Switch Mode

အပိုင်း(၈၃၆)

စိတ်ဓာတ်တိုက်ပွဲ

ကျောက်မင်က စစ်မြေပြင်ကို စောင့်ကြည့်နေဆဲ ဖြစ်သည်။ ကျူးကော့ချန်းဖန်နှင့် ယူစီတို့က ရီဖူရှင်းကို ကူညီကာ ကျောက်ပြည်ထောင်၏ အထောက်အပံ့များကို တားဆီးသည်တွင် သူတို့က ဤတိုက်ပွဲအား တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ရမည် ဖြစ်ကြောင်း နားလည်လိုက်သည်။

ရီဖူရှင်း၏ ဝင်္ကပါဖွဲ့စည်းမှုက ဤမျှ အားကောင်းမည်ဟု မည်သူ ထင်မည်နည်း။ သူတို့က မှော်ပညာ အားကောင်းစွာ ထိန်းချုပ်ကာ ရွှမ်ဝူအား ပိတ်ဆို့ ထားနိုင်ခဲ့သည်။ သို့သော်လည်း ကျောက်ပြည်ထောင်၏ စစ်အင်အား အသာစီး ရနေသော အချိန်၌ ရွှမ်ဝူဝင်္ကပါကို ဖျက်ဆီးရန်မှာ အလွန် ရည်မှန်းချက် မြင့်မား နေသေးပေသည်။

“ကျောက်ပြည်ထောင်က တန်ခိုးရှင်တွေ… အမိန့်နာခံကြ… ရီဖူရှင်းနဲ့ အပေါင်းအပါကို ဖျက်ဆီး ချေမှုန်းကြ…” ကျောက်မင်က အမိန့်ပေးသည်။ ရုတ်တရက် ကျောက်ပြည်ထောင်မှ အင်အားစုများ အားလုံးက စတင်၍ ရီဖူရှင်းထံသို့ ချီတက် လာကြတော့သည်။ သိပ်မကြာခင် စစ်တပ်က ရှေ့ကို ဖိအားပေးလာရာ ကျောက်ပြည်ထောင် စစ်တပ်နှင့် တော်ဝင်ကျဲနန်းတော် စစ်တပ်တို့က ပြင်းပြင်းထန်ထန် ရင်ဆိုင် တိုက်ခိုက် ကြရတော့သည်။

စစ်ပွဲကို လာရောက် ကြည့်ရှုသော ပရိသတ်များပင် စိတ်လှုပ်ရှား နေကြသည်။ သူတို့က ဘေးမှ ကြည့်နေကြသူများ ဖြစ်ကြသော်လည်း သူတို့ကလည်း အလွန်အမင်း စိုးရိမ်ကာ လက်သီးများကိုပင် ဆုပ်ထားမိ ကြတော့သည်။

“တော်ဝင်ကျဲ နန်းတော်က အနိုင်ရမှဖြစ်မယ်…” တစ်ယောက်က တီးတိုး ပြောသည်။ ထိုအတွေးကား မြေရိုင်းပြည်နယ်မှ လူအများအပြား၏ ခေါင်းထဲတွင် ရှိသည်။ သူတို့က တိုက်ပွဲတွင်ပါဝင်ရန် စွမ်းရည် မရှိသော်လည်း ကျောက်ပြည်ထောင်ကား ကျူးကျော်သူ ဖြစ်သည်။ မြေရိုင်းပြည်နယ်၏ တန်ခိုးရှင်တစ်ယောက် အနေဖြင့် မြေရိုင်းပြည်နယ်ကို အနိုင်ရရှိစေလိုခြင်းမှာ သူတို့၏ သဘာဝကျသော ဆန္ဒဖြစ်ပေ၏။

ထို့အပြင် ယခုရီဖူရှင်းကား မြေရိုင်းပြည်နယ် တစ်ခုလုံး၏ လေးစား အားကျရသော လူငယ်ခေါင်းဆောင် ဖြစ်သည်။ သူက ယခင် တော်ဝင်ကျဲနန်းတော် ခေါင်းဆောင်၏ နေရာကို ဆက်ခံခဲ့ကာ မြေရိုင်းပြည်နယ် တစ်ခုလုံးက သူ့လက်အောက်၌ စုစည်းမိခဲ့ကြသည်။ ကောလာဟလများအရ ရီဖူရှင်းက သူ၏လက်ထပ်ပွဲ၌ တော်ဝင်ကျဲနန်းတော်ကို ဆက်ခံရန် သဘောတူစဉ်၌ မြေရိုင်းပြည်နယ် တစ်ခုလုံးက သူ့အား လာရောက် ဂုဏ်ပြုခဲ့ကြသည် ဆို၏။

ရီဖူရှင်းကလည်း မြေရိုင်းပြည်နယ်ကို စိတ်မပျက်စေခဲ့ပေ။ ၂နှစ်မျှ ကာလတို အတွင်း၌ ရီဖူရှင်းက မြေရိုင်းပြည်နယ် ပြင်ပကို ထွက်ကာ ပြည်နယ်ကိုးခု ညီလာခံ၌ ပထမဟူသော ဂုဏ်ပုဒ်ကို ရယူခဲ့သလို သူတို့၏ စိတ်ကူး အိပ်မက်ထဲတွင်သာ မြင်ခွင့်တွေ့ခွင့်ရှိသော ရှန့်ထို တန်ခိုးရှင်ကိုပင် သတ်ဖြတ်ခဲ့သည်။ ထိုမျှသာမက မြေရိုင်းပြည်နယ်သို့လည်း ရှန့်ထိုတစ်ပါးကို ခေါ်ဆောင်လာခဲ့ကာ စစ်မှန်သော တော်ဝင်မြေ ဖြစ်စေခဲ့သည်။

ထိုအရာများ အားလုံးက မြေရိုင်းပြည်နယ်၏ တိုးတက် ထွန်းပြောင်မှု အစကနဦးမျှသာ ဖြစ်ပေသည်။ သူ့အား အချိန်တစ်ခုသာ ပေးခဲ့ပါက မကြာခင် မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခုလုံးကို နာမည်ကျော်ကြား ထင်ရှား လာတော့မည်မှာ သေချာပေသည်။

ထို့ကြောင့်ပင်လျှင် တော်ဝင်ကျဲနန်းတော်က ကြီးမားသော အတားအဆီးများကို ကြုံတွေ့ရခြင်း ဖြစ်ပေမည်။ ကျောက်ပြည်ထောင်က သူတို့၏ကြီးမားသော အင်အားဖြင့် မြေရိုင်းပြည်နယ်ကို လာရောက် တိုက်ခိုက်သော အခါတွင်လည်း မြေရိုင်းပြည်နယ်၏ ထိပ်သီး အင်အားစု အများစုက လာရောက် ကူညီခဲ့ကြသည်။ ထိုအရာက ယုံကြည်မှုကို အခြေခံပေသည်။

ယခု သူတို့က တိုက်ပွဲကို မြင်ကြရပြီ ဖြစ်သည်။ သူတို့အားလုံးက စိတ်လှုပ်ရှား ကြရကာ တော်ဝင်ကျဲ နန်းတော်က ကျောက်ပြည်ထောင်ကို အနိုင်ရနိုင်မည်ဟု မျှော်လင့်ချက်များ ရှိလာကြသည်။

“နိုင်လိမ့်မယ်…” တစ်ယောက်က ဖြေသည်။

ခွန်ယို ဦးဆောင်သော ကျိရှမ်းကမ်းပါး တန်ခိုးရှင်များနှင့် လျူကျောင်း ဦးဆောင်သော ရှီဟွာတောင် တန်ခိုးရှင်များ အားလုံးက မသက်မသာ ခံစားနေကြရသည်။ မြေရိုင်းပြည်နယ်၏ ပြင်းထန်သော စိတ်ဓာတ်က သူတို့အား အံ့အားသင့် စေခဲ့သည်။ သို့သော်လည်း ကျောက်ပြည်ထောင်က စစ်မြေပြင်တွင် အလေးသာနေဆဲ ဖြစ်သည်။ သူတို့၏ မဟာစစ်တပ်ကြီးက ရီဖူရှင်းထံကို ဖိအားပေး လာသည်တွင် ရီဖူရှင်းက ရွှမ်းဝူဝင်္ကပါကို ဖျက်ဆီးနိုင်ခဲ့လျှင်ပင် သေချာပေါက် အရေးနိမ့်ရပေမည်။

ထို့အပြင် ကျောက်မင် ဦးဆောင်သော ဖီးနစ်စစ်သူရဲများက ရီဖူရှင်းကို တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုကြပေ။ သူတို့က ကောင်းကင်ဝင်္ကပါထံသို့ ဦးတည် ပျံသန်းသွားကြသည်။ အကယ်၍ ​သူတို့က ရွှမ်ဝူစစ်တပ်ကို အကူအညီပေးလိုလျှင် ကောင်းကင်ဝင်္ကပါ၏ဟန်ချက်ကို ဦးစွာ ဖြတ်တောက် ရပေမည်။

ယခုကား လေထဲတွင် ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်နှင့် ကျေးရွာ ခေါင်းဆောင်တို့က စစ်မြေပြင်နှင့် လားလားမျှ မသက်ဆိုင်သည့်အလား စစ်တုရင် ကစားနေကြသည်။

ကျောက်ပြည်ထောင်က စစ်တုရင်နယ်ရုပ်အား ချလိုက်သည်။ သူ၏စစ်တုရင် ကစားဟန်ကား ရဲတင်းကာ ရုန့်ရင်း ကြမ်းတမ်းသည်။

“ကျုပ်က တစ်ခါမှ မမြင်ဖူးပေမဲ့ အင်ပါယာရှားပြီးရင် အတော်ဆုံးလို့ နာမည် ကျော်ကြားတဲ့ မရဏဓားနတ်မယ်အပေါ် လေးစား အားကျမိတယ်…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က စစ်တုရင်နယ်ရုပ် တစ်ရုပ်ကို ထပ်ချလိုက်ကာ ပြောသည်… “ဒါပေမဲ့ သူမက သေသွားပြီးပြီဖြစ်လို့ ဓားအစေခံသာ ဖြစ်တဲ့ ခင်ဗျားက သူမရဲ့ဆက်ခံသူကို ရွေးချယ်မယ်ဆိုရင် ပြည်နယ်ကိုးခုမှာ ရှန့်ထိုတွေ အများကြီးရှိသလို အရှေ့ဘက် ပြည်နယ်မှာလည်း ရှိတယ်… ခင်ဗျားက ဆက်ခံသူရွေးဖို့ ဘာလို့ ခေါင်းရှုပ်ခံနေမှာလဲ… ပြည်နယ်ကိုးခု မှာလည်း တော်ဝင်လမ်းကို လျှောက်လှမ်းနိုင်တဲ့ ပါရမီရှင်တွေ အများကြီးရှိတယ်…”

“ဒါဆိုလည်း စစ်တုရင်ရှန့်ထိုက ဆက်ခံသူ ဖြစ်ခဲ့သင့်တာပေါ့… ဘယ်လိုပြောပြော သူက ပြည်နယ်ကိုးခုမှာ ဝင်္ကပါနဲ့ပတ်သက်ရင် နံပါတ်တစ်လို့ သတ်မှတ် ထားကြတာပဲ…” သူက တိတ်ဆိတ်စွာ ပြောသည်… “ကံမကောင်းတာက စစ်တုရင်ရှန့်ထိုက ဓားဝင်္ကပါရဲ့ လျှို့ဝှက်ချက်ကို အဖြေမရှာနိုင်ခဲ့ဘဲ ရီဖူရှင်းက လုပ်နိုင်ခဲ့တယ်… ဒါကပဲ အဓိကအချက်ပဲ…”

“ဒါက ပုံပြင်ဟောင်း တစ်ပုဒ်ပါပဲ…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ပြုံးလျက် သရော်ဟန်ဖြင့် ပြောသည်… “အဲဒါက ဘာကို သက်သေပြနိုင်မှာ မို့လို့လဲ…”

“အသက် ပိုကြီးလာတဲ့အခါ ဒီပုံပြင်ကို ကြိုက်လာလိမ့်မယ်…” ကျေးရွာ ခေါင်းဆောင်က ပြုံးလျက် ပြောသည်။

“ကျုပ် မကြိုက်ဘူး…” ကျောက်ပြည်ထောင် ဘုရင်က စစ်တုရင်နယ်ရုပ် တစ်ရုပ်အား ပြင်းထန်စွာ ချလိုက်ရင်း ပြောသည်။

“ခင်ဗျားက ကြိုက်သည်ဖြစ်စေ… မကြိုက်သည်ဖြစ်စေ… ကျုပ်နဲ့မဆိုင်ဘူး…” အဘိုးအိုက တည်ငြိမ်စွာ ပြောသည်။ သူတို့ နှစ်ယောက်လုံးထံမှ ကြောက်မက်ဖွယ် ကောင်းသော တော်ဝင် အငွေ့အသက်များ ထွက်နေသည်။

“ကျုပ်က ခင်ဗျားကို မသတ်နိုင်ဘူးလို့ ထင်လား…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က တစ်ဖက်လူကို ကြည့်ကာ အေးစက်စွာ ပြောသည်။

“ဘယ်သတ်နိုင်ပါ့မလဲ…” ကျေးရွာ ခေါင်းဆောင်က မော့ကြည့်ကာ ပြောသည်… “ခင်ဗျားက ကျုပ်ထက် အားကောင်းရင်တောင်… ကျောက်ပြည်ထောင်ရဲ့ အားအကောင်းဆုံး ရှန့်ထိုနှစ်ပါးနဲ့ လာပြီး ကြိုးစားရင်တောင်… ကျုပ် ထွက်သွားချင်ရင် ဘယ်သူမှ တားလို့ မရဘူး…” သူ့ထံမှ အားကောင်းသော အာကာသဓာတ်များ စိမ့်ထွက်လာသည်။ သူကား ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်နဲ့ မတူပေ။ သူက ဂုဏ်သိက္ခာကို ဂရုမစိုက်သလို အနိုင်အရှုံးကိုလည်း ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်ကား သူ့ပန်းတိုင်ကို ရောက်ရန် တစ်လှမ်းချင်း မှန်မှန်လှမ်းရန်သာ ဖြစ်သည်။

“အရူးအိုကြီးပဲ…” ကျောက်ပြည်ထောင် ဘုရင်က ပြောသည်… “ဒါဆိုလည်း သူတို့ပျက်စီးတာကို ကြည့်ပေတော့…”

တိုက်ပွဲအတွင်း၌ ကျောက်မင်က ဖီးနစ်စစ်တပ်ကို ဦးဆောင်ကာ ထောင်ကျန်းထံသို့ သွားရောက် တိုက်ခိုက်သည်။ ဓားမိစ္ဆာက လက်ရှိတွင် ကျောက်ဟောင်နှင့် တိုက်ခိုက်နေပေသည်။ သူက ကျောက်မင်အား ထောင်ကျန်းကို သွားရောက် မတိုက်ခိုက်ရန် တားဆီးနေခြင်းလည်း ဖြစ်၏။

“ကျုပ် တာဝန်ထားလိုက်… ခင်ဗျားရဲ့ တာဝန်ကို မမေ့နဲ့…” ထောင်ကျန်းက ပြတ်သားစွာ ပြောသည်။ ဓားမိစ္ဆာ၊ စုရှမ်းနှင့် တခြားလူများ၏ မျက်လုံးများ စူးရှသွားကြသည်။ ထောင်ကျန်းက သူတို့အား စစ်မြေပြင်မှ ထွက်သွားစေလိုသည်။

တော်ဝင် စစ်ပွဲမတိုင်မီ ကတည်းက သူတို့အားလုံး နည်းဗျူဟာများကို ချမှတ်ခဲ့ကြကာ သည်နည်းဗျူဟာ၌ ထောက်ကျန်း၏ အဖွဲ့က အန္တရာယ် အများဆုံးလည်း ဖြစ်သည်။ သူတို့က စတေးခံရဖို့ များနေပေ၏။ ဓားသမားများဖြင့် ဖွဲ့စည်းထားသော ဓားဝင်္ကပါ၌ကား သူ၏ကိုယ်ပိုင် တာဝန်များ ရှိပေသည်။

“သွား…” ယန်ဟောင်က အော်ဟစ် လိုက်သည်တွင် ဓားမိစ္ဆာ၏ အမူအရာက ရုတ်တရက် ဆုံးဖြတ်ချက် ပြတ်သားသော ဟန်ပင်ဖြစ်လာသည်။ သူတို့က လက်ရှိတန်ခိုး အဆင့်သို့ ရောက်လာပြီး နောက်ပိုင်းတွင် သူတို့၏ စိတ်သဘောများကလည်း အလွန်အမင်း ပြတ်သား လာခဲ့သည်။ အချို့သော ဆုံးဖြတ်ချက်က အလွန် ကြောက်မက်ဖွယ် အခြေအနေသို့ ဦးတည် နေသည်ကို သိသည့်တိုင် သူတို့က ခိုင်မာစွာ ရှေ့ဆက် တိုးကြသည်သာ။

“ကျုပ်က ဝင်္ကပါကို ဦးဆောင်မယ်…” အသံတစ်သံကို ကြားကြရသည်။ သူကား ဓားဝင်္ကပါ အတွင်းရှိသော လူကိုးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူကား သင်္ချိုင်းကုန်း ကျေးရွာမှ ဓားသမား တစ်ယောက် ဖြစ်သော ကျန်ကျောင်း ဖြစ်သည်။ သူ၏စွမ်းရည်ကား ဓားမိစ္ဆာနှင့် စုရှမ်းတို့ထက် အားမနည်းပေ။ အမှန်က သူကပင် ပိုမို အားကောင်းဖွယ် ရှိသည်။

“ကောင်းပြီ…” ဓားမိစ္ဆာနှင့် စုရှမ်းတို့က ကျန်ကျောင်း၏ စွမ်းရည်ကို သိကြရာ ဓားဝင်္ကပါ၏ အဓိကနေရာအား သူ့ကို လွှဲပေးကြသည်။

ကျန်ကျောင်းက နတ်ဘုရားဓားကို ကိုင်ဆောင်ကာ ဗဟိုချက်မ၌ ရပ်သည်တွင် ဓားဝင်္ကပါတစ်ခုက ပြောင်းလဲလာကာ ကြောက်မက်ဖွယ် ကောင်းသော အာကာသဓာတ် စွမ်းအားတစ်ခုက ကောင်းကင်နှင့် မြေပြင်အကြား ဖြစ်ပေါ်လာ၏။

ကျောက်ဟောင်က ဖီးနစ်ဓားအား ဝှေ့ယမ်းလိုက်သည်။ အလွန် လင်းလက်သော ရွှေရောင်အလင်းတန်း တစ်ခုက လေဟာနယ်ကို ထွင်ဖောက်သွားကာ ဓားဝင်္ကပါသို့ ရောက်လာသည်။ သို့သော်လည်း အလင်းတန်းက ဓားဝင်္ကပါသို့ ရောက်လုနီးပါး အချိန်၌ပင် ဓားဝင်္ကပါက ရုတ်တရက် ထိုနေရာ၌​ ပျောက်ကွယ် သွား၏။

ရီဖူရှင်းအား ဝန်းရံ ဖိအားပေးနေကြသော အင်အားစုများအထဲ တစ်နေရာ၌​ ရုတ်တရက် အားကောင်းသော အရောင်အဝါတစ်ခု ထွက်ပေါ် လာခဲ့သည်။

“သတိထား…” တစ်ယောက်က အော်ဟစ်သည်။ သို့သော်လည်း ပြန်တုံ့ပြန်ရန် အချိန်ကား မရှိတော့ပေ။ အာကာသဓားက အရာအားလုံးကို ဖြတ်တောက် သွားကာ များစွာသော ရှီတန်ခိုးရှင်များအား လွင့်စဉ် သွားစေသည်။

ယခု ထိုဓားဝင်္ကပါ၏ တစ်ခုတည်းသော အလုပ်တာဝန်ကား တစ်ဖက်ခံစစ်ကို လျစ်လျူရှုကာ အဆက်မပြတ် သတ်ဖြတ်ရန်သာ ဖြစ်သည်။

ကျောက်မင်နှင့် ကျောက်ဟောင်တို့ ဦးဆောင်သော ဖီးနစ်သားရဲ စစ်တပ်ကား ကျောက်ပြည်ထောင်၏ အမြင့်ဆုံးသော အရည်အသွေးကို ပိုင်ဆိုင်ထားသော စစ်တပ်ဖြစ်ရာ အနိုင်ရရန် မလွယ်ကူပေ။ ထို့ကြောင့် သူတို့က အားနည်းသော နေရာများမှ စတင်၍ အမြစ်ဖြုတ်ရန် ကြိုးစားခြင်း ဖြစ်သည်။

“ဝင်္ကပါဖွဲ့ပြီး သူတို့ကို တားဖို့ ကြိုးစား…” တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်သည်။ သို့သော်လည်း ဓားဝင်္ကပါက စစ်တပ်အတွင်း နေရာတိုင်း၌ တွေ့ရသည်။ ဝင်္ကပါ ဖြတ်သွာသည့် နေရာတိုင်း၌လည်း သွေးရောင်များ လွှမ်းသွား၏။ ထိုကလန်များက အရှေ့ဘက်နယ်၏ အင်အားကြီး ကလန်များ ဖြစ်သည့်တိုင် စစ်မက်ရေးရာ၌ အတွေ့အကြုံ နည်းပြီး ပူးပေါင်း တိုက်ကွက်များတွင် အားနည်းသည်။ သူတို့က ဓားသမား ကိုးယောက်၏ ဓားဝင်္ကပါကို ခုခံနိုင်ရန် မဖြစ်နိုင်ပေ။

အချိန်ခဏ အတွင်းမှာပင် သူတို့က ကလန်တစ်ခု၏ အစုအဖွဲ့ထဲသို့ ရောက်လာခဲ့သည်။ ကျန်ကျောင်းက သူ၏ လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းသည်တွင် သူတို့ကို ရစ်ပတ်ထားသော ဓားဝင်္ကပါ အင်းကွက်က အပေါ်ကို မြင့်တက်သွား၏။ ဓားဝင်္ကပါထဲတွင် အဆင့်မြင် ရှီလက်နက် တစ်ခုက နတ်ဘုရားဓားနှင့် ပေါင်းစပ်သွားသည်ကို သူတို့က ဝေဝေဝါးဝါး မြင်တွေ့ရသည်။

“သူတို့ကို ဖျက်ဆီးပစ်…” ကျန်ကျောင်းက ပြောသည်။ များစွာသော ရှီတန်ခိုးရှင်များက နတ်ဘုရား ဓားအသိနှင့် ပေါင်းစပ်ထားသော သူတို့၏အဆင့်မြင် ရှီလက်နက်များကို ဝှေ့ယမ်းတိုက်ခိုက် ကြသည်တွင် သူတို့ ဖြတ်သန်း သွားသည့် နေရာတိုင်း၌​ အလောင်းများ ပုံထပ်လာသည်။

“နောက်ဆုတ်…” ထိုမြင်ကွင်းကို ကြည့်ကာ ကလန်ခေါင်းဆောင်က ကျယ်လောင်စွာ အမိန့်ပေးသည်။ သေဆုံးနေသူများကား သူ၏လူများ ဖြစ်ကြသည်။

ကျောက်ပြည်ထောင်က စစ်နိုင်လျှင်ပင် သူတို့အတွက် ဘာအကျိုးအမြတ်မှ မရှိပေ။ ထို့ကြောင့် သူတို့က စစ်ထဲတွင်ပါဝင်ရန် တွန့်ဆုတ်ကြခြင်း ဖြစ်သည်။ သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်၏အမိန့်ကို မည်သူမှ မလွန်ဆန်ရဲပေ။ ယခု သူတို့ ကလန်သားများ ဓာဝင်္ကပါ၏ သတ်ဖြတ်ခြင်းကို ခံနေရသည်တွင် နောက်ဆုတ်ရန်သာ စိတ်ကူးမိပေသည်။

တစ်ချိန်တည်းတွင် နောက်နေရာ တစ်ခု၌ မိစ္ဆာဓားကို ကိုင်ဆောင်ထားသော ဓားသခင်ကလည်း လူအုပ်ထဲကို ဝင်ရောက်ကာ တရကြမ်း တိုက်ခိုက်သည်။ သူက ရွှမ်ဝူဝင်္ကပါသို့ စစ်ကူသွားမည့် လမ်းကြောင်းများအာ ဖြတ်တောက်ရန် လိုပေသည်။

ကျောက်မင်က စစ်မြေပြင်ကို ထူးမခြားနားစွာ ကြည့်သည်။ ထို့နောက် ကောင်းကင်ဝင်္ကပါ အစုအဖွဲ့အား ကြည့်သည်။ ထိုအုပ်စုထဲတွင် ရီဖူရှင်း၏ ဆရာဖြစ်သော ထောင်ကျန်း၊ ယန်ဟောင်တို့ ပါဝင်ကြကာ သူတို့ နှစ်ယောက်လုံး ကလည်း ကောင်းကင်မြေရိုင်း ထိပ်သီး အဆင့်ဝင်များ ဖြစ်ကြသည်။

သူတို့က ရွှမ်ဝူဝင်္ကပါကို ဖျက်ဆီးရန် ကောင်းကင် ဝင်္ကပါအား စတေးကြမည်လား။

အမှန်ပင်… စစ်ပွဲတွင် နည်းလမ်းတိုင်းက တရားပေသည်။

ဤသို့ဆိုလျှင်လည်း ဖျက်ဆီးပါစေ…။

“တိုက်…” ကျောက်မင်က အမိန့်ပေးသည်။ သူနှင့် ကျောက်ဟောင်တို့က ဝင်္ကပါတစ်ခုစီအား ဦးဆောင်ကာ ဝူလျန်၏အဆုံးမဲ့ ခန္ဓာနှင့်အတူ ထောင်ကျန်း ခန္ဓာအား ဝန်းရံ တိုက်ခိုက်ကြသည်။

ထောင်ကျန်းက လေဟာနယ်ထဲမှ ကျဆင်းလာသော တိုက်ခိုက်မှုများကို ကြည့်သည်။ သို့သော်လည်း သူက ပြန်လည် တိုက်ခိုက်ခြင်း မပြုပေ။ သူ၏ ခန္ဓာကိုယ်က အကန့်အသတ်မဲ့သော အလင်းများ ဖြာထွက်လာကာ သွေးကြောမ ခုနစ်ခုကလည်း အပြည့်အဝ ပွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်တွင်လည်း တော်ဝင် ရတနာချပ်ဝတ်ကို မြင်တွေ့ရသည်။ ထိုတော်ဝင် ရတနာကား ယူစီထံမှ ယန်ဟောင် ငှားရမ်းခဲ့သော ရတနာ ဖြစ်သည်။ ယခု ထိုရတနာအား ထောင်ကျန်းက အသုံးပြုနေ၏။

ကောင်းကင် ဝင်္ကပါကား တိုက်ခိုက်ရေးတွင် ပြိုင်ဘက် ကင်းသည်။ သို့သော် သည်တစ်ခေါက် သူတို့က တိုက်ခိုက်ရန်ထက် ခုခံခြင်းကို အလေးပေးရ၏။

ပင်မ တိုက်ခိုက်မှုသုံးခု ရောက်ရှိ လာသောအခါ ထောင်ကျန်း ခန္ဓာကိုယ်ကား ပြိုလဲသွားရပြီး ထောင်ကျန်း ကိုယ်တိုင် သွေးများ အန်ကျသည်။ တော်ဝင်ချပ်ဝတ် ရတနာ၏ အောက်၌ ကြေးနက်ရောင် ကိုယ်တွင် အက်ကွဲကြောင်းများကို မြင်တွေ့ရသည်။ ကောင်းကင်ဝင်္ကပါမှ စွမ်းအင်များ အားလုံးကို စုစည်းကာ ခုခံသည့်တိုင်အောင်… တော်ဝင်ရတနာ၏ အကာအကွယ်ဖြင့်ပင် သူကား တောင့်ခံနိုင်စွမ်း မရှိပေ။

ထိုမြင်ကွင်းကို ကြည့်ကာ ကောင်းကင်ထက်မှ တန်ခိုးရှင်များ တစ်ဖန်တိုက်ခိုက်ရန် ဟန်ပြင်ကြသည်။ ထောင်ကျန်းကား သေတွင်း တူးနေခြင်း ဖြစ်သည်။

“ကျုပ်ကို ခွင့်ပြုပေး..” ယန်ဟောင်က ထောင်ကျန်း၏ နေရာကို အစားထိုးကာ သူခုခံရန် ဟန်ပြင်သည်။ ထောင်ကျန်း တစ်ယောက်တည်းဖြင့် ဆိုပါက နောက်တစ်ကြိမ်တွင် သူကား သေချာပေါက် သေရမည်။

“မလိုဘူး…” ထောင်ကျန်းက ကောင်းကင်ကို မော့ကြည့်ကာ ပြတ်သားစွာ ပြောသည်။ သူ့ခန္ဓာကိုယ်က တစ်ဖန် ရောင်စဉ်များ လင်းလက်လာသည်။ သူကား တိုက်ခိုက်ရေး ရှီနန်းဆောင်၏ သခင်ဖြစ်၏။ သူက ရီဖူရှင်းနှင့်အတူ နန်းတော်ရှေ့တွင် သေခြင်းရှင်ခြင်း အခိုက်အတန့်ကို ကြုံခဲ့စဉ်ကလည်း သူ၏ ယုံကြည်ချက်ကို တစ်သဝေမတိမ်း လိုက်နာကျင့်ကြံခဲ့ပြီး ရီဖူရှင်းနှင့်အတူ ရပ်တည်ခဲ့သည်။ ထိုအရာက သစ္စာဖောက်ခြင်း တစ်မျိုးဟု ပြောနိုင်သော်လည်း နန်းတော် အတွက်သာ မဟုတ်ပါက ထိုဆုံးဖြတ်ချက်ကို သူ့ဘဝတွင် မည်သည့်အခါမှ နောင်တရမည် မဟုတ်ပေ။

ယနေ့ တော်ဝင်ကျဲ နန်းတော်ကား သူအမြဲတမ်း မျှော်လင့် တောင့်တခဲ့ရသော တော်ဝင်ကျဲ နန်းတော်ဖြစ်သည်။ ထို့ကြောင့် နန်းတော်အား ကာကွယ်ရန် သူ၏ဆုံးဖြတ်ချက်က အမြင့်ဆုံးသော ပြတ်သားမှု၌​ ရှိပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset