Switch Mode

စာစဉ် (၁၉) အပိုင်း (၂၆၄)

တုန်လှုပ်မှုနှင့် ကြောက်ရွံ့ရိုသေမှု

တရှဲရှဲမြည်သံနှင့် အငွေ့ပျံသွားသော ရေခိုးရေငွေ့များက အရက်နံ့များအဖြစ် သင်းရနံ့တစ်ရာ အိမ်တော် တစ်ခုလုံးတွင် ပျံ့နှံ့နေသော်လည်း နေရာတစ်ခုလုံးက လုံးဝကို တိတ်ဆိတ်နေသည်။

လုရွှမ်းယင် ခုန်ပေါက်နေသည်ကို ကြည့်ပြီး လုဖန်း၊ ယန်ရှိုး၊ ချင်းကျိန်းတို့ လူစု၏ မျက်ဝန်းများမှာ အထိတ်တလန့် ဖြစ်သွားကာ သူတို့လက်အတွင်းရှိ ခွက်များပင် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လွတ်ကျကုန်သည်။

လုရွှမ်းယင် ရှုံးနိုမ့်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်မိပေ။

လုဖန်း၏ အသားရောင်မှာ ကြောက်ရွံ့မှုကြောင့် ဖြူရော်နေပြီး မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည် “ဒါဘယ်လို ဖြစ်နိုင်မှာလဲ”

သူတို့အားလုံးက ယောင်ယောင်ကို တစ္ဆေသရဲ တစ်ကောင်အလား ကြောက်ရွံ့စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။ လုရွှမ်းယင်မှာ ရွှေရောင်ခါးစည်း အဆင့် အတွင်းတောင်တပည့် တစ်ယောက်မှန်း လူတိုင်း သိကြပေသည်။ ထို့ပြင် သူမ၏ သန်မာမှုမှာ အနည်းဆုံး မူလစဦး ဆဋ္ဌမအဆင့်ရှိပေသည်။

ထိုသို့သော စွမ်းအားမျိုးဖြင့် ဆိုပါက မည်သည့် အပြင်ဘက်တောင် တပည့်ကိုမဆို အလဲသိပ်ရန် လုံလောက်ပေသည် လုဖန်းပင်လျှင် သူမနှင့် ယှဉ်နိုင်ရန် အဝေးကြီး လိုအပ်ပေသည်။

သို့သော်လည်း မူလစဦး ဆဋ္ဌမအဆင့် လုရွှမ်းယင်ကို ယောင်ယောင်က အားပင်မစိုက်ရပဲ ချိုးနှိမ်သွားလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း …

ယောင်ယောင်၏ သန်မာမှုက မည်မျှပင် အတိုင်းမသိ ဖြစ်နေမည်နည်း …

လုဖန်း၏ နံဘေးရှိလူများသာ ထိတ်လန့်တုန်လှုပ် နေကြသည် မဟုတ်ပဲ။ ဇူယွမ်၏ နံဘေးရှိ လူများမှာလည်း အလွန်အံ့သြနေသော အမူအရာများဖြင့် ရှိနေကြသည်။ အချို့ဆိုလျှင် သူတို့မျက်လုံးများက ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ယုံကြည်နေကြသည်။

“ညီမလေး ယောင်ယောင်က အရမ်းကြောက်ဖို့ ကောင်းတာပဲ …” ကျောင်းခွန်က တံတွေးကို အကြိမ်ကြိမ် မျိုချနေသည်။ ယောင်ယောင်က သူမ၏ စွမ်းရည်ကို ကန်ရွှမ်းကလန်၏ အပြင်ဘက်တောင်သို့ ဝင်ရောက်ကတည်းက တစ်ခါမျှ မထုတ်ပြဖူးချေ။ ထို့ကြောင့် မည်သူမှ သူမတွင် စွမ်းအားမည်မျှရှိမှန်း မသိကြချေ။ သည်နေ့မြင်ကွင်းက လူအားလုံးကို ထိတ်လန့်စေပေသည်။

နှစ်ဖက်လုံး အံ့အားသင့်နေကြသော အချိန်အတွင်းတွင် လေထဲ၌ ခုန်ပေါက်နေရသည့် လုရွှမ်းယင်မှာ ရှက်လွန်း၍ ထိုနေရာတွင် သေချင်စိတ်ပင် ပေါက်နေပြီ ဖြစ်သည်။ သူမက အရူးတစ်ယောက်ကဲ့သို့ ကခုန်နေဟန် ရှိနေပြီး သူ၏ ခန္ဓာကိုယ်ထဲက မူလချီများကို အကြိမ်ကြိမ် ထုတ်ကာ ရေမြွေများကို ပိုင်းဖြတ်ရန် ကြိုးပမ်းနေသည်။

သို့သော်လည်း မူလမှော်စာလုံး ရေမြွေများမှာ အမှန်ပင် သာမန်မဟုတ်ပေ ထို့ပြင် ထိုအရာများက သူမ၏ မူလချီများကိုပင် ချိပ်ပိတ် ထားသေးသည်။ ထိုအရာများမှ လုရွှမ်းယင်က မိမိကိုယ်မိမိ လွတ်မြောက်အောင် မစွမ်းနိုင်ပေ။

ယောင်ယောင်၏ အကြည့်က အသည်းအသန်ပင် ရုန်းကန်နေသော လုရွှမ်းယင်အား ကြည့်ကာ ဂရုမစိုက်သည့် အသံဖြင့် မေးမြန်းလိုက်သည် “နင် အရှုံးပေးမှာလား”

လုရွှမ်းယင်က အံကြိတ်လိုက်ပြီး ယောင်ယောင်အား ဓားသွား တစ်စင်းကဲ့သို့ အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။

“နင် အရှုံးမပေးဘူး ဆိုလည်း သည်ပုံစံအတိုင်း ဆက်စောင့်နေ လိုက်ပေါ့။ သည်မူလ မှော်စာလုံးက နောက်ထပ် ခြောက်နာရီကြာရင် ပျောက်ကွယ်သွား လိမ့်မယ်” ယောင်ယောင်က ပြောလိုက်သည်။

လုရွှမ်းယင်၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ဒီနေရာတွင် ခြောက်နာရီ နေရမည် ဆိုသောကြောင့် သူမက ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ ထိုသို့ဆိုလျှင် သူမ၏ မျက်နှာမှာ ရစရာမရှိအောင် ပျက်ပြီ ဖြစ်သည်။ ထိုသတင်းသာ အတွင်းတောင်တွင် ပျံ့နှံ့သွားပါက သူမအား လှောင်ရယ်လို့ ဆုံးမည်ပင် မဟုတ်ချေ။

သူမက အံကို တင်းနေအောင် ကြိတ်ထားခဲ့ပြီး အတုံးတွင် သူမအရှက်ကွဲမည်ကို သည်းခံ၍ အားတင်းကာ တုန်ယင်သော အသံဖြင့် ပြောလာသည် “ငါ … ငါရှုံးတာ ဝန်ခံပါတယ်”

ယောင်ယောင်က သူ၏ လက်ချောင်းကို တစ်ချက် လှုပ်လိုက်သည်နှင့် လုရွှမ်းယင်၏ ခြေလက်များပေါ်ရှိ ရေမြွေများမှာ ပျောက်ကွယ် သွားလေတော့သည်။ ထို့နောက် မြေပြင်ပေါ်သို့ ယိုင်တိယိုင်တိုင်ဖြင့် ကျဆင်းလာခဲ့သည်။

သူမက  မြေပြင်ပေါ်သို့ ပြန်ရောက်သည်နှင့် လုရွှမ်းယင်၏ အကြည့်များမှာ အေးစက်သွားပြီး သူမ၏ ဓားရှည်ကို ဆုပ်ကိုင်လိုက်ကာ သတ်ဖြတ်လိုစိတ်များက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ယောင်ယောင်၏ အမှုမထားသော အကြည့်က သူမပေါ်သို့ ရောက်လာချိန်တွင် သူမက ယောင်ယောင်အား ကြောက်ရွံ့သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပေသည်။ လုရွှမ်းယင်သည် သူမအနေဖြင့် သည်လိုသာ ဆက်လုပ်နေပါက ထိုပဟေဠိဆန်သော မိန်းကလေးမှာ သူမအား နောက်ထပ်ညှာတာမှု ပေးတော့မည် မဟုတ်ဟု ခံစားသိလိုက်သည်။

“နင်က ဘယ်သူလဲ” လုရွှမ်းယင်က အံကြိတ်ကာ မေးလိုက်သည်။

သူမက သည်လို မူလမှော်စာလုံး အပေါ်၌ ကျွမ်းကျင်မှုရှိသော မိန်းကလေးမှာ အပြင်ဘက်တောင် တပည့်ဖြစ်နေသည်ကို အမှန်ပင် မတွေးတတ်အောင် ရှိနေသည်။ သည်လိုမျိုး သန်မာမှုမျိုးအား သူတော်စင်မှော်စာလုံး တောင်ထွတ်မှ တပည့်များသာလျှင် ထုတ်ဖော် နိုင်ပေလိမ့်မည်။

ယောင်ယောင်က သူမကို တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်သည် “ဘာလို့လဲ နင်လိုမျိုး အတွင်းတောင် တပည့်တစ်ယောက်က အပြင်ဘက်တောင်က ကိစ္စတွေမှာ ဝင်ရောက် စွက်ဖတ်နေတဲ့သူလို့ ငါ့ကို ထင်နေတာလား”

လုရွှမ်းယင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး “တအားပျော်မနေနဲ့။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ငါမေ့မှာ မဟုတ်ဘူး။ အနာဂါတ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး နင့်ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်”

ယောင်ယောင်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည် “ကြိုက်တဲ့အချိန် လာနိုင်တယ်။ ဒါပေမဲ့ နင်မှတ်ထားရမှာက ဘယ်လုပ်ရပ်မဆို အကျိုးဆက်ဆိုတာ ရှိတယ်။ နင်သာ နောက်တစ်ခေါက် ငါ့ကို ရန်လာစလို့ကတော့ သည်နေ့လိုမျိုး လွယ်လွယ်နဲ့ ပြီးသွားမယ် မထင်နဲ့”

လုရွှမ်းယင်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေပြီ ဖြစ်သည်။ သူမက ဒီနေ့တွင် အတော်လေး အရှက်ကွဲနေပြီကို သိပေသည် ထို့ကြောင့် သည်နေရာတွင် သူမအနေဖြင့် တစ်စက္ကန့်မျှပင် မနေလိုတော့ပေ။ နောက်ဆုံးတွင် သူမက ခြေဆောင့်ကာ အေးစက်စက် မျက်နှာထားဖြင့် လုဖန်းတို့ဘက်သို့ လှည့်လိုက်ပြီး အော်ပြောလိုက်သည် “သွားမယ် …”

လုဖန်းတို့ လူစုမှာ တိတ်တဆိတ်ပင် မတ်တတ် ထရပ်လိုက်ပြီး သူတို့၏ အမူအရာများမှာ အတော်ပင် ပျက်ယွင်းနေပေသည်။

အထူးသဖြင့် လုဖန်းဖြစ်ပြီး သူက ယောင်ယောင်ကို စိတ်ဓာတ်ကျစွာ လှမ်းကြည့်နေသည်။ သူမထုတ်ပြခဲ့သော သန်မာမှုသည် အလွန်အံ့အားသင့်ဖွယ် ကောင်းလှပြီး သူ့အား မသက်မသာ ခံစားရစေပေသည်။ သူသည် အစောပိုင်းက ဇူယွမ်တစ်ယောက် သည်သာလျှင် တောင်ထွတ် ရွေးချယ်မှု အခမ်းအနား၌ သူ၏ ပြိုင်ဘက် ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း အခုတော့ ဇူရှောင်ယိုမှာ ထင်မှတ်မထားသည့် တစ်ယောက် ဖြစ်လာခဲ့သည်။

သူမကဲ့သို့ မကောင်းဆိုးဝါး ဆန်သော သူတစ်ယောက်၏ ရှေ့တွင် မာနကြီးသော လုဖန်းပင်လျှင် မည်သည့် ယုံကြည်မှုမှ မရှိတော့ပေ။

သည်မိန်းကလေးသာ ရှိနေပါက မနက်ဖြန် တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ သူမအတွက်သာ ဖြစ်သည်။

လုရွှမ်းယင်က သူ၏ အမူအရာကို မြင်သည့် အချိန်တွင် သူမအနေဖြင့် မည်သို့မှ မတတ်နိုင်ပဲ ပြောလိုက်သည် “သူမနဲ့သာ တွေ့ရင် မင်းရဲ့ ပထမနေရာကို မေ့လိုက်သင့်တယ်”

သူမပင်လျှင် ယောင်ယောင်နှင့် မယှဉ်နိုင်ခဲ့ပေ။ လုဖန်းဆိုရင်တော့ …

ယောင်ယောင်က တောက်ပနေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ပြီး လုရွှမ်းယင်ထံသို့ ရောက်သည်နှင့် ရပ်တန့်သွားကာ ဂရုမထားဟန်ဖြင့် ပြောလိုက်သည် “ငါ့ကို ထည့်မတွက်နဲ့။ စိတ်အေးအေးထားပါ မနက်ဖြန်မှာ ပထမ ဆယ်နေရာကတည်းက တစ်နေရာကိုပဲ ငါယူမှာ။ ပထမနေရာကို ငါလုံးဝ စိတ်မဝင်စားဘူး”

“ပြီးတော့ သူနဲ့ ဇူယွမ်အကြားက တိုက်ပွဲကိုလည်း ငါဝင်ပါမှာ မဟုတ်ဘူး”

“သူနိုင်ခဲ့ရင် သူ့ရဲ့ စွမ်းရည်ကြောင့်ပဲ ပြီးတော့ ဇူယွမ် ရှုံးခဲ့ရင် အဲဒါ သူလိုအပ် နေသေးလိုပဲ”

ယောင်ယောင် အနေဖြင့် ဇူယွမ်နှင့် လုဖန်းအကြားရှိ တိုက်ပွဲကို ပုံမှန်အားဖြင့် သတိမူမိသော်လည်း သူမက ကြားဝင် နှောင့်ယှက်ရန် ရည်ရွယ်ချက်မရှိပေ။ သူမက ကျင့်ကြံခြင်း လမ်းစဉ်မှာ ခက်ခဲမှုတွေနှင့် ပြည့်နှက်နေကြောင်း နားလည်ပေသည်။ ထို့ကြောင့် လူတစ်ယောက်သည် မိမိကိုယ်ကိုသာ အားကိုး၍ အဆုံးထိ ရောက်အောင် လျှောက်လှမ်း သင့်ပေသည်။

လုဖန်းက ဇူယွမ်ကို ခြိမ်းခြောက် နိုင်သော်လည်း ထိုကိစ္စက ဇူယွမ်၏ စွမ်းရည်ကို ပိုမို တိုးတက် လာစေနိုင်ပေသည်။

သူမသာ အန္တရာယ်ရှိသော ကိစ္စတိုင်းကို ဖြေရှင်းပေးနေပါက နောက်ပိုင်းတွင် ဇူယွမ်က သူမ၏ အကူအညီကိုသာ စောင့်မျှော်နေတတ်သည့် မသန်စွမ်း တစ်ဦး ဖြစ်သွားပေလိမ့်မည် … ယောင်ယောင်ကဲ့သို့ ဉာဏ်ကောင်းသူ တစ်ယောက် အနေဖြင့် ထိုသို့သော ကိစ္စမျိုး မည်သည့်အခါမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။

အသိုက်ထဲတွင်သာ အမြဲပုန်းခိုတတ်ရန် သိသော အပျံသင်စ ငှက်တစ်ကောင်သည် မည်သည့်အခါမှ ကောင်းကင်ကို အုပ်စိုးနိုင်မည် မဟုတ်ပေ။ အားကြီးသော ပြိုင်ဘက်များနှင့်သာ အမြဲထိပ်တိုက် တွေ့ဆုံပြီး ရင်ဆိုင်နေမှာသာလျှင် လူတစ်ယောက်၏ စွမ်းရည်မှာ တိုးတက်လာပြီး ကောင်းကင်ကိုးခုကို ကျော်လွန်နိုင်မည် ဖြစ်သည်။

ယောင်ယောင်က လုရွှမ်းယင်ကို ရင်ဆိုင်ရခြင်းမှာ သူမက စည်းမျဉ်း စည်းကမ်းတွေကို ကျော်လွန် လာသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဇူယွမ်နှင့် လုဖန်း၏ တိုက်ပွဲတွင် ဇူယွမ်အား သူမကူညီလိမ့်မည် မဟုတ်ပေ။ ထိုသို့ ကူညီ၍လည်း ဇူယွမ်ထံတွင် အကျိုးမရှိနိုင်ပေ။

ယောင်ယောင်၏ စကားလုံးများက လုဖန်းနှင့် လုရွှမ်းယင်တို့ကို ကြောင်အသွားစေပြီး လုရွှမ်းယင်၏ မျက်လုံးအစုံတွင် ပျော်ရွင်မှုများ ယှက်သန်းသွားကာ “နင် တကယ် ပြောနေတာလား”

ယောင်ယောင်က သူမတို့ကို ဂရုမစိုက်သည့် ဟန်ဖြင့်သာ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမက အဖြေမပေးသော်လည်း သူမ၏ ဆိုလိုရင်းမှာ ရှင်းလင်းပေသည်။

လုရွှမ်းယင်က အေးစက်စက် ရယ်မောလိုက်သည် “နင်က တကယ်ကို မောက်မာတာပဲ။ မနက်ဖြန် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ လုဖန်းက သူ့ကို ဘယ်လိုနင်းချေမလဲ ဆိုတာ မင်းမြင်ရပါလိမ့်မယ်။ အဲဒီအချိန်ကျမှ မင်းနောင်တ မရနဲ့”

“လုဖန်း မနက်ဖြန်ကျရင် ဒီနေ့ရဲ့ အကြွေးတွေကို သူ့ကို ပေးဆပ်ခိုင်းလိုက်”

“သွားစို့”

ပြောပြီးသည်နှင့် သူမက ထပ်မနေတော့ပဲ အဆောက်အဦ အတွင်းမှ ပထမဦးဆုံး ထွက်ခွာ သွားလေတော့သည်။

လုရွှမ်းယင်က သူမအနေဖြင့် ယောင်ယောင်ကို မည်သို့မှ ရင်မဆိုင်နိုင်သည်ကို သိပေသည်။ ထို့ကြောင့် သူမက လုဖန်းအား ဇူယွမ်ထံမှတစ်ဆင့် အကြွေး ပြန်ယူခိုင်းခြင်းပင် ဖြစ်သည်။

လုဖန်းနှင့် အခြားသူများမှာ အမီလိုက်သွားကြသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ သက်သောင့်သက်သာ ဖြစ်နေပြီး ဇူယွမ်အား ကစားစရာ အရုပ်တစ်ရုပ်လိုမျိုးပင် ထွက်သွားချိန်၌ လှမ်းကြည့် လိုက်သေးသည်။

ယောင်ယောင်က သူမအနေဖြင့် ပထမနေရာအတွက် ယှဉ်ပြိုင်မည် မဟုတ်ဖူးဟု ပြောလိုက်ချိန်တွင် သူ့တွင် မည့်သည့်ဖိအားမှ မခံစားရတော့ပေ။

သူတို့အားလုံး ထွက်သွားပြီးနောက်တွင် ကျောင်းခွန်၊ စုန့်ဝမ်ရှီတို့ လူစုမှာ အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။ ယောင်ယောင်သာ မနက်ဖြန်တိုက်ပွဲတွင် သေသေချာချာ ပါဝင်မည်ဆိုပါက  ရှန်ဇူတပည့်များကို ကောင်းကောင်းဖိနိုင်ပြီး သူတို့အားလုံး အော်သံပင် ထွက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယောင်ယောင်က သူတို့၏ နောင်တရနေမှုကို လျစ်လျူရှူ လိုက်ပြီး သူမ၏ တောက်ပနေသော မျက်လုံးအစုံဖြင့် ဇူယွမ်ထံသို့ လှမ်းကြည့်ကာ ပြောလိုက်သည် “နင့်ရဲ့ ပြဿနာတွေမှာ ငါမကူညီဘူးလို့ ပြောလိုက်တော့ နင်စိတ်ပျက်သွားသလား”

ဇူယွမ်က ပြုံးဖြဲဖြဲနှင့် ရယ်မောလိုက်ပြီး ညင်သာစွာ ပြောလိုက်သည် “မင်းသာ ကူညီလိုက်ရင် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားကြီးက ပျင်းစရာ ကောင်းသွားမှာပေါ”

“စိတ်မပူပါနဲ့ မင်းရဲ့ ရည်ရွယ်ချက်ကို ငါနားလည်ပါတယ်။ ငါလိုချင်တာကို ကိုယ့်အစွမ်းအစနဲ့ကို ရအောင်ယူမှာပါ”

“ဒါ့အပြင် …”

“ဘယ်သူမှ ငါ့ရဲ့ ပထမနေရာကို မယူနိုင်စေရဘူး”

ဇူယွမ်၏ မျက်လုံးအတွင်းမှ ယုံကြည်မှုကို မြင်ရသော အချိန်တွင် ယောင်ယောင်က ကျေနပ်မှုကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဇူယွမ်က သူမ၏ အတွေးကို နားလည်နိုင်ပေသည်။ ထို့ကြောင့် သူမ၏ နှုတ်ခမ်းထောင့်စွန်းမှာ ကွေးညွှတ်တက်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအရာမှာ အသာအယာ ပြုံးလိုက်ခြင်းပင် ဖြစ်သော်လည်း ထိုအရာကို မြင်လိုက်ရသူတိုင်းကို သက်ပြင်းချနိုင်စေပြီး များစွာသော လူငယ်များကို မိန်းမောတွေဝေ သွားစေပေသည်။

သို့သော်လည်း ထိုအပြုံးမှာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားသည်။ ယောင်ယောင်က ထန်ထန်ကို ဂရုစိုက်နေရင်းမှ သူမ၏ အကြည့်က လုရွှမ်းယင်နှင့် လုဖန်းတို့ လူစုတို့ ထွက်သွားသော အရပ်သို့  လှမ်းကြည့်လိုက်သည်။ ပထမဆုံးဖြင့် ယောင်ယောင်က တောင်ထွတ်ရွေးချယ်မှု အခမ်းအနားကို အနည်းငယ် စိတ်ဝင်စား လာခဲ့ပေသည်။

“မနက်ဖြန် သူတို့ရဲ့ အကြွေးကို ဇူယွမ်ဆီက လွယ်လွယ်ကူကူ ပြန်မယူနိုင်မှာ ငါတကယ် စိုးရိမ်မိတယ် …”

Comment

Leave a Reply

Options

not work with dark mode
Reset