တော်ဝင်ကျဲ နန်းတော်ထဲတွင် အားလုံးက လာမည့်တိုက်ပွဲ အတွက် ပြင်ဆင်နေကြသည်။
ယခုကား တော်ဝင်ရှီ နန်းဆောင်ထဲ၌ ရီဖူရှင်း၏ ခြံဝင်းထဲတွင် ဓားမိစ္ဆာနှင့် ထို့ကျန်းတို့ ရောက်နေကြပြီး အားလုံးက ရှေ့ကို ကြည့်နေကြသည်။
ရီဖူရှင်းက ထိုနေရာတွင် ရပ်နေကာ သူတို့ရှေ့တွင်ကား မရေမတွက်နိုင်သော သားရဲကြီးများ ရှိနေသည်။ ထိုသားရဲကြီးများတွင် တူညီသော အရာတစ်ခုကား သူတို့၏ အားကောင်းသော အမြန်နှုန်းများ ဖြစ်ကြသည်။ သားရဲ အမျိုးအစားများကို မူကား နတ်ငှက်များ၊ သိမ်းငှက်များ၊ ရေနဂါးများ၊ လင်းယုန်များနှင့် တခြားငှက် အနွယ်ဝင်များ ပါဝင်ကြသည်။
ထိုသားရဲများ၏ အားအနည်းဆုံး တန်ခိုးအဆင့်များပင် ထိပ်သီးနိုဘယ်များ ဖြစ်ကြသည်။ အချို့ကား ရှီတန်ခိုး အဆင့်တွင်ရှိကာ နန်းတော် အကြီးအကဲများ၏ စီးတော်များ ဖြစ်ကြသည်။ သို့သော်လည်း ယခု ထိုသားရဲများအား အလွန် အားကောင်းသော စွမ်းအင်တစ်ခု ရစ်သိုင်းနေသည်။ ရီဖူရှင်း၏ မျက်လုံး၌ ကြောက်မက်ဖွယ် နက်ရှိုင်းသော မုန်တိုင်းတစ်ခုကို တွေ့မြင်ရသည်။ သူ၏မျက်လုံးက သားရဲများကို ကြည့်သည်တွင် ထိုသားရဲများ၏ စိတ်အသိထဲ၌စိတ်ဝိညာဉ် အမှတ်အသားများ ဖြစ်ပေါ်လာပြီး ရီဖူရှင်း၏ ထိန်းချုပ်မှု အောက်ကို ကျဆင်းသွားသည်။
သားရဲများအားလုံး ပြင်းထန်စွာ တုန်ယင်ကြသည်။ မကြာမှီ သူတို့အားလုံး တည်ငြိမ်သွားကာ ရီဖူရှင်းအား ဦးညွှတ်ကြ၏။
“သွား…” ရီဖူရှင်းက အမိန့်ပေးသည်တွင် သားရဲများ အားလုံးက လေထဲကို ပျံတက်သွားကြကာ အရိပ်မျက်နှာ မျိုးစုံသို့ ပြန့်ကျဲ သွားကြတော့သည်။
ထိုအခိုက်တွင် ရီဖူရှင်းက သားရဲများ၏ မျက်လုံးများမှ တစ်ဆင့် ပတ်ဝန်းကျင် မြင်ကွင်းများ အားလုံးကို မြင်ရတော့သည်။
ဓားမိစ္ဆာနှင့် ထို့ကျန်းတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ ရီဖူရှင်းက သားရဲများကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း သူတို့ မသိခဲ့ကြပေ။ သည်ကောင်လေး မသိမတတ်သည့် ပညာပင် ရှိသေးသလော။ ဤနည်းဖြင့် ရီဖူရှင်းက ကျောက်မဟာ ပြည်ထောင်၏ လှုပ်ရှားမှုများကို လူသား တန်ခိုးရှင်များ၏ ထောက်လှမ်းမှုများကို အသုံးမပြုဘဲ သိနိုင်ပေသည်။
“ဆရာဦးလေးတို့…” ရီဖူရှင်းက ထို့ကျန်းနှင့် ဓားမိစ္ဆာတို့အား ကြည့်ကာ မေးသည်… “ကျွန်တော်တို့က အပြည့်အဝ ခံစစ်ဗျူဟာကို ချမှတ်မလား… ဒါမှမဟုတ် ကျောက်ပြည်ထောင်ကို သွားပြီး အလစ်တိုက်ခိုက်ဖို့ တန်ခိုးရှင်အချို့ကို စေလွှတ်သင့်သလား…”
ကျောက်ပြည်ထောင်က သူတို့၏စစ်တပ်ဖြင့် မြေရိုင်းပြည်နယ်ကို ချီတက်လာတော့မည့် သတင်းအား ရီဖူရှင်းတို့က ရထားပြီး ဖြစ်သည်။
တော်ဝင်စစ်ပွဲကား ကျောက်ပြည်ထောင်မှ အစပျိုးခဲ့ခြင်းဖြစ်ရာ ပုံမှန်အားဖြင့် သူတို့ကသာ ထိုးစစ်ဆင် ကြပေလိမ့်မည်။ သို့သော်လည်း ရီဖူရှင်းက ခံစစ်တည်ခြင်းဖြင့် အသာစီး မရနိုင်သည်ကို သိပေသည်။ မြေရိုင်းပြည်နယ်တွင် တိုက်ခိုက်ခြင်းက သူတို့အတွက် ဖိအား ပိုများပေသည်။
တော်ဝင်ကျဲ နန်းတော်က အားနည်းသောဘက် ဖြစ်ရာ သူတို့၏အင်အားစုများ အားလုံးကို ကျောက်ပြည်ထောင်သို့ စေလွှတ် တိုက်ခိုက်၍ မရပေ။ ထို့ကြောင့် သူတို့တွင် ရွေးချယ်စရာ နှစ်ခုမျှသာ ရှိသည်။ ရီဖူရှင်း ပြောသလိုပင် သူတို့က အပြည့်အဝ ခုခံမည်။ သို့မဟုတ် သူတို့က ခုခံရင်းဖြင့် ကျောက်ပြည်ထောင်သို့ အလစ် သွားရောက် တိုက်ခိုက်မည်။
“ကျောက်ပြည်ထောင်က အရှေ့ပြည်နယ်ကို တစ်ချိန်က အုပ်ချုပ်ခဲ့ဖူးပြီး အင်အားကြီးတယ်… သူတို့က တော်ဝင်စစ်ပွဲကို အစပျိုးခဲ့မှတော့ ကောင်းကောင်း ပြင်ဆင်ထားမှာပဲ… သူတို့က ဘယ်လိုလုပ် ကျောက်ပြည်ထောင်ကို အလစ်တိုက်ခွင့် ပေးမှာလဲ…” ထို့ကျန်းက ဆက်ပြောသည်… “ကျုပ်တို့လူ အချို့ကိုပဲ ကျောက်ပြည်ထောင်သို့ စေလွှတ်ရင်လည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲစေနိုင်မှာ မဟုတ်ဘူး… ကျုပ်တို့ စစ်တပ်ကြီး တစ်ခုလုံးကို စေလွှတ် လိုက်ရင်လည်း နန်းတော်ရဲ့ ခံစစ်က အားနည်းသွားပြီး သူတို့စစ်တပ်ကို ခုခံနိုင်မှာ မဟုတ်တော့ဘူး … ဒါကြောင့် ကျုပ်က အလစ် တိုက်ခိုက်တာကို အကြံမပေးချင်ဘူး…”
“ငါလည်း ဒီလိုပဲ မြင်တယ်…” ဓားမိစ္ဆာက အသာအယာ ခေါင်းညိတ်သည်။ ကျောက်မဟာ ပြည်ထောင်က သူတို့၏နယ်ရပ်မှသည် မြေရိုင်းပြည်နယ်သို့ လာရောက် တိုက်ခိုက်ရာ၌သူတို့၏ အင်အား အလုံးစုံကို ယူဆောင်လာ၍ မရပေ။ ထို့ကြောင့် သူတို့၏တိုက်စစ်အင်အားက သေချာပေါက် အားနည်း သွားရပေမည်။ ထို့ကြောင့် မြေရိုင်းပြည်နယ်က မိမိတို့၏ ခံစစ်ကိုသာ အားအပြည့်အစုံ သုံး၍ လိုအပ်ပေမည်။
“ကျွန်တော် နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ပြောသည်… “အကြီးအကဲရန်နဲ့ ကျုပ်တို့နှစ်ယောက်က ဝင်္ကပါအချို့ကို စီစဉ်ထားတယ်… ဒါပေမဲ့ နန်းတော်မှာ ပညာရှင်တွေ လိုအပ်နေတုန်းပဲ…”
တော်ဝင်စစ်ပွဲတွင် စွမ်းအားနည်းသော တိုက်ခိုက်ရေး ဝင်္ကပါများအား အသုံးမဝင်ပေ။ အဆင့်မြင့် တိုက်ခိုက်ရေး ဝင်္ကပါများကသာ အလုပ်လုပ်ပေသည်။ ထို့အပြင် ဝင်္ကပါတိုက်ကွက်အား ဖော်ဆောင်ရန် များစွာသော တန်ခိုးရှင်များ လိုအပ်ပေသည်။
“နန်းတော်က တကယ်ပဲ ထိပ်သီး တန်ခိုးရှင်တွေ လိုအပ်နေတယ်… ပြီးတော့ ကျောက်ပြည်ထောင်နဲ့ ကျုပ်တို့အကြားမှာ အင်အားချင်းလည်း အတော်ကွာတယ်… လက်ရှိ အခြေအနေနဲ့ ကျုပ်တို့ ရင်ဆိုင် တိုက်ခိုက်ရရင်…” ဓားမိစ္ဆာ၏လေသံက အနည်းငယ် အားလျှော့ဟန် ရနေသည်။ မည်သို့ဆိုစေ ကျောက်ပြည်ထောင်ကား အင်အားကြီး တော်ဝင်မြေ တစ်ခုဖြစ်ပေသည်။ သူတို့ ချီတက်လာမည့် စစ်တပ်က သေချာပေါက် အင်အား ကြီးမားရပေမည်။
ထိုအခိုက်တွင် ဓားမိစ္ဆာနှင့် ထို့ကျန်းတို့က အဝေးကို လှမ်းကြည့် လိုက်ကြသည်။ အဝေးမှ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများ ခံစားမိသည်တွင် ရီဖူရှင်းကလည်း လှမ်းကြည့်သည်။ မကြာမီ တန်ခိုးရှင် လူအုပ်ကြီး တစ်စုအား နန်းတော်၏ တပည့်အချို့ ဦးဆောင်မှုဖြင့် ပျံသန်း လာကြသည်ကို ရီဖူရှင်းက မြင်ရသည်။
“နန်းတော်သခင်ရီကို သတင်းပို့ပါတယ်… မြို့တော်ဝန်ယူက တော်ဝင်စစ်ပွဲမှာ ပါဝင်ဖို့ သူ့လူတွေနဲ့အတူ ရောက်ရှိ လာပါတယ်…” အဝေးမှ အသံတစ်သံကို ကြားကြရသည်။
ရီဖူရှင်းက ပြန်ပြောသည်… “မြို့စားယူ… ကြွပါ…”
“နန်းတော်သခင်ရီ…” ယူစီ၏အသံက တည်ငြိမ်နေသည်။ သူက သူ့လူများကို ခေါ်ကာ ရီဖူရှင်းထံသို့ ရောက်လာသည်။
ယူစီတို့ အုပ်စုအပြင် ရီဖူရှင်းက မီးတောက် အင်ပါယာ နန်းတော်မှ ယန်ကျွမ်တို့အုပ်စု၊ နတ်သမီးနန်းတော်မှ ချူကျိတို့ အုပ်စုတို့အပြင် အာခီမီမြို့မှ အင်အားစုများကိုလည်း မြင်ရသည်။
“ဦးလေး…” ရီဖူရှင်းက ခေါ်လိုက်သည်။ ယူစီကား ရွှီယီ၏ယောက္ခမဖြစ်ရာ သူ့အား ဦးလေးဟု ခေါ်ခြင်းက သင့်တော်ပေသည်။
“စီနီယာယန်၊ နန်းတော်သခင်မချူ၊ အကြီးအကဲများ…” ရီဖူရှင်းက သူတို့အား ကြည့်ကာ ဦးညွှတ်သည်။ သူတို့က နန်းတော်ကို လာရောက် စစ်ကူပေးကြရာ သူက နန်းတော်သခင် ဟူသော ဂုဏ်ပုဒ်ဖြင့် မာနကြီးနေ၍ မရပေ။ သူက လူငယ်မျိုးဆက် တစ်ယောက် အနေဖြင့် ဦးညွှတ်ရပေမည်။
“နန်းတော်သခင်ရီ…” သူတို့က ပြန်လည်၍ ဦးညွှတ်ကြသည်။ ချူကျိ၏မျက်လုံးက အရောင်လက် သွားသည်။ သည်ကောင်လေးကား မြေရိုင်းပြည်နယ်ကို ရှန့်ထိုပင် ပူးပေါင်းလာသည့် အဆင့်သို့ ဆောင်ယူ လာခဲ့သည်။
“ဖူရှင်း… ငါက အာခီမြို့ တန်ခိုးရှင်တွေကို ခေါ်လာခဲ့တယ်… ဒီနှစ်တွေမှာ အာခီမီမြို့မှာ စုဆောင်ထားတဲ့ လက်နက်တွေကိုလည်း သယ်ဆောင် လာခဲ့တယ်…” ယူစီက ပြုံးလျက်ပြောသည်။
ယူမူက ရှေ့ကို တက်လာကာ ယူချင်းအား သိုလှောင်လက်စွပ် နှစ်ကွင်းကို ပေးကာ ပြောသည်… “လက်စွက်တစ်ကွင်းက ထိပ်သီး ရှီအဆင့်မှာရှိတဲ့ လက်နက်တွေပဲ… နောက်တစ်ခုတော့ အဆင့်နိမ့် ရှီအဆင့်မှာရှိတဲ့ လက်နက်တွေ…”
ရီဖူရှင်း၏ စိတ်စွမ်းအားက လက်စွပ်ထဲကို ဝင်ရောက် သွားသည်တွင် မရေမတွက်နိုင်အောင် များပြားသော လက်နက်များအား မြင်ရသည်။ ရီဖူရှင်းက စိတ်လှုပ်ရှားစွာဖြင့် လက်စွပ်အား ယူလိုက်သည်။ အာခီမီမြို့က ဤမျှ ချမ်းသာမည်ဟု သူမထင်ထားပေ။
“ကျေးဇူးတင်ပါတယ်… ဦးလေး…” ရီဖူရှင်းက ပြောသည်။
“ငါက မတိုက်ခိုက်ရတာ နှစ်တွေ တော်တော်ကြာပြီ… အခု တခြားပြည်နယ်က တန်ခိုးရှင်တွေနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေး ရလာပြီ… ဒါက ကောင်းတဲ့အချက်ပဲ…” ယူစီက ပြုံးလျက် ပြောသည်။
“သွေးပူ လေ့ကျင့်ခန်း အနေနဲ့ ကျုပ်တို့ လက်ရည် စမ်းကြမလား…” အသံတစ်သံကို ကြားကြရသည်။ သူတို့က လှမ်းကြည့်သည်တွင် အဝေးမှ တန်ခိုးရှင်နှစ်စု ပျံသန်းလာသည်ကို မြင်ကြရသည်။
ပြောလိုက်သူကား ထင်းဆွေအိမ်တော်မှ စုရှမ်းဖြစ်သည်။ ကောင်းကင်မြေရိုင်း အဆင့်၌ ယူစီကား အဆင့်၈တွင်ရှိကာ စုရှမ်းကား အဆင့်၉ဖြစ်သည်။
“မင်းနဲ့ တိုက်ခိုက်ရတာ ပျင်းစရာပဲ…” ယူစီက အေးစက်စွာ ပြောသည်။ စုရှမ်းကား လုပ်ကြံခြင်း၌ အထူးပြုလေ့ကျင့်သူ ဖြစ်ပေသည်။
“ဒါက ရှားပါး အခွင့်အရေးပဲ… တော်ဝင်စစ်ပွဲမှာ ကျုပ်တို့က ပြည်နယ်ကိုးခုထဲ ဘယ်အဆင့်လောက် ရှိတယ်ဆိုတာကို မြင်တွေ့ရတော့မှာပဲ…” ဟောင်မိသားစု ခေါင်းဆောင် ဟောင်စီက ပြောသည်။ ဟောင်ကျူဂီမူကား သူ့နောက်တွင် ရပ်နေသည်။
ဟောင်မိသားစု၊ ထင်းဆွေမိသားစုတို့က ကျုံးကျိုးမြို့တွင် တည်ရှိရာ သူတို့က မိမိတို့၏မိသားစု တန်ခိုးရှင်များကို ခေါ်ကာ ရောက်ရှိ လာခဲ့ကြသည်။
“မတွေ့တာ ကြာပြီ… စီနီယာတို့… ခင်ဗျားတို့က အရင်လို ကြည့်ကောင်း နေဆဲပါပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
“ငါတို့က မင်းနဲ့ ယှဉ်လို့ ဘယ်ရပါ့မလဲ… ပြည်နယ်ကိုးခု ညီလာခံမှာ ပထမတက်ယူတယ်… မရဏတောင်မှာ ရှန့်ထိုတစ်ပါးကို သတ်တယ်… အဲဒါ ရှန့်ထိုတစ်ပါးပဲ… မင်းက တစ်သက်လုံး ဒါကို ထုတ်ကြွားလို့ ရတယ်…” စုရှမ်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။
သည်အကောင်ကား အမှန်ပင် ထိုသို့ လုပ်ခဲ့သည်။
မည်မျှ ဆုံးဖြတ်ချက် ပြတ်သားပါသနည်း။
“ဒီတော်ဝင် စစ်ပွဲမှာ မင်းက ယုံကြည်မှု ရှိလား…” ဟောင်စီက ရီဖူရှင်းကို မေးသည်။
“သိပ်မရှိဘူး…” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်။
“ငါလည်း ခန့်မှန်းမိတယ်…” ဟောင်စီက ပြောသည်။
“ဒါပေမဲ့ စီနီယာ ရောက်လာတာပဲလား…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။
“ယူစီက သူ့စာထဲမှာ ပြောထားသလို မင်းက မြေရိုင်းပြည်နယ် တစ်ခုလုံးရဲ့ ဆန္ဒအလျောက် ဖြစ်လာတဲ့ ခေါင်းဆောင်ပဲ… အခု မြေရိုင်းပြည်နယ်ရဲ့ အင်အားစုတွေက နန်းတော်ရဲ့ တစ်နည်းနည်း ဆက်စပ်နေတာပဲ… နန်းတော်မရှိဘဲ ငါတို့က ဘယ်လို ရပ်တည်နိုင်မှာလဲ…” ဟောင်စီက ပြောသည်။
တော်ဝင်စစ်ပွဲတွင် နန်းတော်သာ အသိမ်းခံလိုက်ရပါက ကျောက်ပြည်ထောင်က သေချာပေါက် မြေရိုင်းပြည်နယ်ကို ထိန်းချုပ်ပေလိမ့်မည်။ သူတို့ကား သည်အတိုင်း ကျင့်ကြံသည့် အင်အားစု မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံဖြစ်ရာ သူတို့၏အာဏာစက် ပျံ့နှံ့ရန်သာ ဦးတည်ကြမည် ဖြစ်သည်။ အင်အားစုများစွာက ကျောက်ပြည်ထောင်၏လက်အောက်ကို ကျဆင်းရမည်မှာ သေချာ၏။
ရီဖူရှင်းကား အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။ သူကား အမှန်ပင် မြေရိုင်းပြည်နယ်မှ အများစုသော သဘောဆန္ဒဖြင့် ဖြစ်လာသော နန်းတော် ခေါင်းဆောင် ဖြစ်သည်။ ယခု ထိုတာဝန်များက သူ၏ပခုံးထက်ကို ကျဆင်းလာကာ သူ့အတွက် ဖိအားများ ပိုမို ကြီးမားလာခဲ့သည်။
သည်စစ်ပွဲကား ရှုံးနိမ့်၍ မရပေ။
“ငါ့ဘက်ကို မတွန်းနဲ့… မင်းတို့က မင်းတို့ဆန္ဒရှိလို့ လာခဲ့တာပဲ… စာတစ်စောင်က ဘာလုပ်လို့ ရမှာလဲ…” ယူစီက ပြန်ပက်သည်။ သူပြောသည်ကား မှန်သည်။ ဟောင်စီနှင့် စုရှမ်းတို့၏ အဆင့်အတန်းတို့ဖြင့် သူတို့ကသာ ဘေးထွက် ထိုင်နေပါက မည်သူမှ ဘာမှ ပြောနိုင်မည် မဟုတ်ပေ။
ရီဖူရှင်းက သဘောကျစွာ ပြုံးမိသည်။ သူက နောက်လှည့်ကာ အနားမှ လူများကို ပြောသည်… “ဧည့်ခံပွဲတစ်ခု စီစဉ်လိုက်…”
“တော်ဝင်စစ်ပွဲခေါင်းထက် ရောက်နေမှတော့ ဒါတွေ မလုပ်လည်း ရတယ်…” ယူစီက ပြောသည်။ သူတို့အား ဧည့်ခံပွဲကျင်းပ ကြိုဆိုခြင်း မကြိုဆိုခြင်းက ပြဿနာ မရှိပေ။
“ကျွန်တော်တို့က ဧည့်ခံပွဲမှာ စစ်ပွဲကိစ္စတွေ ဆွေးနွေးလို့ ရတာပေါ့…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ…” ယူစီက ခေါင်းညိတ်သည်။ မကြာမီ နန်းတော်က ညစာစားပွဲတစ်ခု စတင် တည်ခင်းသည်။ တော်ဝင်ကျဲ နန်းတော်၏ အကြီးအကဲများ အားလုံး ရောက်လာကြသည်။ ကျေးရွာ ခေါင်းဆောင်လည်း တက်ရောက်၏။ လူအများအပြားက သူ့အား ဦးညွှတ် ကြိုဆိုကြသည်။
“ကျောင်းအုပ်ချန်း ရောက်လာပါတယ်…” ဧည့်ခံပွဲ အချိန်အခါ၌ အပြင်မှ အသံတစ်သံကို ကြားကြရသည်။
ရီဖူရှင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်.. “ကျေးဇူးပြုလို့ ကြွပါ…”
မကြာမီ ချန်းယွန်နှင့် မူချန်းတို့ ရောက်လာကြသည်။ သူတို့နှင့်အတူ သူရိယနေမင်း ကျောင်းအုပ်ရန်ထန်း၊ စန္ဒာငွေလမင်း ကျောင်းအုပ် ကုန်းခွေတို့လည်း ပါလာသည်။ မိုးမြေကောင်းကင်မြို့မှ မိသားစု ခေါင်းဆောင်များလည်း အတူလိုက်လာကြ၏။ ထိုအထဲတွင် နဂါးကလန်မှ လောင်အော့နှင့်သူ့ဇနီး၊ ကုယွန်ချီတို့ သားအဖတို့လည်း ပါကြသည်။
ရီဖူရှင်းက သူတို့အား ထရပ်ကာ ကြိုဆိုသည်။
ထို့နောက်တွင် ကျူးကော့ချန်းဖန်က ကျူးကော့ မိသားစုဝင်များအား ဦးဆောင်ကာ ရောက်လာသည်။ သို့သော်လည်း သည်တစ်ခေါက်တွင် ကျူးကော့မိသားစုမှ အနည်းငယ်သော လူများသာ ပါလာသည်။ သူတို့၏အင်အားက ဟောင်မိသားစုထက်ပင် နည်းပေသည်။ ကျူးကော့ချန်းဖန်က သူ၏မိသားစုကို သွားရောက်ကာ စစ်ပွဲအတွက် လူခေါ်စဉ် မိသားစု စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အများစုက စစ်ပွဲထဲဝင်ပါရန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြ၏။ ထို့ကြောင့် ကျူးကော့ချန်းဖန်က သူ့အား ထောက်ခံသူများကိုသာ စုစည်းလျက် နန်းတော်ကို ပြန်ရောက် လာခဲ့သည်။
“ဒီမတိုင်ခင် နန်းတော်က အကြီးအကဲတွေနဲ့ ဆွေးနွေးတုန်းက နန်းတော်မှာ လုံလောက်တဲ့ တန်ခိုးရှင်တွေ မရှိဘူးလို့ ထင်မှတ်ခဲ့ကြတယ်… အခု စီနီယာတွေက စစ်ကူလာပေးတော့ ကျုပ်တို့က အားကောင်းတဲ့ တိုက်ခိုက်ရေး ဝင်္ကပါတွေ တည်ဆောက်နိုင်ပြီ…” ရီဖူရှင်းက ကျန်လူများကို ပြောသည်… “ကျုပ်ရဲ့ ကနဦး အစီအစဉ်က တိုက်ခိုက်ရေး ဝင်္ကပါအချို့ကို လေ့ကျင့် တည်ဆောင်မယ်… ကွဲပြားခြားနားတဲ့ တန်ခိုးရှင်တွေက ကွဲပြားတဲ့ပုံစံတွေနဲ့ ဝင်ပါလို့ရတယ်…”
“မင်း သင့်တော်သလို စီစဉ်ပါ… ဒီစစ်ပွဲမှာ မင်းက စစ်သူကြီးပဲ…” ယူစီက ပြောသည်။
တော်ဝင်စစ်ပွဲတွင် အင်အားစုများ အားလုံးကို ထိန်းချုပ်ကွပ်ကဲရန် တစ်စုံတစ်ယောက်အား လိုအပ်ပေသည်။ ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော် သခင်ဖြစ်ရာ ထိုတာရန်က ရီဖူရှင်းနှင့် အသင့်တော်ဆုံး ဖြစ်သည်။
ယခု သူတို့က သေရေးရှင်ရေး တိုက်ပွဲကိုသာ ရင်ဆိုင်ရမည် သာမက မရေမတွက်နိုင်သော လူများ၏ ကံကြမ္မာများကိုလည်း ထမ်းပိုး ထားရပေသည်။ သူတို့ အမှားလုပ်၍ မရပေ။
ကျန်သောလူများ အားလုံးက ခေါင်းညိတ် လိုက်ကြသည်။ ရီဖူရှင်းကလည်း တွေဝေမနေဘဲ အကြီးအကဲများ၏လုပ်ငန်းတာဝန်များ၊ အဆင့်များကို ခွဲဝေ သတ်မှတ် ပေးသည်။
ကျေးရွာ ခေါင်းဆောင်က ထိုအရာများကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ့ရှေ့မှ မြင်ကွင်းက သူ့အား အံ့အားသင့် စေသည်။ ရီဖူရှင်းက ရှီအဆင့်မျှသာ ရှိသေးသော်လည်း သူ့တွင် မြေရိုင်း ပြည်နယ်၌ ဤသို့ ထောက်ခံ အားပေးသော အဖွဲ့အစည်းများ ရှိနေသည်။
***