အပိုင်း(၈၂၉)

ဂိတ်တံခါးမှ ရန်သူများ

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားကာ ပြည်နယ်ကိုးခုကလည်း တော်ဝင်စစ်ပွဲ စတင်မည့်အချိန်ကို စောင့်ကြည့် နေကြသည်။

သည်စစ်ပွဲက တော်ဝင်ကျဲနန်းတော်ကို သေချာပေါက် ပျက်စီး စေလိမ့်မည်။ အကယ်၍​ တော်ဝင်ကျဲနန်းတော်ကသာ ကျောက်ပြည်ထောင်ကို ခုခံနိုင်ခဲ့ပါကလည်း အနာဂတ်တွင် တော်ဝင်ကျဲနန်းတော်ကို တားဆီးနိုင်ရန် လွယ်ကူမည် မဟုတ်တော့ပေ။

သည်တော်ဝင်စစ်ပွဲက ပြည်နယ်ကိုးခု၏ သမိုင်းကို အမှတ်ထင်ရစ်စေမည့် အကြောင်းအရာတစ်ခု ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ပြည်နယ်ကိုးခုမှ အားလုံးသော သူများက စိတ်ဝင်တစား ရှိကြသည်။ တော်ဝင်မြေတိုင်း ကလည်း ကျုံးကျိုးမြို့ကို ရောက်လာကြသည်။

သို့သော် မြေရိုင်းပြည်နယ်မှ အင်အားစုများ အတွက်မူ စစ်ပွဲ၏ရလဒ်က သူတို့အတွက် အလွန် အရေးကြီးပေသည်။ သည်စစ်ပွဲရလဒ်ကပင် သူတို့မြေရိုင်း ပြည်နယ်၏အနာဂတ်ကို ဆုံးဖြတ်ပေမည်။

ယခုကား စီမင်ကလန်၊ ကျုံးကျိုးမြို့မှ လျှပ်စီးကလန်၊ အရှေ့ဘက်နယ်မှ လူသားကမ္ဘာ၊ နောင်ဘက်နယ်မှ ထိုက်ရှင်းတောင်နှင့် အင်အားစု အတော်များများက စစ်ပွဲထဲတွင် ပါဝင်ခြင်း မပြုကြပေ။

ရီဖူရှင်းက တော်ဝင်ကျဲနန်းတော် ခေါင်းဆောင် ဖြစ်လာခြင်းမှာ မြေရိုင်းပြည်နယ်၏ ထိပ်သီးအင်အားစု အတော်များများ၏ ထောက်ခံပေးမှုကြောင့် ဖြစ်သည့်တိုင် ထိုအင်အားစုများက စစ်ပွဲတွင် ပါဝင်ပတ်သက်စရာ အကြောင်းမရှိဟု မြင်ကြသည်။ စစ်ပွဲတွင် ပါဝင်သူများကား ရီဖူရှင်းနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေသော အဖွဲ့အစည်းများသာ ဖြစ်ကြသည်။

စီမင်ကလန်မူကား ကွဲပြား ခြားနားပေသည်။ သူတို့၏ မိသားစုဝင်များက တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်သည့်တိုင် စစ်ပွဲတွင် ပါဝင်ခြင်းက အန္တရာယ် များသည်ဟု ခံစားကြရသည်။

ရီဖူရှင်းက မည်မျှ ထူးချွန် ထက်မြက်ပါစေ၊​ မည်မျှအောင်မြင်ပါစေ ထိုအရာများက သူတို့နှင့် ဘာမှမပတ်သက်ပေ။

သို့တိုင်အောင် သူတို့က စစ်ပွဲတွင် မပါဝင်သော်လည်း စစ်ပွဲ၏ရလဒ်ကိုမူ စစ်ဝင်စား ကြပေသည်။ သည်စစ်ပွဲက မြေရိုင်းပြည်နယ်၏အနာဂတ်ကို အဆုံးအဖြတ် ပေးပေမည်။

ယခုတွင် စီမင်ကလန် အတွင်း၌ လူတစ်စုက ပြောဆို ဆွေးနွေးနေကြသည်။

“ကောလာဟလတွေအရ ကျောက်ပြည်ထောင်က သူတို့ရဲ့ ထောင်သောင်းချီတဲ့ စစ်တပ်ကို ခေါ်ဆောင်ပြီး မြေရိုင်းပြည်နယ်ကို ဦးတည်လာသတဲ့ … ဒီစစ်ပွဲမှာ တော်ဝင်ကျဲ နန်းတော်ကတော့ အဆုံးသတ်ပြီ ထင်တာပဲ… ခင်ဗျားတို့ကကော ဘယ်လိုထင်လဲ…” စီမင်ကလန် ခေါင်းဆောင်က​ ပြောသည်။

“ဟန်ကျင့်က တော်ဝင်ကျဲ နန်းတော်မှာ လေ့ကျင့်ခဲ့တယ်… သူ့ကို မေးကြည့်ပါ…” တစ်ယောက်က ဘေးနားတွင် ရှိနေသော စီမင်ဟန်ကျင့်ကို မေးသည်။ သူက စစ်ပွဲမတိုင်မီ နန်းတော်မှ ထွက်ခွာ လာခဲ့သည်။ သူကား ယခင်က တော်ဝင်ကျဲ နန်းတော် ပါရမီရှင် အဆင့်၁ကို ခဏတာ ရရှိခဲ့သူဖြစ်သည်။ ရီဖူရှင်းနှင့်လည်း အနည်းငယ် ကတောကဆ ဖြစ်ခဲ့ဖူးသူလည်း ဖြစ်သည်။

သူက ရီဖူရှင်းအတွက် မတိုက်ခိုက် လိုသည်မှာ သဘာဝ ကျပေသည်။

“တော်ဝင်ကျဲနန်းတော်ရဲ့ ထိပ်သီး တန်ခိုးရှင် ၃၁ယောက်က ထွက်သွားကြပြီးတော့ စစ်ပွဲမှာ ပါဝင်ခြင်း မရှိခဲ့ကြဘူး… ရီဖူရှင်း ကိုယ်တိုင်က ဒီစစ်ပွဲမှာ အနိုင်အရှုံး မသေချာဘူးလို့ ကျွန်တော် ထင်တယ်…” စီမင်ဟန်ကျင့်က ပြောသည်။

အားလုံးက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။

“ကျောက်ပြည်ထောင်က အရှေ့ဘက် ပြည်နယ်ကိုး အုပ်ချုပ်ဖူးတဲ့ တော်ဝင်မြေ တစ်ခုပဲ… သူတို့အောက်မှာလည်း အင်အားကြီး အဖွဲ့အစည်းတွေ အများကြီးကို ပိုင်ဆိုင်တယ်… ဒီစစ်ပွဲမှာ တော်ဝင်ကျဲ နန်းတော်က အနိုင်ရစရာ အကြောင်းမရှိဘူး…”

“ကျုပ်တို့အတွက် တစ်ခုခု မလုပ်သင့်ဘူးလား…” တစ်ယောက်က မေးသည်။ သူတို့အတွက်လည်း လွတ်လမ်းတစ်ခုခု စီစဉ် ထားသင့်သည်ဟု သူယုံကြည်သည်။ မြေရိုင်းပြည်နယ်၏ အနာဂတ်က သိပ်ကောင်းမည် မဟုတ်ပေ။

မြေရိုင်းပြည်နယ်ကို ကျောက်ပြည်ထောင်က အုပ်စိုးတော့မည်လား။

“ဒီအတိုင်း ထိုင်ပြီးတော့ ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့် ကြတာပေါ့… ဒီကိစ္စမှာ ငါတို့ ဝင်ပါလို့ မဖြစ်သလို ငါတို့အတွက်လည်း ရွေးချယ်စရာ သိပ်မရှိဘူး… ငါတို့ကသာ ရှုံးတဲ့ဘက်နဲ့ ပတ်သက်မိရင် မကောင်းတာတွေ ဖြစ်လာနိုင်တယ်…” စီမင်ကလန် ခေါင်းဆောင်က ပြောသည်… “ပြီးတော့ ကျောက်ပြည်ထောင်က တော်ဝင်ကျဲနန်းတော်ကို သိမ်းပိုက်နိုင် သွားရင်တောင်မှ ငါတို့က ကျုံးကျိုးမြို့ရဲ့ ထိပ်သီး အင်အားစုတစ်ခုပဲ… အဲဒီအချိန် ကျောက်ပြည်ထောင် လက်အောက်ကို ခိုဝင်လိုက်ရင် အားလုံး အဆင်ပြေ သွားလိမ့်မယ်…”

အားလုံးက ပြောစရာ သိပ်မရှိဟန်ဖြင့် ခေါင်းညိတ်ကြသည်။

စီမင်ကလန် တစ်ခုတည်းကသာ ဤပြဿနာကို တွေးသည် မဟုတ်ပေ။ စစ်ပွဲအပြင်သို့ ရှောင်ဖယ် သွားကြသော အင်အားများကလည်း ထိုနည်းတူသာ။

“သတင်းပို့ပါတယ်…” တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ကာ သူတို့ထံသို့ မြန်ဆန်စွာ လှမ်းလာနေသည်။ စီမင်ကလန် ခေါင်းဆောင်က မေးသည်… “ဘာကိစ္စလဲ…”

“ဆရာ… ကျောက်ပြည်ထောင် စစ်တပ်က ကျုံးကျိုးမြို့ကို ရောက်လာပြီလို့ သတင်းတွေ ရောက်လာပါတယ်…” သတင်းလာပို့သူက အလောတကြီး ပြောသည်။ စီမင်ကလန်မှ လူများအားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲ သွားကြ၏။

ကျောက်ပြည်ထောင် စစ်တပ်ကား သူတို့၏လှေကားရင်းသို့ပင် ရောက်နေလေပြီ။

စီမင်ကလန်သာ မဟုတ်ပေ၊ မြို့အတွင်းမှ ထိပ်သီးကလန်များ အားလုံးက ထိုသတင်းကို ရပေသည်။ ထို့အပြင် သတင်းက မြို့ကို တောမီးပမာ မြန်ဆန်စွာ ပျံ့နှံ့နေသည်။ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ အားလုံးတွင်လည်း ထိုကိစ္စဖြင့် အုတ်အော်သောင်းနင်း ဖြစ်နေကြ၏။

ကျောက်ပြည်ထောင်စစ်တပ်က ကျုံးကျိုးမြို့ကို ရောက်လာသည်။

တော်ဝင်စစ်တပ်ကား လက်တစ်ကမ်းတွင် ဖြစ်၏။

တော်ဝင်ကျဲ နန်းတော်နှင့် သိပ်မဝေးသော နေရာတွင် စားသောက်ဆိုင် တစ်ဆိုင်ရှိပေသည်။ အကယ်၍ ကျောက်ပြည်ထောင် စစ်တပ်ကသာ တော်ဝင်ကျဲ နန်းတော်ကို ချီတက်ပါက ထိုစားသောက်ဆိုင်မှ သေချာပေါက် မြင်နိုင်ပေသည်။

ထိုစားသောက်ဆိုင်ထဲတွင် လျူကျောင်း အပါအဝင် ရှီဟွာတောင်မှ​လူများ၊ ကျိရှမ်းကမ်းပါးမှ လူများ ရှိနေကြသည်။

သူတို့က ကျောက်ပြည်ထောင် စစ်တပ် ရောက်လာသည်ကို သိကြ၏။ စစ်တပ်က မကြာခင် သည်စားသောက်ဆိုင်ကို ဖြတ်ကျော်ကာ ချီတက်ပေလိမ့်မည်။

ထောင်ပေါင်းများစွာသော စစ်သည်တို့အား ဦးစီးလာသူမှာ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ် ကိုယ်တိုင်ဖြစ်ပေသည်။ ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်က စစ်ပွဲကို ကိုယ်တိုင် ပါဝင်ဆင်နွဲ၏။

“သူတို့ ရောက်လာကြပြီ…” စားသောက်ဆိုင် အပေါ်ထပ်မှ လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် လိုက်သည်။

“စစ်တပ် ရောက်လာပြီ…” အော်ဟစ်သံများကို နေရာအနှံ့၌ ကြားကြရသည်။ တစ်ယောက်ပြီး တစ်ယောက်က လေထဲကို ပျံတက်လာကာ အဝေးကို လှမ်းကြည့်ကြသည်။

သူတို့ရှေ့တွင်ကား အသည်းတုန် အူတုန်ဖွယ် မြင်ကွင်းကို မြင်ကြရ၏။ ကောင်းကင် တစ်ခွင်မှာ ရွှေရောင်များ ဝင်းလက် နေတော့သည်။

စစ်တပ်က အလွှာသုံးခုဖြင့် ရောက်လာခြင်း ဖြစ်သည်။ အနိမ့်ဆုံး အလွှာမှာ လူအများဆုံး ဖြစ်၏။ ကြီးမားသော သတ္တဝါဆန်းကြီးများကို အားလုံးက စီးနင်းထားကြ၏။ သူတို့၏ပျံသန်းမှုနှုန်းက ရှီများထက် နှေးကွေးသည် မဟုတ်ပါလား။ ဒုတိယအလွှာကား ရှီတန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့၏ ကြီးမားသော အရှိန်အဝါမှာ ပတ်ဝန်းကျင်ကို အားကောင်းစွာ ရိုက်ခတ်နေသည်။

အမြင့်ဆုံး အလွှာကား ပြည်နယ်ကိုးခုလုံးတွင် နာမည် ကျော်ကြားသော ကျောက်ပြည်ထောင်၏ ရွှေဖီးနစ်စစ်သူရဲများ ဖြစ်ကြပေသည်။

ဖီးနစ်ငှက်များမူကား ကောင်းကင်တစ်ခွင်လုံး၌​ တွေ့မြင်နိုင်ပေသည်။ ဖီးနစ်စစ်တပ်၏ ဗိုလ်ချုပ်များမှာ ရှီအဆင့်အမြင့်ဆုံးတွင် ရှိကာ နာမည်ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ဖီးနစ်များအား စီးနင်း ထားကြသည်။

ဖီးနစ်စစ်တပ်၏ အလယ်ဗဟို၌ သရဖူဆောင်းထားသော ဖီးနှစ်ငှက်ကြီး တစ်ကောင် ပါဝင်ပေသည်။ ဖီးနစ်ထံမှ လျှပ်စီးဓာတ်များ တဖျတ်ဖျတ် လက်နေ၏။ သူ၏မျက်လုံးများက ရင့်သန် မောက်မာမှုများဖြင့် ပြည့်နှက်နေကာ ဖီးနစ်အပေါင်း၏ဘုရင်ဟူသော ဂုဏ်ပုဒ်ကို ထမ်းပိုးထားသည်။ ဖီးနစ်ငှက်ဘုရင်၏ ကျောတွင်ကား အလွန်တရာ လှပခမ်းနားသော အမိုးဖွင့်အ ဆောင်ငယ် တစ်ခုရှိကာ တော်ဝင် မိသားစုဝင်များမှာ အဆောင်ငယ်၏ ဘေးကမ်းနားတွင် ရှိသည်ကို မြင်နိုင်ပေသည်။ ထိုအထဲတွင် ကျောက်ရာ၊ ကျောက်ယို၊ ကျောက်စီရီနှင့် တခြားလူများလည်း ပါဝင်ပေသည်။

ကျောက်ပြည်ထောင် ဘုရင်တွင် ကိုယ်လုပ်တော်များစွာ ရှိကာ သူ့တွင် သားသမီး များစွာလည်း ရှိပေသည်။

အဆောင်ငယ်၏ အလယ်တွင် ထိုင်နေသူကား ကျောက်ပြည်ထောင် ဘုရင်ဖြစ်ပေသည်။ သူ့ထံမှ ကြီးမြတ်သော အရောင်အဝါများ ဖြာထွက်နေသည်။ မြေရိုင်းပြည်နယ်မှ​ လူများက ဤသို့သော မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးကြပေ။ စစ်တပ်က သူတို့ကို ဖြတ်သန်းသွားလျှင် အားကောင်းသော အရှိန်အဝါတစ်ခုက သူတို့ကို ရိုက်ခတ်သွားသည်။ မြင့်မြတ်ထည်ဝါသော ပုဂ္ဂိုလ်ကြီးအား ခေါင်းမော့ကြည့်ရန်ပင် မလိုပဲ​ သူတို့က ခံစားမိကြပေသည်။

တော်ဝင်ကျဲ နန်းတော်ကား အဆုံးပေပြီ။ ထိုအတွေးက လူအများအပြား၏ ခေါင်းထဲတွင် ရှိနေသည်။ သူတို့ရှေ့မှ စစ်တပ်ကား ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။

စစ်တပ်ကြီးက မကြာမီ သူတို့ကို ဖြန်သန်းသွားကာ အဝေးကို ရောက်သွားပြီ ဖြစ်သည်။

ရှီဟွာတောင်နှင့် ကျိရှမ်းကမ်းပါးမှ လူများက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ လျူကျောင်းက မခိုးမခန့်ပြုံးကာ ပြောသည်… “ကျောက်ပြည်ထောင် ဘုရင်မင်းကြီးက တကယ့် အချုပ်အခြာ အာဏာပိုင်စိုးသူပဲ… ပွဲကောင်းကောင်း သွားကြည့်ရအောင်…” သူတို့အုပ်စုကလည်း လေထဲကို ပျံတက်ကာ စစ်တပ်နောက်မှ လိုက်ကြသည်။

သူတို့သာ မဟုတ်ပေ… ကျိရှမ်းကမ်းပါးနှင့် တခြား အင်အားစုများ ကလည်း စစ်တပ်ကြီးနှင့် အတန်ငယ်ဝေးသော နေရာမှ လိုက်ပါ လာကြသည်။ စစ်တပ်နောက်မှ​ ပွဲကြည့်ရန် လိုက်ပါလာသူများပင် စစ်တပ်ကြီးတစ်ခုခန့် ရှိပေသည်။

ယခုကား တော်ဝင်ကျဲနန်းတော်မှ လူများအားလုံးက လေ့ကျင့်ခြင်းဖြင့် အလုပ်များ နေကြသည်။ ရီဖူရှင်းကလည်း တော်ဝင်ရှီ နန်းဆောင်၌ လေ့ကျင့်နေသည်။

သူက အဝေးကို လှမ်းကြည့်လိုက်ကာ တော်ဝင်ရှီနန်းဆောင် အထက် ကောင်းကင်သို့ ပျံတက်လာသည်။ လူအများအပြားကလည်း သူ့အား လှမ်းကြည့်ကြ၏။ ရီဖူရှင်းက အပေါ်ကို တဖြည်းဖြည်း မြောက်တက်သွားကာ ကြည်လင် ပြတ်သားသော လေသံဖြင့် ပြောသည်… “တော်ဝင်ကျဲ နန်းတော်က တပည့်တွေ … စစ်ပွဲအတွက် ပြင်ဆင်ကြပါ…”

သူ၏စကားကို ကြားကာ လူအများအပြားက မှင်တက် သွားကြသည်။ ရီဖူရှင်းက ဘာကို ဆိုလိုသည်ကို သူတို့သိကြသည်။

ထိုအခိုက်တွင်ပင် တစ်ယောက်ပြီး တစ်ယောက် လေထဲကို ပျံတက်လာကြသည်။ နန်းဆောင်သခင်များ၊ အကြီးအကဲများ ကလည်း သူတို့၏တပည့်များကို စုစည်းရန် အမိန့်ပေးကြ၏။

မကြာမီ တော်ဝင်ရှီ နန်းဆောင်၌ လူများ စုစည်းလာကြကာ ဧရာမလူအုပ်ကြီး ဖြစ်သွားသည်။

တော်ဝင်ကျဲနန်းတော်မှ တန်ခိုးရှင်များနှင့် တခြား ထိပ်သီး အင်အားစုများ အားလုံးက မြန်ဆန်စွာပင် စုစည်းမိကြ၏။ သူတို့အားလုံး၏အကြည့်က ရီဖူရှင်းထံကို ရောက်နေကြသည်။

“ကျောက်ပြည်ထောင် စစ်တပ်က ကျုံးကျိုးမြို့ကို ရောက်လာပြီ… အခု သူတို့က တော်ဝင်ကျဲနန်းတော်ကို ဦးတည် လာနေကြတယ်…” ရီဖူရှင်းက ပြောသည်။ အားလုံးက ခန့်မှန်းမိကြသော်လည်း ထိုစကားကို ကြားသည်တွင် စိတ်လှုပ်ရှား သွားကြရသည်။

ရန်သူကား ရောက်လာချေပြီ။

တပည့်များ၊ ရှီတန်ခိုးရှင်များနှင့် နိုဘယ်များက စိုးရိမ်စိတ်များ ဖြစ်နေကြ၏။ သည်စစ်ပွဲကား သူတို့တစ်ခါမှ မကြုံဖူးသော တော်ဝင်စစ်ပွဲ ဖြစ်သည်။

ရီဖူရှင်းက မြေပြင်မှ လူများကို ကြည့်ကာ တည်ကြည် ပြတ်သားစွာ ပြောသည်… “ဒီနေ့က တော်ဝင်ကျဲနန်းတော်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲပဲ… ပြီးတော့ မင်းတို့အားလုံးရဲ့ ကံကြမ္မာအပြင် မြေရိုင်းပြည်နယ်ရဲ့ အနာဂတ်တွေနဲ့လည်း သက်ဆိုင်တယ်… ကျုပ်တို့ မြေရိုင်းပြည်နယ်က နှစ်ပေါင်းများစွာ ပြည်နယ်ကိုးခုမှာ သိမ်ငယ်ခဲ့ရတယ်… ကျိရှမ်းကမ်းပါး ရောက်လာတုန်းက မြေရိုင်းပြည်နယ် အပေါ် သူတို့ ဘယ်လို အနိုင်ကျင့်ခဲ့ကြလဲ… ကျုပ်က မြေရိုင်းပြည်နယ် အပြင်ဘက်ကို ခရီးထွက်တုန်းက ဒီထက်ဆိုးတဲ့ နှိမ့်ချ အထင်သေးမှုတွေကို ကြုံခဲ့ရတယ်… ဒါကြောင့် ဒီတိုက်ပွဲက တော်ဝင်ကျဲ နန်းတော်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်… ငါတို့က ကျောက်ပြည်ထောင်ကို အနိုင်ယူပြီး မြေရိုင်းပြည်နယ်က အထင်သေးလို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ သက်သေပြရမယ်…”

“မှန်တယ်… ကျုပ်က မျက်ကန်းတစ္ဆေ မကြောက် ပြောနေတာ မဟုတ်ဘူး… ယုံကြည်ချက် လွန်ကဲနေတာလည်း မဟုတ်ဘူး… ကျောက်ပြည်ထောင်က အရှေ့ဘက် ပြည်နယ်က အင်အားကြီး တော်ဝင်မြေတစ်ခုပဲ… ဒါပေမဲ့ ကျုပ်ကတိ ပေးနိုင်တာကတော့ တော်ဝင်ကျဲနန်းတော် တည်ရှိနေသရွေ့ ကျုပ် အသက်ရှင်နေမယ်… ကျုပ်သေမှ တော်ဝင်ကျဲနန်းတော် ကျဆုံးမယ်…” ရီဖူရှင်းက ဆက်ပြောသည်။

သူ၏စကားကို ကြားသည်တွင် လူအများအပြားက သွေးများ ဆူပွက် လာကြသည်။ ဤကား အမှန်ပင် သူတို့နောက်ကျောကို နံရံဖြင့် ထိကပ်ထားရသည့် အခြေအနေ ဖြစ်သည်။ သူတို့က ရန်သူကို မတွန်းလှန်နိုင်ပါက ကြိုးစားရင်း သေရမည်။

“ဒါပေမဲ့လည်း ဒီတိုက်ပွဲမှာ ခင်ဗျားတို့အားလုံး အသက်ရှင်နိုင်ဖို့ ကျုပ်မျှော်လင့်တယ်… ရန်သူကို သတ်ဖို့ အရေးကြီးတယ် ဆိုပေမဲ့ အသက်ရှင်ဖို့ကလည်း အရေးကြီးတယ်… အခြေအနေ  ဘယ်လောက်ဆိုးဆိုး အသက်ရှင်ဖို့ ခိုင်မာတဲ့စိတ်ဓာတ် မွေးထားပါ…” ရီဖူရှင်းက ထပ်ပြောသည်.. “ကျုပ်တို့ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိတယ်…”

ရီဖူရှင်း၏အသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်အား လှုပ်ခတ်သွားသည်။ သူ၏ငယ်ရွယ်သော အသက်မျှဖြင့် ရီဖူရှင်းကား အလွန်ကြီးမားသော ဖိအားများကို သယ်ဆောင် ထားရသည်ကို သူတို့ မြင်ကြသည်။ တော်ဝင်စစ်ပွဲက မကြာမီ ရောက်လာတော့မည် ဖြစ်သော်လည်း သူကား တည်ငြိမ်နိုင်သည်။ ထိုအရာကား ထိပ်သီး ရှီတန်ခိုးရှင်များပင် တတ်နိုင်စွမ်း မရှိသော စိတ်ဓာတ်ဖြစ်သည်။

ရီဖူရှင်းက အဝေးကို ကြည့်ကာ ပြောသည်… “အရင်နှစ်တွေတုန်းက တော်ဝင်ကျဲနန်းတော် အပြင်ဘက်မှာ ကျုပ်ကို လူတွေက သေတော့မယ်လို့ ထင်ခဲ့ကြတယ်… ဒါပေမဲ့ ကျုပ်က တော်ဝင်ကျဲနန်းတော် ခေါင်းဆောင် ဖြစ်လာခဲ့တယ်… မြေရိုင်းပြည်နယ်က နိမ့်ကျနေခဲ့တဲ့ အချိန်မှာတောင် ကျုပ်တို့က ပြည်နယ်ကိုးခု ညီလာခံမှာ ပထမနေရာ ယူခဲ့ကြတယ်… မရဏတောင်မှာ ရှန့်ထိုတစ်ပါးက ကျုပ်ကို သတ်ချင်ခဲ့တယ်… ကျုပ်က မရဏတောင်က ဓားဝင်္ကပါကို အသက်သွင်းပြီး စစ်တုရင်ရှန့်ထိုကို သတ်ခဲ့တယ်…”

“ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး… ကျုပ်တို့က အသက်ကို ရင်းပြီး အခက်အခဲတွေကို ကျော်ဖြတ်ရတယ် ဆိုပေမဲ့ ခင်ဗျားတို့ ပြန်ကြည့်ရင် အခက်အခဲတွေ ဆိုတာ ပိုမို အားကောင်းတဲ့ ခွန်အားတွေကို ရဖို့ အရင်းအနှီးတွေ ဖြစ်မယ်ဆိုတာ တွေ့နိုင်မယ်…”

ရီဖူရှင်း၏အသံက အားလုံး၏နားထဲကို စိမ့်ဝင်လာသည်။ မရေမတွက်နိုင်သော လူများက ချောမောသော လူငယ်လေးအား ကြည့်ကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းကား အမှန်ပင် ခေါင်းဆောင်တစ်ယောက် ဖြစ်၏။

“တိုက်ပွဲကို ချီတက်မယ်…” ရီဖူရှင်းက အမိန့်ပေးပြီးသည်တွင် ရှေ့ကို စတင် လှမ်းသွားလိုက်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset