အပိုင်း(၈၂၃):

ရှားတမန်တော်

သင်္ချိုင်းကုန်းကျေးရွာက မြေရိုင်းပြည်နယ်၏လက်အောက်ကို ဝင်ရောက်သွားသည့်သတင်းက အရှေ့ဘက် ပြည်နယ်မှသည် ပြည်နယ်ကိုးခုလုံးသို့ မြန်ဆန်စွာပင် ပျံ့နှံ့သွားခဲ့သည်။

မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော် သခင်ရီဖူရှင်းက မရဏဓားဝင်္ကပါကို အသက်သွင်းကာ ပိတ်မိနေသော စစ်တုရင်ရှန့်ထိုအား သတ်ဖြတ်ခဲ့သည်။ ထိုနည်းလမ်းဖြင့် သူက မရဏဓား၏ ဆက်ခံသူဖြစ်လာခဲ့၏။

ယခုမှစ၍ သင်္ချိုင်းကုန်းကျေးရွာက မြေရိုင်းပြည်နယ်၏ လက်အောက်ခံ ဖြစ်ပေတော့မည်။ ကျေးရွာ ခေါင်းဆောင်က ရှန့်ထိုဖြစ်ကာ ယခု တော်ဝင်ကျဲနန်းတော်၏ အကြီးအကဲတစ်ယောက် ဖြစ်သွားပြီး မြေရိုင်းပြည်နယ်ကလည်း ရှန့်ထိုပိုင်ဆိုင်သော ပြည်နယ်ဖြစ်လာသည်။

မြေရိုင်းပြည်နယ်၏ လူငယ်ခေါင်းဆောင် ရီဖူရှင်းကား မြေရိုင်းပြည်နယ်မှ ထွက်ခွာလာသည်မှာ တစ်နှစ်ခန့် အချိန်မျှသာ ရှိသေးသော်လည်း ရှန့်ထိုတစ်ပါးအား မြေရိုင်းပြည်နယ်ထဲသို့ ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ယခင် နန်းတော်သခင်က သူ၏အသက်ကိုယ် စတေးကာ ရီဖူရှင်းအား နန်းတော်သခင်အဖြစ် တင်မြောက်ခဲ့ခြင်းမှာ သိပ်အံ့အားသင့်စရာတော့ မရှိပေ။

နောက်ထပ် သတင်းများမူကား ပြည်နယ်ကိုးခုကို ထိတ်လန့်စေခဲ့သည်။ ရီဖူရှင်းက ကျောက်ပြည်ထောင် ဘုရင်အား တည့်တိုးစော်ကားခဲ့ကာ သူ၏ရှေ့တွင်ပင် ကျောက်ပြည်ထောင်၏ စစ်သူရဲနှစ်ယောက်အား သတ်ဖြတ်ခဲ့၏။

ဤတွင် ကျောက်ပြည်ထောင်ဘုရင်က မြေရိုင်းပြည်နယ်ကို တော်ဝင်စစ်ကြေညာခဲ့သည်။

သတင်းများအရ ကျောက်ပြည်ထောင်ဘုရင်က ပြန်ရောက်သောအခါ ရှားပြည်နယ်သို့ ကိုယ်စားလှယ် လွှတ်ပြီး ရှားအင်ပါယာအား တစ်ဆင့်သတင်းစကား ပို့စေသည်။ တော်ဝင်စစ်ပွဲ စတင်ရန်ကား သူက အင်ပါယာရှားကို သတင်းပို့ရန် လိုအပ်ပေသည်။ မည်သို့ဆိုစေ ပြည်နယ်ကိုးခု၏ တော်ဝင်မြေများအားလုံးက အင်ပါယာရှား၏ အုပ်ချုပ်ရေးယန္တရား အောက်တွင် တည်ရှိသည်မဟုတ်ပါလား။

ယခု မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါးရှိရာ ကြီးမားသော လှုပ်ခတ်မှုများ ရှိနေပြီး မြေရိုင်းပြည်နယ် ကလည်း ယခင်နှင့်မတူတော့ပေ။ ကျောက်ပြည်ထောင်ကပင် သူတို့၏စစ်တပ်ဖြင့် သည်အတိုင်း သွားရောက် သိမ်းပိုက်လိုက်၍ မရတော့ပေ။

ဤသို့ဖြင့် ကျောက်ပြည်ထောင်က သူတို့၏စစ်တပ်ကို စတင်၍​ဖွဲ့စည်းပြင်ဆင်ရာ ရှောင်လွှဲမရနိုင်သော မုန်တိုင်းက စတင်၍ ဖြစ်ပေါ်လာတော့သည်။

ပြည်နယ်ကိုးခုက တော်ဝင်စစ်ပွဲမဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ စစ်ပွဲက မည်သို့သော ပုံစံမျိုးဖြစ်မည်နည်း။

အားလုံးက  သင်္ချိုင်းကုန်းကျေးရွာမှ ထွက်သွားပြီးနောက် မရဏတောင်သို့ ဝင်ရောက်သူအချို့ ရှိခဲ့သော်လည်း မရဏတောင်ကား ယခင်ကနှင့်မတူဘဲ​ ပိုမို၍ပင် အန္တရာယ်များလာခဲ့သည်ကို တွေ့ရှိခဲ့ကြရပြီး မည်သူမှ ထပ်မဝင်ရဲကြတော့ပေ။

***

ချီပြည်နယ်နှင့် ကျိရှားတော်ဝင်နန်းတော် တို့ကလည်း လာမည့် စစ်ပွဲသတင်းများကို ကြားသိကြရပေသည်။ ပြည်နယ်ကိုးခု ညီလာခံကပင် သူတို့အားကြီးစွာ လှုပ်ခတ်စေပြီးဖြစ်သည်။ ကျိရှားတော်ဝင်နန်းတော်က ရှားမှ ရှားသော ပါရမီရှင်ကျူးကော့ရီအား မွေးထုတ်ပြီးဖြစ်၏။

သို့တိုင်အောင် ကျူးကော့ရီကား ပြည်နယ်ကိုးခု ညီလာခံ၌ တတိယအဆင့်မျှသာ ရခဲ့သည်။ တစ်ယောက်ကား စိတ်ခန္ဓာအဖြစ် နောက်ပိုင်းသိကြရပြီး နောက်တစ်ယောက်ကား မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်မှ ယူချင်းဖြစ်သည်။

ယခု ကျိရှားတော်ဝင် နန်းတော်နှင့် သိပ်မဝေးသော အိမ်ဝင်းကြီးတစ်ခုတွင် လူငယ်တစ်ယောက်က လက်ဖက်ရည်ကြမ်း တစ်ခွက်အား တိတ်တဆိတ် သောက်နေသည်။ ဘေးတွင်လည်း မိတ်ဆွေအချို့က ထိုင်နေကာ စကားစမြည်ပြောဆိုနေကြ၏။

“မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်က ရီဖူရှင်းနှင့်ယူချင်းတို့က တကယ်ပဲ ရှားပါးပါရမီရှင်တွေပဲ… ဒီလောက် အသက်ငယ်ငယ်နဲ့ ပြည်နယ်ကိုးခုမှာ လျှမ်းလျှမ်းတောက် နာမည်ကျော်နေကြပြီ… နှစ်နှစ်အတွင်းမှာပဲ မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါးကို ပိုင်ဆိုင်ခဲ့ပြီ… တကယ်လို့ ရီဖူရှင်းရဲ့ ကျောက်ပြည်ထောင် ဘုရင်အပေါ် အတင့်ရဲတဲ့ စိန်ခေါ်မှုကြောင့်မဟုတ်ရင် မြေရိုင်းပြည်နယ်က သေချာပေါက် ထွန်းတောက်လာတော့မှာပဲကို… ”

“အမှန်ပဲ.. ကျောက်ရာက ကျောက်ပြည်ထောင် ဘုရင်ရဲ့ ဆက်ခံသူဖြစ်ပြီးတော့ အရမ်းကို ပါရမီမြင့်တယ်လို့ နာမည်ကြီးတယ်… သူက ပြည်နယ်ကိုးခု ညီလာခံမှာ ရီဖူရှင်းကို စိန်ခေါ်တော့ ရီဖူရှင်းဆီမှာ အလူးအလဲ ပညာပေးခံလိုက်ရတယ် ကြားတယ်… ”

လူအများအပြားက ရီဖူရှင်းနှင့် ယူချင်းတို့သတင်းများကို ကြားသိရပြီး လေးစားအားကျစွာ ချီးကျူး ပြောဆိုကြသည်။

“အစ်ကိုပိုင်… ခင်ဗျားက မြေရိုင်းပြည်နယ်က လာတာလို့ကြားတယ်… ခင်ဗျားက ရီဖူရှင်းနှင့် ယူချင်းတို့ကို သိလား… ” တစ်ယောကက် အဖြူရောင်ဝတ်လူငယ်ကို ကြည့်ရင်း မေးသည်။

“ ကျုပ် သိတယ်… ” လူငယ်က ခေါင်းညိတ်သည်။

“အာ…” အားလုံးက စိတ်ဝင်စားသွားကြသည်။ တစ်ယောက်က မေးသည်… “ သူတို့ရဲ့ ပါရမီကို အစ်ကိုပိုင်က ဘယ်လိုထင်လဲ… ”

“သူတို့က ပြည်နယ်ကိုးခုမှာတောင် ရှားပါး ပါရမီရှင်ဆိုတာ ပြည်နယ်ကိုးခုညီလာခံက သက်သေပြပြီးပြီပဲ…” လူငယ်က တည်ငြိမ်စွာ ပြောသည်။ သို့သော် သူ၏စိတ်ကတော့ မတည်ငြိမ်နိုင်ခဲ့ပါ။

၂နှစ်မျှကာလဖြင့် သူကား ထိုမျှလောက်အထိ တိုးတက်လာခဲ့၏။ ယခင်နန်းတော်သခင်၏ ဆုံးဖြတ်ချက်ကား မှန်ကန်ခဲ့သည်ဟု ပြောရပေမည်။

“မှန်တာပေါ့…” အားလုံးက ပြုံးလိုက်ကြသည်။ ဘေးမှ ငယ်ရွယ်ကာ ချောမောသော မိန်းကလေးတစ်ယောက်က အသာအယာ ပြုံးလိုက်ကာ ပြောသည်… “ရှင်လည်း ပါရမီမြင့်တာပဲ… တချိန်ကျရင် သူတို့လိုပဲ ရှင်လည်း နာမည်ကျော်ကြားလာလိမ့်မယ်…”

“မှန်တယ်… ကျုပ်တို့ တွေ့ဖူးသမျှထဲမှာ အစ်ကိုပိုင်က ပါရမီအမြင့်ဆုံးပဲ…” သူ့ဘေးမှ လူက ပြုံးလျှက်ဆက်ပြောသည်… “ ခင်ဗျား အစီအစဉ်က ဘာလဲ… ဒီလိုပဲ​လျှောက်သွားနေမှာလား…”

လူငယ်က ခေါင်းယမ်းကာ ပြောသည်… “ကျုပ်က ကျိရှားတော်ဝင်နန်းတော်မှာ လေ့ကျင့်ဖို့ စဉ်းစားထားတယ်…”

ပြည်နယ်ကိုးခုတွင် အချိန်ကာလတစ်ခုကြာ ခရီးသွားခြင်းက သူ၏အသိအမြင်များအား ကြီးမားစွာ ပြောင်းလဲစေခဲ့သည်။ တချိန်က သူ့အတွက် အရေးပါခဲ့သည်များက အမှန်တကယ်အားဖြင့် ဘာမှ အရေးမပါခဲ့ပေ။ ယခု သူက အချို့သော အရာများအား နားလည်သဘောပေါက်ခဲ့ပြီဖြစ်ကာ လောက၏ပိုမိုကျယ်ပြောသော အသိအမြင်များအား နားလည်သဘောပေါက်ရန်သာ အားထုတ်လိုတော့သည်။

“ကျုပ်တို့က အစ်ကိုပိုင်ကို ကြိုတင်ပြီး ဂုဏ်ပြုပါတယ်…” အားလုံးက ရယ်မောလိုက်ကြသည်။ တခြားလူတစ်ယောက်သာ ကျိရွားနန်းတော်၌ လေ့ကျင့်မည်ဆိုပါလျှင် ရယ်စရာဟာတစ်ခုအဖြစ် ရှုမြင်ကြမည် ဖြစ်သော်လည်း သည်လူငယ်မူကား ကွဲပြားခြားနားပေသည်။ သူက ကျိရွားတော်ဝင်နန်းတော်ကို သူ၏ အရည်အချင်းဖြင့် ဝင်ရန် ပြဿနာမရှိပေ။

“ကျွန်လည်း ရှင်နဲ့အတူသွားမယ်….” မိန်းမလှကလေးက တိုးညှင်းစွာ ပြောသည်တွင် ဘေးမှ လူငယ်များက ပြုံးကာ နှုတ်ဆက် ထွက်ခွာသွားကြသည်။

လူငယ်က မိန်းမလှလေး၏အကြည့်ကို ခံစားမိသည်။ သူ၏အကြည့်က အဝေးကို ရောက်သွားသည်။ အတိတ်မှ အကြောင်းများက သူ၏ခေါင်းထဲကို တရိပ်ရိပ် ဝင်ရောက်လာသည်။ တချိန်က သူသည်လည်း မိန်းကလေးတစ်ယောက်ကို ချစ်မိခဲ့ပေသည်။ သူမကား တခြားမိန်းမများနှင့်မတူ ရိုးရာအစဉ်အလာ အယူအဆများအား ချိုးဖျက်ရဲကာ ယုံကြည်ရာကို မဆုတ်မနစ် လုပ်နိုင်သော အာဂမိန်းမတစ်ယောက် မဟုတ်ပါလား။

“တချိန်က ကျုပ်နှလုံးသားကို ဆွဲငင်ထားနိုင်တဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးတယ်… ကျုပ်တို့ကို ငယ်ကတည်းက စေ့စပ်ခဲ့ကြပြီးတော့ သူမက အဲ့အတွက်ပဲအိမ်က ထွက်ပြေးသွားခဲ့တယ်… ကြီးလာတဲ့အချိန်မှာလည်း လူကြီးတွေက တဖန်လက်ထပ်ဖို့ စီစဉ်ရာမှာ လက်ထပ်ပွဲနေ့မှာပဲ သူမချစ်သူက ရောက်လာခဲ့တယ်… ” လူငယ်က အတိတ်ကို ပြန်တွေးကာ ပြုံးသည်။

မိန်းကလေးက လူငယ်ကို ကြည့်ကာ မေးသည်… “ရှင်က အဲ့ဒါကို မမေ့နိုင်သေးဘူးလားဟင်… ”

“ကျုပ်က မေ့လိုက်တာ ကြာပါပြီ…ဒါပေမဲ့ ကျုပ်နှလုံးသားကတော့ သေဆုံးပြီးသွားပါပြီ… ” လူငယ်က မိန်းကလေးကို ပြောသည်။

“ ဒါက ပြဿနာမရှိပါဘူး… ကျွန်မက ရှင့်အနားမှာပဲ နေချင်တာ.. ”

“ ဒါက မင်းအတွက် အဆင်မပြေတာတွေ ဖြစ်လာစေလိမ့်မယ်… ” လူငယ်က ပြောသည်။

“ ရတယ်… ” မိန်းကလေးက ခေါင်းယမ်းသည်။

လူငယ်က တိတ်တခိုးသာ သက်ပြင်းချနိုင်တော့သည်။

***

နွေဦးပြည်နယ်၊ ရှားကလန်။

ရှားကလန်ကား ပြည်နယ်ကိုးခုတွင် အင်အားအကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသည်။ သူတို့၏ မိသားစုအနွယ် အဆက်များက ဒေသတိုင်းတွင် ရှိကာ မြင့်မားသော အဆင့်အတန်းအား ပိုင်ဆိုင်ကြ၏။

ရှားကလန်ကိုယ်တိုင်က မျှော်စင်ကြီးနှင့်သဏ္ဍာန်တူသည်။ မည်သူကမှ ထိုရှေးကျကာ ကြီးမြတ်သော ကလန်အား မဆန့်ကျင်လိုကြပေ။ ပြည်နယ်တိုင်း၏ တော်ဝင်မြေများက ရှားကလန်အပေါ်တွင် လေးစားမှု ထားကြရပေသည်။

သို့သော်လည်း ယခု ရှားကလန်၏ ပင်မအိမ်တော်အပေါ်ကို ရထားလုံးတစ်စီးက ရုတ်တရက် ဆင်းသက်လာခဲ့သည်။

လူအများအပြားက လေထဲကို ပျံတက်ကာ ရထားလုံးအား တားဆီးရန် ကြံစည်ကြသည်။ သို့သော်လည်း ရထားလုံးရှေ့မှ ​လူတစ်ယောက်က တံဆိပ်ပြားတစ်ခုကို ထုတ်ပြသည်တွင် အားလုံးက လေးစားသည့် အမူအရာများဖြင့် နောက်ဆုတ်ကြသည်။

ရထားလုံးက အောက်ကို ဆက်လက်ကျဆင်းလာကာ ရှားကလန်၏ပင်မအိမ်ဆောင်သို့ ဦးတည်သည်။

ထိုစဉ် ရှားအိမ်တော်မှ လူအချို့ထွက်လာကြသည်။ ခေါင်းဆောင်လူအုပ်တူသူကား အလွန်အမင်း ကြီးမားသော အရှိန်အဝါအား ပိုင်ဆိုင်ကာ ရှန့်ထိုဖြစ်ဟန်ရသည်။ သူကား ရှားကလန်၏ ခေါင်းဆောင်ဖြစ်သည်။

မကြာမှီ ရထားလုံးက သူတို့ရှေ့ကို ကျလင်းလာသည်။ ရှားတံမန်တော်က ဤနည်းဖြင့် ရောက်လာမည်ဟု သူတို့က မထင်မှတ်ထားကြပေ။

အင်ပါယာရှားက ပြည်နယ်ကိုးခုကို စောင့်ကြပ်မည့် အဖွဲ့တစ်ခုအား ဖွဲ့စည်းထားခဲ့သည်။ သို့သော်လည်း တံမန်တော်အဖွဲ့၏ ခေါင်းဆောင်ကိုယ်တိုင်ပင် ရှားကလန်ခေါင်းဆောင်ကို အရိုအသေးပေးရပေသည်။ ထို့ကြောင့် သူကား ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။

ထိုအခိုက်တွင် ရထားလုံးထဲမှ လူတစ်ယောက်ထွက်လာကာ ရှေ့ကို တက်လာသည်။

သူကား အလွန်ချောမောသော လူငယ်တစ်ယောက်ဖြစ်ပြီး အသက်နှစ်ဆယ်ခန့်ရှိကာ ယောက်ျား အဝတ်အစားများအား ဝတ်ဆင်ထားသည်။ အသားအရေများက အလွန်အမင်း ညက်ညောလှပကာ မိန်းမတစ်ယောက်၏ ကိုယ်ငွေ့များ သင့်ပျံ့နေသည်။ သူကား မိန်းမတစ်ယောက်ထက်ပင် ချောမောလှပနေ၏။ အကယ်၍​သူက မိန်းမတစ်ယောက်ကဲ့သို့ ဝတ်စားပါက မည်သည့်မိန်းမထက်မဆို လှပပေလိမ့်မည်။

“ယောက်ျားလို ဝတ်ထားတဲ့ မိန်းမတစ်ယောက်…” ရှားကလန်ရှန့်ထို၏ မျက်လုံးကိုကား ထိုမျှ ရုပ်ဖျက်မှုက မလှည့်စားနိုင်ပေ။

တံမန်တော်များထဲတွင် ဤသို့သောလူရှိသည် သူမကြားဖူးပေ။

သူမက မည်သူနည်း။

“တံမန်တော်က ဘာကြောင့် ရောက်လာပါသလဲ…” ရှားကလန်ခေါင်းဆောင်က မေးသော်လည်း ထိုမိန်းမက ဘာမှ မပြောပေ။ သူမက တံဆိပ်ပြားတစ်ခုကို ထုတ်ကာ သူ့အား ပြသည်။

ရှားကလန်ခေါင်းဆောင်က ထိုတံဆိပ်အား မြင်သည်တွင် စိတ်နှလုံးများက တုန်ခါသွားဟန်ရပြီး အတွေးများ ရှုပ်ယှက်ခတ်သွားသည်။ မကြာမှီ သူက သည်မိန်းကလေး ဘယ်သူဖြစ်သည်ကို ခန့်မှန်းမိလိုက်၏။

“ဒူးထောက်…” ရှားကလန်ခေါင်းဆောင်က အမိန့်ပေးကာ သူကိုယ်တိုင်လည်း ဦးညွတ် အရိုအသေပေးသည်။

ရှားကလန်မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ ထိုတံဆိပ်ပြား၏အဓိပ္ပာယ်က ဘာများလဲ။

မည်သို့ဆိုစေ သူတို့အားလုံး ဒူးထောက် ခစားကြရပေသည်။

“ပုံမှန်အတိုင်းပဲ နေပါ…” လူငယ်က ပြောသည်… “ကျောက်ပြည်ထောင်ဘုရင်က တော်ဝင်စစ်ပွဲခင်းဖို့ ဆန္ဒရှိတယ်… တစ်ယောက်ယောက်က ကျောက်ပြည်ထောင်နဲ့ မြေရိုင်းပြည်နယ်အကြား ဘာဖြစ်ခဲ့တယ်ဆိုတာကို ရှင်းပြပေးနိုင်မလား…”

ဤတွင် ရှားကလန်ထဲမှ မရဏတောင်ကို သွားရောက်ခဲ့သော တန်ခိုးရှင်က မရဏတောင်တွင် ဖြစ်ပျက်ခဲ့သည်များ၊ သင်္ချိုင်းကုန်း ကျေးရွာတို့တွင် ဖြစ်ပျက်ခဲ့သည်များ အားလုံးကို ရှင်းလင်းပြောဆိုသည်။

လူငယ်က အတန်ကြာ တိတ်ဆိတ်နေပြီးမှ​ သူ၏နောက်မှ လူများကို ပြောသည်… “ ကျောက်ပြည်ထောင်နဲ့ တော်ဝင်ကျဲနန်းတော်တို့ကို တော်ဝင်စစ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေ သွားထုတ်ပြန်လိုက်ပါ…”

သူ၏နောက်မှ လူအချို့က ချက်ချင်းထွက်ခွာသွားကြသည်။ ထို့နောက်တွင် လူငယ်ကလည်း ရထားလုံးထဲကို ဝင်ရောက်သွားပြီး ထိုအုပ်စုကြီးက ကောင်းကင်သို့ ပျံတက်ပျောက်ကွယ်သွားကြတော့၏။

ရှားကလန်ခေါင်းဆောင်က ထွက်ခွာသွားသောအဖွဲ့ကို ကြည့်ကာ စိတ်လှုပ်ရှားနေမိသည်။ ရှားအင်ပါယာက သူမအား အဘယ်ကြောင့် ပြည်နယ်ကိုးခုသို့ စေလွှတ်ခဲ့သနည်း… သူတွေးနေမိသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset