ကောင်းကင်ဝင်္ကပါ တိုက်ကွက်နှင့် အဆုံးမဲ့ဝင်္ကပါ တိုက်ကွက်တို့က စစ်မြေပြင်၏ ရှေ့တန်းစစ်မျက်နှာတွင် တွေ့ဆုံကြသည်။ ဧရာမတိုက်ခိုက်ရေး ခန္ဓာနှစ်ခုက ကောင်းကင်နှင့် မြေပြင်အကြား ထီးထီးတည်း ရပ်နေကြကာ ကြီးမား ထည်ဝါသော အရှိန်အဝါများအား ပေးသည်။
“ကောင်းကင်မြေရိုင်း အဆင့်က တစ်ယောက်…” ဝူလျန်က တစ်ဖက်လူကို ကြည့်သည်။ သူကလည်း ကောင်းကင်မြေရိုင်း အဆင့်မှ လူအချို့ကို သိသည်။ သို့သော် ကောင်းကင်မြေရိုင်း အဆင့်မှ လူက ပြည်နယ်ကိုးခု ရှီအဆင့်ကို မည်သို့ ယှစဉ်နိုင်မည်နည်း။ သူ၏အဆင့်က ၆၄တွင် ရှိသည့်တိုင် ကောင်းကင်မြေရိုင်း အဆင့်မှ လူများ လိုက်မီသော အဆင့်အတန်း မဟုတ်ပေ။
သူ့ရှေ့မှ တိုက်ခိုက်ရေးပုံစံက ထောင်ကျန်းခန္ဓာလား။ ဤသို့ဆိုလျှင်လည်း စစ်မှန်သော တိုက်ခိုက်ရေး ပုံစံအား သင်ပြပေး ရပေတော့မည်။ ဝူလျန်၏ ခန္ဓာကိုယ်ကား ဧရာမကြီးမားကာ ထည်ဝါ ခမ်းနားခြင်းများဖြင့် ခြုံလွှမ်းထား၏။ အဆုံးမဲ့နန်းတော်ကား ကျောက်ပြည်ထောင်၏ အဓိက ထောက်တိုင် အင်အားစုတစ်ခု ဖြစ်သည်။ ကျောက်ပြည်ထောင် တော်ဝင်မိသားစုကပင် သူတို့အား လေးစားသမှု ထားရပေသည်။ ကျောက်ပြည်ထောင်က တော်ဝင်ကျဲနန်းတော်ကို စစ်ခင်းသောအခါ သူတို့က ဝင်မပါ၍ မရပေ။
“အဆုံးမဲ့ရဲ့ အဓိပ္ပာယ်က အဆုံးအစမဲ့တာ… အကန့်အသတ်မဲ့တာ…” ဝူလျန်က သူ၏ ရန်သူများကို ကြည့်ကာ ပြောသည်။ အဆုံးမဲ့ဝင်္ကပါ အတွင်း၌ တန်ခိုးရှင်များ၏ စွမ်းအင်များက သူ၏တိုက်ခိုက်ရေး ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းလာကြပြီး ပိုမိုကြီးထွားစေကာ ထောင်ကျန်း ခန္ဓာကိုယ်ထက်ပင် မြင့်မားလာခဲ့သည်။ ဝူလျန် လေ့ကျင့်သည်ကား အဆုံးမဲ့လောကဓာတ် ဖြစ်သည်။ ကျောက်မင်က စစ်မြေပြင်ကို အေးစက်စွာ ကြည့်သည်။ သူတို့၏ ရှီစစ်တပ်ကား မြေရိုင်းပြည်နယ် ရှီတန်ခိုးရှင်များထက် အားကောင်းပေသည်။
“အဆုံးမဲ့ဓား…” ဝူလျန်က မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များအား ကြည့်သည်။ သူ၏တိုက်ခိုက်ရေး ခန္ဓာကား လူတစ်ထောင်နှင့် ညီမျှကာ သူ၏ ရိုက်ချက်တစ်ချက်က မြေရိုင်းပြည်နယ် စစ်တပ်တစ်ခုလုံးကို ဖုံးအုပ်နိုင်၏။ ထိုသို့သော စွမ်းရည်က အားလုံးအတွက် အိပ်မက်ဆိုး ဖြစ်ပေသည်။
ဝူလျန်၏အသံက ပျောက်ကွယ်သွားလျှင် သူ၏တိုက်ခိုက်ရေး ခန္ဓာရှေ့၌ အဆုံးမဲ့ဓားတစ်လက် ဖြစ်ပေါ်လာသည်။ ဓားက သူ၏ရှေ့တွင် တစ်ဝှီးဝှီး လည်ပတ်နေကာ တဖြည်းဖြည်း ကြီးမား များပြားလာပြီး ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
“နိုဘယ်တွေအကုန် နန်းတော်ထဲကို ပြန်ပါ…” ရီဖူရှင်းက ချက်ချင်း အမိန့်ပေးသည်။ ဤတွင် နိုဘယ်များ အားလုံးက နောက်ဆုတ်ကြသည်။ ဤသို့သော တိုက်ခိုက်မှုကား ကြောက်မက်ဖွယ် ကောင်းပေသည်။ သူတို့က ကောင်းကင်ကို မော့ကြည့်ကာ ကျောချမ်းကြရ၏။
“မဟာကောင်းကင် ဝင်္ကပါဖွဲ့စည်းမယ်…” ရီဖူရှင်းက ညွှန်ကြားသည်တွင် ချက်ချင်းပင် ထောင်ကျန်းကို ဗဟိုထား၍ ၃၆ယောက်သော ဝင်္ကပါများ အားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ၁၂၉၆ယောက်သော ဝင်္ကပါဖြစ်လာသည်။ ပိုမိုအားကောင်းသော အရှိန်အဝါ ဖြစ်တည်လာ၏။ ထောင်ကျန်း၏ ခန္ဓာကိုယ်ကလည်း ပိုမိုကြီးမားလာကာ ဧရာမ စစ်နတ်ဘုရားတစ်ပါး ဖြစ်လာသည်။
၃၆ယောက် ကောင်းကင် ဝင်္ကပါများကား မြေရိုင်းပြည်နယ်၏ အင်အားစုများထဲမှ အတော်ဆုံး လူများကို စုစည်းထားခြင်း ဖြစ်သည်။
“ဆင်းစမ်…” ဝူလျန်က ရေရွတ်သည်တွင် ကောင်းကင်တစ်ခွင်တွင် ပြည့်နှက်နေသာ ဓားများက မြေပြင်ကို အလင်းတန်းများ အဖြစ် ပြောင်းလဲကျဆင်း လာကြတော့သည်။
ထောင်ကျန်းက မာန်သွင်းလိုက်သည်။ သူ၏ဧရာမ တိုက်ခိုက်ရေးခန္ဓာက ရှေ့ကို တက်သွားပြီး ဧရာမလက်ဝါး ရိုက်ချက်နှစ်ခု ဖြစ်ပေါ်လာသည်။ ဤတွင် မရေမတွက်နိုင်သော လက်ဝါးပုံရိပ်များ ဖြစ်ပေါ်လာကာ ကောင်းကင်ထက်ကို ဆန်တက်သွားကြသည်။
စက္ကန့်ပိုင်း အတွင်း၌ပင် ရွှေရောင် လက်ဝါးများက ကောင်းကင်မှ ဓားများကို အစအနမကျန်အောင် ပျက်စီးသွားစေခဲ့သည်။ လက်ဝါးကား အဆုံးအစမဲ့သော ဓားများကို ကာကွယ်နိုင်စွမ်းရှိ၏။
ထိုစဉ်မှာပင် အလွန်လင်းလက်သော ရောင်စဉ်တစ်ခု ပေါ်လာသည်။ ထောင်ကျန်း၏ လက်ဝါးတွင် ရွှေရောင်များ ဖြာထွက်လာကာ လက်အိတ်တစ်ခု ဖြစ်လာသည်။ လက်အိတ်က လက်ကို ဖုံးအုပ်သွားသည်တွင် မမြင်ရသော စွမ်းအားက လက်မောင်းတစ်လျှောက် စီးဆင်းလာပြီး ကောင်းကင်နှင့်မြေပြင် အကြား အကန့်အသတ်မဲ့သော စွမ်းအင်ကို မွေးဖွားသည်။ ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေး စိတ်အသိဖြစ်လာကာ ကောင်းကင်ကိုပင် ဖီဆန်တော့မည့်ဟန် မာန်ဟုန်များ ပြင်းလာ၏။
လက်အိတ်ကား တော်ဝင်ကျဲနန်းတော်၏ တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော တော်ဝင်ရတနာဖြစ်သည်။
ဘုန်း…
ထောင်ကျန်းက ရှေ့ကို တက်လာသည်တွင် အလင်းတန်းများက သူ၏ရင်ဘတ်၊ ဝမ်းဗိုက်နှင့် လက်မောင်းများကို ဖြတ်သန်းသွားပြီး ဧရာမ တိုက်ခိုက်ရေးခန္ဓာက ပိုမိုသန်စွမ်း အားကောင်း လာစေခဲ့သည်။
လက်အိတ်ကလည်း အကန့်အသတ်မဲ့သော စွမ်းရည်ကို ပိုင်ဆိုင်ထားဟန် ရကာ အလင်းတန်းများ စူးရှစွာ ထွက်ပေါ်နေသည်။ ဝူလျန်ကလည်း လက်အိတ်ကို ကြည့်ကာ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိဟန်ရသည်။
သူကလည်း သူ့ကလန်၏ ရတနာဖြစ်သော အဆုံးမဲ့ဓားရတနာကို ထုတ်ယူလိုက်သည်။
ဘန်း… ကမ္ဘာမြေပြင်ကို ဆောင့်နင်းသံနှင့်အတူ လူအများ၏ စိတ်နှလုံးကလည်း ထပ်တူ တုန်ယင်ရသည်။ ထောင်ကျန်းခန္ဓာက ရှေ့ကိုတက်သွားကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သည်တစ်ကြိမ်ကား လက်ဝါးတစ်ချက်သာ ဖြစ်ကာ လက်ဝါးက ရွေရောင်အလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေပြင်ကို ထိုးခွင်းလျက် အရာခပ်သိမ်းကို ဖျက်ဆီးရန်အလို့ငှာ ရှေ့ကို တိုးဝင်သွားသည်။ အဆုံးမဲ့ဓားရတနာကား ပိုမို၍ ကြီးမားလာသည်။ ဝူလျန်ကလည်း မာန်သွင်းကာ ဓားကိုဝှေ့ယမ်းလျက် ပိုင်းဖြတ်သည်။
အဆုံးမဲ့ ဓားရတနာနှင့် လက်ဝါးရိုက်ချက်တို့ ဆုံတွေ့သည်တွင် တဝုန်းဝုန်း ပေါက်ကွဲကာ အလင်းတန်းများ ဖြာထွက်သွား၏။ လက်ဝါးက အဆုံးမဲ့ဓား ရတနာကို ဖိအားပေး တွန်းထုတ်သွားကာ နောက်မှ လူများကို အရှိန်အဟုန် ပြင်းစွာဖြင့် ထိရိုက်မိစေတော့သည်။
ထိတ်လန့်ဖွယ် မြည်ဟည်းသံ တစ်ခုနှင့်အတူ လက်ဝါးက အစိတ်စိတ် ကွဲသွားသည်။ သို့သော်လည်း သေးငယ်သော အစိတ်အပိုင်း တစ်ခုက လုံးဝပျက်ပြယ်သွားခြင်း မရှိဘဲ ကျောက်ပြည်ထောင် ရှီတန်ခိုးရှင်များရှိရာကို လွင့်စဉ်သွားသည်။
“သတိထား…”
ကျယ်လောင်သော သတိပေးသံတစ်ချက် ထွက်လာသော်လည်း လူအများကား မထင်မှတ်ဘဲ အငိုက်မိသွားကာ လူတစ်ရာကျော်ခန့်က လွင့်စဉ် သွားကြရသည်။ လက်ဝါးအပိုင်းအစနှင့် တိုက်ရိုက် ထိမိသူတို့ကား အစအန ပျောက်သွားကြရ၏။ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သော ရှီတန်ခိုးရှင် အချို့သာ နောက်ဆုတ် ရှောင်တိမ်း နိုင်ခဲ့ကြသည်။ သို့သော် သူတို့အားလုံး အသည်းတုန် အူတုန် ဖြစ်ကြရသည်။ ဤသို့သော တိုက်ခိုက်မှုကား အလွန်အမင်း အားကောင်းကာ စွမ်းအင် အပိုင်းအစကပင် ရှီတန်ခိုးရှင် တစ်ယောက်အား ဘာမှန်း မသိလိုက်ဘဲ အသက်ပျောက် သွားစေသည်။
ရှီတန်ခိုးရှင် ဝူလျန်က သဘောမကျစွာ ကြည့်သည်။ သူ၏အဆုံးမဲ့ ဓားရတနာက တစ်ဖက်လူကို မထိခိုက်စေခဲ့သည့်အပြင် သူ့လူများကပင် သေကျေခဲ့ရသည်။ ဧရာမ အဆုံးမဲ့ခန္ဓာက ရုတ်တရက် လှုပ်ရှားလာသည်။ အဆုံးမဲ့ဓားရတနာကို လက်မှကိုင်ကာ သူက ထောင်ကျန်း ခန္ဓာထံသို့ လျှောက်လာသည်။ အဆုံးမဲ့ ဓားရတနာကလည်း တဖြည်းဖြည်း ပိုမိုကြီးမားလာခဲ့ကာ ပြင်းထန် အားကောင်းသော ဖျက်ဆီး စွမ်းအင်များ ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် အဆုံးမဲ့ဓားရတနာက မြေရိုင်းပြည်နယ် စစ်တပ်ဘက်ကို ကျဆင်းလာတော့သည်။
ထောင်ကျန်းခန္ဓာက ကောင်းကင်ထက်ကို ထိုးတက်သွားသည်။ သူက လက်ကို မြှောက်ကာ အောက်ကို ကျဆင်းလာသော အဆုံးမဲ့ ဓားရတနာအား လှမ်းတားလိုက်၏။ ဓားရတနာနှင့် ရတနာလက်အိတ်တို့ တွေ့ဆုံမှုတွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် အပိုင်းအစများ လွင့်စဉ်သွားပြီး လောကဓာတ်များက ပတ်ဝန်းကျင် တစ်ဝိုက်မှ တန်ခိုးရှင်များထံသို့ ပျံ့လွင့်သွား၏။
ရုတ်တရက် များစွာသောလူများ သွေးအန်ကြသည်။ ကောင်းကင်ဝင်္ကပါ အတွင်းမှ အတော်ဆုံးသော လူများပင် စိတ်အသိများ ယိမ်းယိုင် လှုပ်ယမ်းမှုကို ခံရသည်။ အချို့ကား အော်ဟစ်နာကျင်ကာ သေဆုံးကြရသည်။ ထို့အတူ များစွာသော အဆုံးမဲ့ နန်းတော်သားများလည်း သေဆုံးကြရ၏။
ဝင်္ကပါကား တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားခြင်း ဖြစ်ရာ အကယ်၍ တိုက်ခိုက်ခံရမှုက အလွန်အမင်း အားကောင်းသည်တွင် အားလှိုင်းက ဝင်္ကပါတစ်ခုလုံးကို စီးဆင်း ရိုက်ခတ်နိုင်ပေသည်။
“ဓားဝင်္ကပါ…တက်မယ်…” ရီဖူရှင်းက ထူးမခြားနားစွာ အမိန့်ပေးသည်။ ရုတ်တရက် ကောင်းကင်ထက်မှ ဓားမိစ္ဆာ၊ စုရှမ်းနှင့် တခြားလူများက အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် အဆုံးမဲ့ခန္ဓာရှိရာသို့ ပျံသန်းသွားကြသည်။
လူကိုးယောက်က ဓားတစ်လက်တည်းဟု ထင်မှတ်ရကာ ကိုးယောက်လုံးကို ခြုံလွှမ်းသော ဓားအင်းကွက် တစ်ခုတည်းအောက်ကို ရောက်နေသည်။ ဓားအင်းကို ထိန်းချုပ်သည်ကား နတ်ဘုရားဓားဖြစ်ကာ ထိုဓားကို စုရှမ်းက ဆုပ်ကိုင်ထား၏။
“သူ့ကိုတား…”
ကျောက်မင်က ခံစားချက် ကင်းမဲ့စွာဖြင့် ပြောသည်။ ရုတ်တရက် သူ့နောက်မှ ခေါင်းဆောင် လေးယောက်က ရှေ့ကို အဆက်မပြတ် တက်လာကြသည်။ အချို့က လေထဲကို မြန်ဆန်စွာပင် ရောက်လာကာ ကြောက်မက်ဖွယ် စွမ်းအင်များကို စုစည်းသည်။
ထိုအခိုက်တွင် ဓားဝင်္ကပါ အတွင်းမှ နတ်ဘုရားဓားက စူးရှသော အလင်းတစ်ချက်နှင့်အတူ ပေါက်ကွဲသွားကာ လောကဓာတ်များ အားလုံးကို ဖောက်ထွင်းလျက် ကြီးစွာသော အရှိန်ဖြင့် ဆက်လက် တိုးဝင်သွားသည်။ ဓားက အဆုံးမဲ့ခန္ဓာနှင့် ရင်ဆိုင်တိုးမိခြင်း မရှိဘဲ တိမ်းရှောင်သွားသည်။
စုရှမ်းကား လုပ်ကြံ သတ်ဖြတ်ခြင်း၌ ဆရာတစ်ဆူဖြစ်ကာ သူ၏ အမြန်နှုန်းကလည်း ပြိုင်ဘက်ကင်း ပေသည်။ ထိုအခိုက်တွင် ဧရာမကြီးမားသော ဓားအသိတစ်ခု ပေါက်ကွဲထွက်လာကာ ပြန့်ကား ထွက်လာသည်။
အဆုံးမဲ့နန်းတော်မှ တန်ခိုးရှင်များကား ဝင်္ကပါအတွင်း၌ စုစည်းနေကြဆဲ ဖြစ်သည်။ ရုတ်တရက် ဧရာမ ဓားအသိတစ်ခုက ကောင်းကင်ထက်မှ ပေါက်ကွဲ ထွက်လာကာ အောက်ကို ကျဆင်းလာသည်။
ဝူလျန်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ သူ၏လက်ကို နောက်သို့ ပြန်ရုပ်သိမ်းကာ ဓားအား ဆွဲယူရန် ကြိုးစားသည်။ သို့သော်လည်း ထောင်ကျန်းက တစ်ဖက်လူကို မည်သို့ နောက်ဆုတ်ရန် အခွင့်အရေး ပေးမည်နည်း။ သူ၏ခြေထောက်က ရောင်စဉ်များ လင်းလက်သွားပြီး တစ်ဖက်လူထံသို့ တိုးဝင်သွားကာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေသော လက်ဝါးဖြင့် ရိုက်ထုတ် လိုက်သည်။ ဝူလျန်ကလည်း မည်သို့မှ မတတ်သာဘဲ အဆုံးမဲ့ဓားဖြင့် တစ်ဖန်ပြန်လည် ဝှေ့ယမ်း ခုခံရတော့သည်။ တစ်ချိန်တည်းမှာပင် အဆုံးမဲ့နန်းတော်မှ တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်ကို ကျဆင်းကာ အသက်မဲ့ သွားကြရသည်။
“ကျောက်ဟောင်…” ကျောက်မင်က အေးစက်စွာ ပြောသည်။ ကျောက်ပြည်ထောင်၏ အကြီးဆုံး သားဖြစ်သော ကျောက်ဟောင်က ရှေ့ကို တက်သွားသည်တွင် ကြီးမားသော ဖီးနစ်စစ်တပ်မှ ဖီးနစ်ဓားတစ်လက် ကတည်း သူနှင့်အတူ လိုက်ပါလာသည်။ ဖီးနစ်ဓားကား စစ်မှန်သော ဖီးနစ်များ၏ သွေးများဖြင့် သန့်စင် ထုဆစ်ထားခြင်း ဖြစ်ကာ တော်ဝင်ရတနာ ဓားတစ်လက် ဖြစ်သည်။ ဓားက ရှေ့ကို ထိုးသွင်း ဝင်ရောက်လာလျှင် စစ်မှန်သော ဖီးနစ်တစ်ကောင် ပျံသန်းလာသည့်အလား ထင်မှတ်ရ၏။
စုရှမ်းကလည်း သူ၏ နတ်ဘုရားဓားဖြင့် ဝှေ့ယမ်း ခုခံသည်တွင် မုန်တိုင်းတစ်ခု ရိုက်ခတ်သွားပြီး စုရှမ်းနှင့်အဖွဲ့က နောက်ကို မြန်ဆန်စွာ ဆုတ်သွားကြသည်။ သူတို့ကား အရေအတွက်အားဖြင့် အလေးနိမ့်ရာ တိုက်ရိုက် ရင်ဆိုင်ခြင်း မပြုကြပေ။ သူတို့က ရန်သူ၏အားနည်းသော အပိုင်းများကိုသာ အလစ်တိုက်ခိုက် နိုင်ပေသည်။
“မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ…” ကျောက်မင်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ ဓားဝင်္ကပါက ရှေ့ကို တက်လာသည်တွင် ရီဖူရှင်း၏ဘေး၌ ဟာကွက်တစ်ခု ဖြစ်လာသည်။ သူက ချက်ချင်း အမိန့်ပေးသည်… “ရီဖူရှင်းကို တိုက်ကြစမ်း…” သူက မပြောလျှင်ပင် ကျောက်ပြည်ထောင်မှ တန်ခိုးရှင်များက ထိုနေရာကို မြင်တွေ့ပြီး ဖြစ်ကာ မြန်ဆန်စွာဖြင့် ရီဖူရှင်းထံကို တိုးဝင် သွားကြသည်။
***