အပိုင်း (၈၃၈)

သေလုမြောပါးတိုက်ပွဲ

ထောင်ကျန်း၏ အားမာန်တို့ဖြင့် အော်ဟစ်သံက ကောင်းကင်မှသည် မြေပြင်အထိ ကြားနိုင်၏။

ယခုကား ကောင်းကင်ဝင်္ကပါ အတွင်း၌ ကျင့်ကန်း၊ ယန်ဟောင်နှင့် တခြားလူများ အားလုံးကလည်း သူတို့၏ ခွန်အားများ အားလုံးကို အမြင့်ဆုံးသို့ မြှင့်တင်ကာ ထောင်ကျန်းထံသို့ ပို့လွှတ်လိုက်ကြသည်။

နှလုံးသားက ဆာလောင်သော အရာကို စားသုံးနိုင်ခဲ့ပြီးမှတော့ ဘဝတွင် နောင်တရစရာ မရှိတော့ပေ။

ကောင်းကင်ထက်တွင် ပိုမိုအားကောင်းသော လောကဓာတ် မုန်တိုင်းက လှုပ်ရှား ဖြစ်ပေါ်လာခဲ့ကာ မြေပြင်ကို ဆင်းသက် လာနေသည်။ ကောင်းကင်နှင့် မြေပြင်မှ အပြောင်းအလဲများကို ကြည့်ကာ ကျောင်မင်နှင့် တခြားလူများ၏ အမူအရာများက ပြောင်းလဲ သွားကြသည်။

ဤသည်ကား မဟာလမ်းစဉ်၏ ဆေးကြောသန့်စင်မှု၊ တော်ဝင်လမ်း၏ နောက်ဆုံး အတားအဆီး အန္တရာယ်ဖြစ်သည်။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ…။

ကောင်းကင်ထက်တွင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်နှင့် ကျေးရွာ ခေါင်းဆောင်တို့က စစ်တုရင် ကစားခြင်းကို ရပ်တန့်လိုက်ကာ ကောင်းကင်နှင့် မြေပြင်အကြားမှ​ အပြောင်းအလဲများကို ကြည့်ကြသည်။

နတ်ဘုရား ပြစ်ဒဏ်က အဘယ်ကြောင့် ရောက်လာရသနည်း။

ထောင်ကျန်းကား ရှီအဆင့် အမြင့်ဆုံး၌ ရှိသော်လည်း ပြည်နယ်ကိုးခုတွင် သူ့ထက် ထူးချွန်သူများ အများအပြား ရှိပေသည်။ သူတို့ပင်လျှင် မဟာလမ်းစဉ်ကို တော်ဝင်မြေများ၏ အထောက်အပံ့ဖြင့် တက်ရောက်ခြင်းငှာ မစွမ်းသာခဲ့ကြပေ။

သို့သော် ထောင်ကျန်းက အဘယ်ကြောင့် ဤသို့သော နတ်ဘုရား ဆေးကြော သန့်စင်ခြင်းဖြင့် ထိုက်တန်ရသနည်း။

“ကျောင်ပြည်ထောင် ဘုရင်… ခင်ဗျားမြင်လား…” ကျေးရွာ ခေါင်းဆောင်က ပြောသည်… “ခင်ဗျားက တော်ဝင်စစ်ပွဲကို ဆင်နွဲတာကပဲ နတ်ဘုရားပြစ်ဒဏ်ကို အတင်း ရောက်လာစေခဲ့တာပဲ… ဒီစစ်ပွဲပြီးရင် မြေရိုင်းပြည်နယ်က အသစ်ပြန်လည် မွေးဖွားလိမ့်မယ်… ဒီစစ်ပွဲမှာ ပါဝင်ဆင်နွဲတဲ့ လူတွေကလည်း သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးထွင်း သိမြင်မှုတွေနဲ့ ကြီးကြီးမားမား ပြောင်းလဲ ကြလိမ့်မယ်…”

ကျောက်ပြည်ထောင် ဘုရင်က ကောင်းကင်ဝင်္ကပါအား အထင်သေးသည်။ သို့သော်လည်း ထောင်ကျန်းက အဘယ်ကြောင့် နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကို ဆင့်ခေါ်နိုင်သည် ကိုလည်း သူ အနည်းငယ် နားလည်ပေသည်။

ဝင်္ကပါကား ထောင်ကျန်းကို အလွန် အားကောင်းသော စွမ်းအားကို ပေးခဲ့သလို ကြီးမားသော ဖိအားကိုလည်း ပေးပေသည်။ သူ၏ခန္ဓာကိုယ်ကို အဆုံးစွန်သော နာကျင်ခြင်းများ ခံစားစေလျက် ဖိအားပေးခြင်းတွင် သူကား ဗီဇပါရမီကိုပင် လောင်ကျွမ်းစေလျက် ပြင်းထန် ရင့်သန်သော စိတ်ဓာတ်ဖြင့် ဖိအားဒဏ်ကို ခံစားခြင်းက သူ့အား မဟာလမ်းစဉ်ပေါ်သို့ ထိုးထွင်း ရောက်ရှိစေခဲ့ပေသည်။

မှန်သည်… ထိုအရာအားလုံးထက် အရေးပါသည်ကား ထောင်ကျန်း၏ မူလစိတ်သဏ္ဌာန် ကိုယ်နှိုက်က သံသယ ကင်းစင်ခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး လောက၏ အမှန်တရားဖြင့် ထိတွေ့ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

စိတ်ဓာတ်၊ ခံယူချက်နှင့် စွမ်းအားတို့က တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ အကန့်အသတ်ကို ကျော်လွန်လျက် မဟာလမ်းစဉ်သို့ တက်လှမ်း ခဲ့ပေသည်။

ဤနည်းဖြင့် သူလုပ်ခဲ့သည်။

ပြည်နယ်ကိုးခုတွင် နှစ်ပေါင်းများစွာ ကြာအောင် မည်သူမှ မလုပ်နိုင်ခဲ့ပေ။

တော်ဝင်စစ်ပွဲက နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကို အတင်း ရောက်လာစေခဲ့သည်။

သည်လောကကြီးကား မထင်မှတ်သည်များဖြင့် ပြည့်နှက် နေတော့သည်။

“နတ်ဘုရားဆေးကြော သန့်စင်ခြင်း ရောက်လာရင်ကော ဘာဖြစ်လဲ… သူက သေချာပေါက် သေရမှာပဲ…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။ ထောင်ကျန်းက အကောင်းဆုံးသော အခြေအနေတွင်ပင် နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကို ခံနိုင်ရန် မလွယ်ကူပေ။ ယခု ဒဏ်ရာ ပြင်းထန်စွာ ရနေသော အခိုက်အတန့်၌ မည်သို့ ကျော်ဖြတ် နိုင်မည်နည်း။ နတ်ဘုရား ပြစ်ဒဏ်အောက်တွင် သူကား သေချာပေါက် သေရပေမည်။

ယခုကား ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က အမှန်တကယ်ပင် ကရုဏာသက်မိသည်။ ရန်သူဖြစ်သည့်တိုင် သူကား ထူးခြားသော လူတစ်ယောက် ဖြစ်ကြောင်း ဝန်ခံရပေသည်။

မြေရိုင်းပြည်နယ်ကား အမှန်ပင် မှော်ဆန်သောမြေ ဖြစ်သည်။ သို့သော်လည်း ကံဆိုးသည်က သူနှင့် ရန်ဘက် ဖြစ်နေခြင်းပင်။

ရီဖူရှင်းကလည်း သူ့ဆရာ၏ အခြေအနေကို မြင်လျှင် စိတ်နှလုံးက ပြင်းထန်စွာ လှုပ်ခတ် သွားသည်။

သူက တစ်ကြိမ်တစ်ခါ၌ နတ်ဘုရား ဆေးကြော သန့်စင်ခြင်း ပြီးနောက်တွင် တော်ဝင်လမ်းစဉ်က မည်သို့သော ပုံစံဖြစ်ကြောင်း မေးခဲ့ဖူးသည်။ တော်ဝင်လမ်း၏ သံသယ ကင်းစင်ခြင်း ဆိုသည်မှာ မည်သည့် အရာကို ဆိုလိုသနည်း။

တော်ဝင်လမ်းစဉ်ကား အလွန်အမင်း ခက်ခဲပေသည်။

နတ်ဘုရား ပြစ်ဒဏ်ကပင် အရာခပ်သိမ်းကို ဖျက်ဆီးရန် လုံလောက်ပေသည်။

သူ့ဆရာအတွက်မူ နတ်ဘုရားပြစ်ဒဏ်က ရုပ်ခန္ဓာကို ဦးတည်ပေသည်။ ခန္ဓာကိုယ်ကို မူတည်၍ နတ်ဘုရား ပြစ်ဒဏ်ကို ခံယူခြင်းက သူ့ရုပ်ခန္ဓာအား လောကဓာတ် ခန္ဓာအဖြစ် ပြောင်းလဲစေကာ ရှန့်ထို ဖြစ်စေသည်။

သို့သော်လည်း ယခုသူတို့က တော်ဝင်စစ်ပွဲထဲတွင် ရှိနေသည်။ သူ၏ဆရာက ခန္ဓာကိုယ်အတွင်းမှ ရှိရှိသမျှသော စွမ်းအင်များအား လောင်ကျွမ်းကာ နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကို ရောက်လာစေခဲ့သည်။ ဤသို့သော အခြေအနေတွင် ဤနတ်ဘုရား ပြစ်ဒဏ်အား မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

သူ့အနီးမှ မရေမတွက်နိုင်သော တန်ခိုးရှင်များကို ကြည့်ကာ ရီဖူရှင်း၏ မျက်လုံးများက နီရဲလာသည်။ ထိုအခိုက်တွင် သူကလည်း ပင်မစစ်သည်များဖြင့် ရင်ဆိုင် တိုက်ခိုက်နေရသည်။

တော်ဝင်ကျဲ နန်းတော်မှဖြစ်စေ၊ ကျောက်ပြည်ထောင်မှ ဖြစ်စေ၊ နှစ်ဖက်လုံးကား အများအပြား သေကျေပျက်စီးခဲ့ရပြီး ဖြစ်၏။ သို့သော်လည်း လက်ကျန် တိုက်ခိုက်သူများမှာလည်း တဖြည်းဖြည်း ပိုမိုများပြား လာခဲ့သည်။

သူ၏ဆရာက ကျောက်ပြည်ထောင်၏ စွမ်းရည် အမြင့်ဆုံး စစ်တပ်နှင့်ရင်ဆိုင်ပြီး သူတို့အားလုံးအတွက် အခွင့်အရေး ဖန်တီးကာ အချိန်ဆွဲပေး နေသည်ကို ရီဖူရှင်းက နားလည်ပေသည်။ သူက ဤတာဝန်ကို အသက်ဖြင့်ရင်းကာ ထမ်းဆောင်နေခြင်း ဖြစ်သည်။

ယခုကား နတ်ဘုရား သန့်စင်ခြင်း စွမ်းအားအချို့က ထောင်ကျန်း၏ ခန္ဓာကိုယ်ကို စတင် စီးဆင်းနေကြပြီ ဖြစ်ကာ သူ့ခန္ဓာကိုယ်အား ကြီးမားသော ဒဏ်များပေးသည်။

သို့သော်လည်း ထောင်ကျန်းကား ကြောက်ရွံ့ခြင်း မရှိပေ။ သူက အသက်ဆက်ရှင်ရန် မတွေးထားမှတော့ သေဆုံးခြင်းကို မည်သို့ ကြောက်ရွံ့ ရမည်နည်း။

ကြီးမားသော စွမ်းအားများ သူ့ထံကို ဆင်းသက် လာသည်တွင် လက်နှစ်ဖက်လုံးကို တင်းတင်း ဆုပ်ရင်းက ထောင်ကျန်း ပြုံးလိုက်သည်။ သူကား သည်တိုက်ပွဲတွင် တစ်ယောက်တည်း မဟုတ်ပေ။ မရေမတွက်နိုင်သော လူများက သူနှင့်အတူ ယုံကြည်ချက် တစ်ခုအတွက် လက်တွဲ တိုက်ခိုက်ခဲ့ကြသည်။ သူကား ဤသို့သော စည်းလုံး ညီညွတ်သော နန်းတော်အတွက် ဂုဏ်ယူရပေသည်။

သူ၏စိတ်ဓာတ်က တခြား တန်ခိုးရှင်များကို သက်ရောက်စေခဲ့သလို တန်ခိုးရှင်များ၏ စိတ်ဓာတ်ကလည်း သူ့အား အပြန်အလှန် သက်ရောက်စေ၏။

လေပြင်း မုန်တိုင်းကဲ့သို့ အသံများ ထွက်လာကာ ထောင်ကျန်း၏ ခန္ဓာကိုယ်က အလွန်အမင်း ကြီးမားလာခဲ့ပြီး သူကိုယ်တိုင်က တိုက်ခိုက်ရေးပုံစံအလား ဖြစ်လာသည်။

ပိုမိုအားကောင်းသော မုန်တိုင်းတစ်ခု သူ့ထံကို ဆင်းသက် လာသည်တွင် တော်ဝင်ချပ်ဝတ် ရတနာပင် ခံနိုင်ဟန်မတူပေ။ ထိုအခိုက်တွင် ထောင်ကျန်းက တော်ဝင် ချပ်ဝတ်ရတနာကို ဖြုတ်လိုက်ကာ ယန်ဟောင်ထံသို့ ပြစ်ပေးလိုက်သည်… “ယူလိုက်…”

သူ၏ ကြေးနီရောင်ခန္ဓာက ရွှေဝါရောင် တလက်လက် ထနေကာ မဟာလမ်းစဉ်၏ သန့်စင် ဆေးကြောခြင်းကို ခံယူသည်။ သူ၏ခန္ဓာကိုယ်က အက်ကွဲလာသည် ထင်ရသော်လည်း တစ်ချိန်တည်းတွင် မြင့်မြတ်သော အရောင်အဝါများ ထွက်လာနေ၏။

နောက်ဆုံးရလဒ်ကား သူ့ကို ရှန့်ထို ဖြစ်စေမည်။ သို့မဟုတ်လျှင် သူက အပိုင်းအစများ ဖြစ်ကာ သေဆုံးရမည်။

ယခုကား ထောင်ကျန်းက တောင်တစ်လုံးအလား တည်ငြိမ်စွာဖြင့် နတ်ဘုရား သန့်စင် ဆေးကြောခြင်းကို ခံယူသည်။

“မနက်ကတည်းက နည်းလမ်းကို သိမှတော့ ရက်ကုန်တဲ့အထိ စောင့်နေဖို့ လိုသေးလို့လား…”

ထောင်ကျန်းက ကြည်လင် ပြတ်သားသော အသံဖြင့် ပြောသည်။ ထို့နောက် သူက လေဟာနယ်ကို ဖြတ်ကျော်ကာ ကျောက်မင်ရှိရာသို့ လှမ်းသွားသည်။

သေခြင်းတရားက သေချာနေသော်လည်း သူက မဟာလမ်းစဉ်၏ ပြောင်းလဲ ဖြစ်တည်လာသော လောကဓာတ် ခန္ဓာက မည်သို့ ဖြစ်သည်ကို ခံစား သိရှိလိုသည်။

ကျောက်မင်နှင့် တခြားလူများ၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်ယင် သွားကြသည်။ ရှန့်ထိုအဆင့်ကား သူတို့ ကျင့်ကြံရာ၌ အမြင့်ဆုံးသော ရည်မှန်းချက် ဖြစ်သည်။

သို့သော်လည်း ယခု သူတို့ရှေ့တွင်ပင် ထောင်ကျန်းက တော်ဝင် လမ်းစဉ်ကို တက်လှမ်းနေသည်။

ဤသို့သော အခြေအနေတွင်ပင် ထောင်ကျန်းက နတ်ဘုရား ဆေးကြောသန့်စင်ခြင်းကို မခံယူဘဲ​ အဘယ်ကြောင့် သူတို့အား တိုက်ခိုက် ရသနည်း။

ဤအရာကား သန့်စင် ဆေးကြောခြင်း အခွင့်အလမ်း ဖြစ်သည်။ ထောင်ကျန်းအတွက် အသက်ရှင်ရန် လမ်းမရှိသည်ကို အားလုံးက သိသော်လည်း သည်အရာကား နတ်ဘုရား သန့်စင်ဆေးကြောခြင်း ဖြစ်သည်။ အခွင့်အလမ်းက အလွန် သေးငယ်သည် ဆိုလျှင်ပင် မည်သူက မကြိုးစားကြည့်ဘဲ​ နေမည်နည်း။

အရာအားလုံးကို ပေးဆပ်ရမည် ဆိုလျှင်ပင် သူတို့၏ ရည်ရွယ်ချက်က အသက်ရှင်သန်ကာ ရှန့်ထိုဖြစ်ရန် ဖြစ်သည်။

သို့သော် ထောင်ကျန်း၌​ ထိုသို့ အစီအစဉ် ရှန်ဟန် မရပေ။

ဧရာမခန္ဓာကြီး သူ့ထံ လှမ်းလာသည်ကို မြင်လျှင် ကျောက်မင်က ဝင်္ကပါ၏ စွမ်းအင်များ အားလုံးကို စုစည်းလျက် ကောင်းကင်၌ ဧရာမဖီးနစ် တစ်ကောင် ဖြစ်ပေါ်စေသည်။ ထို့နောက် ဖီးနစ်က အတောင်ပံများကို ဝှေ့ယမ်းကာ ထောင်ကျန်းသို့ ရိုက်ခတ်လိုက်သည်။

နတ်ဘုရား ဆေးကြောသန့်စင်ခြင်း ကျဆင်းလာသည့်တိုင် ထောင်ကျန်းကား ထိုအရာကို အလေးထားဟန် မရှိပေ။ သူက လက်ဆန့်တန်းကာ သူ့ထံကို ရောက်လာသော ဖီးနစ်အတောင်ပံအား လှမ်း၍​ ဖမ်းဆွဲလိုက်သည်။

ကျယ်လောင်စွာ အော်ဟစ်လျက် လက်နှစ်ဖက်ကို ဆန့်ကားလိုက်သည်တွင် ဖီးနစ်ခန္ဓာကိုယ်ကား အစိတ်အစိတ် အမြွှာမြွှာ ကွဲအက် သွားတော့သည်။

ဘုန်း…

ထောင်ကျန်းက လေဟာနယ်ကို ခုန်တက်လာသည်တွင် သူ၏ ခန္ဓာကိုယ်ကြီးက ကျောက်မင်ရှေ့ကို တိုက်ရိုက် ရောက်လာသည်။ သူက လက်ကို အားယူကာ ဆန့်ထုတ်လိုက်၏။

ကျောက်မင်၏ မျက်နှာက သိပ်မကောင်းပေ။ သူ၏အနောက်မှ ဖီးနစ်အတောင်ပံက ရှေ့ကို လာရောက် အုပ်မိုးကာ သူ့အား ကာကွယ်ပေးသည်။ သို့သော်လည်း ထောင်ကျန်းကား မဟာလမ်းစဉ်၏ သန့်စင် ဆေးကြောခြင်းကို ခံယူဆဲအချိန်ဖြစ်ရာ သူ့ခန္ဓာကိုယ်က ရှန့်ထို အငွေ့အသက်များ ပေါင်းစပ်နေပြီး ဖြစ်သည်။

ဘုန်း…

ကောင်းကင်နှင့်မြေပြင်က ကွဲအက်သွားဟန်ရကာ ကျောက်မင်၏ နောက်မှ ကျောက်ပြည်ထောင် စစ်တပ်ကလည်း ကြီးစွာ တုန်ခါသွားကာ အကွဲကွဲ အပြားပြား ဖြစ်သွားကြသည်။ ကျောက်မင် ကိုယ်တိုင်က အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ နောက်ကို မြန်ဆန်စွာ ဆုတ်သွားသော်လည်း သူ့ပါးစပ်မှ သွေးများမူကား အဆက်မပြတ် အန်ထုတ်သည်။ တော်ဝင်ရတနာ၏ အကာအကွယ် ကြောင့်သာ မဟုတ်ပါက ထိုလက်သီး တစ်ချက်က သူ၏အတွင်း ကလီစာများကို ဖျက်ဆီးရန် လုံလောက် ပေသည်။

ထောင်ကျန်းကား ရှန့်ထို မဖြစ်သေးသော်လည်း အလွန်အမင်း အားကောင်းနေပြီ ဖြစ်သည်။ သူက ရှန့်ထို ဖြစ်လာသောအခါ မည်သို့သော စွမ်းရည်ကို ပိုင်ဆိုင်မည်နည်း။

ထိုအရာက ကျောက်မင်း၏ အကြီးမားဆုံးသော ဆန္ဒလည်း ဖြစ်သည်။ ထောင်ကျန်းက နောက်တစ်လှမ်း တက်လာသည်။ သည်တစ်ခေါက်ကား သူက ပြန့်ကျဲနေသော စစ်တပ်၏အလယ်ကို ရောက်လာ၏။

ကောင်းကင်ထက်တွင် မဆုံးနိုင်သော နတ်ဘုရား ဆေးကြော သန့်စင်ခြင်း စွမ်းအား မုန်တိုင်းက ဆက်လက် ဖြစ်ပေါ် လာနေသည်။

ဖူး..

ထောင်ကျန်း၏ ပါးစပ်မှ သွေးတစ်ပွက် အန်ကျသည်။ မဆုံးနိုင်သော ပြစ်ဒဏ်စွမ်းအားက သူ၏ခန္ဓာကိုယ်ကို တိုက်ခိုက် ဖျက်ဆီးနေကြကာ ကြေးနီရောင် ခန္ဓာကိုယ်၌လည်း ကြောက်စရာ အက်ကွဲ ကြောင်းကြီးများ ဖြစ်လာနေသည်။

“လာစမ်း…”

ထောင်ကျန်းက ကောင်းကင်ထက်တွင် စုစည်း လာနေသော နတ်ဘုရား ပြစ်ဒဏ်ကို ကြည့်ကာ အော်ဟစ်သည်။ သူက လက်သီး တင်းတင်းဆုပ်ကာ အော်ဟစ်သည်တွင် မရေမတွက်နိုင်သော လက်ဝါး ပုံရိပ်များကလည်း သူ၏ ခန္ဓာကိုယ်မှသည် ပတ်ဝန်းကျင်ကို ပျံ့လွင့် သွားကြတော့သည်။

“ပြေး…” ကျောင်မင်က အော်ဟစ်သည်။ တစ်ဖက်တွင်လည်း စစ်တပ်က ပြိုလဲနေပြီ ဖြစ်သည်။ အကယ်၍ သူတို့က မိမိတို့၏ ပင်ကိုစွမ်းရည်ဖြင့် လက်ရှိ ထောင်ကျန်းကို ရင်ဆိုင်ပါက သေခြင်းတရားကား သေချာပေါက် ရောက်လာပေမည်။

အားလုံးက အရိပ်မျက်နှာမျိုးစုံသို့ ထွက်ပြေး ကြသော်လည်း မဆုံးနိုင်သော လက်ဝါးပုံရိပ်များက သူတို့ထံကို ရောက်ရှိ လာတော့သည်။

“ဘန်း… ဘန်း… ဘန်း…” ကြောက်မက်ဖွယ် အသံများကို ကြားကာ ချက်ချင်းပင် တန်ခိုးရှင်များက လက်ဝါးပုံရိပ်များ၏ ရိုက်နှက်ခြင်းကို ခံရပြီး ထိုနေရာတွင်ပင် အသက်ပျောက် ကြရသည်။

ကောင်းကင်ထက်တွင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်.. “ဒါကို ရှန့်ထိုလို့ ခေါ်မလား…”

“နတ်ဘုရား ဆေးကြော သန့်စင်ခြင်း ဖြစ်စဉ် မပြီးဆုံးသေးဘဲနဲ့ သူ့ကို ဘယ်လို ရှန့်ထိုလို့ ခေါ်လို့ ရပါ့မလဲ…” ကျေးရွာ ခေါင်းဆောင်က ထူးမခြားနားစွာ ပြောသည်။ သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ထံမှ အရှိန်အဝါကို သူက ခံစားမိကာ သတိပေးသည်… “ပြည်နယ်ကိုးခု တမန်တော်တွေက စစ်ပွဲကို ကိုယ်တိုင် လာရောက် စောင့်ကြည့်နေလိမ့်မယ် ဆိုတာ ကျောက်ပြည်ထောင် ဘုရင်က သတိမမေ့စေချင်ဘူး… တကယ်လို့ ခင်ဗျားက အင်ပါယာရှားရဲ့ စည်းမျဉ်းကို ချိုးဖောက်ရင် အကျိုးဆက်က ဘာဖြစ်မလဲ…”

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ထိုစကားကို ကြားသည်တွင် သူ၏မျက်လုံးများက အလွန်အမင်း စူးရှသွားသည်။ ထောင်ကျန်းက တော်ဝင်စစ်ပွဲ အတွင်း၌ပင် နတ်ဘုရား ဆေးကြော သန့်စင်ခြင်းကို ဆင့်ခေါ်နိုင်မည်ဟု မည်သူက ထင်မှတ်ခဲ့မည်နည်း။

ထိုစဉ်မှာပင် ကျောက်မင်ကား ကျောက်ဟောင်ရှိရာ စစ်တပ်သို့ ရောက်လာပြီး ထိုဝင်္ကပါနှင့် ပေါင်းစပ်သွားသည်။ ရွှေဖီးနစ်ဓားနှင့် ရွှေဖီးနစ်အတောင်ပံတို့က တစ်ခုတည်း ဖြစ်သွားကာ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းအား မျှတစေသည်။ ကျောင်မင်က အေးစက်စွာ ပြောသည်… “နတ်ဘုရား ပြစ်ဒဏ်အောက်မှာ သူက သေလူပဲ… ဝူလျန်… ခင်ဗျားလည်း ပေါင်းပြီး တိုက်ပါ…”

ဝူလျန်၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားသည်။ ဤသို့သော အခြေအနေတွင် သူက အမှန်တကယ်အားဖြင့် ဆက်လက် တိုက်ခိုက်လိုခြင်း မရှိပေ။ လက်ရှိ ထောင်ကျန်းကား ရူးသွပ်နေကာ အလွန် အန္တရာယ် များပေသည်။

အကယ်၍​ ထောင်ကျန်းကား နတ်ဘုရား၏ ပြစ်ဒဏ်အောက်တွင် သည်အတိုင်း လွှတ်ထား လိုက်ပါက သူကား မည်သို့မှ အားထုတ်စရာ မလိုဘဲ သေဆုံးသွားမည် မဟုတ်ပါလား။ သို့သော်လည်း ကျောင်မင်၏ သဘောထားက ကွဲပြား ခြားနားပေသည်။ သူတို့က ဆိုးဝါးသော အခြေအနေတွင်ပင် ထောင်ကျန်း၏ တိုက်ခိုက်ရေး စွမ်းအားကို ထိန်းချုပ်ကာ စစ်မြေပြင်ကို အသာစီးရအောင် လုပ်လိုပေသည်။

သည်တော်ဝင် စစ်ပွဲတွင် ကျောက်မင်ကား စစ်ဦးစီးဖြစ်ကာ သူက အရာအားလုံးအတွက် တာဝန်ခံရပေမည်။

သို့သော်လည်း လက်ရှိတွင် ကျောက်ပြည်ထောင် ဘုရင်ကိုယ်တိုင် စစ်ပွဲကို ကြည့်ရှုနေရာ သူက ငြင်းဆန်၍ မရပေ။

“ကောင်းပြီ…” ဝူလျန်က အဆုံးမဲ့ ဓားရတနာကို ထိန်းချုပ်ကာ ရှေ့ကို တက်လာသည်။ စွမ်းအားမြင့် တန်ခိုးရှင် သုံးယောက်က သူတို့ထံ လှမ်းလာနေသော ထောင်ကျန်းကို အေးစက်စွာ ကြည့်ကြ၏။

ထောင်ကျန်း၏ ယိုယွင်းပျက်စီးစ ခန္ဓာက ရှေ့ကို တက်လာသည့် အချိန်တွင် ကောင်းကင်ထက်၌ ပိုမိုအားကောင်းသော နတ်ဘုရား ပြစ်ဒဏ်က ဖြစ်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ စတင် ဆင်းသက်လာသည်။ သို့သော်လည်း ထောင်ကျန်းကား မည်သို့မှ ခံစားမိဟန် မတူဘဲ​ ကျောက်မင်ထံသို့ ဆက်လှမ်း လာသည်။

ယခု ထောင်ကျန်းကား တကယ့် ရှန့်ထိုတစ်ပါးနှင့် တူလှသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset