို့သော အဆင့်အတန်းတွင် ရှိသည်ကို အားလုံးက သိကြပေသည်။

“ကျုပ် နောက်က လိုက်ခဲ့ကြပါ… ကျုပ်က ခင်ဗျားတို့ အားလုံးကို ကြိုဆိုပွဲတစ်ခု လုပ်ပေးပါ့မယ်…” လျူယွန်က ဖိတ်ကြားသည်။ သူတို့အားလုံးက ခေါင်းညိတ်ကာ ပြည်နယ်ကိုးခု ကျောင်းတော်ထဲသို့ ဝင်လိုက်ကြသည်။

ပြည်နယ်ကိုးခု ကျောင်းတော်ကား အလွန် ကျယ်ပြောသော မြေနေရာကို ပိုင်ဆိုင်ထားကာ များစွာသော ကျင့်ကြံခြင်း နေရာများ၊ အဆောက်အဦများ ရှိပေသည်။ ယခု လူအများအပြားက ရီဖူရှင်းတို့အုပ်စုအား ကြည့်ကာ တီးတိုး ဆွေးနွေးနေကြသည်။

ထို့အတူ ကျောင်းတော်၏ တပည့်များစွာကလည်း ရီဖူရှင်းတို့ အုပ်စုကို အကဲခတ်ကာ လိုက်ပါ လာနေကြသည်။ တစ်ယောက်က မေးသည်… “ဆရာလျူယွန်က သူတို့ကို ဘယ်နေရာသို့ ခေါ်သွားတာလဲ…”

ကျောင်းတော်ထဲတွင် စာပေသမားဟန်ပင်ဖြင့် လူတစ်ယောက်က လျူယွန်ရှေ့ကို ရောက်လာပြီး ဦးညွှတ်သည်… “ဆရာဦးလေး…”

“မူချန်း… ဧည့်သည်တွေ ကျောင်းတော်သို့ ရောက်လာတယ်… မင်းက သူတို့အတွက် နေရာထိုင်ခင်းတွေ စီစဉ်ပေးဦး … သူတို့က ကျောင်းတော်မှာ အချိန်တစ်ခုကြာ နေထိုင်ကြလိမ့်မယ်… အခု သူတို့ကို ငါက ချင်ယွန်အဆောင်သို့ ခေါ်သွားပြီး ကြိုဆိုပွဲတစ်ခု လုပ်ပေးမလို့… မင်း ရောက်လာမှတော့ မင်းရဲ့ စီနီယာတွေကိုလည်း သွားအကြောင်းကြားလိုက်ဦး…” လျူယွန်က ပြုံးလျက် ပြောသည်။

“ဟုတ်ကဲ့…” မူချန်းက ခေါင်းညိတ်ကာ ရီဖူရှင်းတို့အဖွဲ့အား အနည်းငယ် ဦးညွှတ်ပြီး လှည့်ထွက် သွားသည်။

အနီးတစ်ဝိုက်မှ တပည့်များအားလုံး အံ့အားသင့် သွားကြသည်။ ချင်ယွန်ဆောင်ကား ပြည်နယ်ကိုးခု ကျောင်းတော်၏ အဓိက အဆောင်လေးခုထဲမှ တစ်ခုဖြစ်ကာ အတော်ဆုံးသော တပည့်များသာ ရှိနေသော နေရာလည်း ဖြစ်သည်။ အထူးသဖြင့် မဟာလမ်းစဉ်ကို ကျင့်ကြံသူများသာ ထိုနေရာ၌ လေ့ကျင့်ရန် အခွင့်ရှိပေသည်။

ချင်ယွန် အဆောင်ကား ပြည်နယ်ကိုးခု ကျောင်းတော်၏ ဗဟိုချက်မ၌ပင် တည်ရှိသည်။ အဆောင်က ကြီးကျယ် ခမ်းနားကာ ရှေးဆန်၏။ ကျောင်းဆောင်၏ ခန်းမဆောင်ထဲတွင် ထိုင်ခုံများရှိကာ ယခု လျူယွန်၊ ရီဖူရှင်းနှင့် ကျန်သောလူများ အားလုံးက ထိုင်ခုံတွင် သက်သက်သာသာ ထိုင်နေကြသည်။

သူတို့၏ရှေ့တွင်ကား လက်ရည်စမ်းရန် မြေကွက်လပ်ကြီးတစ်ခု ရှိပေသည်။ တစ်ဖက်ခြမ်း၌ ပြည်နယ်ကိုးခုကျောင်းတော်မှလူများ ရောက်ရှိ လာနေကြသည်။ သူတို့အားလုံး၌ ထူးခြားသော ကိုယ်ရောင် ကိုယ်ဝါများအား ပိုင်ဆိုင်ကြသည်။

သူတို့ ရောက်လာသောအခါ ဧည့်သည်များအား အရိုအသေပေးပြီး သူတို့၏ထိုင်ခုံများတွင် ဝင်ထိုက်ကြသည်။

သူတို့နောက်တွင်ကား ပြည်နယ်ကိုးခု ကျောင်းတော်၏ တပည့်များ တဖြည်းဖြည်း များပြားလာကာ ကျောင်းတော်မှ လူများ၏နောက်တွင်သာ တိတ်ဆိတ်စွာ ရပ်ကြသည်။ ကျောင်းတော်ထဲ၌ လုံလောက်သော ထိုင်ခုံများ မရှိကာ သူတို့အားလုံးက မတ်တတ်ရပ်ကာ အဝေးမှသာ ကြည့်နိုင်ကြသည်။

“စူးရန်လည်း ရောက်လာတာပဲ…” လူအုပ်ကြားမှ အုတ်အုတ်ကျက်ကျက် အသံအချို့ကို ကြားရသည်။ ကျောင်းတော်၏ တပည့်တစ်ယောက်က လူအုပ်ကြားထဲမှ တိုးထွက်လာကာ လျူယွန်၊ ရီဖူရှင်းနှင့် တခြားလူများကို ဦးညွှတ်ပြီး သူ၏ထိုင်ခုံတွင် ဝင်ထိုင်သည်။

“ကျန့်ရွှမ်…” တစ်ယောက်က ရေရွက်လိုက်သည်တွင် လူအများအပြား၏ အကြည့်က တစ်နေရာကို ရောက်သွားသည်။ လူငယ်၏ ကိုယ်ရောင်ကိုယ်ဝါက ရိုးစင်းပြီး စာပေသမားနှင့် တူသော်လည်း ကျောင်းတော် တပည့်များ၏ မျက်လုံးများတွင်ကား လူငယ်အပေါ် လေးစား ကြည်ညိုသော အငွေ့အသက်များ ရှိနေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset