လက်ရှိ ကျောက်ပြည်ထောင်၏ အဖွဲ့ခေါင်းဆောင် ဖန်မူကား ရှီအဆင့်အမြင့်ဆုံး၌ ရှိကာ ကျောက်ပြည်ထောင် စစ်တပ်တွင် အလွန် အရေးပါ အရာရောက်သူ ဖြစ်သည်။
လက်ရှိတွင် ရီဖူရှင်းကို တိုက်ခိုက်နေသူများ မှာလည်း ဖန်မူ ဦးဆောင်သော အင်အားစုဖြစ်၏။ ဖန်မူက အလွန်အမင်း အားကောင်းသော်လည်း မိုက်ရူးရဲဆန်သူ မဟုတ်ပေ။ သူက တစ်ယောက်တည်း အတင်းကာရော သွားရောက် တိုက်ခိုက်ခြင်း မပြုပေ။ ရီဖူရှင်းကား တော်ဝင်ကျဲ နန်းတော် ခေါင်းဆောင်ဖြစ်ရာ ပုံမှန်အားဖြင့် သူ့ဘေးတွင် အလွန် အားကောင်းသော တန်ခိုးရှင်များ ကာကွယ် ပေးထားရပေမည်။
ရွှမ်ဝူဝင်္ကပါက စုစည်း ဖြစ်ပေါ်လာကာ ရီဖူရှင်းထံသို့ ရွှမ်ဝူသတ္တဝါဆန်း တစ်ကောင် ဆင်းသက်လာသည်ဟု ထင်မှတ်ရသည်။ သူတို့ထံကို ပြင်းထန်သော အားလှိုင်းတစ်ခု ရောက်ရှိလာခဲ့ကာ တစ်ချိန်တည်းမှာပင် အအေးဓာတ်များ ပတ်ဝန်းကျင် တစ်ခုလုံးကို စတင် လွှမ်းခြုံ လာတော့သည်။
ရီဖူရှင်း၏ နောက်တွင် ရေခဲနန်းတော်သခင်မ ယွန်ရှမ်း အပါအဝင် ရေခဲနန်းတော်၏ စွမ်းအားမြင့် တန်ခိုးရှင်များ ရပ်နေကြသည်။
သူမ၏လက်တွင် ယွန်ရှမ်းက ရေခဲနှင်တံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ထူးထူးခြားခြား ရေခဲမှုန်များ လွင့်ပျံ့နေသည်။ သူမက ရေခဲနှင်တံကို မြှောက်လိုက်သည်တွင် ရုတ်တရက် ရေခဲနန်းတော်မှ တန်ခိုးရှင်များ၏ စိတ်ဝိညာဉ်အသိများက နှင်တံထံသို့ စုစည်း ရောက်ရှိ လာခဲ့ကြသည်။ ချက်ချင်းပင် ရေခဲမုန်တိုင်း တစ်ခုက ကျယ်ပြောသော စစ်မြေပြင်သို့ စတင် ရိုက်ခတ် လာတော့သည်။ တိုက်ပွဲအတွင်းမှ ထောင်ကျန်းနှင့် ဝူလျန်တို့ပင် သူတို့ အရိုးထဲအထိ စိမ့်ဝင်လာသော အအေးဓာတ်များအား ခံစားရသည်။
“ရေခဲ… ထာဝရ…” ယွန်ရှမ်းက ရေရွတ်လိုက်သည်။ ရေခဲမုန်တိုင်း အောက်၌ အချိန်နှင့် အာကာသ လည်ပတ်မှုက နှေးကွေးသွားကာ နောက်ဆုံး အရာခပ်သိမ်း ရပ်တန့် သွားသည်ဟုပင် ထင်မှတ်ရသည်။ အဆင့်နိမ့် တန်ခိုးရှင်များကား အဆုံးမဲ့သော အေးခဲမှုထဲကို ကျဆင်း သွားသည်ဟု ခံစားရကာ ရွှမ်ဝူသားရဲ သတ္တဝါဆန်းမှာလည်း အောက်ကို ကျဆင်းလာသည့် အရှိန်က နှေးကွေး လာခဲ့သည်။
ရေခဲကမ္ဘာထဲတွင် ကြောက်မက်ဖွယ် ရေခဲချွန်များ ဖြစ်ပေါ်လာကာ ရွှမ်ဝူဝင်္ကပါအတွင်း၌ ရှိသော လူများထံသို့ တိုးဝင် သွားကြသည်။
ပန်းမူက အလွန်အမင်း အေးစက်မှုအား ခံစားရသောလည်း သူ့အတွက် သိပ်ထူးခြားဟန် မရပေ။ အချိန်နှင့် အာကာသက နှေးကွေးသွားသည့်တိုင် သူ့အား သက်ရောက်ခြင်း မရှိပေ။
ထိုလက်နက်က တော်ဝင် ရတနာများလား။
သူက ကျောက်ပြည်ထောင်၏ စစ်တပ်ခေါင်းဆောင် လေးယောက်ထဲမှ တစ်ယောက် ဖြစ်သော်လည်း သူ့တွင် တော်ဝင် ရတနာပိုင်ဆိုင်ခြင်း မရှိပေ။ အဆုံးမဲ့ နန်းတော်ကား သူတို့ဘိုးဘေး၏ တော်ဝင် ရတနာအမွေ ရှိသည်။ ဖီးနစ်ဓားကို ကျောက်ဟောင် ကိုင်ဆောင်၏။ သူက အားကောင်းသော်လည်း ကျောက်မင်နှင့် ကျောက်ဟောင်တို့က သူ့ထက် အရေးပါ အရာရောက်သူများ ဖြစ်ကြပြီး နေးခိုင်ကား ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ထိပ်သီးတန်ခိုးရှင် ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် တော်ဝင် ရတနာ လက်ဝယ်ရရန်ကား အလွန် ခက်ခဲပေသည်။
သို့သော် ဤစစ်ပွဲ၌ မြေရိုင်းပြည်နယ်၌ အလွန်များပြားသော တော်ဝင် ရတနာများကို ပိုင်ဆိုင်ဟန်ရသည်။ အကယ်၍ သူက ထိုရတနာများကို သိမ်းပိုက်နိုင်ခဲ့လျှင် သူ့အပိုင် ဖြစ်ပေမည်။ ထို့အပြင် သူက ရေဓာတ်ကို လေ့ကျင့်ရာ ထိုရေခဲနှင်တံက သူနှင့် အလွန် လိုက်ဖက်ပေမည်။
“ကွဲစမ်း…” ကြောက်မက်ဖွယ် မဟာလမ်းစဉ် လောကဓာတ်ကို ထုတ်လွှတ်သည်တွင် ရွှမ်ဝူ တိုက်ခိုက်ရေး ဝင်္ကပါအား အားကောင်းသော လောကဓာတ်က စီးဆင်းသွားသည်။ ခြေလေးချောင်းနှင့် အမြီးရှည်တို့က စတင်၍ လှုပ်ရှားလာကာ သူတို့အား ရစ်ပတ်ထားသော ရေခဲများကလည်း တတိတိ စတင်ပြိုကွဲ လာကြတော့သည်။
ပြင်းထန်သော ရေခဲမုန်တိုင်းက လေဟာနယ်ကို သက်ရောက်နေဆဲ ဖြစ်ကာ တော်ဝင် ရတနာမှ ထွက်လာသော မှော်စွမ်းအင်များ မှာလည်း အလွယ်တကူ ပယ်ဖျက်၍ ရသည်မဟုတ်ပေ။ လေထုတုန်ခါသံများ ကြားရကာ ရွှမ်ဝူသားရဲက ရှေ့ကို တိုးလာပြီး ရီဖူရှင်းထံကို ဖိအား ပေးလာသည်။
ထိုအခိုက်တွင် ရီဖူရှင်းရှိနေရာ လေဟာနယ်က သီးသန့်ကမ္ဘာ ဖြစ်နေဟန်ရပြီး ရေခဲမုန်တိုင်းကပင် သူ့အား သက်ရောက်ဟန် မရှိပေ။ သူက ကု့ချင်းရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ တီးခတ်ရန် ဟန်ပြင်သည်။
ထိုအချိန်တွင် သူ့နောက်မှ ဟွာဂျီယူထံမှ အလွန် အားကောင်းသော စွမ်းအင်တစ်ခု ထွက်ပေါ်လာ၏။ သူမ၏ ဆံပင်ရှည်က လေထဲတွင် လွင့်လာကာ သူမ၏လှပသော မျက်လုံးများကလည်း ညိုမှိုင်းလာပြီး အလွန် အားကောင်းသော စိတ်နယ်လွန် စွမ်းအားများ မွေးဖွား လာတော့သည်။ သူမ၏ စိတ်ဝိညာဉ်က ရီဖူရှင်းနှင့် ပေါင်းစပ်သွားကာ ကု့ချင်းသံစဉ်နှင့်လည်း တစ်သားတည်း ဖြစ်သွားပြီး ထောင်ပေါင်း များစွာသော စိတ်နယ်လွန် အပိုင်းအစများ အဖြစ် ပြောင်းလဲ ဖြစ်ပေါ်စေကာ လေဟာနယ်အား ဖုံးလွှမ်း သွားတော့သည်။
ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အနီးတွင် မှော်ပညာရှင်များ ရှိနေကြသည်။ ထို့ကျန်းပင် ရီဖူရှင်းဘေးတွင် ရပ်ကာ လိုအပ်သော စိတ်စွမ်းအားများကို ထောက်ပံ့ရန် အဆင်သင့် ရှိသည်။
တန်ခိုးရှင်များ၏ စိတ်စွမ်းအားများ ကလည်း သူတို့ထံကို လာရောက် ရစ်ပတ်သော စိတ်အပိုင်းအစများဖြင့် ပေါင်းစပ်သွားကာ သူတို့၏ စိတ်တန်ခိုးများမှာ ဟွာဂျီယူ၏ အထောက်အပံ့များ ဖြစ်လာကြသည်။ ဟွာဂျီယူ၏ မျက်လုံးများက ပိုမို၍ နက်မှောင်လာခဲ့ကာ စိတ်ဝိညာဉ် စွမ်းအားကလည်း ပိုမို၍ အားကောင်း လာခဲ့သည်။
ထိုစိတ်ဝိညာဉ် စွမ်းအားကို ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ပေါင်းစပ် အသုံးပြု နိုင်ပေသည်။
သူတို့ကို ဗဟိုပြု တည်ထားသော ဝင်္ကပါမှာလည်း အမှန်တကယ်အားဖြင့် ရီဖူရှင်းနှင့် ဟွာဂျီယူအတွက်ပင် ဖြစ်ပေသည်။ မှန်သည် … လက်ရှိဟွာဂျီယူကား သူမကိုယ်တိုင် မဟုတ်တော့ဘဲ လက်ရှိ သူမရရှိနေသော စွမ်းအင်ကို သူမ ခန္ဓာကိုယ်အတွင်းမှ ရှန့်ထိုတန်ခိုးရှင်၏ စိတ်အသိဖြင့် ခိုင်းစေ အသုံးချနေခြင်း ဖြစ်ပေသည်။ အမှန်တကယ် တန်ခိုး အဆင့်နိမ့်သည်ကား ရီဖူရှင်းသာ ဖြစ်၏။
ဂီတသံစဉ်က ကောင်းကင်နှင့် မြေပြင်ကို ဖြန့်ကြက်သွားကာ အချိန်နှင့် အာကာသကလည်း ကု့ချင်းသံစဉ်နှင့် တစ်သားတည်း ဖြစ်သွား၏။ ကောင်းကင် တစ်ခွင်တွင်ရှိသော စိတ်စွမ်းအားများ ကလည်း လောကဓာတ်များကို ဖြတ်သန်း စီးဆင်းကာ ဝင်္ကပါအတွင်းသို့ ရောက်ရှိ လာနေကြသည်။
အနှိုင်းအဆမဲ့ စိတ်စွမ်းအား၏ အထောက်အပံ့ဖြင့် ရီဖူရှင်း၏ သံစဉ်က ကျယ်ပြန့်သော မြေနေရာ တစ်ခုလုံးကို ခြုံလွှမ်း နိုင်ပေသည်။ သူ၏ အတွေး တစ်ချက်တွင် သူကား နေရာတိုင်းတွင် ရှိနေနိုင်သည်။
ထိုခံစားချက်ကား ထိုမျှ ကြီးမားသော စိတ်စွမ်းအားကို အခြေတည်၍ ရလာခြင်း ဖြစ်၏။
“ဂျီယူ…” ရီဖူရှင်းက စိတ်ဖြင့် လှမ်းပြောသည်။
“အင်း..” ဟွာဂျီယူက တီးတိုး ပြန်ထူးသည်။ သူတို့နှစ်ယောက်က လက်ရှိတွင်စိတ်ချင်းပေါင်းစပ်နေကာ တစ်ယောက်သဘောကို တစ်ယောက် နားလည်နိုင်ကြသည်။
“အာကာသ… အေးခဲစမ်း…” ထိုအခိုက်တွင် ရီဖူရှင်း၏အပေါ်ကောင်းကင်မှ အရာခပ်သိမ်းက လှုပ်ရှားခြင်း ကင်းမဲ့သွားသည်။ ရွှမ်ဝူသားရဲ သတ္တဝါဆန်းကလည်း သူ၏ ဖိအားပေးခြင်းများကို ယာယီရပ်နား လိုက်ရ၏။ သူတို့သာ မဟုတ်ဘဲ အဝေးမှလူများပင် ကောင်းကင် အေးခဲခြင်း၏ အောက်တွင် လွှမ်းမိုးခံရပြီး ရပ်တန့် လိုက်ရသည်။
တစ်ချိန်တည်းမှာ ဟွာဂျီယူ၏လက်ထဲ၌ ကျာပွတ်ရှည် တစ်လက် ပေါ်လာပြီး ကြောက်မက်ဖွယ် ရှန့်ထို အငွေ့အသက်များ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွား၏။ ကျာပွတ်၏ အရှိန်အဝါက မည်သည့် ဝိညာဉ်ကိုမဆို တုန်လှုပ် ချောက်ချား နိုင်စွမ်းပေးသည်။ ထိုတော်ဝင် ရတနာကား တော်ဝင်ကျဲ နန်းတော်၏ ခေတ်အဆက်ဆက် လက်ဆင့် ကမ်းလာခဲ့သော နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်ဖြစ်သည်။
ဤတော်ဝင် စစ်ပွဲတွင်ကား ထိုရတနာ ကျာပွတ်အား ဟွာဂျီယူကို အသုံးပြုစေသည်။ သူမကား ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ဖြစ်ကာ ရှန့်ထိုက သူမအား ကူညီပေးနေရာ နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်က သူမနှင့် အထူး သင့်တော်ပေသည်။
ဟွာဂျီယူက လက်ကို မြှောက်လိုက်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ် ဖြစ်ပေါ်လာကာ သူမက ရွှမ်ဝူသားရဲ သတ္တဝါဆန်း၏ စိတ်သဏ္ဌာန်ကို ခံစားမိလေ၏။ ထိုအရာကား အလွန် အားကောင်းကာ ဖျက်ဆီးခြင်းငှာ မတတ်နိုင်ပေ။
ဟွာဂျီယူကား ထူးမခြားနားစွာပင် နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်အား ဝှေ့ယမ်းလိုက်သည်။ ကျာပွတ်က လောဟာနယ်ကို အက်ကွဲစေဟန်ရကာ ရွှမ်ဝူသားရဲ သတ္တဝါဆန်းထံသို့ တိုးဝင် သွားသည်။
ထိုအခိုက်တွင် ဖန်မူက နှစ်လွှာသော လောကဓာတ်၏အကန့်အသတ်ထဲကို ရောက်နေသည့်တိုင် သူက ပြင်ပလောကမှ အရာများအား ခံစား သိရှိနိုင်ပေသည်။ ဟွာဂျီယူက ရွှမ်ဝူဝင်္ကပါသို့ ရိုက်နှက် လိုက်သောအခါ သူကိုယ်တိုင်၏ အတွင်းဝိညာဉ်မှာ ထိတ်လန့် ချောက်ချားဖွယ် တုန်ခါမှုကို ခံစားရသည်။
နောက်ဆုတ်ရမည်… ဖန်မူ၏က တွေးလိုက်သည်။ သူခန့်မှန်းခဲ့သလိုပင် တော်ဝင်ကျဲနန်းတော် ခေါင်းဆောင်ဖြစ်သည့် ရီဖူရှင်းအား အကာအကွယ် မရှိဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း စွမ်းအားက ထိုမျှ အားကောင်းမည်ဟု သူမထင်ထားပေ။
သူက နောက်ဆုတ် လိုသော်လည်း သူ၏အမြန်နှုန်းက ကန့်သတ် ထိန်းချုပ် ခံထားရကာ သူ့အတွက် အချိန်ကိုက် နောက်ဆုတ်ရန် မလွယ်ကူပေ။ ရုတ်တရက် ကြီးမားသော ရွှမ်ဝူ အရံအတားက အားလုံးကို ဖုံးအုပ် ကာကွယ်ပေး၏။ ရွှမ်ဝူဝင်္ကပါ၏ အထူး အားသာချက်ကား တိုက်ခိုက်ခြင်း မဟုတ်ဘဲ ခုခံခြင်း ဖြစ်သည်။
သို့သော်လည်း ဟွာဂျီယူကား နတ်ဘုရား ရိုက်နှက်ခြင်း ကျာပွတ်ကို အသုံးပြုနေခြင်း ဖြစ်သည်။
ဝှီး…
ကောင်ကင်နှင့် မြေပြင်အကြား၌ အက်ကွဲသံ တစ်ချက်က ရွှမ်ဝူသားရဲ သတ္တဝါဆန်းတွင် လာရောက် စုစည်းနေသော စိတ်ဝိညာဉ် အရင်းအမြစ်ထံမှ ထွက်ပေါ်လာသည်။ ရွှမ်ဝူ သားရဲပုံရိပ်က တုန်ခါသွားကာ များစွာသော စိတ်ဝိညာဉ်များ ပြိုလဲ ပျက်စီး သွားရသည်။ ဝင်္ကပါ အတွင်း၌ များစွာသော တန်ခိုးရှင်များ တကွဲတပြား ပြန့်ကျဲ သွားကြကာ အောက်ကို ကျဆင်း သွားကြတော့သည်။
“နောက်ဆုတ်…” ကျောက်မင်က တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ဖန်မူကို နောက်ဆုတ်ရန် ချက်ချင်း အမိန့်ပေးသည်။ သို့သော်လည်း သံစဉ်ကား ထွက်ပေါ်နေဆဲ ဖြစ်ကာ ဖန်မူ ရှိနေရာကိုလည်း မမြင်ရသော လောကဓာတ်တစ်ခု ရစ်ပတ်ထားပြီး သူကား ရီဖူရှင်း၏ လောကဓာတ်ကြောင့်သာ မဟုတ်ဘဲ ယွန်ရှင်း၏ လောကဓာတ်များ ကြောင့်လည်း ထိန်းချုပ် ခံလိုက်ရသည်။ သူတို့နှစ်ယောက် ပေါင်းစပ်ထားသော မှော်စွမ်းအားက ရွှမ်ဝူဝင်္ကပါ တစ်ခုလုံအား ထိန်းချုပ်၏။
ထို့နောက် နတ်ဘုရား ရိုက်နှက်ခြင်းနှင်တံက တစ်ဖန် မြန်ဆန်စွာဖြင့် ရောက်ရှိလာပြန်သည်။
ဝှီး…
အချိန်တို အတွင်း၌ပင် ဟွာဂျီယူ၏က အဆက်မပြတ် ရိုက်နှက်လိုက်ဟန် ရကာ ရိုက်ချက်တိုင်းက ရွှမ်ဝူသားရဲ သတ္တဝါအား တုန်ယင်စေသည်။ တန်ခိုးရှင်များ အဆက်မပြတ် ပြိုလဲကြကာ သူတို့၏ စိတ်အသိများ ဆက်တိုက် ဖျက်ဆီးခံရသည်။ သူတို့၏ စိတ်ဝိညာဉ်ကို တိုက်ခိုက် ကျဆင်းလာသော ရိုက်ချက်မျာအား ခံနိုင်ရည်စွမ်းအား မရှိကြပေ။
“နေးခိုင်…” ကျောက်မင်က ချက်ချင်းပင် အော်ဟစ်ကာ နောက်ထပ် စစ်သူရဲခေါင်းဆောင် တစ်ယောက်အား အကူအညီပေးရန် စေခိုင်းသည်။ ဖန်မူ၏ရွှမ်ဝူက ပိတ်မိနေပြီ ဖြစ်သည်ကို သူက ချက်ချင်း ရိပ်မိလိုက်သည်။ ဤအတိုင်း ဆက်သွားပါက ဖန်မူကား သိပ်တာရှည်ခံမည် မဟုတ်ပေ။
“ဒါက ဘယ်လို ဂီတသံစဉ်လဲ…” ကျောက်ပြည်ထောင်မှ လူများက ထိုစွမ်းအားကို ခံစားမိကြသည်။ အရာအားလုံးက ထိန်းချုပ်ခံရဟန်ရှိကာ လေဟာနယ်က အေးခဲသွားပြီး မှော်စွမ်းအားကလည်း ဂီတသံစဉ်နှင့် ပေါင်းစပ်နေသည်။
ယခု ရီဖူရှင်း၏ ဇနီးဟွာဂျီယူက အဘယ်ကြောင့် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေရသနည်း။
မြေရိုင်းပြည်နယ်မှ မှော်ဆရာများအား မည်သူမှ အကာအကွယ် မပေးထားသော်လည်း ယခု ထိုနေရာကို ဗဟိုပြု၍ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ထွက်ပေါ် လာနေသည်။
“အူကီယိုသံစဉ်…” စစ်မြေပြင်၏ အဝေးမှ လူများက တိုက်ပွဲကို ကြည့်ကာ ရေရွတ်ကြသည်။ ခွန်ယိုက ပုံမှန်အားဖြင့် ထိုသံစဉ်ကို မှတ်မိပေသည်။
ယခင် တိုက်ပွဲများတွင် ရီဖူရှင်းက ထိုသံစဉ်အား တီးခတ်သည်ကို သူမြင်ဖူးကြားဖူးပြီး ဖြစ်သည်။ ထိုစဉ်က စွမ်းအားကား ယနေ့လောက် အားကောင်းခြင်း မရှိပေ။ သည်တစ်ခေါက်ကား သူက ထိပ်သီး ရှီတန်ခိုးရှင်များ၏ စိတ်စွမ်းအားများကို အထောက်အပံ့ ယူထားသည်။
ကျောက်ပြည်ထောင်မှ လူများက အလွန် အားကောင်း ကြသော်လည်း သွေးမစွန်းဘဲနှင့် မြေရိုင်း ပြည်နယ်ကို အနိုင်ရရန် လွယ်ကူမည် မဟုတ်ပေ။
ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ယခု အလွန်စိတ်ဆိုး ဒေါသထွက် နေပေလိမ့်မည်။
နေးခိုင်နှင့် တခြား စစ်သူရဲခေါင်းဆောင် နှစ်ယောက်က သူတို့၏လူများကို ဦးဆောင်ကာ ကယ်ဆယ်ရန် ပြေးဝင်လာကြသည်။ သူတို့ လှုပ်ရှားသည်ကို မြင်လျှင် ရီဖူရှင်း၏နောက်မှ ကျူးကော့ချန်းဖန်နှင့် ယူစီတို့က စတင် လှုပ်ရှားကြ၏။ သူတို့က ရှေ့ကို တက်လာကာ တစ်ဖက်မှ စစ်ကူများကို ဖြတ်တောက်ရန် ပြင်ဆင်ကြသည်။
အကယ်၍ သူတို့က တစ်ဖက် စစ်တပ်ကို အချိန်တစ်ခုကြာ ခွဲထုတ်နိုင်ပါက သူတို့အတွက် အလွန် ကောင်းမွန်သော အခွင့်အလမ်းများကို ရလာပေလိမ့်မည်။
***