ကု့ချင်းသံစဉ်က ချက်ချင်း ပြောင်းလဲသွားသည်။ ပုံရိပ်ယောင်များ အားလုံး ပျောက်ကွယ်သွားကာ ကု့ချင်းသံစစဉ်က မြင့်မြတ်ထည်ဝါခြင်း၊ ခမ်းနားခြင်းများစွာဖြင့် ကောင်းကင်ကို ထိုးတက် ရိုက်ခတ်သွား၏။ အားလုံး၏ စိတ်အာရုံ၌ အခြားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ စစ်သူကြီးတစ်ပါးက သူ၏စစ်သည်များအား ဦးဆောင်ကာ တစ်ဖက်ဘုရင်အား ဓားဖြင့် ညွန်လျက် ချီတက်သည်။
ရီဖူရှင်းက သူကု့ချင်းကို သုံးလျက် ထိုပုံရိပ်အား သူလူများ ခေါင်းထဲသို့ ရိုက်သွင်းခဲ့သည်။
စစ်တုရင် ကစားနေသာ ကျောက်ပြည်ထောင် ဘုရင်က ရုတ်တရက် ရီဖူရှင်းအား လှမ်းကြည့်သည်။ သတ်ဖြတ်လိုသော အငွေ့အသက်များ သူ၏မျက်လုံးများထဲ ဖြတ်ပြေးသွားသည်။ ထိုဓားသွားက သူ့အား ရည်ရွယ်၏။
“ဒီစစ်ပွဲမှာ နန်းတော် မပျက်စီးခဲ့ရင် ကျုပ်က ခင်ဗျားတို့ အားလုံးကို ကတိပေးတယ် … ဒီစစ်ပွဲမှာ ပါဝင်တဲ့လူတွေ အကုန်လုံးကို ကျုပ်က ဦးဆောင်ပြီးတော့ ကျောက်ပြည်ထောင်ကို အမှုန့်ခြေပစ်မယ်…” ရီဖူရှင်း၏အသံက စစ်မြေပြင် တစ်ခုလုံးကို တုန်ခါ သွားစေသည်။ ကု့ချင်းသံစဉ်က နောက်ဆုံးတွင် ရပ်တန့်သွား၏။ သို့သော် သံစစဉ်က သူတို့၏နားထဲ တုန်ခါနေဆဲ ဖြစ်သည်။
“အတင့်ရဲတယ်…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်၏အသံက ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါ သွားစေသည်။
“စစ်တုရင် ရှန့်ထိုလည်း ဒီလိုပဲ ပြောခဲ့တာပဲ…” ရီဖူရှင်းက ခေါင်းမော့ကာ လေထဲမှ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်သည်လျက် ဆက်ပြောသည်… “ပြီးတော့ သူလည်း သေတာပဲ…”
ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ခေါင်းငုံ့ကာ ရီဖူရှင်းအား ကြည့်သည်။ သူ၏မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းလောက်အောင် သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
အင်ပါယာရှား၏ စည်းမျဉ်းကြောင့်သာ မဟုတ်ပါက ရီဖူရှင်းအား အသေရိုက်သတ် ပစ်လိုက်ပြီဖြစ်သည်။
ရှီအဆင့်သို့ ယခုမှ တက်လှမ်းလာသော လူငယ်တစ်ယောက်က သူ့အား ဤသို့ ပြောရဲသည်။
ဂါး… ရွေလူဝါ၏ မာန်သွင်း အော်ဟစ်သံက ရီဖူရှင်း၏အာရုံကို စစ်မြေပြင်သို့ ဆွဲငင်ခေါ်ဆောင် သွား၏။ ယန်ကျန်း၏ ခန္ဓာကိုယ်ကား အလွန်ထက်ရှသော လှံရှည်တစ်ချောင်း၏ ထိုးနှက်ခြင်းကို ခံလိုက်ရ၏။ သို့သော်လည်း သူ၏ နှင်တံရိုက်ချက်က ဖီးနစ်ဝင်္ကပါကို အရှိန်အဟုန်ကြီးစွာ ကျဆင်း လာခဲ့သည်။ ကျောက်ယိုကား နောက်ကို လွင့်စဉ်သွားကာ သွေးများ အန်ကျသည်။
ယန်ကျန်းက ဘယ်ဘက်လက်ဖြင့် လှံရှည်ကို ဆွဲထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ သွေးများ စီးကျလာသော်လည်း သူက အရေးစိုက်ဟန်မရဘဲ ဒေါသတကြီး အော်ဟစ်သည်… “သတ်…”
“သတ်… သတ်… သတ်…”
အော်သံများက ကောင်းကင်ယံသို့ အထိ ပျံ့လွင့်သွားသည်။ တိုက်ပွဲက ဆက်လက် ဖြစ်ပွားကာ လူများကလည်း ဆက်တိုက် သေကျေကြသည်။ မှော်စွမ်းအင်၊ ဓားစွမ်းအင်များကြောင့် ခန္ဓာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသူများလည်း အများအပြား ရှိပေသည်။ ကောင်းကင်ထက်မှ ကြည့်လျှင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းများကိုလည်း မြင်ရကာ မြေပြင်တစ်ခုလုံးက သွေးနီရောင် လွှမ်းခြုံနေ၏။
“ဝင်္ကပါက ပျက်သွားပြီ…” လေထဲမှ တန်ခိုးရှင်များက ပြောကြသည်။ ရွေဖီးနစ် ဝင်္ကပါကား ဖျက်ဆီးခံရပြီဖြစ်ကာ စစ်သည်များကလည်း တကွဲတပြား ဖြစ်နေကြလေပြီ။ သို့သော်လည်း သူတို့က ယန်ကျန်း၊ ယိရှောင်ရှီနှင့် ကျွေ့ချိန်ချူတို့ထံသို့ ဆက်လက် ပြေးဝင် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ သူတို့က ဝင်္ကပါ၏ ပင်မထောက်တိုင်များ ဖြစ်ကြောင်း အားလုံးက သိကြပေသည်။
လျန်ယွီချန်း သည်လည်း ကျောက်ပြည်ထောင် စစ်တပ်၏ ပစ်မှတ်များထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏ ကု့ချင်းသံစဉ်က ယိရှောင်ရှီ၏ စိတ်စွမ်းအားကို အဆမတန် မြင့်တက်စေကာ ရှေးနတ်ဘုရားအား အကြီးအကျယ် ကြောက်မက်ဖွယ် ကောင်းစေခဲ့သည်။
ရီဖူရှင်းက လေထဲမှ ငုံ့ကြည့်သည်။ သူ၏နေရာမှလည်း မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များမှာ ကျောက်ပြည်ထောင် စစ်တပ်၏ ဝန်းရံတိုက်ခိုက်ခြင်း ခံနေရသည်ကို မြင်ပေ၏။ တစ်ချိန်တည်းမှာပင် သူတို့က ပြင်ပမှနေ၍ ကျောက်ပြည်ထောင် စစ်တပ်အား သတ်ဖြတ်နိုင်ပေသည်။
ထိုအခိုက်တွင် စစ်တုရင် ကစားနေသော ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က စစ်မြေပြင်အား ခံစားချက် ကင်းမဲ့စွာဖြင့် ကြည့်သည်။ သူ့အတွက် ထိုဆိုးဝါးသော မြင်ကွင်းက မည်သို့မှ ထူးခြားဟန်မရှိပေ။
ကျောက်ပြည်ထောင်၏ ဘုရင်တစ်ပါးအနေဖြင့် သူကား ယနေ့ ဤနေရာကို ရောက်ရန် များစွာသော လှိုင်းလေများကို ခံခဲ့ရပေသည်။ သူ၏ အိတ်ကပ်ထဲကိုလည်း အသက်ပေါင်းများစွာ ထည့်ခဲ့ဖူးသည်။ တော်ဝင်လမ်းကို ကျော်ဖြတ်ခြင်းကပင် သူ့လက်တွင် မရေမတွက်နိုင်သော သွေးများ စွန်းခဲ့ပြီးဖြစ်သည်။
နိုဘယ် တန်ခိုးရှင်များ၏ သေဆုံးခြင်းကို သူက မည်သို့ စိတ်ထဲ ထည့်မည်နည်း။
“မိုက်ရူးရဲဆန်တယ်… ငါ့ရှေ့မှာ လူတစ်ယောက်ကို သတ်တုန်းက ဘယ်လောက် သူရဲကောင်း ဆန်လိုက်သလဲ…” ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ရီဖူရှင်းအား ကြည့်ကာပြောသည်…” သူတို့အားလုံးက မင်းကြောင့် သေရတာ… နန်းတော်ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ မင်းကြောင့်ပဲ နန်းတော်က ပျက်စီးရတော့မှာ…”
ရီဖူရှင်းက ခေါင်းမော့ကာ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်အား ကြည့်သည်။ ထို့နောက် မြေပြင်မှ အလောင်းများအား ကြည့်သည်။ ထိုလူများက သူ့ကြောင့် သေဆုံးရသည်လား။
ထိုအခိုက်တွင် သူက သင်္ချိုင်းကုန်း ကျေးရွာမှ မြင်ကွင်းကို ပြန်အမှတ်ရမိသည်။ ရာရာ၏မိဘများကား ကျောက်ပြည်ထောင် ဘုရင်မင်းကြီး၏ အမိန့်ဖြင့် သူ့ရှေ့တွင်ပင် အသတ်ခံခဲ့ရသည်။ သူတို့ကား သာမန်လူများ ဖြစ်ကြ၏။ ဤစစ်မြေပြင်မှ လူများကိုထား၊ သာမန်လူများ၏ အသက်များကို ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က မည်သို့ အလေးထားမည်နည်း။
သူ၏ မျက်လုံးထဲတွင် သူတို့ကား ပုရွက်ဆိတ်များ ဖြစ်ကြသည်။
ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က သူသတ်ဖြတ်ခဲ့သော လူအချို့ကိုပင် အလေးထားသည် မဟုတ်ပေ။ ကျောက်ပြည်ထောင် ဘုရင် အလေးထားသော တစ်ခုတည်းသော အရာကား သူ့ရှေ့တွင် သူ့လူကို သတ်ဖြတ်သည့်သူ ဖြစ်သည်။
လူငယ်မျိုးဆက် ရှီတန်ခိုးရှင် တစ်ယောက်က မြေရိုင်းပြည်နယ်၏ ခေါင်းဆောင် ဖြစ်သည့်တိုင် သူ့အား ဆန့်ကျင်ခွင့်မရှိပေ။ ထိုအခိုက်တွင် သူက အကြောင်းအရာ များစွာကို တွေးမိသည်။ နန်းတော်ခေါင်းဆောင် နေရာအား သူလက်ခံစစဉ်က မြေရိုင်းပြည်နယ် တစ်ခုလုံး သူ့အား လာရောက် ဂုဏ်ပြုခဲ့ကြသည်။ သူက မရဏတောင်တို့ တက်သော အခါတွင်လည်း မိမိ၏အသက်ကို ပဓာနမထားခဲ့ပေ။ တောင်ပေါ်ကို မတက်မီ ပြသသော ဘေးဆိုးရန်ဆိုး ဟောကိန်းများကား တောင်ပေါ်၌ ကြုံတွေ့မည့် အရာများကိုသာ ရည်ညွှန်းသည် မဟုတ်ဘဲ နောက်ပိုင်း ဖြစ်လာနိုင်သော အကျိုးဆက်များနှင့်လည်း သက်ဆိုင်ခဲ့သည်။
ထိုအခိုက်တွင် ဂူတုံးလျိုက ရီဖူရှင်း၏ဘေးကို လျှောက်လာကာ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်အား ကြည့်သည်။ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က ရီဖူရှင်း၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူသိသည်။ နန်းတော် တပည့်များ၏ သေဆုံးခြင်းက ရီဖူရှင်းအား အနည်းနှင့်အများ စိတ်ထိခိုက်စေမည်မှာ သေချာပေသည်။ မည်သို့ဆိုစေ သည်စစ်ပွဲက သူ့ကြောင့် စတင်ခဲ့ခြင်း မဟုတ်ပါလား။
“ကျုပ်တို့ အသက်ရှင်တဲ့အခါ ကျုပ်တို့ ရပ်တည်ရမယ့် ယုံကြည်ချက်တွေ ရှိတယ်… ကျုပ်တို့လူတွေကို ကျုပ်တို့ရှေ့မှာ အသတ်ဖြတ်ခံရတဲ့အခါ ကြောက်ရွံ့ပြီးတော့ နောက်ဆုတ်နေခဲ့ရင် တစ်နေ့ နန်းတော်က တပည့်တွေ ပြင်ပလောကမှာ အနိုင်ကျင့်ခံရတဲ့ အခါလည်း ဒီလိုပဲ ကြောက်ရွံ့ နေကြမှာပဲ…ကျုပ်တို့ သွေးတွေ မနီရဲတော့ဘူးဆိုရင် နန်းတော်သခင် ဖြစ်တဲ့ရည်ရွယ်ချက်၊ တန်ခိုးကျင့်ခြင်းရဲ့ ရည်ရွယ်ချက်၊ အသက်ရှင်သန်ခြင်းရဲ့ ရည်ရွယ်ချက်တွေ ဘယ်မှာလဲ…” ဂူတုံးလျိုက ပြန်ပြောသည်။ သူက ရီဖူရှင်းရွေးချယ်ခဲ့သော လမ်းကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ ဖြစ်သည်။ သူတို့က မှားယွင်းသည်ဟု ဂူတုံးလျိုက မထင်ပေ။
“ဒီနေ့ တော်ဝင်စစ်ပွဲ မရှိရင်တောင်မှ နန်းတော်က သေချာပေါက် တိုးတက် ထွန်းကားမှာပဲ…” ဝမ်ရှင်းက ထပ်ပြောသည်။ မြေရိုင်းပြည်နယ်ကား ပြည်နယ်ကိုးခု၏ လုံးဝနီးပါး အမေ့လျော့ခံ ဖြစ်လာခဲ့သည်။ ထို့အပြင် သူတို့က ကျိရှမ်းကမ်းပါးနှင့် ပဋိပက္ခများ ဖြစ်ထားပြီး ဖြစ်သည်။
အကယ်၍ မြေရိုင်း ပြည်နယ်ကသာ ပိုမို အားကောင်းလိုပါက သူတို့တွင် သေချာပေါက် ရင်ဆိုင်ရမည့် အတားအဆီးများ ရှိနေပေသည်။ ရီဖူရှင်းက ထိုအတားအဆီးများကို မြန်မြန်ဆန်ဆန် ရောက်လာစေခြင်းသာ ဖြစ်သည်။ ထို့အပြင် ရီဖူရှင်းက မြေရိုင်းပြည်နယ်သို့ ရှန့်ထိုတစ်ပါး ခေါ်ဆောင်လာနိုင်ခဲ့ကာ သူတို့အား စစ်မှန်သော တော်ဝင်မြေ ဖြစ်စေခဲ့သည်။
ရီဖူရှင်းက ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်ကာ ဆက်ပြောသည်…”
“မရဏတောင်မှာ စစ်တုရင်ရှန့်ထိုက ကျုပ်ကို မေးခွန်းတစ်ခု မေးခဲ့တယ်… စစ်တုရင်ရှန့်ထိုက ကျေးရွာတစ်ခုလုံးရဲ့ အသက်နဲ့ သူနဲ့ကို နှစ်ခုထဲက တစ်ခု ရွေးခိုင်းခဲ့တယ်…”
“ကျုပ်က ကျုပ်အမြဲတမ်း ယုံကြည်ခဲ့တဲ့ အရာကိုပဲ ရွေးခဲ့တယ်…” ရီဖူရှင်းက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ကောင်းကင်ထက်ကို မော့ကြည့်ကာ ပြောသည်… “ခင်ဗျားရဲ့ မျက်လုံးထဲမှာ ဒီလူတွေရဲ့ အသက်တွေက တန်ဖိုးမဲ့လိမ့်မယ်… ဒါပေမဲ့ ကျုပ်မျက်လုံးထဲမှာတော့ ရာရာရဲ့ မိဘတွေက ခင်ဗျားနဲ့ မခြားဘူး… နန်းတော်ရဲ့ တပည့်တွေကလည်း ဒီအတိုင်းပဲ… ကျုပ်က နန်းတော်သခင် ဖြစ်နေမှတော့ နန်းတော်ကို အတတ်နိုင်ဆုံး ကာကွယ်ရမှာပဲ… နန်းတော် တပည့်တွေ သေဆုံးတာကတော့ သူတို့မြေခခဲ့ရတဲ့ သွေးတွေအတွက် ကျောက်ပြည်ထောင်က လူတွေရဲ့ သွေးတွေနဲ့ ဂုဏ်ပြုပေးရလိမ့်မယ်…”
သူက ထိုသို့ ပြောလိုက်ပြီးနောက် ကျောက်ပြည်ထောင် စစ်တပ်ကို ကြည့်ကာ ကျယ်လောင်စွာ ပြောသည်… “ကျောက်ပြည်ထောင်က ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့သူတွေ အကုန်လုံးကို ကျုပ်က စွဲစွဲမြဲမြဲ မှတ်ထားတယ်…”
ယနေ့ ထိုလူများ အားလုံးကို သူက မသတ်ဖြတ်နိုင်ခဲ့လျှင်ပင် တစ်နေ့ ထိုလူများအတွက် သေမင်းက ရောက်ကို ရောက်လာ စေရပေမည်။
“နန်းတော် တပည့်တွေ … အမိန့်နာခံကြ…” ရီဖူရှင်း၏အသံက အောင်မြင် ခန့်ညားစွာ ထွက်ပေါ်လာသည်။ ချက်ချင်းပင် မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များစွာက ရီဖူရှင်းအား ကြည့်ကြသည်။
“ကောင်းကင်တိုက်ပွဲ ဝင်္ကပါဖွဲ့မယ်…”
ရီဖူရှင်းက ပြောသည်။
“ကောင်းပါပြီ…” အားလုံး၏ ညီညီညာညာ ပြန်ပြောသံက ကောင်းကင်တစ်ခွင်ကို လွင့်ပျံသွားစေသည်။ ထို့နောက်တွင် တန်ခိုးရှင်များက ရှေ့ကို တက်လာကြသည်။ ရှေ့ဆုံးမှ တက်လာသူကား ရီဖူရှင်း၏ ဆရာဖြစ်သူ ထောင်ကျန်း ဖြစ်သည်။ သူက တိုက်ပွဲထဲကို ကိုယ်တိုင်ပါဝင်၏။ ထို့ကျန်း၊ ယန်ဟောင်နှင့် ကျင့်ကန်းတို့လည်း ပါဝင်ကြပေသည်။
အလွန် အားကောင်းသော တန်ခိုးရှင် ၃၆ယောက်က စုစည်းသွားကာ သူတို့ထံမှ သိုင်းပညာ စွမ်းအားများက ပတ်ဝန်းကျင် တစ်ခုလုံးအား ရိုက်ခတ်သွားသည်။ ချက်ချင်းပင် အလင်းများ နေရာအနှံ့၌ ဖြစ်လာသည်။
ထောင်ကျန်းက သူတို့ အားလုံး၏ရှေ့တွင် ရပ်နေသည်။ ကောင်းကင်တွင် ဧရာမကြီးမားသော တိုက်ခိုက်ရေး ခန္ဓာပေါ်လာကာ စစ်နတ်ဘုရားအလား ရောင်စဉ်ရောင်ဝါများ လင်းလက်နေသည်။
သူ့နောက်တွင် သိုင်းပညာရှင်များက လူ၃၆ယောက်ဖြင့် ကောင်းကင်ဝင်္ကပါ တိုက်ကွက်ကို ဖော်ဆောင် ထားကြပြီး ဖြစ်သည်။
“ခေါင်းဆောင် လေးယောက်… ကျုပ်ရဲ့အမိန့်ကို နားထောင်ကြ…ဝင်္ကပါ စတည်မယ်…” ကျောက်မင်က ကြည်လင် ပြတ်သားစွာ အမိန့်ပေးသည်။ ချက်ချင်းပင် လူအုပ်ထဲမှ တန်ခိုးရှင် အများအပြား ထွက်လာသည်။ ခေါင်းဆောင် လေးယောက်၌ တစ်ယောက်မှာ အသက်ကြီးရင့် နေပြီဖြစ်ကာ ကျန်သုံးယောက်ကား သက်လတ်ပိုင်း အရွယ်များ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံး၏ ကိုယ်ရောင် ကိုယ်ဝါများက ခန့်ညားကြပေ၏။
ရွှေဖီးနစ်စစ်တပ်အပြင် ကျောက်ပြည်ထောင်၌ အလွန် အားကောင်းသော စစ်တပ်လေးခု ရှိပေသည်။ သူတို့က ကျောက်ပြည်ထောင်၏ အရပ်မျက်နှာ လေးခုတွင် စတည်းချကာ ကလန်များနှင့် ဂိုဏ်းများကို အုပ်ချုပ်သည်။ ကျောက်ပြည်ထောင် ဘုရင်မူကား ထိုအရေးကိစ္စများကို သိပ်စိတ်မဝင်စားပေ။ စစ်တပ် ခေါင်းဆောင်များကား ရှီအဆင့်မှ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အဘိုးအို၏ နာမည်ကား နေးခိုင်ဟု ခေါ်ကာ ဘုရင်နေးဟု လူအများက ခေါ်ကြသည်။ သူကလည်း ပြည်နယ်ကိုးခု ရှီအဆင့်ဝင် ဖြစ်သည်။
ကျောက်ပြည်ထောင်မှ ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တန်ခိုးရှင် လေးယောက်မှာ ဖီးနစ်စစ်တပ်၏ စစ်သူကြီးကျောက်မင်၊ လက်ထောက်စစ်သူကြီး ကျောက်ဟောင်၊ ဘုရင်နေးနှင့် အဆုံးမဲ့ နန်းတော်သခင်တို့ ဖြစ်ကြသည်။ အဆုံးမဲ့နန်းတော်ကား ကျောက်ပြည်ထောင် လက်အောက်တွင် ရှိသော ကလန်များထဲတွင် နံပါတ်တစ်ကလန် ဖြစ်သည်။ စစ်ဗိုလ်ချုပ် လေးယောက်က သူတို့၏စစ်တပ်ကို ဝင်္ကပါများအဖြစ် ဖွဲ့စည်း လိုက်ကြသည်။ ကျောက်မင်က အဆုံးမဲ့ နန်းတော်သခင်ကို မေးသည်… “ဒီပုဂ္ဂိုလ်က ကာယပိုင်းမှာ အရမ်း အားကောင်းတယ်… ခင်ဗျားက သူ့ကို တိုက်ခိုက်နိုင်မလား…”
“သေချာတာပေါ့…”
အဆုံးမဲ့နန်းတော် သခင်က ခေါင်းညိတ်သည်။ ချက်ချင်းပင် သူက အဆုံးမဲ့နန်းတော်မှ လူများကို ခေါင်းဆောင်ကာ ရှေ့မှ တိုက်ခိုက်ရေး ဝင်္ကပါသို့ ဦးတည် ချီတက်လာ၏။
ကျောက်မင်က တခြား အရှေ့ဘက် ပြည်နယ်မှ အင်အားစုများကို ကြည့်ကာ ပြောသည်… “ခင်ဗျားတို့က မြေရိုင်းပြည်နယ်က လူတွေကို ဝန်းရံဖို့ တာဝန်ယူ…တစ်ယောက်မှ မလွတ်စေနဲ့…”
ကျောက်ပြည်ထောင် ဘုရင်က တော်ဝင်ကျဲ နန်းတော်အား ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းပစ်ရန် အမိန့်ပေးထားပြီး ဖြစ်သည်။ အင်အားစုများ အားလုံးက အမိန့်ကို လက်ခံကြသည်။ ရီဖူရှင်း၏ စိတ်ဓာတ်က မည်မျှ အားကောင်းပါစေ သူက ထိုမျှ အင်အားကွာဟမှုကို ကျော်လွှားနိုင်မည် မဟုတ်ပေ။
ယခုထိ သူတို့နှင့် ကျောက်ပြည်ထောင်တို့ အကြား ကြီးမားသော အင်အား ကွာဟမှုများ ရှိနေဆဲဖြစ်သည်။ ယနေ့ ရောက်လာသော တော်ဝင်စစ်တပ်က သူတို့၏အင်အား အလုံးစုံ မဟုတ်သေးပေ။ သူတို့က နောက်တွင် ချန်ထားခဲ့သော တန်ခိုးရှင်များ ရှိသေးပေသည်။ သို့တိုင်အောင် သည်မျှအင်အားကိုပင် တော်ဝင်ကျဲနန်းတော်က ရင်ဆိုင်ခုခံရန် မလွယ်ကူပေ။
“ဓားဝင်္ကပါ… စုစည်းမယ်…” ရီဖူရှင်းက ဆက်ပြောသည်။ သူ၏အသံကို ကြားသည်တွင် နိုဘယ်များကို ညွှန်ကြားနေသော ဓားမိစ္ဆာက စုရှမ်းနှင့်အတူ တိုက်ပွဲထဲကို ကိုယ်တိုင်ဝင်လာကာ အလွန်မြင့်မားသော စွမ်းရည်ရှိသော ဓားသမား ကိုးယောက်နှင့် ဝင်္ကပါတစ်ခု ဖွဲ့စည်းကြသည်။
တစ်ချိန်တည်းမှာပင် ဓားသခင်က စစ်တပ်၏ ညာတောင်ပံတွင် နေရာယူသည်။ သူ၏လက်ထဲတွင် မိစ္ဆာဓားကို တွေ့ရကာ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များ သူ့တစ်ကိုယ်လုံးကို စီးဆင်းနေသည်။
ချက်ချင်းပင် မြေရိုင်းပြည်နယ်ကား ဝန်းရံ ခံလိုက်ရတော့သည်။ ကောင်းကင်ဝင်္ကပါကား ရှေ့ဆုံးတွင်ဖြစ်ပြီး ဓားဝင်္ကပါက ဘယ်ဘက်တွင် ဖြစ်ကာ ဓားသခင်က ညာဘက်တွင် ဖြစ်၏။ ယူစီနှင့် ကျူးကော့ချန်းဖန်တို့ကား နောက်တွင်ရှိသည်။
ရေခဲနန်းတော်နှင့် ရီဖူရှင်းတို့က ဗဟိုတွင်ဖြစ်၏။ ဝင်္ကပါကြီးက ရီဖူရှင်းအား ဗဟိုပြုထားပေသည်။
ယခု ရီဖူရှင်း၏ရှေ့တွင် ကောင်းကင်ဝင်္ကပါက ဖွဲ့စည်းပြီးသွားပြီ ဖြစ်ကာ ထောင်ကျန်း၏ တိုက်ခိုက်ရေးခန္ဓာက ဧရာမကြီးမားသော အရှိန်အဝါဖြင့် လက်သီးတစ်ချက် ထုတ်လွှတ်သည်တွင် ပြင်းထန်သော လက်ဝါးရိုက်ချက်က လေထုကိုခွင်းလျက် ကျောက်ပြည်ထောင် စစ်တပ်သို့ တိုးဝင်သွားသည်။
သို့သော်လည်း သူ့ရှေ့တွင် နောက်ထပ် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ အဆုံးမဲ့ နန်းတော်မှ လူများက ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းခဲ့ကြဟန် တူသည်။ အဆုံးမဲ့ နန်းတော်သခင်က ဝင်္ကပါရှေ့တွင်ရပ်ကာ သူ၏လက်များတွင် စွမ်းအားများကို စုစည်းသည်။ ချက်ချင်းပင် သူ့နောက်၌ မရေမတွက်နိုင်သော လက်ချောင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် ဧရာမ အဆုံးမဲ့အင်းကွက်တစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး ထောင်ကျန်း၏ လက်ဝါးရိုက်ချက်ကို ကာကွယ်သွားသည်။
“အဆုံးမဲ့ခန္ဓာ…” ရီဖူရှင်းက တစ်ဖက်လူက မည်သူဖြစ်သည်ကို သိလိုက်သည်။ သူက ပြည်နယ်ကိုးခုမှ ရှီနှင့်ရှန့်ထို စာရင်းဝင်များကို အတော်အသင့် လေ့လာ ထားပေသည်။ သူတို့ရှေ့မှလူကား ပြည်နယ်ကိုးခု ရှီအဆင့်၌ နံပါတ်၆၄တွင်ရှိပေသည်။ သူ၏နာမည်က ရှီတန်ခိုးရှင် ဝူလျန်ဖြစ်သည်။
ဘထောင်ကျန်း၏ တိုက်ခိုက်ရေးခန္ဓာက ရှေ့ကို တက်လာသည်တွင် လေထုက တုန်ခါသွားပြီး မြေပြင်က လှုပ်ယမ်း၏။ မြေပြင်တွင် တိုက်ခိုက်နေသာ နိုဘယ်များအားလုံးက ကြီးမားသော ဖိအားများကို ခံစားရကာ မျက်နှာများ ပြာနှမ်းသွားကြသည်။ ကျောက်မင်က ချက်ချင်း အမိန့်ပေးသည်… “တိုက်ပွဲဝင်နေတဲ့ နိုဘယ်တွေ… နောက်ဆုတ်ကြ…”
ကျောက်ပြည်ထောင် စစ်တပ်၏နိုဘယ်များကား တကွဲတပြား ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့က အရေအတွက်အားဖြင့် အသာစီးရသည် ဆိုသော်လည်း အသေအပျောက်ကလည်း မြေရိုင်းပြည်နယ်ထက် အဆမတန် များနေသည်။ ယခု ရှီတန်ခိုးရှင်များ တိုက်ပွဲကြောင့် နိုဘယ်များကို အနည်းနှင့်အများ ထိခိုက်မည် ဖြစ်ပေသည်။ သူတို့က နိုဘယ်များဖြင့် အဆုံးအဖြတ် တိုက်ပွဲဆင်နွဲ၍ မရမှတော့ သူတို့အား လောလောဆယ် နောက်ဆုတ်ခိုင်းထား ရပေမည်။ သူတို့က ရှီအဆင့်တိုက်ပွဲတွင် အနိုင်ယူပြီးမှ ထိုနိုဘယ်များအား သတ်ဖြတ်မည်။
ကျောက်ပြည်ထောင် စစ်တပ်က တိုက်ခိုက်ရင်းဖြင့် နောက်ဆုတ်ကြသည်။ မြေရိုင်းပြည်နယ်မှ လူများကလည်း ဒေါသတကြီးဖြင့် နောက်မှ လိုက်လံ တိုက်ခိုက်ကြသည်။ ထိုစစဉ်မှာပင် ရီဖူရှင်းက ပြောသည်… “မြေရိုင်းပြည်နယ်က နိုဘယ် တန်ခိုးရှင်တွေ… နောက်ဆုတ်ကြ…” ရန်သူအား နောက်ဆုတ်စေခြင်းက မလွယ်ကူပေ။ မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များ မလိုအပ်ဘဲ အလဟဿ အသက် ဆုံးရှုံးရမည်ကို သူမလိုလားပေ။ ရီဖူရှင်း၏အမိန့်တွင် ရုန့်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်နေသာ ယန်ကျန်းပင် နောက်ဆုတ်ခဲ့သည်။ မကြာမီ စစ်တပ်နှစ်ခုက နောက်ဆုတ်သွားကာ ကွင်းပြင်ကြီးအား အလယ်၌ ကွက်လပ် ဖြစ်စေသည်။
***