Switch Mode

အပိုင်း(၈၃၇)

ကောင်းကင်ဘုံကို မေးခွန်းထုတ်ခြင်း

ရီဖူရှင်း ရှိနေရာ စစ်မြေပြင်၌ကား ကျောက်ပြည်ထောင်နှင့် တော်ဝင်ကျဲနန်းတော်တို့ နှစ်ဖက်လုံးက ချီတက်လာကြသည်။

ရွှမ်ဝူအင်အားစုကား သူတို့၏ ရွှမ်ဝူ အကာအကွယ် အောက်၌ ပုန်းကွယ်နေကြဆဲ ဖြစ်သည်။ နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်က ရောက်ရှိလာသည့် အကြိမ်တိုင်း ရွှမ်ဝူဝင်္ကပါ အတွင်းမှ လူအများအပြားကို သေကျေစေခဲ့သော်လည်း ဝင်္ကပါက ပျက်စီးခြင်း မရှိသေးပေ။ ထို့ကြောင့် သူတို့က ပြင်ပမှ အကူအညီများကို စောင့်ဆိုင်း နေကြ၏။

ရီဖူရှင်းက တင်ပျဉ်ခွေထိုင်ကာ ကု့ချင်းအား လက်နှစ်ဖက်လုံးဖြင့် တီးခတ်လိုက်သည်။ ကု့ချင်းသံစဉ်က ပတ်ဝန်းကျင်အား စတင် ပျံ့လွင့်လာကာ စိတ်ဝိညာဉ် စွမ်းအားကလည်း နေရာအနှံ့ကို ဖြန့်ကြက်သွား၏။ စစ်မြေပြင်မှ မြင်ကွင်းတိုင်း မှာလည်း သူ့အာရုံထဲသို့ ရောက်ရှိ လာခဲ့၏။

တော်ဝင်ကျဲ နန်းတော်မှ လူတိုင်းကား သူတို့၏ ယုံကြည်ချက်အတွက် ခက်ခဲသော တိုက်ပွဲများအား ဆင်နွဲနေကြရသည်။

သူ၏ဆရာကား သူ၏ကတိကို မြဲမြံစွာ ထိန်းထားသည်။ သူက ကောင်းကင်ဝင်္ကပါအား ဦးစီး၍ ကျောက်ပြည်ထောင်၏ အင်အားအကြီးဆုံး စစ်တပ်ကို တားဆီးထားသည်။

ဓားမိစ္ဆာနှင့် စုရှမ်းတို့ရှိနေသော ဓားဝင်္ကပါနှင့် သူ၏အစ်ကိုကြီး ဓားသခင်တို့မူကား ကျောက်ပြည်ထောင် စစ်တပ်အတွင်းပိုင်းသို့ အထိ ဝင်ကာ တရကြမ်း တိုက်ခိုက် သတ်ဖြတ်နေကြသည်။

သူတို့အားလုံးက အသေအကြေ တိုက်ခိုက်နေကြ၏။

ပိုမို အားကောင်းသော စိတ်စွမ်းအား အထောက်အပံ့များက သူ၏ စိတ်နယ်ပယ်ထဲကို တိုးဝင်လာကြကာ သူ၏ ကိုယ်ပိုင်စိတ်အသိနှင့် ပေါင်းစပ်သွားသည်။ သို့သော်လည်း သူကား အလယ်အလတ် ရှီအဆင့်သာဖြစ်ရာ ထိုမျှ ကြောက်မက်ဖွယ် ထုထည်ကြီးသော စိတ်စွမ်းအားကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် မလွယ်ကူပေ။ သူ၏ စိတ်အသိကား ပြိုကွဲပျက်စီးလုနီးပါး အခြေအနေသို့အထိ ရောက်နေပြီ ဖြစ်သည်။ ဟွာဂျီယူက နန်းတော်ရှေ့ တိုက်ပွဲတွင် ရှန့်ထိုစွမ်းအင်ကို ငှားရမ်းသုံးစွဲပြီး သတိလစ်သွားသည့် အခြေအနေနှင့် ဆင်တူပေသည်။

ယခု သူက တူညီသော အခြေအနေအား ရင်ဆိုင်နေရသည်။

သို့သော်လည်း သူကား အကျိုးဆက်ကို စဉ်းစားရန် အချိန်မရှိပေ။ အကန့်အကတ်မဲ့ စိတ်စွမ်းအားများက သူ၏ထိန်းချုပ်မှုမှ လွတ်မြောက်လုနီးပါး ဖြစ်နေသည်။ သူက မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားကာ ကု့ချင်းသံစဉ်ကို တည်တည်ငြိမ်ငြိမ် တီးခတ်သည်။ ကု့ချင်းသံစဉ်များက စုစည်းလာကြကာ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်မုန်တိုင်းတစ်ခု အသွင် ပြောင်းသွားသည်။ တဖြည်းဖြည်းဖြင့် ထိုစိတ်ဝိညာဉ် မုန်တိုင်းက ရှေးနတ်ဘုရားပုံစံ ဖြစ်တည်လာ၏။

ထိုအရာကား ရှီနန်းတော်၏ လျှို့ဝှက်သီးသန့် ပညာရပ်ဖြစ်သော အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအားဖြစ်သည်။

ယခုကား ထိုအရာကို ရီဖူရှင်း၏ကု့ချင်းသံစဉ်မှ ဖန်ဆင်းခဲ့သည်။

ဆင့်ခေါ်ခြင်း ခံရသော ရှေးနတ်ဘုရားကား ရုပ်လုံး တဖြည်းဖြည်း ပေါ်လာကာ နေမင်းကိုပင် ကွယ်ပျောက်သွားအောင် ကြီးမားပေသည်။ သူက စစ်တပ်နှစ်ခု၏ အကြားတွင် ဖြစ်ပေါ်လာကာ တိုက်ခိုက်နေသူများ အားလုံးက အံ့အားသင့်စွာဖြင့် မော့ကြည့်ကြရသည်။ ကြောက်မက်ဖွယ် စိတ်စွမ်းအားများက ရှေးနတ်ဘုရားထံမှ ပျံ့လွင့်လာနေ၏။

ဧရာမ ရှေးနတ်ဘုရားတွင် အကန့်အသတ်မဲ့သော လောကဓာတ်များ စီးဆင်း ဖြစ်တည်နေသည်။ ခရမ်းရောင် လျှပ်စီးဓာတ်များက ကောင်းကင်တွင် တဖျတ်ဖျတ် လက်သွားကာ ဖျက်ဆီးအားပြင်း လျှပ်စီးကြောင်းများက ရှေးနတ်ဘုရား၏ လက်ချောင်းလေးများ၌ လှည့်ပတ် စီးဆင်းကြသည်။ လျှပ်စီးကြောင်း တစ်ခုစီက နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်အလား ထင်မှတ်ရ၏။

ရှေးနတ်ဘုရားက သူ၏လက်ကို ဆန့်တန်းကာ ရွှမ်ဝူဝင်္ကပါထံသို့ အကန့်အသတ်မဲ့ လျှပ်စီးများကို သယ်ဆောင်၍​ ရိုက်နှက်သည်။ ကမ္ဘာပျက်ဖွယ် ရိုက်ချက်နှင့်အတူ ဝင်္ကပါက ကြီးစွာ လှုပ်ယမ်းသွားပြီး လျှပ်စီးကြောင်းများက ရွှမ်ဝူဝင်္ကပါကို ဆက်လက် စီးဆင်းသွားကြကာ ဝင်္ကပါအတွင်းမှ လူများအားလုံးကို တုန်ယင် စေခဲ့သည်။

“ဂျီယူ…” ကု့ချင်း တီးခတ်နေသော ရီဖူရှင်းက သူမအား ခေါ်သည်။ ဟွာဂျီယူ၏စိတ်က သူမနှင့်ပေါင်းစပ်နေပြီး ဖြစ်ရာ သူမကလည်း အလိုက်တသိပင် လေထဲကို ခုန်တက်သွားပြီး သူမ၏အပြင်းစား ကျာပွတ်ရိုက်ချက်အား ရွှမ်ဝူဝင်္ကပါသို့ ထုတ်လွှတ်လိုက်သည်။ ကျာပွတ်ရိုက်ချက်က လျှပ်စီးမျက်နှာပြင်ကို ထိရိုက်မိသည်တွင် ဝင်္ကပါအား ထပ်မံ၍ ပြင်းပြင်းထန်ထန် တုန်ခါစေသည်။

ချက်ချင်းပင် ရွှမ်ဝူဝင်္ကပါမှ လူများစွာက ညည်းညူ အော်ဟစ်ကာ အပြင်ကို လွင့်စဉ် သွားကြသည်။ ဝင်္ကပါအတွင်းမှ တန်ခိုးရှင်များစွာက အပြင်ကို လွင့်စဉ် သွားကြသည်တွင် ရွှမ်ဝူဝင်္ကပါမှာလည်း ပျက်စီး သွားရတော့သည်။

ဖန်မူကား အလယ်တွင်ရပ်ကာ သူ့လူများ လွင့်စဉ်သွားသည်ကို ကြည့်နေသည်။ သူ၏ စိတ်နယ်ပယ်ကို ရိုက်ခတ်လာသော ကြောက်မက်ဖွယ် စိတ်ဝိညာဉ် အားလှိုင်းကို ခံစားမိသည်တွင် သူ၏မျက်နှာက ပြာနှမ်းသွားသည်။ သူက ရီဖူရှင်းကို တိုက်ခိုက်ရာတွင် ဤသို့ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်ဟု မထင်ထားပေ။

ဟူး…

ဖန်မူက နောက်ဆုတ်ကာ ထွက်ပြေးရန် ကြိုးစားသည်။ ရွှမ်ဝူဝိညာဉ် ပေါ်လာကာ သူ့အား ရစ်ပတ် ကာကွယ်သည်။ ယခုကား သူ၏အတွေးထဲတွင် ပြေးရန်မှတပါး အခြားမရှိတော့ပေ။

“ခင်ဗျားက ဘယ်ကို သွားမလို့လဲ…” ရေခဲတမျှ အေးစက်သော အသံတစ်သံ ထွက်လာသည်။ ဖန်မူက မော့ကြည့်လျှင် ရှေးနတ်ဘုရားကို မြင်၏။ ရှေးနတ်ဘုရား၏ မျက်လုံးများက နက်ရှိုင်းသော ကြယ်ပွင့်အလား ထင်မှတ်ရကာ ရီဖူရှင်း၏မျက်လုံးနှင့် အလားသဏ္ဌာန်ရသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် အားလှိုင်းက သူ၏ စိတ်နယ်ပယ်ထဲကို တိုးဝင်လာသည်။ နောက်ထပ် သူ ခံစားလိုက်ရသည်ကား သူ့စိတ်ဝိညာဉ်ထံမှ ပြင်းထန်သော နာကျင်မှု ဖြစ်သည်။

ဘုန်း…

ရှေးနတ်ဘုရား၏ လက်ဝါးရိုက်ချက်က ရွှမ်ဝူထံကို ကျဆင်းလာသည်တွင် ရွှမ်ဝူဝိညာဉ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ဖန်မူ၏ပါးစပ်မှ သွေးများ ယိုစီးကျလာသည်။ သူ၏အမူအရာကား အလွန်အမင်း ပျက်ယွင်း နေလေပြီ။

“ကျုပ် တိုက်ပွဲက နုတ်ထွက်တယ်…” ဖန်မူက ထိတ်လန့် ကြောက်ရွံ့ခြင်း ကြီးစွာဖြင့် အော်ဟစ်သည်။ သူက ဆက်လက်၍​ တိုက်ခိုက်လျှင် သေချာပေါက် သေရပေမည်။

လေပြင်းတစ်ချက် ရိုက်ခတ်သံနှင့်အတူ ဟွာဂျီယူ၏ နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်က တစ်ဖန် ကျဆင်းလာပြန်သည်။ နောက်ထပ် ကျာပွတ်သံတစ်ချက်နှင့်အတူ ဖန်မူကား လျှပ်စီးမိုးကြိုးဖြင့် ရိုက်နှက်ခံရသလို ခံစားလိုက်ရ၏။ သူ၏စိတ်ဝိညာဉ်ကား ပျက်စီးလုနီးပါး ဖြစ်လာသည်။

“သေစမ်း…” ရီဖူရှင်းက ခေါင်းမော့ကာ ဖန်မူထံသို့ သတ်ဖြတ်လိုသော အငွေ့အသက် ပြင်းထန်စွာဖြင့် ကြည့်သည်။

နန်းတော်ကို လာရောက် ဖျက်ဆီးသော မည်သူ့ကိုမဆို သူက သတ်မည်ဖြစ်သည်။

ဘန်း…

နောက်ထပ် ပြင်းထန်သော ရိုက်ချက် တစ်ချက်နှင့်အတူ ဖန်မူ၏ သက်စောင့်ဝိညာဉ်က သူ၏ရုပ်ခန္ဓာနှင့်အတူ အပိုင်းပိုင်းအစစ ကြေလွင့်သွားသည်။ နောက်ထပ် နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်တစ်ချက်တွင် စူးရှသော အော်သံတစ်သံနှင့်အတူ သူ၏စိတ်ဝိညာဉ်ကလည်း ကြေပျက်သွားကာ ကမ္ဘာလောကကြီးမှ အပြီးတိုင် ပျောက်ကွယ် သွားတော့၏။

ထိုမြင်ကွင်းကို ကြည့်ကာ ဒဏ်ရာ ပြင်းထန်စွာ ရနေကြပြီဖြစ်သော ရွှမ်ဝူဝင်္ကပါမှ လူများအားလုံးက ကြောက်ရွံ့ ထိတ်လန့်နေကြပြီ ဖြစ်သည်။

ကျောက်ပြည်ထောင်၏ စစ်ကြောင်း ခေါင်းဆောင် တစ်ယောက်ဖြစ်သော ဖန်မူကား မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော် တိုက်ပွဲ၌ သေဆုံးခဲ့ရပြီ ဖြစ်သည်။

ဘန်း…

လေထဲတွင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က သူ၏စစ်တုရင် နယ်ရုပ်တစ်ရုပ်အား စစ်တုရင်ခုံထက်ကို ပြင်းထန်စွာ ချသည်။ သူ၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်သော ကိုယ်ရောင် ကိုယ်ဝါများ ထွက်လာ နေသည်။ ဖန်မူက တော်ဝင်သွေး မပါသော်လည်း သူကား ဖီးနစ်စစ်တပ်မှ စစ်ကြောင်း ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ ကျောက်ပြည်ထောင်တွင် သူ၏ အဆင့်အတန်းက အလွန် မြင့်မားသော်လည်း ယခု သူက တော်ဝင်ကျဲ နန်းတော်၌ သေဆုံးခဲ့ရသည်။ ထို့အပြင် တော်ဝင်စစ်ပွဲကလည်း သူထင်သလို ဖြစ်မလာခဲ့ပေ။ မြေရိုင်းပြည်နယ်၏ အင်အားနှင့် စိတ်ဓာတ်က သူမျှော်လင့် ထားသည်ထက် အလွန် မြင့်မားနေသည်။

“ခင်ဗျား ဘယ်လိုထင်လဲ…” ကျေးရွာ ခေါင်းဆောင်က နယ်ရုပ်ကို ရွှေ့ကာ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်အား ကြည့်သည်။ သူကလည်း ရီဖူရှင်းနှင့် နန်းတော်မှ တန်ခိုးရှင်များ၏ စွမ်းဆောင်ရည်များကို အံ့အားသင့် ရပေသည်။

“ကျုပ် လူတစ်ယောက် အသတ်ခံရတယ် ဆိုတော့မယ့် ခင်ဗျားတို့ တိုက်ပွဲဝင်္ကပါကလည်း အဖော်လိုက်ပါ ရလိမ့်မယ်…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ရည်ညွန်းသည်ကား ထောင်ကျန်း၏ ကောင်းကင်ဝင်္ကပါ၌ကို ဆိုလိုပေသည်။

ကျေးရွာ ခေါင်းဆောင်ကလည်း ကောင်းကင်ဝင်္ကပါကို လှမ်းကြည့်သည်။

တစ်ချိန်တည်းမှာပင် ထောင်ကျန်းက ဝင်္ကပါမှ စွမ်းအားများကို သူ့ထံ၌ စုစည်းထား၏။ သို့သော်လည်း ကျောက်မင်၊ ကျောက်ဟောင်နှင့် ဝူလျန်တို့က သုံးဖက်ညှပ်ကာ သူ့အား တိုက်ခိုက် နေကြသည်။

မာန်သွင်းသံ တစ်ချက်နှင့်အတူ ထောင်ကျန်းခန္ဓာက တစ်ဖန် ဖြစ်ပေါ်လာပြန်သည်။ ဧရာမ တိုက်ခိုက်ရေးပုံစံက ဧရာမထုထည်ကို ပိုင်ဆိုင်ထားကာ အကန့်အသတ်မဲ့သော စွမ်းရည်ကို သိုလှောင်ထားဟန် ရ၏။

သို့သော်လည်း ရှန့်ထို လက်နက်များကို ပိုင်ဆိုင်သော တန်ခိုးရှင် သုံးယောက်၏ တိုက်ခိုက်မှုများက ထောင်ကျန်း ခန္ဓာကိုယ်ကို ကျဆင်းလာသောအခါ အကန့်အသတ်မဲ့ ခန္ဓာပင် ခုခံအားမဲ့ရသည်။ ရွှေဖီးနစ်ဓား၊ အဆုံးမဲ့ဓားရတနာတို့က ထောင်ကျန်းခန္ဓာကို တစ်ဖန်လာရောက် ခုတ်ထစ်ကြသည်။ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများက သူ၏ဧရာမ ခန္ဓာကိုယ်ပေါက်ကို ကျဆင်းလာသည်တွင် သူ၏ အတွင်းကလီစာများပင် ယိုယွင်း ပျက်စီးလာရသည်။ ရွှေဖီးနစ်ဓားအသိက သူ၏ရှန့်ထိုချပ်ဝတ်ကို ဖြတ်သန်း စီးဆင်းသွားကာ သူ၏ခန္ဓာကိုယ်အား အပိုင်းအပိုင်းအစစ ဖြစ်လာတော့မည့် အလား ခံစားရစေသည်။

တော်ဝင်ချပ်ဝတ် ရတနာကား သွေးများဖြင့် နီရဲနေကာ ထောင်ကျန်း၏ ကိုယ်ရောင်ကိုယ်ဝါ ကလည်း တည်ငြိမ်နိုင်ခြင်း မရှိတော့။ သူ၏ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကပင် ထိုမျှပြင်းထန်သော တိုက်ခိုက်မှုများအား တောင့်ခံနိုင်ရန် မလွယ်ကူပေ။

“အစ်ကို … ကျုပ်ခုခံမယ်…” ကျင့်ကန်းက စိုးရိမ်ထိတ်လန့်စွာ ပြောသည်။ ထိုကြီးမားသန်မာသော ခန္ဓာကိုယ်ကား စစ်မြေပြင်အတွက် အချိန်တစ်ခုရရန် အရာခပ်သိမ်းအား တောင့်ခံနေရသည်။

“ဖန်မူ သေသွားပြီ…” ထိုအခိုက်တွင် ကျောက်မင်က တခြား အရပ်တစ်ခုကို ကြည့်ကာ ပြောသည်။ သူ၏အမူအရာကား အေးစက်နေသည်။ ရွှမ်ဝူဝင်္ကပါ၏ ပင်မခေါင်းဆောင်ကား တိုက်ပွဲ၌ ကျဆုံးခဲ့ရပြီ ဖြစ်သည်။

ရီဖူရှင်းက အမှန်ပင် ဧရာမ ရှေးနတ်ဘုရားကြီး တစ်ပါးကို ဖန်ဆင်း တိုက်ခိုက်ခဲ့သည်။ ကျောက်ပြည်ထောင်၏ တခြား စစ်တပ်များမှာလည်း စစ်မြေပြင်၌ အရေးနိမ့်နေ၏။

ထောင်ကျန်းကလည်း ထိုအရာများကို မြင်ပေသည်။ တစ်ဖက် စစ်မြေပြင်ကို လှမ်းကြည့်ရင်း သူ၏မျက်နှာ၌​ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့က ရန်သူ၏ အစိတ်အပိုင်း တစ်ခုကို ဖယ်ရှားပြီးဖြစ်သည်။ ယခုကား နန်းတော်၏စစ်နိုင်ရန် အခွင့်အလမ်းက ပိုများလာပြီ ဖြစ်သည်။ မှန်သည်… သူက ကောင်းကင်ဝင်္ကပါဖြင့် အတတ်နိုင်ဆုံး တောင့်ခံ ရပေဦးမည်။

“ခင်ဗျားတို့နှစ်ယောက် … သူ့ကိုသတ်…” ကျောက်မင်က ကျောက်ဟောင်နှင့် ဝူလျန်ကို ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ တစ်ဖက် စစ်မြေပြင်ဘက်ကို လှမ်းသွားရန် ပြင်သည်။

“မင်းက ဘယ်ကို သွားမလို့ ကြံနေတာလဲ…” ထောင်ကျန်းက ရှေ့ကို တက်လာသည်တွင် ဝင်္ကပါကလည်း သူနှင့်အတူ လိုက်ပါလာသည်။ သူက ကျောက်မင်ထံသို့ လျှောက်လာကာ အရှိန်အဝါ ကြီးမားစွာဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

“မင်းက သေချင်နေတာပဲ…” ကျောက်မင်က ဒေါသတကြီး ပြောသည်။ လေပြင်း တစ်ချက်တွင် အချိန်နှင့် အာကာသက ကွဲအက်သွားပြီး လက်ဝါး ပုံရိပ်မှာလည်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။ သို့သော်လည်း ထောင်ကျန်းက လက်လျှော့ဟန် မရှိပေ။ သူက လက်ဝှေ့ယမ်း လိုက်သည်တွင် မရေမတွက်နိုင်သော လက်ဝါး ပုံရိပ်များဖြစ်ပေါ်လာကာ တစ်ဖက်လူထံသို့ မိုးသီး မိုးပေါက်များအလား ကျဆင်းလာသည်။ ကျောက်မင်၏ နောက်မှ ဧရာမ အတောင်ပံကြီးက စကြာအလား လည်ပတ်သွားပြီး လက်ဝါးများအား အဆက်မပြတ် ဖြတ်တောက်သည်။

“အစ်ကို… သတိထား…” အလင်းတန်းတစ်ခုက ထောင်ကျန်းထံကို တိုးဝင်လာသည်တွင် ကျင့်ကန်းက သတိပေးသည်။ ထောင်ကျန်းကား ကျောက်မင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေရာ ရှောင်တိမ်းရန် အချိန်မရှိပေ။ ဖီးနစ်ဓားက ထောင်ကျန်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိုးနှက်လာသည်။ ဓားက ရှန့်ထိုချပ်ဝတ် ရတနာကြောင့် အသားထဲ ထွင်းဖောက် မသွားသော်လည်း ကြောက်မက်ဖွယ် ဓားအသိက သူ၏ခန္ဓာကိုယ်ကို ဆင်လက် စီးဆင်း သွားတော့သည်။

ထောင်ကျန်းက အဆက်မပြတ် သွေးများ အန်ကျကာ သူ၏ ကလီစာများမှာလည်း တစ်စစီ ကြေပျက် သွားသည့်အလား ခံစားရသည်။

ရီဖူရှင်းနှင့် ယူချင်းတို့အား သင်ပေးစဉ်က သူပြောခဲ့သော စကားများအား ပြန်အမှန်ရမိသည်။ ကာယပိုင်းဆိုင်ရာ လေ့ကျင့်သူများက တစ်ဖက်လူများ၏ တိုက်ခိုက်မှုများအား ခံနိုင်ရည်ရှိကာ တခြားလူများမူကား ကာယအားပြု တန်ခိုးရှင်များ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိပေ။

သို့သော်လည်း သည်တစ်ခေါက်ကား ကွဲပြား ခြားနားပေသည်။ ယခုကား သူကိုယ်တိုင်ပင် နောက်ထပ် တိုက်ခိုက်မှုများကို ခံနိုင်ရည် မရှိတော့ပေ။

“အစ်ကို…” ကျင့်ကလန်း၏ မျက်နှာက ပြာနှမ်းလာသည်။ သူက ဝင်္ကပါ၏ပင်မနေရာကို လွှဲပြောင်း ရယူလိုသော်လည်း ယခုတွင် ခက်ခဲနေပြီ ဖြစ်သည်။

တစ်ဖက်လူက သူ၏အစ်ကိုအား သတ်ရန် အခွင့်အရေးအား မည်သို့ လက်လွှတ် မည်နည်း။

“ငါသေရင် မင်းတို့ ဆက်တာဝန်ယူ…” ထောင်ကျန်းက ကျယ်လောင်စွာ ပြောသည်။ သူ၏အသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှ ရောင်စဉ်ရောင်ဝါများ တစ်ဖန် ထွန်းလင်း လာတော့သည်။

မပြည့်စုံသော ကောင်းကင်ဘုံ ကျမ်းကား သူ လေ့ကျင့်သော ပညာရပ်ဖြစ်သည်။

မပြည့်စုံဟူသော စကားရပ်က ဘာကို ဆိုလိုသနည်း။

အမှန်တကယ်ကား သူက ရီဖူရှင်းနှင့် ယူချင်းကို မသင်ပေးခဲ့သော ပညာရပ်တစ်ခု ရှိပေသည်။ ထိုအရာကား မပြည့်စုံသော ကောင်းကင်ဘုံကျမ်း၏ နောက်ဆုံး ပညာရပ်ဖြစ်သော ပျက်စီးခြင်း ကောင်းကင်ဘုံ နည်းစနစ်ဖြစ်သည်။

ထိုနည်းစနစ်က ပါရမီဗီဇအား လောင်ကျွမ်းစေလျက် ရုပ်ခန္ဓာ၏ အကန့်အသတ်ကို ကျော်လွန်စေခြင်း ဖြစ်သည်။

ချက်ချင်းပင် အဆုံအစမဲ့သော စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲကို တိုးဝင်စီးဆင်း လာကြတော့သည်။ သူ့ခန္ဓာကိုယ်မှ ရောင်စဉ် ရောင်ဝါများက ကောင်းကင်ထက်သို့ပင် ထိုးတက်သွားကြ၏။

ယခုကား ထောင်ကျန်း၏ စိတ်နေ သဘောထားကား အမှားကင်းပေသည်။ ထိုနေရာကို လွှမ်းခြုံ၍ အဆင့်လွန် စိတ်ဝိညာဉ် အားတစ်ခု ဖုံးလွှမ်းလာသည်။

ကျယ်ပြန့်သော မြေနေရာ၌ ထိုစွမ်းအင်နှင့် ဆက်စပ်နေသော နောက်ထပ် အင်အားတစ်ခု ဖြစ်ပေါ်လာဟန် ရသည်။ ကောင်းကင်၌​ ထူးခြားသော မုန်တိုင်းများ စတင်ဖြစ်ပေါ်လာသည်။ မုန်တိုင်းက လောကဓာတ်များနှင့် အလားသဏ္ဌာန်ရကာ ထောင်ကျန်း၏ ခန္ဓာကိုယ်ထံသို့ စတင် စီးဆင်းလာကြရာ ထောင်ကျန်း၏ အမူအရာက ပြောင်းလဲသွားပြီး ကောင်းကင်ထက်ကို ကြည့်သည်။

ကောင်းကင်ဘုံက သူ့အား လှည့်စား ခဲ့သည်လား။

ယခုတွင် ကျောက်ပြည်ထောင်ဘုရင်မင်းမြတ်နှင့် ကျေးရွာခေါင်းဆောင်တို့က စစ်တုရင် ကစားနေကြဆဲ ဖြစ်သည်။ သူတို့၏အကြည့်က မြေပြင်မှ ထောင်ကျန်းထံကို ရောက်လာသည်။ သူ၏ခံယူချက်က အမှားကင်းရာ သူ့အား ရှန့်ထိုအဆင့်သို့ တက်လှမ်းစေရန် အတွက် ကောင်းကင် ပြစ်ဒဏ်က ရောက်လာရသည်။

“ဟား.. ဟား.. ဟား..”

ထိုနေရာကို ပျံ့လွင့်လာသော ရယ်သံတစ်သံကို ကြားရသည်။ ထောင်ကျန်းက ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်စွာ ပြောသည်… “ကျုပ်က ကောင်းကင်ဘုံကို မေးချင်တယ်… ကျုပ်ဘဝမှာ ကျုပ်နှလုံးသား နောက်ကို ဘယ်နှခါယုံကြည်ပြီး တကယ်တမ်း လုပ်ဆောင်ခဲ့သလဲ… အခု ကျုပ်က လုပ်နိုင်ခဲ့ပြီ ဆိုမှတော့ သေခြင်းတရားကိုလည်း ကြောက်ရွံ့စရာ မရှိတော့ဘူး…”

ကောင်းကင်က သူ့အား မသေမီ တော်ဝင်လမ်းကို ခံစားသိရှိစေခဲ့မှတော့ သူ့ဘဝတွင် နောင်တရစရာ မရှိတော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset