အပိုင်း (၈၂၈)

ကျောက်ပြည်ထောင်ဘုရင်၏စွဲလမ်းစိတ်

အရှေ့ဘက်ပြည်နယ်၊ ကျောက်မဟာပြည်ထောင်၊ ဖီးနစ်နန်းတော်။

ကျောက်ပြည်ထောင် ဘုရင်ကြီးကား ဖီးနစ်ခန်းမထဲကို သူ၏ ဝတ်ရုံရှည်ကြီးအား ဝတ်ဆင်လျက် ဝင်လာသည်။ သူ၏အနက်ရောင် ဆံပင်များက နောက်ကို ပြန့်ကားကျနေစဉ် သူက လက်နှစ်ဖက်အား နောက်တွင် ချိတ်ထားသည်။ ရင့်သီးမောက်မာသော သူ၏ဟန်ပင် အားကောင်းစွာ ထွက်ပေါ်နေ၏။

များစွာသော ထိပ်သီး တန်ခိုးရှင်များက သူ့ရှေ့တွင် ရပ်နေကြသည်။ သူတို့ကား ကျောက်ပြည်ထောင် တစ်ဝှမ်းမှ ထိပ်သီး ရှီတန်ခိုးရှင်များ ဖြစ်ကြ၏။ သူတို့အားလုံးက တိတ်ဆိတ်စွာဖြင့် ကျောက်ပြည်ထောင် ဘုရင်၏အမိန့်အာဏာကို စောင့်စားနေကြသည်။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်။ အားလုံး၏ အကြည့်များက ကျောက်ပြည်ထောင်ဘ ုရင်ကြီးထံကို ရောက်နေကြသည်။

“ဘယ်အင်အားစုတွေ မရောက်သေးတာလဲ…” ဘုရင်ကြီးက မေးသည်။

“အရှင်မင်းကြီး… မိုးကြိုးကလန်၊ နှင်းဓားပျံကလန်တို့ မရောက်သေးပါဘူး… နိုဘယ် အတော်များများ ကလည်း လူစုရာမှာ နှေးကွေးနေလို့ မရောက်လာ ကြသေးပါဘူး… ဒါပေမဲ့ အားလုံးက အစီအစဉ်တကျ ရှိပါတယ်…” တစ်ယောက်က အစီရင်ခံသည်။

“ဘာပဲ ဖြစ်နေဖြစ်နေ သူတို့က ဒီကို တစ်လအတွင်း ရောက်လာ ရမယ်လို့ ပြောလိုက်… သူတို့ ရောက်မလာနိုင်ရင် လာစရာ မလိုတော့ဘူးလို့ ပြောလိုက်…” ဘုရင်ကြီးက အေးစက်စွာ ပြောသည်။ တော်ဝင်ကျဲ နန်းတော်ကား တပည့်များကို သင်ကြားပို့ချရာနေရာ ဖြစ်သော်လည်း ကျောက်ပြည်ထောင် ဘုရင်ကား ထိုဒေသကို အုပ်စိုးမင်းလုပ်သူ ဖြစ်သည်။ သူက သည်နယ်မြေ အတွင်းမှ အရာခပ်သိမ်းကို အာဏာစက် ဖြန့်ကြက်ထားနိုင်၏။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကား ကျောက်ပြည်ထောင်၏ ဘုရင်ဖြစ်သည်။ သူ့ကို မည်သူမှ မလွန်ဆန်နိုင်ပေ။

“ဟုတ်ကဲ့ပါ… အရှင်မင်းကြီး…” တစ်ယောက်က အမိန့်တော်ကို လက်ခံသည်။

“နောက်ထပ် တင်ပြစရာ ကိစ္စတစ်ခု ရှိပါသေးတယ်… မြေရိုင်းပြည်နယ်က လာတဲ့သတင်းတွေအရ မြေရိုင်းပြည်နယ်က အင်အားစုတွေက တော်ဝင်ကျဲ နန်းတော်ကို စစ်ကူတွေ ပို့ဆောင် နေကြပါတယ်တဲ့… ကျုပ်တို့က သူတို့ကို အနှောင့်အယှက် ပေးသင့်ပါသလား…” တစ်ယောက်က ပြောသည်။

“မလိုဘူး…” ဘုရင်ကြီးက ပြောသည်… “သူတို့က သေချင်မှတော့ ဆန္ဒဖြည့်ဆည်း ပေးရမှာပေါ့…”

“ဟုတ်ကဲ့ပါ… အရှင်မင်းကြီး…”

မည်သူမှ မအံ့ဩကြပေ။ ကျိရှမ်းကမ်းပါးက မြေရိုင်းပြည်နယ်ကို သွားရောက်စဉ်က မြေရိုင်းပြည်နယ်မှ အင်အားစုများကို သိမ်းသွင်းကာ သူတို့ လိုချင်သည်များအား ရယူရန် ကြိုးစားသော်လည်း ကျောက်ပြည်ထောင်ကား ကွဲပြား ခြားနားပေသည်။ ကျောက်မဟာ ပြည်ထောင်ဘုရင် မင်းမြတ်ကား ရှန့်ထိုအဆင့်ရှိသော ဘုရင်မင်းမြတ်ဖြစ်ကာ ထိုသို့သော နည်းလမ်းများအား အသုံးပြုမည် မဟုတ်ပေ။

သူ၏လမ်းတွင် တားဆီးသူ မှန်သည်မျှကို သည်အတိုင်း တိုက်ခိုက် ဖျက်ဆီးလိုက်ရန်သာ လိုပေသည်။

ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်၏ ဒေါသက မြေရိုင်းပြည်နယ် တစ်ခုလုံးကို သွေးစွန်း စေရမည်။

“ဒီတစ်ခေါက် အင်အားစုတွေဆီက နိုဘယ်တွေထက် ရှီတန်ခိုးရှင်တွေ ရောက်လာတာ များတယ်… ကျုပ်က နိုဘယ် စစ်တပ်တွေလည်း လိုအပ်တယ်…” ကျောက်ပြည်ထောင် ဘုရင်က ပြောသည်။ အားလုံးက အံ့အားသင့် သွားကြသည်။ ဘုရင်မင်းမြတ်က သည်တစ်ခေါက် တော်ဝင်ကျဲ နန်းတော်ကို တိုက်ခိုက်ရာတွင် ရှီတန်ခိုးရှင်များ သာမက နိုဘယ်များကိုပါ အမြစ်ဖြုတ် သုတ်သင်လိုဟန် ရနေသည်။

နိုဘယ်များကား လူငယ်မျိုးဆက်များ ဖြစ်ကြသည်။ အကယ်၍​ နိုဘယ်များသာ အသတ်ခံရပါက မြေရိုင်းပြည်နယ်က သေချာပေါက် အင်အားချည့်နဲ့ကာ မည်သည့်အခါမှ တစ်ဖန် ဦးမော့နိုင်တော့မည် မဟုတ်တော့ပေ။

“ဟုတ်ကဲ့ပါ… အရှင်မင်းကြီး…” တန်ခိုးရှင်များ အားလုံးက အမိန့်နာခံကြသည်။ ပါဝင် တိုက်ခိုက်ကြမည့် အင်အားစုတိုင်းတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိကြပေသည်။ သူတို့က တော်ဝင်စစ်ပွဲကို ဆင်နွဲခြင်းဖြစ်ရာ အသက်ဆုံးရှုံးခြင်းက မလွဲမသွေ ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် အင်အားစုများက သူတို့၏ လူငယ်မျိုးဆက်များကို စစ်ပွဲတွင် မပါဝင်ခိုင်းကြပေ။ သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်က သဘောတူခြင်း မရှိပေ။ သူက နိုဘယ်များကိုလည်း စစ်ပွဲသို့ ဆောင်ယူရန် စေခိုင်းခဲ့သည်။

အရာအားလုံးက ရီဖူရှင်း၏အပြစ်ကြောင့် ဖြစ်လာခြင်းပင်။ သူက ရှားပါးပါရမီရှင် ဖြစ်သည့်တိုင် အသက်ရှည်မည့်သူ မဟုတ်ပေ။ သူလုပ်ခဲ့သည်ကား မိမိသေတွင်းကို မိမိတူးသည်နှင့် တူပေသည်။

“နောက်တစ်လကျရင် မြေရိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ ဒီမှာ လာရောက် စုစည်းကြပါ…” ကျောက်ပြည်ထောင် ဘုရင်က ပြောကာ ထွက်သွားသည်။

“ဘုရင်မင်းမြတ်ကို နှုတ်ဆက်ပါတယ်…” အားလုံးက အရိုအသေ ပေးကြသည်။ ဘုရင်မင်းမြတ်က သူတို့၏မြင်ကွင်းမှ လုံးဝ ပျောက်ကွယ် သွားတော့မှ သူတို့က ခန်းမထဲမှ ထွက်သွား ကြတော့သည်။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သူ၏အိပ်ခန်းဆောင် တစ်ခုသို့ ရောက်လာသည်။ တခမ်းတနား ပြင်ဆင်ထားသော နန်းဆောင်အား သူက မှန်နန်းဆောင်ဟု နာမည်ပေးထား၏။ အမှန်တကယ်အားဖြင့် ထိုမှန်နန်းဆောင်ကား သူသဘော အကျဆုံးသော ကိုယ်လုပ်တော်စီ၏ အဆောင်ဖြစ်ကာ ထိုနေရာသို့ အခြေအရံ အနည်းငယ်မှအပ မည်သူမှ ဝင်ရောက်ခွင့် မရှိပေ။

ဘုရင်မင်းမြတ်နှင့် နီးကပ်သော လူများပင် ကိုယ်လုပ်တော်စီက မည်သူဖြစ်သည်ကို မသိကြပေ။ သူမကား တခြားလူများနှင့်မတူ အလွန်တရာ ချောမော လှပပေသည်။

ယခု မှန်နန်းဆောင်၌​ ပါးလွှာသော အဝတ်အစားများအား ဝတ်ထားသော မိန်းမတစ်ယောက်က ရပ်နေသည်။ သူမ၏ အချိုးအစားကျသော ခန္ဓာကိုယ်က မှိန်ပျပျ မီးရောင်အောက်တွင် အလွန်တရာ ဆွဲဆောင်အား ကောင်းနေပေသည်။

“ဘုရင်မင်းမြတ်…” မိန်းကလေးက ရှေ့ကို တက်လာသည်။ သူမ၏ သေးသွယ်သော ခြေ​ထောက်များကပင် အလွန်တရာ ဆွဲဆောင်မှု ရှိပေသည်။ သူမ၏ မျက်လုံးများက တစ်ဖက်လူ၏ ဝိညာဉ်ကို ဆွဲငင်ညို့ယူနိုင်စွမ်း ရှိဟန်ရ၏။

သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်ကား ငြိမ်သက်စွာ ရပ်လျက် သူမကို ကြည့်သည်။ အကယ်၍ ပြင်ပမှ လူများကသာ သူမအား မြင်လျှင် မှန်နန်းတော်သခင်မနှင့် အလွန်တရာ ဆင်တူသည်ကို သတိထားမိကြမည် ဖြစ်သည်။ သို့သော်လည်း သူမကား တကယ့် မှန်နန်းတော် သခင်မနှင့် ကိုယ်ရောင်ကိုယ်ဝါ ကွဲပြားခြားနားကာ မြင့်မြတ်ထည်ဝါခြင်း များတွင်လည်း ယှဉ်နိုင်ဟန် မရပေ။

သူမနှင့် မှန်နန်းတော် သခင်မတို့က မည်မျှ ဆင်တူသည်ဖြစ်စေ၊ သူမက မည်မျှ လှပချောမွေ့သည် ဖြစ်စေ သူမကား မှန်နန်းတော်သခင်မ မဟုတ်ပေ။ သူမကား အစားထိုးခံရသော လူသား အရုပ်တစ်ရုပ်သာ ဖြစ်ပေမည်။

မိန်းကလေးက ကျောက်ပြည်ထောင် ဘုရင်အား မှီလိုက်သည်။ သူမ၏ ကိုယ်သင်းနံ့နှင့် ဆွဲဆောင်မှုပြင်းသော ခန္ဓာကိုယ်တို့က ယောက်ျား တစ်ယောက်၏ သွေးများကို ဆူပွက် စေနိုင်ပေသည်။ သို့သော်လည်း ကျောက်ပြည်ထောင် ဘုရင်ကား တည်ငြိမ် အေးဆေးသော အမူအရာများသာ ရှိနေသည်။ သူသ သူမအား ကြည့်ကာ ပခုံးအား အသာကိုင်၍​ အိပ်ရာသို့ ဆွဲခေါ်သွားသည်။

မြေရိုင်းပြည်နယ် ပျောက်ကွယ်သွားကာ သူက မရဏဓားဝင်္ကပါကို ပိုင်ဆိုင်ပြီး ပြည်နယ်ကိုးခု၏ နံပါတ်တစ် အင်အားစု ခေါင်းဆောင် ဖြစ်လာသည့်တိုင် သူအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကတော့ သူ၏ရင်ဘတ်ထဲတွင် ခိုအောင်းနေမည်သာ ဖြစ်သည်။

သူက မည်မျှ ပြီးပြည့်စုံသော ဘဝကို ပိုင်ဆိုင်နေပါစေ သူ၏စိတ်ကို စွဲလမ်းစေသော တစ်စုံတစ်ခုအား အမြဲလိုလား တောင့်တနေမြဲသာ ဖြစ်သည်။

ထိုစွဲလမ်းမှုကား အရှေ့ဘက်ပြည်နယ်၏ နံပါတ်တစ်မိန်းမလှ ဖြစ်သော မှန်နန်းတော် သခင်မအား သူ၏မိန်းမအဖြစ် သိမ်းပိုက်ရန် ဖြစ်သည်။

***

ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော်၏ အမြင့်တစ်နေရာမှ နေ၍​ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်နေကြသော လူများကို ကြည့်နေသည်။

ဓားမိစ္ဆာနှင့် စုရှမ်းတို့က ဓားနန်းဆောင်နှင့် ဆင်းဆွေအိမ်တော်မှ ဓားသမားများကို ထိုနေရာတွင် လေ့ကျင့် ပေးနေကြသည်။ သူတို့အပြင် ရှီအဆင့်အမြင့်ဆုံး၌ ရှိသော သင်္ချိုင်းကုန်း ကျေးရွာမှ ဓားသမား တစ်ယောက်လည်း ပါဝင်လေ့ကျင့် ပေးနေသည်။ သူတို့က ဓားဝင်္ကပါ တစ်ခုကို လေ့ကျင့်နေကြခြင်း ဖြစ်သည်။ ကျေးရွာ ခေါင်းဆောင်နှင့် ရန်ရှောင်တို့ကလည်း သူတို့၏ လေ့ကျင့်မှုများကို လမ်းညွှန်ပြသ နေသည်။

ဝင်္ကပါ၌ လူကိုးယောက် ပါဝင်ကာ အားအနည်းဆုံးပင် ကွန်းရှီအဆင့်၌​ ရှိပေသည်။ ထိုအထဲတွင် အဆင့်မြင့် ကွန်းရှီသုံးယောက်၊ အလယ်အလတ် ကွန်းရှီလေးယောက်နှင့် အဆင့်နိမ့် ကွန်းရှီနှစ်ယောက် ဖြစ်သည်။

သူတို့အားလုံးက ထောင့်တစ်နေရာစီတွင် နေရာယူကာ ဝင်္ကပါတစ်ခုအား ဖွဲ့စည်းထားကြသည်။ အလယ်တွင်ကား ဧရာမဓားတစ်လက် ဖြစ်ပေါ်နေ၏။ ထိုအရာအား နတ်ဘုရားဓားဟု သတ်မှတ်နိုင်သည်။ သူတို့အား လွှမ်းခြုံလျက် ဓားပန်းချီ တစ်ခုပေါ်လာကာ ထောင့်တစ်ခုစီတိုင်း တွင်လည်း ဓားအမျိုးအစား သဒ္ဓိဝင်လက်နက်များ လှည့်ပတ် နေကြသည်။

ထိုဓားများ အားလုံးမှာ အဆင့်မြင့် ရှီလက်နက်များ ဖြစ်ကြပြီး ယူစီ၏ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။

ဓားပန်းချီက အလွန် လင်းလက်လာကာ ဝင်္ကပါးအား အသက်ဝင်စေသည်။ ဓားများမှ အလင်းများများက ကောင်းကင်ယံသို့ ထိုးတက်သွား၏။ သူတို့အနီးတွင် ဓားအရောင်အဝါများ စုစည်းအား ကောင်းလာကာ တလက်လက် ထလာကြသည်။

ထိုဓားဝင်္ကပါက ဓားပန်းချီကိုးခုမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ဓားဝင်္ကပါအား ဓားသမား ကိုးယောက်ဖြင့် ဖွဲ့စည်းကာ နတ်ဘုရားဓားနှင့် အဆင့်မြင့် ရှီလက်နက်များကြောင့် ဝင်္ကပါက သေချာပေါက် ကြောက်မက်ဖွယ်​ အားကောင်း ပေလိမ့်မည်။

သူတို့က တန်ခိုးရှင် အရေအတွက်အားဖြင့် အလေးနိမ့်ပေသည်။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းကား သူတို့တွင် ပိုင်ဆိုင်သော တန်ခိုးရှင် တစ်ယောက်စီအား အမြင့်ဆုံးစွမ်းရည်သို့ ဆွဲငင်မြှင့်တင်ခြင်း ဖြစ်သည်။

ရန်ရှောင်က ရီဖူရှင်း၏ဘေးတွင် ပေါ်လာကာ ပြောသည်… “ဒီထိပ်သီး ရှီတန်ခိုးရှင်တွေက နားလည် ဆင်ခြင်နိုင်စွမ်း မြင့်မားတယ်… သူတို့က မကြာခင် ဝင်္ကပါကို ကျွမ်းကျင် သွားလိမ့်မယ်… တခြာလူတွေ အခြေအနေကို သွားကြည့်ရအောင်…”

“အခုလို ကြိုးစားပေးတာ ကျေးဇူးတင်ပါတယ်… စီနီယာ…” လက်ရှိ သူတို့အထဲတွင် ရီဖူရှင်းအပြင် ဝင်္ကပါပညာ၌​ အကျွမ်းကျင်ဆုံးက ရန်ရှောင်နှင့် ကျေးရွာ ခေါင်းဆောင်တို့ ဖြစ်ကြသည်။ စစ်တုရင်ရှန့်ထိုကား ပြည်နယ်ကိုးခု၌ အတော်ဆုံး ဝင်္ကပါပညာရှင်ဖြစ်ကာ ရန်ရှောင်ကား သူ၏ တပည့်အကြီးအဆုံး ဖြစ်သည်။ သူ၏အတွေ့အကြုံ၊ ဗဟုသုတနှင့် ထက်မြက်သော ဉာဏ်ရည်တို့ကြောင့် ရန်ရှောင်ကား  ကျောက်ပြည်ထောင်မှ ဝင်္ကပါပညာရှင်များထက် အဆင့်အတန်းတစ်ခု မြင့်မားပေသည်။

သူတို့က မိမိတို့အားသာသော အချက်များဖြင့် စစ်ပွဲကို ဆင်နွဲရမည် ဖြစ်သည်။ ဝင်္ကပါပညာကို သင်ကြားပို့ချရာတွင် ရီဖူရှင်းက ရန်ရှောင်အား ရှီတန်ခိုးရှင်များကို သွန်သင်စေကာ ကျင့်ကုန်းစီကိုမူ နိုဘယ်များကို သင်ကြား ပြသပေးစေသည်။

သူတို့နှစ်ယောက်လုံးက လေထဲကို တက်လာကြကာ ရီဖူရှင်းက ပြောသည်… “ရှီဟွာတောင်က လူတွေလည်း မြေရိုင်းပြည်နယ်ကို ရောက်နေကြပြီ… သူတို့က ကျုံးကျိုးမြို့မှာ ရှိကြတယ်… လျူကျောင်းလည်း ပါလာတယ်…”

“အင်း…” ရန်ရှောင်က ခေါင်းညိတ်သည်။

“မြေရိုင်းပြည်နယ်က အခု တော်ဝင်စစ်ပွဲကို ရင်ဆိုင်နေရပြီးတော့ အင်အားနည်းတဲ့ အခြေအနေ ရှိနေတယ်… ဒါကြောင့် လောလောဆယ် လျူကျောင်းကို တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်သေးဘူး…” ရီဖူရှင်း ရိုးရိုးသားသား ပြောသည်။ ရန်ရှောင်က မြေရိုင်းပြည်နယ်တွင် အဘယ်ကြောင့် လာရောက် လေ့ကျင့်သည်ကို သူနားလည်သည်။

ရန်ရှောင်က နားလည်သည်။ သူက လျူကျောင်းကို အလွန်အမင်း မုန်းတီးကာ ရီဖူရှင်းနှင့် ပူးပေါင်းခြင်းကသာ သူ့အား အနာဂတ်တွင် လက်စားချေရန် အခွင့်အရေး ရှိပေသည်။

“ဒါက ပြောစရာ မလိုပါဘူး… ကျုပ် နားလည်တယ်…” ရန်ရှောင်က ပြန်ပြောသည်။ ထိုကိစ္စက လျူကျောင်း တစ်ယောက်တည်း မဟုတ်ပေ။ လျူကျောင်း၏ လုပ်ဆောင်ချက်များတွင် ရှီဟွာတောင်၏ စနက်များ အနည်းနှင့်အများ ပါဝင်နေပေသည်။ လက်ရှိတွင် ရန်ရှောင်အတွက် လုပ်စရာ တစ်ခုသာ ရှိပေသည်။ ထိုအရာကား မြေရိုင်းပြည်နယ်ကို တော်ဝင်စစ်ပွဲ၌ အနိုင်ရစေကာ တော်ဝင်ကျဲ နန်းတော်ကို ပြည်နယ်ကိုးခု၌ အင်အား ကြီးမားစေခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ သူက လက်စားချေရန် အခွင့်အရေး ရှိသည်။

လက်ရှိတွင် လက်စားချေခြင်းကား ရန်ရှောင်၏ ခေါင်းထဲတွင် ရှိသော တစ်ခုတည်းသော ဦးတည်ချက် ဖြစ်သည်။

“ဖူရှင်း…” အသံတစ်သံကို ကြားရသည်။ ရီဖူရှင်းက နောက်လှည့် ကြည့်သည်တွင် မိန်းကလေး တစ်ယောက် ရောက်လာသည်ကို မြင်သည်။

“ဖီးနစ်…” ရီဖူရှင်းက ခေါ်သည်။

“ဆရာ ရောက်လာတယ်…” ဖီးနစ်က ပြောသည်။

ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားပြီးမှ ပြုံးလျက်ပြောသည်… “ကျေးဇူးပဲ… ဖီးနစ်…”

ထာဝရ အဘိုးအို ရောက်လာမှတော့ မြေရိုင်းပြည်နယ်မှ ထိခိုက်ဒဏ်ရာ ရသူများအတွက် သိပ်စိုးရိမ်စရာ မလိုတော့ပေ။ ဒဏ်ရာရသူက ထိုနေရာတွင် ပွဲချင်းပြီး မသေသရွေ့ ထာဝရအဘိုးအိုက သူ့အား ကယ်တင်နိုင်ပေမည်။

ဤသို့သော စွမ်းရည်ကား စစ်ပွဲတွင် အရေးအပါဆုံးထဲ၌​ ပါဝင်ပေသည်။

“ဒါတွေ လိုလို့လား…” ဖီးနစ်က ပြောသည်။

“မှန်တာပေါ့… ငါတို့က မိသားစုတွေပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ငါတို့နဲ့အတူ လိုက်ပြီးတော့ ဆရာနဲ့ တခြားလူတွေ လေ့ကျင့်တဲ့ အခြေအနေကို သွားကြည့်ရအောင်.. ပြီးရင် မင်းဆရာကို သွာတွေ့ကြမယ်…”

“သေချာတာပေါ့…” ဖီးနစ်က ခေါင်းညိတ်သည်တွင် သူတို့က လေ့ကျင့်ရေးကွင်းသို့ ရောက်လာကြသည်။ ထောင်ကျန်း၊ ကျင့်ကန်း၊ ယန်ဟောင်နှင့် တခြားရုပ်ခန္ဓာ အသားပေး တန်ခိုးရှင်များကား ထိုနေရာတွင် လေ့ကျင့်နေကြသည်။

ထိုလေ့ကျင့်ရေး နေရာ၌​ တခြားလူများလည်း ရှိကြပေသည်။ သူတို့ကား အရေအတွက်အားဖြင့် ၃၆ယောက်ရှိကာ ဝင်္ကပါပညာအား လေ့ကျင့်နေကြသည်။

ဝင်္ကပါကား ကောင်းကင် စစ်သူရဲဝင်္ကပါဟု နာမည်ရကာ လူ၃၆ယောက်အား တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေပြီး အလွန် အားကောင်းသော စွမ်းအားဖြင့် တိုက်ခိုက်နိုင်သည်။ ကြီးမားသော စွမ်းအားကို လူသုံးယောက်က ထိန်းချုပ်ကာ သူတို့အား ပင်မထောက်တိုင်များ ဖြစ်စေသည်။ ဝင်္ကပါ၏ စွမ်းရည်ကား ပြိုင်ဘက်ကင်းကာ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းနှစ်ခုလုံး၌​သုံးနိုင်သည်။

တိုက်ခိုက်ရေး ရှီနန်းဆောင်နှင့် ရွှေလူဝံများ၏ထိပ်သီး ရှီတန်ခိုးရှင်များ အားလုံးကို ထိုနေရာတွင် တွေ့ရကာ သင်္ချိုင်းကုန်း ကျေးရွာမှ ရုပ်ခန္ဓာ အသားပေး လေ့ကျင့်သူများလည်း ကောင်းကင်စစ်သူရဲ ဝင်္ကပါ၌ ပါဝင်ကြသည်။

ထောင်ကျန်းနှင့် ယန်ဟောင်တို့ကား ကမ္ဘာမြေကို လှုပ်ခါအောင် လုပ်နိုင်သူများ ဖြစ်ကြသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက ဝင်္ကပါတစ်ခုကို တည်ဆောင် လေ့ကျင့်သည်ကို ကြည့်ပြီးနောက် ရီဖူရှင်းက အလွန် စိတ်ကျေနပ်ရသည်။

ထို့နောက် သူတို့က ထို့ကျန်းထံသို့ သွားကြည့်ကြသည်။

ထိုနေရတွင် အတန်ကြာ လေ့လာကြည့်ပြီး ရီဖူရှင်းနှင့် ဖီးနစ်တို့ ထွက်ခွာ လာကြသည်။ ရန်ရှောင်မူကား ထိုနေရာတွင် ကျန်ရစ်ကာ ဝင်္ကပါအား ဆက်လက် လမ်းညွှန် လေ့ကျင့်စေသည်။

ရီဖူရှင်းက တော်ဝင်ရှီနန်းဆောင်သို့ ပြန်လာသည်။ ထိုနေရာတွင်ကား ဝမ်ရှင်းက ထာဝရ အဘိုးအိုကို ဧည့်ခံနေ၏။

“အဘ…” ရီဖူရှင်းက ရှေ့ကို လျှောက်သွားကာ အဘိုးအိုအား ပြုံးလျက် နှုတ်ဆက်သည်။ သူကား ထာဝရအဘိုးအိုကို ကြီးမားသော ကျေးဇူးကြွေးများ တင်နေသည်။ ဂျီယူက သတိလစ်နေစဉ်က သူမကို ကယ်တိုင်ခဲ့သူမှာ ထာဝရ အဘိုးအိုဖြစ်ပေသည်။

ထာဝရအဘိုးအိုက ရီဖူရှင်းအား ပြုံးလျက် ကြည့်ကာ ပြောသည်… “ကြည့်ရတာ ငါက ဖီးနစ်ကို တော်ဝင်ကျဲနန်းတော်သို့ စေလွှတ်လေ့ကျင့်စေတာ တကယ် မှန်ကန်ခဲ့တာပဲ… သူမရဲ့ပါရမီနဲ့ဆို ငါနဲ့နေရင် ဘာမှ ဖြစ်ထွန်းမှာ မဟုတ်ဘူး… သူမက ပြည်နယ်ကိုးခုကို မင်းနဲ့အတူ လျှောက်သွားတာ မြင်ရတော့ တကယ် စိတ်အေးရတယ်… အခု ငါတို့က ဒီကဒ်ဘေးကြီးကို ကျော်လွှားနိုင်ဖို့ပဲ မျှော်လင့်တယ်…”

သူက ပြည်နယ်ကိုးခု ညီလာခံမှ သတင်းများကို ရရှိပြီးသည်မှာ သေချာသည်။

“မြေရိုင်းပြည်နယ်က စီနီယာတွေ အကုန်လုံးက လာရောက် အကူအညီပေးကြတော့ အခု ကျွန်တော်က အရမ်းကို ယုံကြည်ချက် ရှိနေပါပြီ… တော်ဝင်ကျဲနန်းတော်က ကျောက်ပြည်ထောင်ကို သေချာပေါက် အနိုင်ရမယ်..” ရီဖူရှင်းက ပြောသည်။

“ကျောက်ပြည်ထောင်က သူတို့နယ်မြေထဲက အင်အားစုတွေ အကုန်လုံးကို စုစည်းနေတယ်… ငါတို့က ပေါ့လျော့လို့ မရဘူး…” အဝေးမှ အသံတစ်သံကို ကြားရသည်။

သူက လူတစ်စု ရောက်လာသည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်… “နန်းတော် သခင်ယွန်တောင်မှ လာကူညီမှတော့ ကျွန်တော်က ပိုလို့တောင် ယုံကြည်ချက် ရှိလာတယ်…”

ယခု ရောက်လာသူကား ရေခဲနန်းတော် သခင်မယွန်နှင့် သူမ၏လူများ ဖြစ်ကြသည်။ ယွန်စွေ့ရှင်းလည်း သူမနှင့်အတူ ပါလာသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset