တော်ဝင်စစ်ပွဲ ကြေညာပြီးသည့် အခိုက်အတန့်တွင်ပင် ကျောက်ပြည်ထောင်က မြေရိုင်းပြည်နယ်ကို အချိန်မရွေး တိုက်ခိုက်နိုင်သည်ဟု ဆိုလိုသည်။
ရီဖူရှင်းက မြေပြင်ကို ကြည့်ကာ ကြည်လင် ပြတ်သားစွာ ပြောသည်… “အခုကစပြီး တော်ဝင်ကျဲနန်းတော်က တိုက်ပွဲအတွက် ပြင်ဆင်တော့မယ်… နန်းတော်အတွင်း လေ့ကျင့်နေတဲ့ တပည့်တွေက အမိန့်မရဘဲ ဘယ်သူမှ ထွက်သွားလို့ မရတော့ဘူး…”
သူ၏အသံကို ကြားသည်တွင် အားလုံးက တင်းကျပ်သော ခံစားချက်များကို ရကြသည်။
သည်အချိန်ကာလ အတွင်း၌ပင် တော်ဝင်ကျဲနန်းတော်၏ သုံးပုံတစ်ပုံသော တပည့်များ ထွက်သွားကြပြီး ဖြစ်သည်။ မည်သို့ဆိုစေ သူတို့ကား နန်းတော်ကို တန်ခိုးကျင့်ရန် ရောက်လာခြင်း ဖြစ်ကာ အသက်ရင်း၍ တိုက်ခိုက်ရန် နှစ်ခါ စဉ်းစားကြမည် ဖြစ်သည်။ ရီဖူရှင်းက သူတို့အား ရွေးချယ်စရာ ပေးမှတော့ သူတို့ကလည်း ထွက်သွား ကြပေမည်။
ထွက်သွားသူ အများစုမှာ ရှီတန်ခိုးအဆင့် အောက်မှ လူများ ဖြစ်ကြသည်။ သူတို့၏စိတ်ဓာတ်က ခိုင်မာမှု အားနည်းကာ နန်းတော်ကို တန်ခိုးကျင့်ရန် ရည်ရွယ်ချက်မျှဖြင့်သာ ရောက်လာခြင်း ဖြစ်ကြ၏။
“ပြီးတော့ အခု နန်းတော်က ရှီနန်းတော်အတွက် တပည့်တွေ လက်ခံတော့မယ်… စစ်ပွဲမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ ဘယ်သူမဆို ရှီနန်းတော်ထဲကို ဝင်ရောက် လေ့ကျင့်ခွင့် ရပြီးတော့ နန်းတော်ရဲ့ ပင်မတပည့်တွေ ဖြစ်လာလိမ့်မယ်….” ရီဖူရှင်းက ဆက်ပြောသည်။
“ကျုပ်က နန်းတော်က တပည့်တွေကို ပြည်နယ်ကိုးခု ညီလာခံသို့ ခေါ်ယူပြီး ပြိုင်ပွဲဝင်စေခဲ့တယ်… အားလုံး သိတဲ့အတိုင်း ကျုပ်တို့ မြေရိုင်းပြည်နယ်က ညီလာခံမှာ အကောင်းဆုံး စွမ်းဆောင်ခဲ့တယ်… နန်းတော်က အခု တော်ဝင်စစ်ပွဲကို ရင်ဆိုင်ရမယ် ဆိုပေမဲ့ ဒါက အခွင့်အလမ်း တစ်မျိုးလည်း ဖြစ်တယ်… တကယ်လို့ တော်ဝင်ကျဲနန်းတော်က စစ်ပွဲမှာ မားမားမတ်မတ် ရပ်ကျန်ရစ်မယ်ဆိုရင် နန်းတော်ရဲ့ ကြီးထွား အောင်မြင်မှုကို ဘယ်အရာကမှ တားနိုင်မှာ မဟုတ်ဘူး… ဒါ့အပြင် တစ်ဦး တစ်ယောက်ချင်းစီ ကလည်း သိသာတဲ့ ပြောင်းလဲ တိုးတက်မှုတွေ သေချာပေါက် ရှိလိမ့်မယ်… အနာဂတ်မှာ စစ်ပွဲမှာ ပါဝင်တဲ့ တပည့်တွေ အကုန်လုံးက ကျုပ်နဲ့အတူ ပြည်နယ်ကိုးခုလုံးကို ကိုင်လှုပ် နိုင်လိမ့်မယ်…”
ရီဖူရှင်း၏စကားကို ကြားသည်တွင် လူအများအပြားက သူတို့၏သွေးများ ဆူပွက်လာသည်ဟု ခံစားကြရသည်။ ရီဖူရှင်းက သူတို့မဖြစ်နိုင်ဟု ယခင်က တွေးခဲ့သည်များအား ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းနောက်ကို လိုက်ခဲ့သော ယူချင်း၊ ရီဝူချင်း၊ စုချွဲတို့အဖွဲ့ကား ယခု ပြည်နယ်ကိုးခု ညီလာခံ၌ထွန်းတောက်ခဲ့ကြပြီး ဖြစ်သည်။
တစ်နေ့တွင် သူတို့ကလည်း ပြည်နယ်ကိုးခု တိုင်အောင် နာမည်ကျော်ကြား လာမည်ဟု ယုံကြည် လာကြသည်။
“သတင်းကို အင်အားစုတွေဆီသို့ ပို့လိုက်ပါ…” ရီဖူရှင်း နောက်မှ လူများကို ပြောသည်။ ထောင်ကျန်းတို့က ခေါင်းညိတ်ကြသည်။ သူက ထုတ်မပြောသော်လည်း မြေရိုင်းပြည်နယ်မှ တခြား အင်အားစုများ၏ အကူအညီကို တောင်းခံခြင်း ဖြစ်ကြောင်း သူတို့ နားလည်ကြသည်။
တော်ဝင်ကျဲနန်းတော်၏ အင်အားတစ်ခုတည်းက ကျောက်ပြည်ထောင် စစ်တပ်ကို ယှဉ်ရန် မဖြစ်နိုင်ပေ။ နန်းတော်က နောက်ထပ် အင်အားများ လိုအပ်ပေသည်။
သို့သော်လည်း သည်ကိစ္စကား သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်ပေသည်။ ရီဖူရှင်းက တခြား အင်အားစုများကို စစ်ပွဲ၌ အတင်းပါဝင်ရန် တောင်းဆို၍ မဖြစ်ပေ။ သူတို့က စစ်ပွဲ၌ မပါဝင်ဆိုပါကလည်း ရီဖူရှင်းက လက်ခံရပေမည်။
“တော်ဝင်အကြီးအကဲ၊ နန်းဆောင်သခင်ရန်… ကျုပ်တို့က စစ်ပွဲအတွက် အုပ်စုဖွဲ့ တိုက်ကွက်တွေ စီစဉ် ခင်းကျင်းရအောင်…” ရီဖူရှင်းက ကျေးရွာ ခေါင်းဆောင်နှင့် ရန်ရှောင်တို့ကို ပြောသည်။ စစ်တပ်နှစ်ခုအကြား အုပ်စုဖွဲ့ တိုက်ကွက်များကား အလွန် အရေးပါပေသည်။
“ကောင်းပြီ…” သူတို့နှစ်ယောက်က ခေါင်းညိတ်ကြသည်။ တော်ဝင်စစ်ပွဲတင် ဝင်္ကပါတိုက်ကွက်များက မရှိမဖြစ် လိုအပ်ပေသည်။ ထို့အပြင် သူတို့က အခြေအနေကို လိုက်၍ အပြောင်းအလဲ လုပ်နိုင်သော ဝင်္ကပါများအား စီစဉ်ရန် လိုပေသည်။
“ကောင်းပြီ… တိုက်ပွဲအတွက် ပြင်ဆင်ရအောင်…” ရီဖူရှင်းက ပြောသည်တွင် လူအုပ်က စတင်ကျဲပါးသွားသည်။ တော်ဝင်ကျဲ နန်းတော်က စတင်၍ အလုပ်များ ပေတော့မည်။
ရီဖူရှင်းက လေထဲကို ကြည့်သည်။ ထိုစဉ်က လျူချန်းကား အဘယ်ကြောင့် ထိုမျှ အလျင်လိုသည်ကို နားလည်လိုက်သည်။ မြေရိုင်းပြည်နယ်ကား အားနည်းပေသည်။ အကယ်၍ ဤသို့သော အခြေအနေမျိုး ကြုံလာပါက မြေရိုင်း ပြည်နယ်ကား ဆက်လက် ရပ်တည်ရန် မျှော်လင့်ချက် မရှိပေ။
***
တစ်ချိန်တည်းမှာပင် တခြား တမန်တော် တစ်ယောက်က ကျောက်ပြည်ထောင် နန်းတော်ကို ဆင်းသက်လာကာ တော်ဝင်စစ်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို ရွက်ဖတ်ပြီး တော်ဝင်စစ်ပွဲကို စတင်ကြောင်း ကြေညာခဲ့သည်။
ကျောက်ပြည်ထောင် ဘုရင်ကား အလွန်မောက်မာကာ မာနကြီးသူဖြစ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားများကြောင့် ရီဖူရှင်းအား သေချာပေါက် အချိန်ပေးမည် မဟုတ်ပေ။ သူက စစ်တပ်အား ခေါ်ကာ တော်ဝင်ကျဲနန်းတော်သို့ တိုက်ရိုက်ချီတက်ပြီး သိမ်းပိုက်မည် သေချာ၏။
ရီဖူရှင်းက သူ၏အပြုအမူအတွက် သေချာပေါက် ပေးဆပ်ရပေမည်။
တော်ဝင်မြေများ အားလုံးက တော်ဝင်စစ်ပွဲကို စောင့်ကြည့် နေကြပေသည်။ စစ်ပွဲစကြောင်း သတင်းများ ပျံ့လာသည်တွင် ပြည်နယ်ကိုးခုမှ အင်အားစုများစွာက မြေရိုင်းပြည်နယ်သို့ စတင် ခရီးနှင်ကြတော့သည်။ ကျောက်ပြည်ထောင်က မြေရိုင်းပြည်နယ်ကို ဦးစွာ တိုက်ခိုက်မည်ကို သူတို့ သိကြပေသည်။ ကျောက်ပြည်ထောင် စစ်တပ်က တော်ဝင်ကျဲ နန်းတော်သို့ တိုက်ရိုက် ရောက်လာကြပေမည်။ ရီဖူရှင်းက ကျောက်ပြည်ထောင် ဘုရင်မင်းမြတ်အား ထီမထင်စွာဖြင့် သူ၏ရှေ့တွင်ပင် သူ့လက်အောက် ငယ်သားများအား သတ်ဖြတ်ခဲ့သည်။ ရီဖူရှင်း သည့်ထက် အသက်ရှင်ရန် သူခွင့်ပြုမည် မဟုတ်သည်မှာ သေချာ၏။
ရီဖူရှင်းက မည်မျှ ထူးချွန်ပါစေ၊ သူက တော်ဝင်လမ်းကို တက်လှမ်းရန် အရည်အချင်း ရှိနေပါစေ၊ သူ အသတ်ခံလိုက် ရသည်နှင့် အရာအားလုံးက အဆုံးသတ် သွားပေလိမ့်မည်။
ကောလာဟလများအရ ရီဖူရှင်းကား ရှီအဆင့်ကို ဝင်ခဲ့သည်မှာပင် သိပ်မကြာသေးရာ ရှီတန်ခိုးရှင်များ၏ တိုက်ပွဲတွင် ပါဝင်နိုင်စွမ်း ရှိမည် မဟုတ်သည့်အပြင် တခြားလူများကပင် သူ့အား ကာကွယ်ပေးရန် လိုအပ်ပေသည်။
ရှီဟွာတောင်နှင့် ကျိရှမ်းကမ်းပါးတို့ကား မြေရိုင်းပြည်နယ်ကို ပထမဆုံး ရောက်လာသော အင်အားစုများ ဖြစ်ကြသည်။
ထိုအခိုက်တွင် မြေရိုင်းပြည်နယ်၊ ကျုံးကျိုးမြို့၌ ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်တစ်စု ရောက်လာကြသည်။ ခွန်ယိုသည်လည်း ကိုယ်တိုင် ရောက်လာခဲ့ကာ စားသောက်ဆိုင် တစ်ခု၌ အေးအေးလူလူ သောက်စား နေပေသည်။
ပြည်နယ်ကိုးခု ညီလာခံနှင့် မရဏတောင်တွင် ဖြစ်ခဲ့သမျှက ကျိရှမ်းကမ်းပါးကို အန္တရာယ် အငွေ့အသက်များ ဖြစ်ပေါ်စေသည်။ သို့သော်လည်း သူတို့က ဘာမှ မလုပ်ရသေးခင်ပင် ကျောက်ပြည်ထောင်နှင့် မြေရိုင်းပြည်နယ်တို့က ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဤတွင် ကျိရှမ်းကမ်းပါးကား ဘာမှ လုပ်စရာ မလိုတော့ဘဲ ပြုံးပျော်လျက် ပွဲကြည့်ရန် ဖြစ်လာခဲ့၏။
ယခု သူတို့က မြေရိုင်းပြည်နယ်၏ ပျက်စီးမှုကို တိတ်ဆိတ်စွာ ကြည့်ရန်သာ လိုတော့သည်။
ပြည်နယ်ကိုးခု၌ တော်ဝင်စစ်ပွဲ မဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ တော်ဝင်စစ်ပွဲက သူတို့အား စိတ်မပျက်စေဖို့ သူ မျှော်လင့်သည်။
တစ်ချိန်တည်းမှာပင် မြေရိုင်းပြည်နယ်မှ အင်အားစုများကလည်း သတင်းများကို ရရှိကြပေသည်။
အာခီမီမြို့၊ အာခီမီ အဆောက်အဦကြီး တစ်ခုအတွင်း၌ ဖြစ်သည်။
ယူစီကား အဆောက်အဦ အတွင်း၌လက်နက်အား ကိုယ်တိုင် ပြုလုပ်နေသည်။ သူ၏အပေါ်ပိုင်း ဗလာကျင်းထားသော ခန္ဓာတွင် ကြွက်သားများက မီးရောင်ကြောင့် ကြေးနီရောင် တောက်နေသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ သူနှင့်အတူ မြို့တော်ဝန်ရုံးမှ ထိပ်သီး တန်ခိုးရှင်များ အားလုံးက လက်နက်များ သွန်းလုပ် နေကြသည်။
ထိုအခိုက်တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်က လျှောက်လာကာ ပြောသည်…. “အဖေ… ဘာလို့ ဒါတွေ လုပ်နေတာလဲ… ဆရာဦးလေးတွေ လုပ်ပါစေ…”
“မြေရိုင်းပြည်နယ်မှာ ငါက နံပါတ်တစ် ချပ်ဝတ် လက်နက်ပညာရှင်ပဲ… ငါကိုယ်တိုင်မှ မလုပ်ရင် ဘယ်သူလုပ်မလဲ… မြန်မြန်ဆန်ဆန်ပဲ လက်နက်တွေ ထုတ်ရမယ်…” ယူစီက ပြောသည်။ သတ်လတ်ပိုင်းလူကြီးကား သူ၏အကြီးဆုံးသား ယူမူဖြစ်သည်။
“အဖေက တော်ဝင်စစ်ပွဲမှာ ပါဖို့ ဆုံးဖြတ်ထားပြီးပြီလား…” ယူမူက မေးသည်။
“မင်း ညီမအငယ်ဆုံးနဲ့ ဟိုခွေးကောင်က အခု နန်းတော်မှာပဲ… ငါက ဘယ်လိုလုပ် ဒီမှာ ထိုင်နေလို့ ရမလဲ…” ယူစီက ဒေါသတကြီး ပြောသည်။ ထို့နောက် သူက လုပ်လက်စကို ရပ်ကာ အမိန့်ပေးသည်… “မင်းတို့ အားလုံးက လက်နက်သွန်းလုပ်တဲ့ ပထမအဆင့်ကို အပြီးသတ်ကြ…” ထို့နောက် သူက နောက်လှည့်ကာ ထွက်လာသည်။
“အာခီမီမြို့က အကောင်းဆုံး လက်နက်တွေကို စုစည်းဖို့ အမိန့်ပေးလိုက်…” ယူစီက ယူမူကို ပြောသည်။ ယူမူ၏ မျက်လုံးများက အရောင်တောက် သွားကာ ပြောသည်… “အဖေက စစ်ပွဲထဲဝင်ပါဖို့ ပြင်ဆင် ထားပြီးပြီပဲ… တကယ်လို့ ကျုပ်တို့က စစ်ပွဲမှာ ရှုံးသွားရင်ရော…”
“အာခီမီမြို့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် တော်ဝင်ကျဲနန်းတော် ကျဆုံးသွားရင်တောင်မှ အာခီမီမြို့က ဆက်ရှိမှာပဲ…” ယူစီက ယုံကြည်ချက်မြင့်စွာ ပြောသည်။ သူတို့က ချပ်ဝတ်ပညာရှင်များ ဖြစ်ရာ မည်သည့် အဖွဲ့အစည်းက သူတို့အား လက်ကမ်း မကြိုဆိုဘဲ နေမည်နည်း။
“ဒါပေမဲ့ ဒါကပဲ ငါတို့ကို ကန့်သတ်နေတာပဲ… အချိန်အကြာပြီး တန်ခိုးကျင့်ပြီးတော့ အဘိုးကြီးတွေက လူငယ်တွေလို စိတ်အား ထက်သန်မှု မရှိတော့ဘူး… မြေရိုင်းပြည်နယ်က အဖွဲ့တွေကို ကြည့်စမ်း… ဘယ်သူက စစ်ပွဲထဲ ပါရဲလဲ… သူတို့က သေဖို့ စောင့်နေကြတာပဲ… ရီဖူရှင်းက လူငယ်တွေကို ဦးဆောင်ပြီး ပြည်နယ်ကိုးခု ညီလာခံမှာ ပထမနေရာ ယူလာတယ်… ဒါက ဘာကို ဆိုလိုတာလဲ…” ယူစီက ယူမူကို ကြည့်ကာ ပြောသည်။
“ရီဖူရှင်းက တကယ့်ကို ထူးခြား ထက်မြက်တဲ့ ပါရမီရှင်ပဲ… အချိန်တစ်ခုကြာရင် သူက သေချာပေါက် ရှန့်ထိုဖြစ်လိမ့်မယ်…” ယူမူက ပြောသည်။
“ရှန့်ထိုရှေ့မှာ ရပ်ပြီး သူ့လက်အောက်က လူကို သတ်ရဲတဲ့လူက သေချာပေါက် ရှန့်ထိုဖြစ်မှာပဲ… သူတစ်ယောက်တည်း မဟုတ်ဘူး… ယူချင်း၊ ရီဝူချင်းနဲ့ တခြားလူတွေကလည်း အခွင့်အရေး ရှိတယ်…” ယူစီက ဆက်ပြောသည်… “အပြင်းထန်ဆုံး အချိန်တွေက သူတို့ကို အမြင့်ဆုံးသို့ ဆွဲခေါ်သွားလိမ့်မယ်… မြေရိုင်းပြည်နယ်က ရှန့်ထိုမရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့လို့ အားနည်းနေခဲ့တယ်… အခု ငါတို့က အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာပြီ… ငါတို့က ဒီအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ရင် မြေရိုင်းပြည်နယ်ရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ…”
“ရီဖူရှင်းကို နန်းတော်ခေါင်းဆောင် နေရာအတွက် မြေရိုင်းပြည်နယ် တစ်ခုလုံးက ထောက်ခံ ပေးခဲ့ကြတယ်… အခု သူ့ကို ရည်မှန်းချက် ရောက်အောင် ပို့ဆောင်ဖို့ အချိန်ရောက်ပြီ…” ယူစီက ပြောသည်… “ပြီးတော့ အာခီမီမြို့က အင်အားစုတွေကို သွားအကြောင်း ကြားလိုက်… သူတို့ရဲ့ အင်အားတွေ အကုန်လုံးကို အာခီမီမြို့တော်ဝန် အိမ်တော်မှာ စုမယ်…”
“အဖေ…” ယူမူက အံ့အားသင့် သွားသည်။ သူ၏အဖေကား အာခီမီမြို့မှ အင်အားစုများ အားလုံးကို စစ်ပွဲထဲ ခေါ်သွားလိုနေသည်။
“သူတို့ သဘောမတူရင်ရော…” ယူမူက မေးသည်။ မည်သို့ဆိုစေ တစ်ဖက် အင်အားစုကား ကျောက်ပြည်ထောင် ဖြစ်ကာ အလွန် အင်အားကြီးပေသည်။
“ကျုပ် မြို့တော်ဝန်တောင်မှ စစ်ပွဲထဲပါနေပြီး သူတို့က ထိုင်နေလို့ရမလား… အဲဒီလိုဆို သူတို့ကို အရင်သတ်မယ်…” ယူစီက ထူးမခြားနားစွာ ပြောသည်… “မီးတောက်အင်ပါယာ နန်းတော်နဲ့ နတ်သမီးနန်းတော်သို့ ကို လူလွှတ်လိုက်… ငါက မြေရိုင်းပြည်နယ် တစ်ခုလုံးကို မထိန်းချုပ်ပေမဲ့ အနောက်တောင်ဘက် ဒေသမှာတော့ ငါ့စကားက အမိန့်ပဲ…”
“ကောင်းပြီ…” ယူမူက ပြန်ပြောသည်။ ကြည့်ရသည်မှာ သည်တစ်ခေါက်တွင် သူ၏အဖေက အလွန် အလေးထားသည်မှာ သေချာ၏။
တစ်ချိန်တည်းမှာပဲ မြေရိုင်းပြည်နယ်မှ သတင်းများ မိုးမြေကောင်းကင်မြို့ကို ရောက်လာသောအခါ ထိပ်သီးကျောင်း သုံးကျောင်း၏ ကျောင်းအုပ်ဖြစ်သော ချန်းယွန်က သူ့လက်အောက်မှ လူများအားလုံးကို စုစည်းခဲ့သည်။ သူက မိုးမြေကောင်းကင်မြို့မှ နဂါးကလန်နှင့် တခြား ကလန်တို့ဖြင့် ပူးပေါင်းကာ တော်ဝင်ကျဲနန်းတော်သို့ ဦးဆောင် ချီတက်သည်။ မည်သို့ဆိုစေ လက်ရှိ မြေရိုင်းပြည်နယ်၏ ခေါင်းဆောင် ရီဖူရှင်းကား ကြယ်မင်းကျောင်း၏ သားတော် ဖြစ်ပေသည်။
***