အပိုင်း(၈၄၅)

အစောင့်အကြပ်

တစ်ခါမျှပင် မကြိုးစားဘဲ သူ မည်သို့ အသက်ရှင်မည်နည်း။

ရီဖူရှင်း၏ မျက်လုံးတွင် ရှိနေသော ဆုံးဖြတ်ချက် ပြတ်သားမှုများအား အားလုံးက သတိထားမိကြ၏။

အမှန်တကယ်လည်း တော်ဝင်လမ်းကို မဝင်ရောက်နိုင်ခြင်းက သေခြင်းနှင့်မခြားရာ ကြိုးစားခြင်းကပင် သင့်တော်သော ရွေးချယ်မှုဖြစ်သည်။

“ဒီအတွက် ငါတို့ အစီအစဉ်ချဖို့ လိုတယ်… ကျောက်ပြည်ထောင်ရဲ့ သူလျှိုတွေကို ငါတို့က တစ်ခေါက် ရှင်းထားတာ ဆိုတော့ သူတို့က သေချာပေါက် ပိုပြီး လျှို့ဝှက်တဲ့ပုံစံနဲ့ ရှိနေကြမှာပဲ…”

ရီဖူရှင်းနှင့် တခြားလူများက ဓားမိစ္ဆာ ဆိုလိုသည်ကို နားလည်ကြ၏။ သူတို့က အဆုံးမဲ့နန်းတော် အပါအဝင် ကျောက်ပြည်ထောင်၏ အဓိက ကလန်သုံးခုအား တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။ အကယ်၍ ရီဖူရှင်းတို့က ပြည်နယ်ကိုးခု ညီလာခံကို သွားမည် ဖြစ်ကြောင်း ကျောက်ပြည်ထောင်က သိပါလျှင် သူတို့က သေချာပေါက် တားဆီး တိုက်ခိုက်ကြမည် ဖြစ်သည်။

အတန်ကြာ စဉ်းစားပြီးနောက် ရီဖူရှင်းက ပြောသည်… “စီနီယာရန်က နန်းတော်မှာ ဝင်္ကပါတွေ စီရင်နေတယ်… ဝင်္ကပါစီရင်တာ ပြီးသွားတဲ့အခါ ကျွန်တော်တို့ ခရီး စထွက်လို့ရတယ်… ရှီဟွာတောင်ကလည်း ကျုပ်ကို ကတိတစ်ခု အကြွေးရှိတယ်…”

ရှီဟွာတောင်က  သူ့အပေါ်တွင် ကတိတစ်ခု အကြွေးရှိနေရာ ယခုအချိန်ကား ထိုကတိကို အသုံးချရမည့်အချိန် ဖြစ်သည်။

“ဒီအကောင်…” သူတို့အားလုံးက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ ထိုကတိကား လူအများရှေ့တွင် ပေးထားခြင်းဖြစ်ရာ ရှီဟွာတောင် ရှန့်ထိုက ကတိမတည်ခဲ့လျှင် အလွန်ရှက်စရာ ကောင်းပေလိမ့်မည်။

“ဆရာ… ဒီအချိန်တွေမှာ အေးအေးသက်သာ အနားယူပါ… အားလုံးကို ကျွန်တော်တို့ စီစဉ်ပါ့မယ်…” ရီဖူရှင်းက ထောင်ကျန်းကို ပြောသည်။ သူ၏ဆရာကား တော်ဝင်ကျဲနန်းတော်ကို ကာကွယ်ရန် အရာအားလုံးကို ပေးဆပ်ခဲ့သည်။

ယခု ဆရာအတွက် သူတို့ လုပ်ပေးရမည့်အချိန် ဖြစ်သည်။

မြေရိုင်းပြည်နယ်က ဒုတိယရှန့်ထိုတစ်ပါး မွေးဖွားရမည်။

အချိန် ကြာလာသည်နှင့်အမျှ မြေရိုင်းပြည်နယ်၏ အင်အားစုများမှာလည်း တစ်ခုတည်း ဖြစ်လာခဲ့သည်။ သူတို့အားလုံးက နန်းတော်တွင် လေ့ကျင့်နေကြကာ မြန်ဆန်စွာပင် တိုးတက် လာခဲ့ကြ၏။

ဟွာဂျီယူကား ပထမဆုံး အဆင့်တက်သူ ဖြစ်ကာ ရီဖူရှင်းကဲ့သို့ အလယ်အလတ်ရှီသို့ ရောက်လာသည်။

ရီဖူရှင်း ကိုယ်တိုင်လည်း များစွာ တိုးတက်ခဲ့ကာ လောကဓာတ်ပေါ်တွင် သူ၏ နားလည်မှုများက ပိုမိုနက်ရှိုင်းလာခဲ့၏။ သူကား အဆင့်မြင့်ရှီသို့ တက်လှမ်းရန် သိပ်မလိုတော့ပေ။

သည်အချိန် ကာလအတွင်း ရန်ရှောင်နှင့် ဝင်္ကပါနန်းတော်မှ လူများမှာ နန်းတော်၏ ဝင်္ကပါအစီအရင်များနှင့် အလုပ်ရှုပ် နေခဲ့ကြသည်။ ရက်သတ္တပတ်များစွာ ကြာမြင့်ပြီးနောက် သူတို့က တော်ဝင်ကျဲနန်းတော် တစ်ခုလုံးကို ခြုံလွှမ်းနိုင်သော ဝင်္ကပါ အစီအရင်ကြီး တစ်ခုအား ပြုလုပ်နိုင်ခဲ့ကြ၏။ ဝင်္ကပါက ရှန့်ထိုအဆင့်အား မခြိမ်းခြောက် နိုင်သော်လည်း ရှီစစ်တပ်သာ ရောက်လာပါက ဝင်္ကပါကို တန်ခိုးရှင်များဖြင့် အသက်သွင်းကာ တိုက်ခိုက် နိုင်ပေမည်။

“စီနီယာရန်…” ရီဖူရှင်းက အလုပ်များနေသော ရန်ရှောင်ထံသို့ ရောက်လာသည်။

“ဖူရှင်း…” ရန်ရှောင်က ပြန်ခေါ်သည်။

ရီဖူရှင်းက ပြောသည်… “ကျွန်တော်က ကျန်ကျောင်းကို စေလွှတ်ပြီး ဆရာ နွေဦးပြည်နယ်ကို သွားတဲ့အခါ စောင့်ရှောက်ပေးဖို့ တောင်းဆို ခိုင်းထားတယ်…”

ရီဖူရှင်း ဆိုလိုသည်ကို ရန်ရှောင် နားလည်သည်။ သူက မရဏတောင်တွင် ဖြစ်ပျက်ခဲ့သမျှအတွက် လျူကျောင်းအား အလွန်တရာ မုန်းတီးပေသည်။ ထိုအရာများ အားလုံးက ရှီဟွာတောင်မှ ပုဂ္ဂိုလ်နှင့် သက်ဆိုင်ပေသည်။

“ငါ နားလည်ပြီ…” ရန်ရှောင်က ပြောသည်… “ဒါက ရှီဟွာတောင်ရှန့်ထိုကို စိတ်သဘောမကျစရာ ဖြစ်စေလိမ့်မယ်….”

ဤတောင်းဆိုမှုတစ်ခုက ရှီဟွာတောင်ရှန့်ထိုကို အပြစ်လုပ်သလို ဖြစ်နေသည်။

“သတိထားပါ…” ရန်ရှောင်က ပြောသည်။

“အင်း…” ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ ရန်ရှောင်က နားလည် သဘောပေါက်ကာခြင်းက ကောင်းမွန်ပေသည်။ သူတို့နှစ်ယောက်လုံးတွင် စကားအားဖြင့် ပြောဆိုစရာ မလိုသော နားလည်မှု အချို့ ရှိပေ၏။

***

အတန်ကြာလျှင် အရှေ့ဘက်ပြည်နယ်၊ ဟွာထျန်းမြို့တွင် ရှိသော ရှီဟွာတောင်သို့ ဓားသမား တစ်ယောက် ရောက်လာခဲ့သည်။

သူကား တော်ဝင်ကျဲ နန်းတော်၏ ဓားသမား ကျန်ကျောင်း ဖြစ်သည်။ သူကား အာကာသဓား ပညာတွင် ကျွမ်းကျင်ကာ မြေရိုင်းပြည်နယ်၏ လက်ရှိ အကောင်းဆုံး ဓားသမားလည်း ဖြစ်သည်။ ရှန့်ထိုအဆင့်မှလွဲ၍​ သူ့အား သတ်နိုင်သူမရှိရာ ပုံမှန်အားဖြင့် ရှီဟွာတောင်ကို လာရန် သူ့တာဝန် ဖြစ်လာခဲ့၏။

ကျန်ကျောင်းက တောင်ပေါ်ကို မော့ကြည့်ကာ ကျယ်လောင်ကာ ပြတ်သားသော အသံဖြင့် အော်ဟစ်လိုက်သည်… “တော်ဝင်ကျဲ နန်းတော်က ကျန်းကျောင်း… ရှီဟွာတောင် ရှန့်ထိုကို လာပြီးတော့ နန်းတော်သခင် ကိုယ်စား တွေ့ခွင့် တောင်းပါတယ်…”

သူ၏အသံက ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါသွားသည်တွင် လူအများအပြားက ထိတ်လန့် သွားကြသည်။

သူက ရီဖူရှင်းကိုယ်စား ရောက်လာသည်ဟု ပြောခဲ့သည်။

တောင်ထိပ်ပေါ်မှ တန်ခိုးရှင်တစ်ယောက် ဆင်းသက်လာကာ မေးသည်… “သခင်ရီက ဘာလို့ ဘာပြောစရာ ရှိလို့ပါလဲ…”

ရီဖူရှင်း၏ ကိုယ်စားလှယ် ဖြစ်သည့်အလျောက် ကျန်ကျောင်းကား တောင်ပေါ်ကို ဖိတ်ကြား ခံရသင့်ပေသည်။ သို့သော်လည်း မဖိတ်ကြားခဲ့ပေ။ အားလုံးကလည်း ထိုသို့ မဖိတ်ကြားသည်ကို နားလည်ကြသည်။

ကောလာဟလများအရ ရှီဟွာတောင်နှင့် ကျောက်ပြည်ထောင်တို့က လက်ထပ်ခြင်းဖြင့် မဟာမိတ် ဖွဲ့လိုကြ၏။

“သခင်ရီ ပြောတာကတော့ သူက နွေဦးပြည်နယ်မှာ ရှန့်ထိုကျန့်နဲ့ သွားတွေ့မှာဖြစ်လို့ လမ်းမှာ တစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့အတွက် ရှီဟွာတောင်က အကူအညီ ပေးနိုင်ဖို့ မျှော်လင့်ပါတယ်တဲ့…”

ရှီဟွာတောင်မှ တန်ခိုးရှင်၏ အမူအရာက ပြောင်းလဲ သွားသည်။ ကျန်ကျောင်း ဆိုလိုသည်ကို သူက ချက်ချင်း နားလည်သည်။ သူက ရှီဟွာတောင်ရှန့်ထို၏ ကတိကို လာရောက် တောင်းဆိုခြင်း ဖြစ်သည်။

ရီဖူရှင်းက ပြည်နယ်ကိုး ကျောင်းတော်သို့ သွားရာတွင် ရှီဟွာတောင်အား စောင့်ကြပ် စေလိုသည်။

သူက ရှန့်ထိုကျန့်နှင့် သွားတွေ့မည် ဆိုသည်ကလည်း ထောင်ကျန်းကိစ္စ ဖြစ်ရပေမည်။

“ကျုပ်က ရှန့်ထိုကို သွားမေးလိုက်မယ်…” ရှီဟွာတောင် တန်ခိုးရှင်က ပြောသည်။ သူက ကျန်ကျောင်းကို လျစ်လျူရှုကာ တောင်ပေါ်သို့ ပြန်တက် သွားသည်။

ရှီဟွာတောင်ပေါ်တွင် သူ့ထံသို့ လာရောက် အစီရင်ခံမှုအား နားထောင်ပြီးနောက် ရှီဟွာတောင် ရှန့်ထို၏ မျက်လုံးများက အေးစက်သွားသည်… “ကျန်ကျောင်းက တစ်လောကလုံး သိအောင် တမင် လုပ်ခဲ့တာပဲ…”

“ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ… အရှင်…” တစ်ယောက်က မေးသည်။

“ပြည်နယ်ကိုးခု ညီလာခံမှာ ငါကိုယ်တိုင် ကတိပေးထားတာ ဆိုတော့ ကျုပ်က ကတိတည်ရမှာပဲ … သူက မြေရိုင်းပြည်နယ်ကို သွားမယ့် အချိန်ကျရင် ငါတို့က လိုက်ပို့ပေးမယ်လို့ ပြောလိုက်…” ရှီဟွာတောင်ရှန့်ထိုက အေးစက်စွာ ပြောသည်။ သူကိုယ်တိုင် ကတိ ပေးထားခဲ့သည် ဆိုသော်လည်း လက်ရှိတွင် သူက သဘောမကျ ဖြစ်နေသည်မှာ ထင်ရှား၏။

“ဟုတ်ကဲ့…” တန်ခိုးရှင် တစ်ယောက်က ခေါင်းညိတ်ကာ တောင်အောက်ကို ပြန်ဆင်း သွားသည်။

“ဒီရီဖူရှင်းက တော်တော် အတင့်ရဲတာပဲ…” တစ်ယောက် ပြောသည်။

“ကောင်လေးက ပါရမီသာ မြင့်တာ မဟုတ်ဘူး… ဉာဏ်နီ ဉာဏ်နက်လည်း များတယ်…” ရှီဟွာတောင်ရှန့်ထိုက မိုးစက်ရှန့်ထိုကို ကြည့်ကာ ပြောသည်… “မင်းပြောသလို ငါတို့က ပြတ်ပြတ်သားသား လုပ်ဖို့လိုတယ်…”

ကျန်ကျောင်းမူကား ရှီဟွာတောင်၏ အဖြေကို ရပြီးနောက် နန်းတော်သို့ ချက်ချင်း ပြန်သွားခဲ့သည်။

သတင်းမူကား အရှေ့ဘက်ပြည်နယ် တစ်ခုလုံးကို မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။

မကြာမီ ရီဖူရှင်းတို့က ထောင်ကျန်းအတွက် ရှန့်ထိုကျန့်ထံတွင် သွားရောက် အကူအညီ တောင်းကြမည် ဖြစ်ကြောင်း အရှေ့ဘက် ပြည်နယ်မှ​လူများ သိကြရသည်။

ရီဖူရှင်းတို့သာ အောင်မြင်ခဲ့ပါက မြေရိုင်းပြည်နယ်တွင် နောက်ထပ် ရှန့်ထိုတစ်ပါး မွေးဖွားလာခဲ့မည်။

ဤသို့သော အခြေအနေတွင် ကျောက်ပြည်ထောင်က မည်သို့ လက်ခံရမည်နည်း။

အရာအားလုံးက စိတ်ဝင်စားစရာ ကောင်းနေသည်။

ရှီဟွာတောင် ရှန့်ထို၏ အတွေးကို ရီဖူရှင်း ဂရုမစိုက်ပေ။ အချို့သော ကိစ္စရပ်များက ရှောင်လွှဲ၍​မရပေ။ ထို့အပြင် ကျောက်ပြည်ထောင်နှင့် ရှီဟွာတောင်တို့ မဟာမိတ်ဖွဲ့မည့် ကိစ္စမှာလည်း လူအများ သိသော ကိစ္စ ဖြစ်ပေသည်။

ရီဖူရှင်းတို့က လူများစွာကို နွေဦးပြည်နယ်သို့ ခေါ်သွား၍ မရပေ။ မဟုတ်လျှင် ကျောက်ပြည်ထောင်က နန်းတော်ကို တိုက်ခိုက်လျှင် ပြဿနာ တက်နိုင်ပေသည်။ ထို့ကြောင့် သည်တစ်ခေါက်တွင် သူတို့ နွေဦးပြည်နယ်ကို သွားရာ၌​ ရှီဟွာတောင်ကို အားကိုး ရပေမည်။

တစ်နေ့တွင် ရှီဟွာတောင်မှ တန်ခိုးရှင်များ တော်ဝင်ကျဲ နန်းတော်သို့ ရောက်လာခဲ့သည်။ လူတစ်ရာခန့် ပါဝင်ကာ အားလုံးက ထိပ်သီး ရှီများဖြစ်ကြသည်။ ထိုအထဲ၌​ နှစ်ယောက်က အလွန် နာမည်ကျော်ကြား၏။ ထိုလူများထဲတွင် လျူကျောင်း တစ်ယောက်လည်း ပါဝင်လာခဲ့သည်။

ထိုအုပ်စုအား မြင်သည်တွင် ရှီဟွာတောင်ရှန့်ထိုက ကောင်းကောင်း ပြင်ဆင်ပေးခဲ့သည်ဟု ရီဖူရှင်းက မှတ်ချက် ချမိသည်။ သူကိုယ်တိုင် ထိုအုပ်စုကို သွားရောက် နှုတ်ဆက်သည်။

“သွားမယ်…” ရီဖူရှင်းက ပြောသည်။

မြေရိုင်း ပြည်နယ်ဘက်တွင် ကျေးရွာခေါင်းဆောင်၊ ကျန်ကျောင်းနှင့် ဓားသမားကိုးယောက်၊​ယန်ဟောင်၊ ထာဝရ အဘိုးအိုနှင့် ထောင်ကျန်းတို့ ပါဝင်ကြသည်။

လူငယ်ထဲတွင်ကား ရီဖူရှင်းနှင့် ယူချင်းတို့သာ ပါဝင်၏။

သည်တစ်ခေါက် ရီဖူရှင်းက ယူချင်းကိုသာ ခေါ်ယူလာသည်။

ကျန်သော တန်ခိုးရှင်များက ကျောက်ပြည်ထောင်ကို ကာကွယ်ရန် ကျန်ရစ်ကြပေမည်။

ကျေးရွာ ခေါင်းဆောင်က လက်ဝှေ့ယမ်းသည်တွင် ရုတ်တရက် နတ်ဘုရားဓားက ဧရာမ ဓားကြီးအဖြစ် ပြောင်းလဲသွားသည်။

မြေရိုင်းပြည်နယ်မှ လူများအားလုံးက ဓားကြီးပေါ်ကို တက်လိုက်ကြသည်တွင် မကြာမီ ဓားကြီးက မိုးကုပ်စက်ဝန်းသို့ တိုးဝင် ပျောက်ကွယ် သွားတော့သ်။ ရှီဟွာတောင်မှ လူများကလည်း ကောင်းကင်ထက်ကို ပျံသန်းကာ နောက်မှ လိုက်ပါ သွားကြ၏။

လူအများအပြားက ထိုမြင်ကွင်းကို ကြည့်နေကြကာ ဆုတောင်း ပေးနေကြ၏။

ထောင်ကျန်းက ရှန့်ထိုအဖြစ်ဖြင့် ပြန်လာရန် သူတို့အားလုံး မျှော်လင့်နေကြသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset