ဝမ်ပေါင်လဲ့မှာ ကမ္ဗည်းစာပညာရပ်များ လျင်မြန်စွာ တိုးတက်လာသည့်အပြင် ချောင်ခွင်း၏ မကျေမနပ်ဖြစ်နေသော အမူအရာများကို ပြန်၍ တွေးမိလိုက်သဖြင့် ဘဝင်ခိုက်နေ၏။ ထို့အပြင် သူ၏ လက်ကောက်ဝတ်ပေါ်ရှိ ကျောက်စိမ်းလက်ကောက်အား မြင်လိုက်ရသောအခါ သူ့ကိုယ်သူ အလွန် ကျေနပ်ပီတိဖြစ်နေတော့သည်။
” သိုလှောင် ဓမ္မအဆောင် တစ်ခုပဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားနေ၏။ သူသည် ထိုလက်ကောက်ကို မခွဲနိုင်လောက်အောင် ဖြစ်နေပြီး ၎င်းမှာ အလွန် အဖိုးတန်ကာ သူကဲ့သို့ ကျောင်းသားများအတွက် ထူးခြားကြောင်း အထင်အရှား မြင်နိုင်ပေသည်။ ၎င်းမှာ ရှေးဦးဝိညာဉ်ခေတ်ထဲတွင် ပြည်ထောင်စုကြီး စတင်ပေါ်ပေါ်လာခဲ့သည့် အချိန်အတိုင်းအတာတစ်ခုကို ကိုယ်စားပြုနေသည် မဟုတ်ပါလော။ သာမန်လူသားများအတွက်မူ ထိုလက်ကောက်မှာ ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သည့် နာမည်ကျော်ကြားသော ပစ္စည်းများစွာထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဌာနဆီသို့ ပြန်သည့် လမ်းတစ်လျှောက် သူ၏ ကိုယ်ပိုင်ပစ္စည်းများကို ထို သိုလှောင်လက်ကောက်ထဲသို့ စမ်း၍ ထည့်ကြည့်နေတော့သည်။ ထိုဓမ္မအဆောင်ကို အသုံးပြုရသည်မှာ လွယ်ကူရိုးရှင်း၏။ ပြည်ထောင်စုထဲတွင် ချီအားဖြည့်ပညာရပ်ကို ကျင့်ကြံထားသည့်လူတိုင်း ထိုအဆောင်ကို အသုံးပြုနိုင်မည်ဖြစ်သည်။
သူသည် ထိုလက်ကောင်ထဲသို့ ဝိညာဉ်ချီများကို ထည့်သွင်းလိုက်သောအခါ ၎င်း၏ အတွင်းထဲရှိ နေရာမှာ စတုရန်းပေနှစ်ဆယ်ခန့် ကျယ်ဝန်းပြီး သူ ဆန္ဒရှိသလို ပစ္စည်းများကို အထုတ်အသွင်း ပြုလုပ်နိုင်ကြောင်း သိလိုက်ရသည်။ ဝမ်ပေါင်လဲ့မှာ ထိုအဆောင်အား စမ်းသပ်လိုက်ပြီးသောအခါ ပို၍ပင် စိတ်လှုပ်တရှား ဖြစ်သွားတော့သည်။
သူသည် အိမ်သို့ပြန်သည့် လမ်းတစ်လျှောက် ပစ္စည်းများကို ထည့်လိုက် ပြန်ထုတ်လိုက် အဆက်မပြတ် လုပ်နေ၏။ ထို့အပြင် သူသည် ပါမောက္ခကြီးနှင့် အခြားသူများ၏ ကိုယ်ဟန်အမူအရာအတိုင်း တုပ၍ သူ၏ ညာလက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သောအခါ မုန့်ထုပ် တစ်ထုပ် လက်ထဲတွင် ပေါ်လာ၏။ သူသည် လက်ကို နောက်ထက် တစ်ကြိမ် ဝှေ့ယမ်းလိုက်သောအခါ ထိုမုန့်ထုပ်မှာ ပြန်၍ပျောက်ကွယ်သွားသည်။
ထိုအခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောမိသွားတော့သည်။ သူသည် စိတ်ကျေနပ်စွာဖြင့် နတ်ဝိဇ္ဇာဂူဆီသို့ အလျင်အမြန် ပြန်သွားလိုက်ပြီး ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးက သူ့အား လက်ဆောင်ပေးခဲ့သော ကျောက်စိမ်းပေလွှာလေးကို ထုတ်ယူလိုက်သည်။
ထိုပစ္စည်းသန့်စင်ခြင်းပညာရပ်ဟု ခေါ်သော ပညာရပ်ထဲတွင် ဝိညာဉ်အမြုတေများကို ကြီးထွားများပြားလာအောင် လုပ်သည့်နေရာတွင် အသုံးပြုရသော ပါဝင်ပစ္စည်းများကို ဖော်ပြထားသည်။ ထို့အပြင် ထိုပါဝင်ပစ္စည်းများကို ရောနှောနိုင်သည့် ရိုးရှင်းသော နည်းလမ်းများကိုလည်း ဖော်ပြထားသေးသည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်၏ သဘောတရားတချို့ကို နားလည်သွားသောကြောင့် ထို ကျောက်စိမ်းပေလွှာကို အောက်သို့ချကာ သူ၏ တွက်ချက်မှုများကို ဆက်လက်လုပ်ဆောင်ရန်အတွက် ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်သွားလိုက်တော့သည်။
စာသင်ချိန်က ပါမောက္ခကြီး ပို့ချခဲ့သော ရှင်းလင်းချက်များကြောင့် ဝမ်ပေါင်လဲ့၏ အခြေခံဗဟုသုတများမှာ အလျင်အမြန် တိုးပွားလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူသည် တူညီဆက်စပ်နေသော အချက်များကို အခြေခံ၍ တွေးခေါ်ဆင်ခြင်ခဲ့သောကြောင့်လည်း ကမ္ဗည်းစာစနစ်ကို ကောင်းကောင်းနားလည်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် တွက်ချက်မှုများကို ပြန်လည်စတင်လိုက်သောအခါတွင် သူ၏ တွက်ချက်မှု အမြန်နှုန်းမှာ ယခင်ကထက်ပင် များစွာပို၍ မြန်ဆန်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် မိုးကြိုးပစ်ခံခဲ့ရသည့် အကြိမ်အရေအတွက်မှာ ဆက်ကြိမ်ပင် မပြည့်တော့သောကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရသွား၏။ ယခုတွင် မျက်နှာဖုံးကြီးက မေးခွန်းတစ်ခု မေးလိုက်သည့်အချိန်တိုင်း သူသည် အဖြေကို ချက်ချင်းထုတ်ပေးနိုင်စွမ်း ရှိနေပြီဖြစ်သည်။
သူ မှတ်မိနေသော ကမ္ဗည်းစာလုံး အရေအတွက်မှာ သိန်းဂဏန်းအနည်းငယ်ခန့်သာ ရှိပါသော်လည်း ထိုစနစ်ကို အသုံးပြု၍ သူလိုအပ်သော ကမ္ဗည်းစာလုံးအကုန်လုံးကို တွက်ထုတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူသည် ရှိရှိသမျှ ကမ္ဗည်းစာလုံး တစ်သန်းစလုံးကို အာဂုံဆောင်ထားပြီးပြီးဟု ဆိုလျှင်တောင် ချဲ့ကားပြောဆိုနေခြင်း မဟုတ်တော့ပေ။
အရေးကြီးဆုံး အချက်မှာမူ သူ၏ ပုံသေနည်းသုံး၍ တွက်ချက်သည့် ပညာရပ်ကြောင့် သူသည် ကမ္ဗည်းစာများကို ပို၍ နားလည်လာသည့် အချက်ပင်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူသည် အလွန် အစွမ်းထက်လာပြီဟု ခံစားလိုက်ရသောကြောင့် ချုပ်တည်းမထားနိုင်တော့ပေ။ လျှိုတောက်ပင်းနှင့် အခြားသူများ ဆက်၍ နာကျင်ခံစားနေရမည်ကို သူက မလိုလားပေ။ ထို့အပြင် ကျန်းလန်နှင့် အခြားသုံးယောက် ဆက်လက်၍ မောက်မာဝင့်ကြွားနေမည်ကိုလည်း သူက မမြင်လိုတော့ပေ။ ထို့ကြောင့် စတုတ္ထမြောက်နေ့၏ မနက်ခင်းစောစောအချိန်တွင် သူသည် သန္နိဋ္ဌာန် ချလိုက်ပြီး ကမ္ဗည်းစာခန်းမဆီသို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။
သူ ကမ္ဗည်းစာခန်းမထဲသို့ ရောက်သွားသောအချိန်တွင် ကျောင်းသားများမှာ စာသင်နေကြ၏။ ကမ္ဗည်းစာဆရာမှာ စာသင်ခုံ စင်မြင့်ပေါ်တွင်ရပ်ရင်း တင်းမာနေသော မျက်နှာထားဖြင့် ကျောင်းသားများကိုကြည့်ကာ ကမ္ဗည်းစာလုံးများကို ရှင်းပြနေ၏။
ဝမ်ပေါင်လဲ့မှာ ထိုဆရာကို မြင်လိုက်ရသည်နှင့် ချင်ချင်းပင် လက်ယှက်၍ အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ သူ ရောက်လာသောအခါ ကျောင်းသားအားလုံး၏ အာရုံမှာ သူ့အပေါ်သို့ ရောက်ရှိသွားကြပြီး ဆရာကိုယ်တိုင်ပင် သူ့အား လှမ်း၍ ကြည့်လိုက်သည်။ အကယ်၍ စာသင်ချိန်အား နှောင့်ယှက်နေသည့်သူမှာ အခြားတစ်ယောက်သာ ဖြစ်မည်ဆိုပါက ထိုဆရာမှာ ဆူပူကြိမ်းမောင်းလိုက်မည်သာ ဖြစ်သော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့ကို မြင်လိုက်ရသည့်အပြင် သူကိုယ်တိုင်ကလည်း ပါမောက္ခကြီး၏ စာသင်ချိန်ထဲတွင် ရှိနေခဲ့သည်ဖြစ်၍ ဖော်ဖော်ရွေရွေသာ ပြုံးပြလိုက်၏။
” ဪ။ ဝမ်ပေါင်လဲ့ပါလား။ ဒီနေ့ ဆရာတို့က အခြေခံ ကမ္ဗည်းစာလုံးတွေအကြောင်း သင်နေတာ။ မင်း စိတ်ဝင်စားတယ်ဆိုရင် နားထောင်လို့ရတယ် ”
ထိုဆရာ၏ အကြည့်ထဲတွင် အထင်ကြီးလေးစားမှုများကို အတိုင်းသားမြင်နေရ၏။ ထို့အပြင် ဝမ်ပေါင်လဲ့အား ပြောဆိုဆက်ဆံနေသည့် သူ၏ နွေးထွေးဖော်ရွေသော လေသံမှာ သူ အခြားကျောင်းသားများကို ဆက်ဆံသည့် ခက်ထန်တင်းမာသော အမူအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။
ထို့ကြောင့် ဘေးပတ်ပတ်လည်မှ ကျောင်းသားအားလုံး အံ့ဩမှင်တက်သွားကြသည်။ ထိုဆရာမှာ အဘယ့်ကြောင့် ထိုကဲ့သို့ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားရပါသနည်း။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်နေလျှင်တောင် ကမ္ဗည်းစာခန်းမသို့ ရောက်နေသည် မဟုတ်ပါလော။
” ကျနော် တောင်းပန်ပါတယ်ဆရာ။ ဟိုဟာလေ…. ကျနော်က ကျနော့်ပညာရပ်တွေကို ဘယ်လောက်အထိ ကျွမ်းကျင်နေပြီလဲဆိုတာ သိရဖို့အတွက် အပြာရောင်နံရံစာမေးပွဲကို ဖြေဆိုမလို့ပါ။ အခု ဖြေလို့ မရသေးဘူးဆိုရင် ဆရာ အတန်းပြီးတဲ့အထိ ကျနော်စောင့်ပြီးမှ နောက်တစ်ခါ ပြန်လာခဲ့ပါ့မယ် ”
ဝမ်ပေါင်လဲ့က ခေါင်းကုတ်ကာ ပြန်ပြောလိုက်သည်။ သူသည် အလောတကြီး ထွက်လာခဲ့သောကြောင့် အတန်းရှိနေနိုင်သည့် အချက်ကို ထည့်၍ မတွေးမိခဲ့ခြင်းဖြစ်သည်။
ဆရာမှာ ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ မျက်လုံးများမှာ အရောင်လက်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။
” အတန်းပြီးတဲ့အထိ စောင့်နေစရာ မလိုပါဘူးကွ ပေါင်လဲ့ရ။ မင်း စာမေးပွဲဖြေလို့ ရပါတယ်။ ငါ မင်းဖြေတာကို စောင့်ပေးပြီး ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင် အသစ်တစ်ယောက် ပေါ်လာတာကို ငါကိုယ်တိုင် မြင်ရတာပေါ့ကွာ ”
ထိုကမ္ဗည်းစာဆရာမှာ ဒေါသထွက်မသွားသည့်အပြင် သူ၏ အမူအရာမှာ စိတ်အားထက်သန်နေသည့်ပုံပင် ပေါက်နေ၏။ အမှန်တွင် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် စာလုံးရေမည်မျှ ကျွမ်းကျင်ပိုင်နိုင် နေမည်နည်းဟု သိချင်နေခြင်း ဖြစ်သည်။ သူ၏ စိတ်ထဲတွင်မူ စာလုံးရေ ခြောက်သိန်းဝန်းကျင်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထား၏။
ဘေးပတ်ပတ်လည်မှ ကျောင်းသားများမှာ ဝမ်ပေါင်လဲ့နှင့် ထိုဆရာတို့၏ အပြန်အလှန် ပြောဆိုနေသော စကားများကို ကြားနေရ၏။ သူတို့မှာ ” ကျောင်းသားခေါင်းဆောင်အသစ်” ဆိုသော စကားလုံးများကို ကြားလိုက်ရသောအခါ မျက်လုံးများ ပြူးသွားကြပြီး ရုတ်ရုတ်သဲသဲ သွားကြတော့သည်။ ထို့နောက် သူတို့မှာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ယောက်ယက်ခတ်သွားကြပြီး ဝမ်ပေါင်လဲ့အား တအံ့တဩ စိုက်ကြည့်နေကြတော့သည်။
” သောက်ကျိုးနဲ … ဝမ်ပေါင်လဲ့က တကယ်ပဲ…. ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင်ဖြစ်လာဖို့ စိန်ခေါ်တော့မှာလား ”
” ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။ သူက ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင်ဖြစ်လာတာလေ။ ဘာလို့ ငါတို့ဆရာက ဒီလောက်ကြီး ယုံကြည်မှု အပြည့်ရှိနေရတာလဲ ”
” သူသာ အောင်မြင်သွားမယ်ဆိုရင် သူက ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင်နဲ့ ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်သွားတော့မှာ ”
စာသင်ခန်းထဲမှ လူများအားလုံး သရဲတစ္ဆေများ မြင်လိုက်ရသကဲ့သို့ ဖြစ်နေချိန်တွင် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူသည် ဆရာအား ဦးညွှတ်၍ အရိုအသေပေးလိုက်ပြီးနောက် စာသင်ခန်းထဲသို့ လျှောက်လှမ်းလာကာ အပြာရောင်နံရံကြီး၏ရှေ့တွင် ရပ်လိုက်၏။ ထို့နောက် လက်ကိုမြှောက်၍ အပေါ်တွင် တင်လိုက်သောအခါ အပြာရောင်နံရံ စာမေးပွဲကြီးမှာ စတင်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ထိုအပြာရောင်နံရံကြီးထဲမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွား၏။ ဝမ်ပေါင်လဲ့ကမူ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူ၏ စာမေးပွဲမှာ တရားဝင် စတင်သွားပြီဖြစ်သည်။
ကမ္ဗည်းစာ စာမေးပွဲမှာ ဝိညာဉ်ကျောက်တုံး စာမေးပွဲနှင့် မတူညီပေ။ ၎င်းမှာ ကျောင်းသားများ၏ ရေးထိုးခြင်းပညာကို စမ်းသပ်ခြင်းမဟုတ်ဘဲ ပုံရိပ်ယောင်များကို စုစည်းကာ ကမ္ဗည်းစာလုံးများကို အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်ပိုင်နိုင်မှုရှိကြောင်း သက်သေပြရခြင်း ဖြစ်သည်။ ကျောင်းသားများနှင့် ဆရာတို့မှာ မျက်ခြေမပြတ် စောင့်ကြည့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ထိုင်ချလိုက်၏။ ထို့နောက် လျှပ်တစ်ပြက်အတွင်း အခြားမည်သူမှ မမြင်ရသော ပုံရိပ်များ သူ၏ မျက်လုံးရှေ့တွင် ပေါ်ပေါက်လာကြ၏။
ထို ပုံရိပ်များထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသော ကမ္ဗည်းစာလုံးများ ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့ကို အမျိုးအစား ခွဲခြားပေးရမည်ဖြစ်ပြီး တစ်ပြိုင်နက်ထဲမှာပင် အစီအစဉ်တကျ စီစဉ်ပေးရမည် ဖြစ်သည်။
ထိုမျှလောက်သာ ဆိုပါက အလွန်အမင်း ခက်ခဲနေမည် မဟုတ်ပေ။ သို့သော် လက်တွေ့တွင်မူ အများကြီးပို၍ ရှုပ်ထွေးသော ကမ္ဗည်းစာ မေးခွန်းများမှာ အချိန်မရွေး ပေါ်လာနိုင်သည်။ ၎င်းတို့မှာ ကွက်လပ်ဖြည့်မေးခွန်းများ သို့မဟုတ် မှားမှန်ရောထွေး အမှန်ရွေးမေးခွန်းများ အစရှိသဖြင့် ဖြစ်နိုင်၏။ အခြားမေးခွန်းများမှာ မှတ်ချက်ရေးပေးရန် လိုအပ်ပြီး တချို့မေးခွန်းများမှာဆိုလျှင် ကမ္ဗည်းစာလုံးများကို ရေးဆွဲပြရသည်။
ထိုမေးခွန်းများမှာ ကြုံရာကျပန်း ပေါ်လာတတ်သည်။ ဖြေဆိုသူမှာ မှားယွင်းစွာ ဖြေမိသည်နှင့် တစ်ပြိုင်နက် စာမေးပွဲမှာ ပြီးဆုံးသွားမည်ဖြစ်သည်။ ထို့အပြင် စာမေးပွဲတွင် အချိန်ကန့်သတ်ချက်လည်း ရှိနေသည်ဖြစ်ရာ ထိုကန့်သတ်ချက်ကို ကျော်လွန်သွားသည့်နှင့် တစ်ပြိုင်နက် စာမေးပွဲ ပြီးဆုံးသွားမည်ဖြစ်သည်။
ထိုကဲ့သို့သော ခက်ခဲမှုမျိုးကြောင့် ကျောင်းသားများမှာ ကမ္ဗည်းစာ စာမေးပွဲအား နတ်ဆိုး၏ စာမေးပွဲဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
ထိုစာမေးပွဲအား ကြည့်ရှုနေကြသည့် လူများအားလုံး ဝမ်ပေါင်လဲ့၏ ဖြေဆိုပုံများကို မမြင်နိုင်ပါသော်လည်း အပြာရောင် နံရံကြီးပေါ်ရှိ အဆက်မပြတ် တိုးတက်ပြောင်းလဲနေသော သူ၏ ရလဒ်များကိုမူ မြင်နိုင်ပေသည်။
သုံးသောင်း၊ ရှစ်သောင်း၊ တစ်သိန်းနှစ်သောင်း၊ နှစ်သိန်း။
ငါးမိနစ်ဆိုသော အချိန်တိုလေးအတွင်း ဝမ်ပေါင်လဲ့၏ ဂဏန်းများမှာ လျင်မြန်စွာ ထိုးတက်သွား၏။ ထိုကဲ့သို့ အဆက်မပြတ် မြင့်တက်လာသော ဂဏန်းများကြောင့် ကမ္ဗည်းစာခန်းမထဲမှ ကျောင်းသားအားလုံး နောက်ထပ်တစ်ကြိမ် မှင်တက်ကာ အံ့အားသင့်သွားကြပြန်သည်။ တချို့ ကျောင်းသားများဆိုလျှင် မတ်တတ်ထလာကြပြီး ဆွံ့အနေကြတော့သည်။
” မြန်လိုက်တာ ”
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က…. ကျောင်းသားခေါင်းဆောင်သစ် ဖြစ်လာမယ်ဆိုတာ မဖြစ်နိုင်ဘူး ”
ဝမ်ပေါင်လဲ့၏ အဆက်မပြတ် မြင့်တက်လာနေသော ကိန်းဂဏန်းများမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။ ချောင်ခွင်းတစ်ယောက် ကျောင်းသားခေါင်းဆောင် ဖြစ်လာခဲ့စဥ်က နှစ်သိန်းဆိုသော ပမာဏအထိ ရောက်ရန် အချိန်တစ်နာရီတိတိ ပေးခဲ့ရသည်။
ကမ္ဗည်းစာခန်းမထဲမှ တအံ့တဩ ဖြစ်နေကြသည့် ဆူညံသံများ အလျင်မြန်ပင် ပျံ့နှံ့သွား၏။ ကျောင်းသားများအတွက်မူ ထိုဖြစ်ရပ်ကြီးမှာ ယုံနိုင်ဖွယ်ရာမရှိပေ။ ထိုသတင်းများ ပျံ့နှံ့သွားသောအခါ ကမ္ဗည်းစာခန်းမ၏ စည်းကမ်းထိန်းသိမ်းရေးအဆောင်မှ စစ်ဆေးရေးမှူးများကလည်း ထိုအကြောင်းကို ကြားသိသွားကြတော့သည်။ သူတို့အားလုံး မှင်တက်သွားကြပါသော်လည်း ထိုကိစ္စကို အာရုံအပြည့် စိုက်နေ၏။ ချောင်ခွင်းနှင့် ရင်းနှီးသော လူများကမူ သူ့အား ထိုအကြောင်းနှင့်ပတ်သတ်၍ ချက်ချင်းပင် အကြောင်းကြားလိုက်ကြသည်။
” ကျောင်းသားခေါင်းဆောင်ချောင်။ ဝမ်ပေါင်လဲ့က ကမ္ဗည်းစာခန်းမထဲမှာ ရောက်နေပြီ။ သူ… သူက ကျောင်းသားခေါင်းဆောင်ကို စိန်ခေါ်ချင်နေတာ ”
ထိုအခါ နတ်ဝိဇ္ဇာဂူထဲတွင် စာအုပ်ပုံထဲ ခေါင်းနှစ်၍ ပညာများကို လေ့လာနေခဲ့ပြီး ကမ္ဗည်းစာလုံးများကို အာဂုံဆောင်ရာ၌ အတန်ငယ် ဖောက်ထွက်နိုင်ခဲ့သော ချောင်ခွင်းမှာ ထိုအသံထုတ်လွှင့်မှုအား ကြားလိုက်ရသောအခါ ချက်ချင်းပင် ခေါင်းမော့လာ၏။ သူသည် အလွန် ကြီးမားသော ဖိအားကြီးတစ်မျိုးကို ခံစားနေရသောကြောင့် အရူးမီးဝိုင်းဖြစ်နေ၏။
” ဝမ်ပေါင်လဲ့ ”
အကယ်၍ ပါမောက္ခကြီး၏ စာသင်ချိန် မတိုင်ခင် ထိုအကြောင်းကို သူ ကြားလိုက်ရမည်ဆိုပါက လှောင်ပြောင်ရယ်မောလိုက်မည်သာ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူ၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေပြီ ဖြစ်ပြီး သူသည် စိုးရိမ်ပူပန်လွန်းနေသောကြောင့် အသက်ရှူသံများပင် အမှားမှား အယွင်းယွင်းဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် နတ်ဝိဇ္ဇာဂူထဲမှ ပြေးထွက်လာပြီး ကမ္ဗည်းစာခန်းမဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်တော့သည်။
သူ ထိုနေရာသို့ ရောက်ရှိလာသောအခါ စာသင်ခန်းအတွင်းဘက်နှင့် အပြင်ဘက်တွင် လူများဖြင့် ပြည့်နှက်နေကြပြီ ဖြစ်သည်။ ကမ္ဗည်းစာခန်းမ၏ အပြာရောင်နံရံကြီးကို ဝမ်ပေါင်လဲ့ ဖွင့်ခဲ့သည်ဆိုသော သတင်းမှာ ဓမ္မလက်နက်ဌာနထဲရှိ လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သောကြောင့် သူတို့အားလုံး အစုလိုက် အပြုံလိုက် ရောက်ရှိလာကြခြင်း ဖြစ်သည်။
စာသင်ခန်းမထဲမှ ထွက်ပေါ်လာသော တအံ့တဩအော်ဟစ်သံများကိုပင် ကြားနေရ၏။
” နှစ်သိန်းသုံးသောင်းတောင် ရှိသွားပြီဟ။ သောက်ကျိုးနဲဟေ့ ”
” မြန်လိုက်တာကွာ။ နှစ်သိန်းငါးသောင်းတဲ့ ”
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ကမ္ဗည်းစာကို ဘယ်လောက်အထိ ကျွမ်းကျင်နေလို့ ဒီလောက်တောင် မြန်နေရတာလဲကွ။ မဟုတ်မှလွဲရော။ သူက ဒီ ကမ္ဗည်းစာလုံးရေ နှစ်သိန်းကျော်ကို ချက်ချင်းလက်ငင်း ဖြေနိုင်လောက်တဲ့အထိကို ကျွမ်းကျင်နေတာလား ”
လူအုပ်ကြီးမှာ ချောင်ခွင်းအား မြင်လိုက်ရသောအခါ အမူအရာများ အမျိုးမျိုး ပြောင်းလဲသွားကြသည်။ အထူးသဖြင့် ချောင်ခွင်း၏ နီမြန်းနေသော မျက်လုံးများနှင့် အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသောပုံစံအား သတိထားမိလိုက်ကြသောအခါ ပို၍ပင်ဆိုးသွား၏။ လူအုပ်ကြီးမှာ ချောင်ခွင်းအတွက် လမ်းဖယ်ပေးလိုက်ကြသောအခါ သူသည် ခန်းမထဲသို့ ချက်ချင်းပင်ပြေးဝင်သွား၏။ သူသည် အထဲသို့ ရောက်သွားသောအခါတွင် ကျောင်းသားများ၏ ဇဝေဇဝါဖြစ်နေသော အကြည့်များကို ဂရုမစိုက်နိုင်တော့ဘဲ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။
သူသည် ထိုကဲ့သို့ ကြည့်လိုက်သောအခါ အပြာရောင် နံရံကြီးပေါ်ရှိ ဝမ်ပေါင်လဲ့၏ ဂဏန်းမှာ နှစ်သိန်းရှစ်သောင်းအထိ ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် ချောင်ခွင်းမှာ သူ၏ ဦးနှောက်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် အမြင်အာရုံများ ဝေဝါးကာ ဒယိမ်းဒယိုင် ဖြစ်သွားပြီး အသက်ပင် မှန်မှန် မရှူနိုင်တော့ပေ။ သူ၏ မျက်နှာမှာလည်း ချက်ချင်းပင် ဖြူဆွတ်သွားပြီး သူ၏ နဖူးပေါ်တွင် သွေးကြောကြီးများ ထလာ၏။ ထို့နောက် သူက ကြိမ်းဝါးလိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ မင်းက ငါ့ကို ကျော်တက်ချင်တယ်ပေါ့။ မဖြစ်စေရဘူးကွ။ ငါလည်း …. စာမေးပွဲဖြေမယ် ”
ချောင်ခွင်းမှာ ချက်ချင်းပင် ရှေ့သို့ လှမ်းသွားလိုက်ပြီး သူ၏ ညာလက်ကို အပြာရောင်နံရံကြီးပေါ်သို့ တန်း၍ တင်လိုက်သည်။ ကျောင်းသားခေါင်းဆောင်စာမေးပွဲတွင် အပြာရောင်နံရံကြီးဆီမှ ထွက်လာသော အလင်းတန်းမှာ စာမေးပွဲဖြေဆိုသူအား အခြားမည်သူမှ မနှောင့်ယှက်နိုင်အောင် ကာကွယ်ပေးထားသည် ဖြစ်သော်လည်း တစ်ကြိမ်တွင် ကျောင်းသားတစ်ယောက်သာ စာမေးပွဲဖြေဆိုခွင့် ရှိသည်တော့ မဟုတ်ပေ။
ယခုတွင် ချောင်ခွင်းနှင့် ဝမ်ပေါင်လဲ့တို့မှာ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။ ဝိညာဉ်အမြုတေခန်းမ၏ ကျောင်းသားခေါင်းဆောင် အဆောင်ထဲတွင်မူ လင်းတျန်ဟောက်မှာ ရုတ်တရက်ဆိုသလို မတ်တတ်ထလာပြီး သူ၏ လက်ဖက်ရည်ခွက်အား မြေကြီးပေါ်သို့ စိတ်ဆိုးမာန်ဆိုးနှင့် ပစ်ချလိုက်ပြီး အံကြိတ်ကာ ကြိမ်းဝါးလိုက်တော့သည်။
” ဝမ်ပေါင်လဲ့ … မင်းက ငါ့ကို ယှဉ်ချင်တယ်ပေါ့။ မင်းလိုမျိုး မျိုးရိုးနိမ့် အသုံးမကျတဲ့ကောင်က ငါ့ကို အာခံရဲတယ်ပေါ့ “