Switch Mode

အခန်း ( ၄၉ )

သူ့ကိုကြည့်ရတာ လူဆိုးလူညစ်တစ်ယောက်နဲ့လည်း မတူပါဘူး

ဓမ္မလက်နက်ဌာနရှိ ကမ္ဗည်းစာခန်းမထဲတွင် ဆူညံပွက်လောရိုက်နေပြီဖြစ်ပြီး ချောင်ခွင်းပါ စာမေးပွဲ ဖြေဆိုလိုက်သောအချိန်တွင် ပို၍ ဆိုးသွားတော့သည်။ သူတို့နှစ်ဦးကြားမှ ယှဉ်ပြိုင်မှုကြောင့် ထိုကိစ္စကို အာရုံစိုက်နေသည်လူများမှာ ပို၍ပင် များပြားလာ၏။ ဓမ္မလက်နက်ဌာနမှ အခြားဆရာများပင် သူတို့ကို ကြည့်ရှုရန် ရောက်လာကြသည်။

ဝမ်ပေါင်လဲ့၏ အမည်မှာ အတော်အသင့် ထင်ပေါ်ကျော်ကြားနေပြီ မဟုတ်ပါလော။ သူသည် ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်အဖြစ်သို့ အမှန်တကယ် တက်လှမ်းနိုင်သွားမည်ဆိုပါက ဓမ္မလက်နက်ဌာန၏ သမိုင်းတစ်လျှောက်တွင် ဒုတိယမြောက် နှစ်ထပ်ကွမ်းကျောင်းသားခေါင်းဆောင် ဖြစ်သွားမည်ဖြစ်သည်။

ပါမောက္ခကြီး၏ စာသင်ချိန်မှာ ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကြောင့် ဝမ်ပေါင်လဲ့မှာ အခက်အခဲမရှိဘဲ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟု ထိုဆရာက စိတ်ထဲတွင် ခန့်မှန်းထားခဲ့ပါသော်လည်း ချောင်ခွင်းမှာလည်း ကမ္ဗည်းစာနှင့် ပတ်သက်လာလျှင် ပါရမီရှိပါသည်ဖြစ်သလို သူရှိထားသော အောင်မြင်မှုများမှာလည်း မနည်းပေ။ လူအများ၏ အမြင်တွင်မူ ထိုပြိုင်ပွဲအား အနိုင်ရရှိမည့်လူကို အတိအကျ ပြောဆိုရန်မှာ ခဲယဉ်းနေ၏။

ဆရာမုတ်ဆိတ်ကမူ ထိုအကြောင်းကို ကြားလိုက်ရသောအခါ ပြုံးသွား၏။

” စိတ်ဝင်စားဖို့ကောင်းတယ် ”
ဆရာမုတ်ဆိတ်က တစ်ခဏမျှ တွေးမိသွား၏။ ဝမ်ပေါင်လဲ့ ရှုံးနိမ့်သွားမည်ဆိုလျှင်တောင် ကိစ္စမရှိပေ။ သို့သော် ဆရာမုတ်ဆိတ်မှာ သူ့‌အား ဓမ္မလက်နက်ဌာနသို့ ခေါ်လာခဲ့သည်ဖြစ်ရာ အကယ်၍ ဝမ်ပေါင်လဲ့သာ အနိုင်ရရှိသွားပြီး နှစ်ထပ်ကွမ်းကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်သွားမည်ဆိုလျှင် သူ၏ ထူးချွန်မှုများအတွက် ဆုချီးမြှင့်ခံရမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့ ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင် ဖြစ်လာခဲ့စဉ်က ဆရာမုတ်ဆိတ် ဂုဏ်မပြုခဲ့သည်မှာ မထူးဆန်းပါသော်လည်း အကယ်၍ သူသာ ကမ္ဗည်းစာခန်းမ ကျောင်းသားခေါင်းဆောင်ပါ ဖြစ်လာခဲ့မည်ဆိုလျှင် မဖြစ်မနေ ဆုချရတော့မည်ဖြစ်သည်။

ခန်းမထဲတွင်မူ လူတိုင်းက အာရုံမပျက်စိုက် ကြည့်နေကြစဉ် ချောင်ခွင်းမှာ အံကြိတ်၍ စာမေးပွဲကိုစတင်လိုက်သည်။ သူ၏ ယခင်အောင်မြင်မှုမှာ ကမ္ဗည်းစာလုံး အရေအတွက် လေးသိန်း ဖြစ်သည်။ လက်တလောတွင် သူသည် ဖိအားများစွာ ခံစားခဲ့ရသောကြောင့် အာဂုံဆောင်ခြင်း၌ အားအပြည့်စိုက်ခဲ့သည်ဖြစ်ရာ အနည်းငယ် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ ကမ္ဗည်းစာလုံးအရေအတွက် လေးသိန်းငါးသောင်းအထိ ရောက်ရှိရန်မှာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူသည် မျက်ထောင့်နီကြီးများဖြင့် အလျင်အမြန်ပင် နောက်မှလိုက်လာ၏။

သိပ်မကြာခင် ခန်းမထဲမှ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကြီးမှာ အရပ်မျက်နှာအနှံ့သို့ အလျင်အမြန်ပင် ပြန့်နှံ့သွားသည်။

” ချောင်ခွင်းက ကျောင်းသားခေါင်းဆောင်ဖြစ်နေတာ မထူးဆန်းဘူးဘဲ။ သူက အချိန်တိုလေးအတွင်းမှာ တစ်သိန်းအထိ ရောက်သွားပြီ။ ကြည့်လိုက်စမ်း။ သူ့ရဲ့ဂဏန်းတွေ တက်နေတာ အရမ်းမြန်တာပဲ ”

” ဝမ်ပေါင်လဲ့က ပိုတောင် တော်နေသေးတယ်။ သူက သုံးသိန်းအထိ ရောက်နေပြီ ”

ခန်းမထဲမှ ဆူညံသံများမှာ ပို၍ပင် ကျယ်လောင်လာ၏။ အကယ်၍ အခြား အချိန်များတွင်ဆိုလျှင် ကျောင်းသားများမှာ ဘေးနားတွင် ဆရာတစ်ယောက်ရှိနေပါက လေသံကျယ်ကျယ်နှင့်ပင် စကားမပြောရဲကြပေ။ သို့သော် သူတို့မြင်နေရသည့် အရာမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှသောကြောင့် ကမ္ဗည်းစာခန်းမမှ ဆရာပင်လျှင် သူတို့၏ ခံစားချက်ကို နားလည်ပေးနိုင်၏။ သူသည် ရယ်မောကာ ကျောင်းသားများကို ထိန်းမနေတော့ဘဲ ဝမ်ပေါင်လဲ့ကိုသာ အထင်ကြီးလေးစားမှုများနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်နေတော့သည်။

ချောင်ခွင်းမှာမူ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူသည် ကမ္ဗည်းစာ စာမေးပွဲထဲတွင် အာရုံအပြည့် စိုက်ထားပြီး ဝမ်ပေါင်လဲ့အား လိုက်မီရန်အတွက် အစွမ်းကုန် ကြိုးစားနေ၏။ သူ၏ ဂဏန်းများမှာ တဖြည်းဖြည်းနှင့် နှစ်သိန်းအထိ ရောက်ရှိလာသည်။ သို့သော် ထိုအချိန်တွင်မူ လူအားလုံးမှာ တစ်ခါမှ မမြင်ဖူးသော အရာကြီးကြောင့် တုန်လှုပ်ချောက်ချားသွားသည့်အလား တအံ့တဩ အော်ဟစ်လိုက်ကြတော့သည်။

” ဝမ်ပေါင်လဲ့က…. လေးသိန်းအထိ ရောက်သွားပြီ ”

” ပြီးတော့ အခုထိ ဆက်ပြီးတော့ တက်နေတုန်းပဲ။ လေးသိန်းသုံးသောင်းအထိတောင် ရောက်သွားပြီဟ။ သူက ချောင်ခွင်းရဲ့ အရင်ရလဒ်ကို ကျော်တက်သွားခဲ့ပြီ။ အဲဒီတော့ အခု သူက ကျောင်းသားခေါင်းဆောင် ဖြစ်သွားပြီကွ ”

” သောက်ကျိုးနဲ လေးသိန်းသုံးသောင်းနဲ့ကို ရပ်မသွားသေးပါလား။ ကြည့်လိုက်စမ်း … လေးသိန်းခုနစ်သောင်းအထိတောင် ရောက်နေပြီ ”

ထိုကဲ့သို့ တအံ့တဩ အော်ဟစ်သံများကြောင့် ဆူညံသံများမှာ ပို၍ ကျယ်လောင်လာ၏။ ဝမ်ပေါင်လဲ့၏ ဂဏန်းများမှာ သူ စတင်ခဲ့သည့် အချိန်ကတည်းက ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲပင်။ ထို့ကြောင့် သိပ်မကြာခင် လေးသိန်းကိုးသောင်းအထိ ရောက်ရှိသွားပြီး ချက်ချင်းဆိုသလိုပင် ငါးသိန်းအထိ မြင့်တက်သွားတော့သည်။

ထိုအကြောင်းအရာများမှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် ရောက်နေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့အကြောင်း ဆွေးနွေးမှုများမှာ တာအိုကျောင်းရှိ လူအားလုံး၏ အဓိက အာရုံစိုက်စရာတစ်ခုအဖြစ်သို့ ပြန်လည်၍ ရောက်ရှိလာပြီဖြစ်သည်။

” ဘာလို့ သူပဲတုန်း… ”

” ဘာလို့ သူပဲ ဖြစ်နေရတာလဲဟ… ”

ဝိညာဉ်ကွန်ရက်ပေါ်ရှိ အခြားဌာနများမှ ကျောင်းသားအားလုံး သက်ပြင်းများ ချကုန်ကြတော့သည်။ လက်ရှိပညာသင်နှစ်တွင် ဝမ်ပေါင်လဲ့၏ အမည်မှာ သူတို့၏ ဖန်သားပြင်များပေါ်တွင် ပြည့်နှက်သွားခဲ့သည်မှာ ကြိမ်ဖန်များစွာ ရှိနေပြီဖြစ်ရာ သူတို့အားလုံး စိတ်ကုန်နေကြပြီဖြစ်သည်။

သို့သော် လူတချို့မှာ ကမ္ဗည်းစာခန်းမမှ ကျောင်းသားခေါင်းဆောင်ဟောင်းများ၏ ရလဒ်များကို ရှာတွေ့သွားကြသောအခါ ထိုစိတ်ကုန်မှုများ၏ နေရာတွင် အံ့ဩတုန်လှုပ်မှုများ ရောက်လာကြတော့သည်။

ရှေးဦးဝိညာဉ်ခေတ်တွင် ဓမ္မလက်နက်ဌာန၏ ကမ္ဗည်းစာခန်းမ၌ ကျောင်းသားခေါင်းဆောင် ဆယ့်ကိုးယောက် ရှိခဲ့ဖူးသည်။ သူတို့ထဲတွင် အနိမ့်ဆုံးဂဏန်းမှာ သုံးသိန်းဝန်းကျင်ခန့်သာ ဖြစ်သော်လည်း အမြင့်ဆုံးမှာမူ ကိုးသိန်း‌သုံးသောင်းအထိ ဖြစ်နေ၏။

ထိုကဲ့သို့ အဆင့်တစ် နေရာကို ယူထားသည့်လူမှာ လက်ရှိတွင် အဆင့်မြင့်ကျွန်းရှိ ဓမ္မလက်နက်အဆောင်၏ မဟာကြီးအကဲကြီး ဖြစ်နေပြီဖြစ်ပြီး ကောင်းကင်တာအိုကျောင်း၏ သာမန်အကြီးအကဲများ၏ အထက်တွင် ရှိနေ၏။ သူသည် ကောင်းကင်တာအိုကျောင်း၏ ထိပ်တန်းအလွှာများထဲမှ တစ်ယောက်ပင် ဖြစ်သည်။ လက်ရှိတွင် သူသည် ပြည်ထောင်စုထဲ၌ပင် နာမည်ကျော်ကြားနေသည်ဖြစ်ပြီး လူအများက ထိပ်ဆုံးအဆင့် ဓမ္မလက်နက်ဆရာ ဆယ်ယောက်ထဲမှ တစ်ယောက်အပါအဝင် ဖြစ်သည်ဟု သတ်မှတ်ထားကြသည့် သွမ့်မုချီပင် ဖြစ်သည်။

ထိုသွမ့်မုချီဆိုသူမှာ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်အားလုံးထဲတွင် အမြင်ဆုံး ရမှတ်ကို ရရှိထားသည့်အပြင် ဓမ္မလက်နက်ဌာန၏ သမိုင်းတစ်လျှောက်တွင် ကမ္ဗည်းစာခန်းမနှင့် ဝိညာဉ်အမြုတေခန်းမတို့၏ ပူးတွဲ ကျောင်းသားခေါင်းဆောင်နေရာကို ရရှိဖူးသည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

သွမ့်မုချီမှာ ဝိညာဉ်ကျောက်တုံးအပိုင်းတွင် အနည်းငယ် အားနည်းခဲ့သောကြောင့်သာ တစ်ခါမှ ပေါ်ထွက်မလာဖူးသေးသော သုံးထပ်ကွမ်း ကျောင်းသားခေါင်းဆောင်အဖြစ်သို့ မရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယခုတွင် ဝမ်ပေါင်လဲ့၏ စာမေးပွဲမှာ မပြီးဆုံးသေးသောကြောင့် ကျောင်းသားခေါင်းဆောင်ခေါင်းလောင်းသံများ မမြည်သေးပါသော်လည်း သူသည် ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင် ဖြစ်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဌာန၏ သမိုင်းတစ်လျှောက် ဒုတိယမြောက် နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင် ဖြစ်‌နေပြီ ဖြစ်သည်။

ထိုသတင်းများ ပျံ့နှံ့သွားသောအခါ တာအိုကျောင်းထဲတွင် အတွေးအမြင် အမျိုးမျိုး ထွက်ပေါ်လာကြ၏။ ကမ္ဗည်းစာခန်းမထဲတွင်မူ ဝမ်ပေါင်လဲ့၏ ဂဏန်းမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ငါးသိန်းမှ ခြောက်သိန်းအထိသို့ ရောက်ရှိသွားပြီဖြစ်သည်။

” ဝမ်ပေါင်လဲ့က ကမ္ဗည်းစာလုံး ဘယ်နှလုံးလောက်ကိုများ ကျွမ်းကျင်ပိုင်နိုင်နေတာလဲဟ ”

” ခြောက်သိန်းခုနစ်သောင်းအထိတောင် ရောက်နေပြီ။ သူက လူမဟုတ်တော့ဘူးပဲ ”

” ခုနစ်သိန်း ဆိုပါလား ”

ထိုအခိုက်အတန့်တွင် မည်သူကမှ စာမေးပွဲဖြေနေဆဲဖြစ်သည့် ချောင်ခွင်းကို အာရုံစိုက်မနေကြတော့ပေ။ သူ၏ ဂဏန်းမှာ လေးသိန်းခြောက်သောင်းတွင် ရပ်တန့်နေပြီးမှ တဖြည်းဖြည်းချင်း မြင့်တက်လာပါသော်လည်း တခဏအကြာတွင် သူ၏ ခန္ဓာကိုယ်တခုလုံး တုန်ရီသွားပြီး သူ၏ စာမေးပွဲမှာ ပြီးဆုံးသွားတော့သည်။ သူ၏ရလဒ်မှာ တိုးတက်လာခဲ့သောကြောင့် အစတွင် သူသည် ယုံကြည်မှုအပြည့် ရှိနေပါသော်လည်း ခေါင်းမော့ကြည့်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ ဂဏန်းကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် ကယောင်ချောက်ချားဖြစ်သွားပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေမိတော့သည်။

” ခု…ခုနစ်သိန်းဆိုပါလား။ ဒါ….ဒါ လုံးဝ မဖြစ်နိုင်ဘူး ”
ချောင်ခွင်းမှာ ချက်ချင်းပင် မတ်တတ်ထလာပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွား၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး စတင်တုန်ရီလာပြီး သူ၏ အမူအရာမှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ သူ၏ အမြင်အာရုံများမှာလည်း စတင်မှုန်ဝါးလာတော့သည်။

ထိုထိုးနှက်ချက်ကြောင့် သူ၏ မျှော်လင့်ချက်မီးတောက်အားလုံးမှာ ငြိမ်းသက်သွားရပြီ ဖြစ်သည်။ သူသည် ယှဉ်ပြိုင်နေခြင်းနှင့်ပင် မတူတော့ပေ။ အပြီးတိုင် ချေမှုန်းခံလိုက်ရသည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ဂဏန်းမှာ သူ့ထက် များစွာသာလွန်နေသည့် အချက်ကို သူက မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ သူ့အတွက်မူ ၎င်းမှာ လုံးဝမဖြစ်နိုင်ပေ။

သို့သော် ထိုဂဏန်းများမှာ သူ၏ မျက်လုံးရှေ့တွင် အဆက်မပြတ် မြင့်တက်နေဆဲပင်။ ချောင်ခွင်းမှာ သူ၏ နှလုံးသားကို အသွားချွန်ထက်သော ဓားအလက်ပေါင်း များစွာဖြင့် ထိုးဖောက်နေသည့်အလား ခံစားလိုက်ရသဖြင့် အားအင်များကုန်ခမ်းကာ နံရံကိုမှီထားရင်း ငေးကြောင်ကြောင် ဖြစ်နေတော့သည်။ သူသည် လူတစ်ယောက်က သူ့အား ကျော်တက်သွားသည်ဆိုသော အမှန်တရားကို လက်မခံနိုင်သောကြောင့် သစ်သားတုံးကြီး တစ်တုံးကဲ့သို့ ကြက်သေသေနေတော့သည်။

သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးမသွားသေးပေ။ ဘေးပတ်ပတ်လည်မှ ဆူညံသံများမှာ အဆက်မပြတ် ပေါ်ထွက်နေကြဆဲဖြစ်ပြီး လူသိန်းပေါင်းများစွာက မျက်ခြည်မပြတ် စောင့်ကြည့်နေကြစဉ် ဝမ်ပေါင်လဲ့၏ ဂဏန်းမှာ အရှိန်အဟုန်ဖြင့် ထပ်၍ ထိုးတက်သွားပြန်သည်။ ၎င်းမှာ ခုနစ်သိန်းမှနေ၍ ရှစ်သိန်းအထိ ရောက်သွားခြင်းဖြစ်သည်။

ထိုကဲ့သို့ တစ်မုဟုတ်ချင်း ထိုးတက်သွားပြီးနောက် သူ့ဂဏန်းများ၏ အမြန်နှုန်းမှာ တဖြည်းဖြည်းနှင့် လျော့ကျလာ၏။ တင်ပျဉ်ခွေထိုင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီကာ ဦးခေါင်းပေါ်တွင် သွေးကြောကြီးများ ထောင်နေသော ဝမ်ပေါင်လဲ့ကို သူတို့ မြင်နေရသည်။ ထိုအဆင့်အထိ ရောက်နေပြီဖြစ်ရာ ဝမ်ပေါင်လဲ့ပင် ကြီးမားသော ဖိအားကြီးတစ်ခုကို ခံစားနေရပြီဖြစ်သည်။

စာမေးပွဲဖြေဆိုသူများမှာ အမှားလုပ်ခွင့် မရှိသလို သတ်မှတ်ချိန်ထက် ကျော်လွန်၍လည်း မဖြစ်သောကြောင့် ကမ္ဗည်းစာ စာမေးပွဲမှာ နောက်ပိုင်းသို့ရောက်လေလေ ပို၍ ခက်ခဲလာလေလေ ဖြစ်သည်။ ထို့အပြင် အချိန်မရွေး ပေါ်လာနိုင်သော မေးခွန်းအမျိုးမျိုးကိုလည်း လျင်မြန်စွာ ဖြေရသေးသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပုံသေနည်းကို ပိုင်ဆိုင်ထားပါသော်လည်း တဖြည်းဖြည်းနှင့် ဆက်၍ တောင့်မခံနိုင်တော့သည့် အနေအထားသို့ ရောက်လာတော့သည်။ သူ၏ တွက်ချက်မှုအမြန်နှုန်းမှာ နှေးကွေးနေခြင်း မဟုတ်ဘဲ သူ့ခန္ဓာကိုယ်၏ ခွန်အားနှင့် သူ၏ အာရုံစူးစိုက်မှုတို့မှာ ဆက်၍ တောင်မခံနိုင်တော့ခြင်း ဖြစ်သည်။

သူ၏ ဦးနှောက်မှာလည်း အလွန် ပင်ပန်းနေပြီ ဖြစ်သည်။ ထိုအချိန်တိုလေးအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ဝိတ်များစွာ ကျသွားခဲ့၏။ ထို့ကြောင့် သူ၏ နဂိုမူလ လုံးဝန်းနေသော မျက်နှာလေး ကျုံ့ဝင်သွား၏။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့၏ မျက်တွင်းချိုင့်နေသော ပုံပန်းသွင်ပြင်၏ အောက်တွင် လူအများက ရုပ်ရည်ချောမောသည်ဟု သတ်မှတ်ထားကြမည့် မျက်နှာတစ်ခု ရှိနေသည်ကို မြင်နိုင်မည် ဖြစ်သည်။

အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုအခိုက်အတန့်တွင် စိတ်ကြည်လင်နေပြီး မှန်တစ်ချပ်ဖြင့် ကြည့်လိုက်မည်ဆိုပါက အလွန် စိတ်နှလုံးလှုပ်ရှားသွားမည် ဖြစ်ပြီး သူသည် ကမ္ဘာပေါ်တွင် ရုပ်ရည်အချောမောဆုံး ယောက်ျားဖြစ်သည်ဟုပင် ထင်သွားမည်ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် သူက စာမေးပွဲထဲတွင် စိတ်နှစ်ထားသည်ဖြစ်ပြီး ကမ္ဗည်းစာလုံးများကို အာရုံအပြည့် စိုက်ထားရသည်။ အချိန်များ ကုန်ဆုံးသွားပြီး နောက်ထပ်တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက်တွင် သူသည် ခက်ခက်ခဲခဲနှင့် ရှစ်သိန်းမှ ကိုးသိန်းအထိ တက်လှမ်းနိုင်သွားတော့သည်။

သူ၏ အမြန်နှုန်းမှာ အဆက်မပြတ် လျော့နည်းလာနေပါသော်လည်း သူက ဆက်၍ တောင့်ခံထားဆဲပင်။ ခန်းမကြီး၏ အတွင်းဘက်နှင့် အပြင်ဘက်၌ မရေမတွက်နိုင်သော လူပေါင်းမြောက်မြားစွာ စောင့်ဆိုင်းနေကြရင်း ခြောက်နာရီတိတိ ထပ်၍ကုန်ဆုံးသွားသည်။ ဝမ်ပေါင်လဲ့၏ ဂဏန်းမှာလည်း ကိုးသိန်းသုံးသောင်းအား ကျော်လွန်သွားပြီး ကိုးသိန်းလေးသောင်းအထိ ရောက်သွားတော့သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူသည် စိတ်ရောကိုယ်ပါ ဆက်၍ တောင့်မခံနိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် စာမေးပွဲမှာ ပြီးဆုံးသွား၏။

ထိုကဲ့သို့ ပြီးဆုံးသွားသောအခါ အပြာရောင်အလင်းတန်းကြီး ပျောက်ကွယ်သွားပြီး ကျောင်းသားခေါင်းဆောင် ခေါင်းလောင်းသံများမှာ ချက်ချင်းပေါ်ထွက်လာ၏။ ထိုအသံများမှာ ဓမ္မလက်နက်ဌာနထဲတွင် ပဲ့တင်ထပ်သွားတော့သည်။

” ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ”

” ဓမ္မလက်နက်ဌာနရဲ့ နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင် ဝမ်ပေါင်လဲ့ ”

ဓမ္မလက်နက်ဌာနထဲမှ အော်ဟစ်သံများမှာ မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေတော့သည်။ သို့သော် ဝမ်ပေါင်လဲ့ကမူ ထိုအသံများကို မကြားနိုင်တော့ချေ။ သူသည် စာမေးပွဲ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် အားအင်ကုန်ခမ်းသွားသောကြောင့် သတိလစ်သွားတော့သည်။ ကမ္ဗည်းစာဆရာမှာ ဝမ်ပေါင်လဲ့အား တွဲထူပေးကာ ဆေးလုံးအချို့ တိုက်လိုက်ပြီးနောက် နတ်ဝိဇ္ဇာဂူဆီသို့ ပြန်လည်ပို့ဆောင်ပေးလိုက်တော့သည်။

ဝမ်ပေါင်လဲ့ သတိလစ်သွားသည်ကို မြင်လိုက်ရသောအခါ ခန်းမကြီး၏ အတွင်းဘက်နှင့် အပြင်ဘက်ရှိ ကျောင်းသားများအားလုံး၏ မျက်ဝန်းများထဲတွင် လေးစားကြည်ညိုမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ကျောင်းသားအားလုံး၏ လေးစားမှုကို ခံယူထိုက်သည်မှာ အသိအသာပင် ဖြစ်သည်။

ကျောင်းသားခေါင်းဆောင် ခေါင်းလောင်းသံများကို ကြားလိုက်ရသောအခါ ချောင်ခွင်းမှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ပြီး သွေးပွက်ပွက် အန်ထွက်လာ၏။ သူ၏ လက်ထဲမှ ကျောင်းသားခေါင်းဆောင် တံဆိပ်ပြားမှာ ကြေမွသွားပြီး သူသည် အသိစိတ်များ ပျောက်သွားသည့် အမူအရာနှင့် ငေးငိုင်လျက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

သူ ထွက်ခွာသွားသည်ကို မည်သူကမှ သတိမထားမိခဲ့ပေ။ ဓမ္မလက်နက်ဌာနထဲတွင် ကျောင်းသားခေါင်းဆောင် ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားသောအခါ ကမ္ဗည်းစာခန်းမနှင့် ဝိညာဉ်ကျောက်တုံးခန်းမတို့၏ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ရှိ စစ်ဆေးရေးမှုးအားလုံး ထိတ်လန့်ကြောက်ရွံ့သွားကြတော့သည်။ သူတို့ထဲမှ လူများစွာမှာမူ လျှိုတောက်ပင်းတို့အား ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံခဲ့ဘဲ အချိန်ဆွဲနေခဲ့သည့်အတွက် စိတ်ထဲတွင်ကြိတ်၍ ဝမ်းသာနေကြတော့သည်။

သူတို့သာ ထိုကဲ့သို့ မပြုမူခဲ့ပါက သူတို့၏ ရာထူးများအား လက်လွှတ်ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်ပူပန်နေရမည် ဖြစ်သည်။ ထို့အပြင် ပါးနပ်သော လူတချို့ဆိုလျှင် လျှိုတောက်ပင်းနှင့် အခြားသူများဆီသို့ ချက်ချင်းပင်‌ပြေးသွားလိုက်ပြီး သူတို့အား မျက်နှာချို သွေးနေကြတော့သည်။

လျှိုတောက်ပင်းနှင့် အခြားများမှာမူ အကျဉ်းကျခံထားရသည်ဖြစ်ပြီး သူတို့အားလုံး အလွန် စိုးထိတ်နေကြသည်။ ထို့အပြင် သူတို့မှာ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကိုလည်း မသိပေ။ ကျောင်းသားခေါင်းဆောင် ခေါင်းလောင်းသံများကို ကြားလိုက်ရသည့်တိုင်အောင် မည်သည့်အခြင်းအရာများ ဖြစ်ပျက်နေမှန်း သူတို့ နားမလည်နိုင်ဘဲ ခန့်မှန်းရုံမျှသာ တတ်နိုင်ခဲ့သည်။ သူတို့အား အကျဉ်းချခဲ့သည့် စစ်ဆေးရေးမှူးများ ပြန်ပေါ်လာပြီး သူတို့အား မျက်နှာချိုလာသွေးသော အချိန်မှသာလျှင် ဝမ်ပေါင်လဲ့မှာ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်အဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိသွားကြတော့သည်။ တချို့မှာ သူတို့အား လွှတ်ပေးရန်ပင် ပြင်နေကြပြီဖြစ်သည်။

လျှိုတောက်ပင်းနှင့် အခြားသူများမှာ စိတ်နှလုံးလှုပ်ရှားသွားကြပြီး သူတို့အားလုံး ကောင်းကင်ကြီးကိုကြည့်၍ ပြုံးလိုက်ကြ၏။ သူတို့၏ စိတ်ထဲတွင်မူ တိမ်တိုက်များ ရှင်းလင်းပျောက်ကွယ်သွားပြီးနောက် နေသာနေသော ကောင်းကင်ပြာကြီးတစ်ခု ပေါ်ထွက်လာသည့်အလား ခံစားနေရတော့သည်။

ဓမ္မလက်နက်ဌာန တစ်ခုလုံး ဝမ်ပေါင်လဲ့၏ နှစ်ထပ်ကွမ်း ကျောင်းသားခေါင်းဆောင်ရာထူးအကြောင်းကို ပြောဆိုနေကြစဉ် ဝိညာဉ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင် အဆောင်ထဲတွင်မူ လင်းတျန်ဟောက်မှာ ဒေါသအမျက်ချောင်းချောင်းထွက်ကာ ပေါက်ကွဲနေပြီ ဖြစ်သည်။ သူသည် သူ၏ အခန်းထဲရှိ ပစ္စည်းများအားလုံးကို ရိုက်ခွဲပစ်လိုက်ပြီ ဖြစ်ပြီး ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူ ရှိရာဘက်သို့ စိန်းစိန်းဝါးဝါး စိုက်ကြည့်နေတော့သည်။

သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ မဲနှစ်မဲ ရရှိသွားတော့မည်ဖြစ်ပြီး ဝမ်ပေါင်လဲ့၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံရတော့မည်ဖြစ်ရာ သူ သည်းမခံနိုင်လောက်အောင် ဖြစ်နေ၏။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များပင် တဖြည်းဖြည်းနှင့် ပေါ်ပေါက်လာနေပြီ ဖြစ်သည်။

တချိန်တည်းမှာပင် သိုင်းပညာဌာနထဲရှိ လုကျစ်ဟောင်၏ အခန်းထဲတွင် နောက်ထပ်ဧည့်သည့်တစ်ယောက် ရှိနေ၏။ ထိုလူမှာ ကျိုးလု၏ ညီမဖြစ်သူ ကျိုးကျင့်ပင် ဖြစ်သည်။ သူမသည် တိုက်ခိုက်ရေးအသင်းဂေဟာထဲတွင် ရှိနေခဲ့စဉ်က ကြောင်မျက်နှာဖုံးတစ်ခုကို တပ်ထားခဲ့သည့် ချောမောလှပသော မိန်းကလေး ဖြစ်သည်။ ထိုအချိန်တွင်မူ သူမသည် ကျောက်စိမ်းပေလွှာတစ်ခုကို လုကျစ်ဟောင်ဆီသို့ စိတ်လှုပ်တရှား ပေးလိုက်၏။ ထို့နောက် လုကျစ်ဟောက်မှာ ဝိညာဉ်ကွန်ရက်ကို ဖွင့်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ရုပ်ပုံ ပေါ်လာ၏။

” ကြွက်။ ဒါ နင်လိုချင်တဲ့ သတင်းအချက်လက်ပဲ။ ငါ အချိန်တွေ အများကြီးပေးပြီး ရှာခဲ့ရတဲ့အပြင် အဖေ့ဆီကပါ တချို့တလေကို ခိုးပြီး ယူခဲ့ရတာ။ ငါ့ကို မြန်မြန် ပြောစမ်းပါ။ အဲဒီ အရှက်မရှိတဲ့ ယုန်ဖက်တီးက ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်လား ”
ထိုချောမောလှပသော မိန်းမလေးမှာ စိတ်လှုပ်ရှားနေပြီး သူမ၏ လှပသော မျက်ဝန်းလေးများမှာ ဝမ်ပေါင်လဲ့၏ရုပ်ပုံအား ဖျတ်ခနဲ ကြည့်လိုက်၏။

ထိုရုပ်ပုံမှာ စာမေးပွဲပြီးနောက် ဝမ်ပေါင်လဲ့တစ်ယောက် မျက်နှာ သိသိသာသာကြီး ချောင်ကျသွားခဲ့သည့် အချိန်တွင် ကျောင်းသားများက ရိုက်ထားသည့် ရုပ်ပုံဖြစ်သည်။ ထို့နောက် ထိုကျောင်းသားများမှာ ထိုရုပ်ပုံကို ဝိညာဉ်ကွန်ရက်ပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။

” ငါကတော့ ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ယုန်ဖက်တီးတစ်ကောင်နဲ့ တူတယ်လို့ မထင်ပါဘူး။ နင်ပဲကြည့်လေ။ သူက တော်တော်ကို ခန့်တာဟ။ ပြီးတော့ လူဆိုးလူညစ်တစ်ယောက်နဲ့လည်း မတူပါဘူး ”
ထိုချောမောလှပသော မိန်းကလေးမှာ အကြိမ်အနည်းငယ်ခန့် ထပ်၍ကြည့်လိုက်၏။ သူမမှာ ထိုသို့ကြည့်ရင်း ဝမ်ပေါင်လဲ့၏ မျက်နှာဘေးတိုက်ပုံမှာ ထူးခြားသော ဆွဲဆောင်မှုတမျိုးကို ပိုင်ဆိုင်ထားသည်ဟု ခံစားလိုက်ရ၏။

” သူ့ကို ခန့်တယ် ဟုတ်လား။ နင် ကန်းနေတာပဲ ဖြစ်မယ် ”
လုကျစ်ဟောင်မှာ သည်းမခံနိုင်တော့သောကြောင့် မျက်လုံးပြူးကြီးများဖြင့် အော်‌ပြောလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset