ရန်ရှောင်နှင့် ကျင့်ကုန်းစီတို့ နှစ်ယောက်လုံး သတိရလာကြပြီ ဖြစ်သည်။
ရီဖူရှင်းက သူတို့အား နှိပ်သိမ့်ရန် မကြိုးစားသလို မည်သို့ နှစ်သိမ့်ရမည်ကိုလည်း မသိပေ။ သူတို့၏နာကျင်မှုကို ဆေးကြောနိုင်သည်ကား အချိန်ကာလသာ ဖြစ်သည်။ သို့သော်လည်း သူကျန်နေခဲ့ကာ ရာရာကလည်း ဓားမျက်လုံးအောက်တွင် လေ့ကျင့်နေသည်။ ဧရာမဓားကြီးက သူမ၏နောက်ကို ကျဆင်းလာသည်။ အဆုံးအစမဲ့သော ဓားအသိများက ဓားမျက်လုံးမှသည် ရာရာထံသို့ အဆက်မပြတ် စီးဆင်းနေပြီး သူမအား သန့်စင် ပေးနေဟန်ရသည်။
ရီဖူရှင်းက ဧရာမ ဓားကြီးနောက်ကို ရောက်လာကာ လေထဲကို ဆောင်ယူလာသည်။ သူက လက်ကို ဓားထက်တွင်တင်ကာ ဓားဝင်္ကပါများကို တစ်ခုပြီးတစ်ခု စတင် ဆင်ခြင်လေ့လာသည်။
သည်ဓားကား စိတ်ဝိညာဉ် သိမြင်နားလည်ခြင်းကို အထောက်အကူ ပြုပေသည်။
“ဝူချင်း… စုချွဲ… ဒီနေရာက ဓားပညာ လေ့ကျင့်ဖို့ အရမ်း သင့်တော်တယ်… ဒီဓားကြီးက မင်းတို့လေ့ကျင့်ရာမှာ အထောက်အကူ ပေးလိမ့်မယ်…” ရီဖူရှင်းက ထပ်ပြောသည်… “ပြီးတော့ ဒီနေရာဒေသက လောကဓာတ်တွေ ကြွယ်ဝပေါများတယ်… အားလုံးက ဒီနေရာမှာ လေ့ကျင့်ရင် အကျိုးများလိမ့်မယ်…”
သည်နေရာကား မည်သည့် တော်ဝင်မြေထက်မဆို သာလွန်သော လေ့ကျင့်ရေးနေရာကို ပိုင်ဆိုင်ထားပေသည်။ ရာရာက ထူးဆန်းသော အခြေအနေ တစ်ခုသို့ ရောက်နေရာ သူတို့က မြန်မြန် ထွက်သွား၍ မရသေးပေ။ သူက ရာရာ၏အခြေအနေ မည်သို့ဖြစ်မည်ကို စောင့်ကြည့်ရန် လိုသေးသည်။
သူက အချို့သော အကြောင်းအရာများအား ကောက်ချက်ချထားကာ ထိုကောက်ချက်များ ကလည်း မှန်သည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ယခုကား သူက လုံးဝ မှန်ကန်ခြင်း မရှိကြောင်း သိလိုက်သည်။
ကိစ္စရပ်များက သူထင်သည်ထက် ရှုပ်ထွေးနေပေသည်။ ကျေးရွာ ခေါင်းဆောင်၏ စကားများက တစ်ဝက်မျှသာ မှန်ကန်ပေသည်။
အားလုံးက ခေါင်းညိတ်ကြသည်။ ပြည်နယ်ကိုးခု ညီလာခံ၏ အတွေ့အကြုံ၊ မရဏတောင်မှ အဖြစ်အပျက်တို့ အားလုံးက သူတို့အားလုံး၏ စိတ်အခြေအနေကို ကြီးကြီးမားမား ပြောင်းလဲစေခဲ့သည်။ ရှီအဆင့်ကို မတက်လှမ်းနိုင် သေးသူများပင် သိပ်မကြာခင် တက်လှမ်း နိုင်တော့မည်ဟု ခံစားနေကြရသည်။
တန်ခိုးရှင်များကား တိုက်ပွဲများ၊ သေရေးရှင်ရေး အတွေ့အကြုံများတွင် သူတို့၏ နားလည် သဘောပေါက်မှုများကို လက်တွေ့ဘဝနှင့် နီးစပ်စေကာ ကျင့်ကြံခြင်း အဆင့်များ တက်လှမ်းရာတွင် အများအပြား အထောက်အကူ ပြုလေ့ရှိပေသည်။
ရီဖူရှင်းက မရဏတောင် အပြင်ဘက်ကို လှမ်းကြည့်သည်။ စစ်တုရင်ရှန့်ထို၏ သေဆုံးခြင်းက သူတို့၏ ဦးတည်ချက်ကို ပျက်ပြား စေလိမ့်မည်။
သို့သော် အမှန်တကယ် ပြီးဆုံးသွားပြီလား။
ထိုမျှ မလွယ်ကူပေ။ တခြား တော်ဝင်မြေမှ လူများကသည် နေရာကို အဘယ်ကြောင့် ရောက်လာကြသနည်း။
မည်သည့် တော်ဝင်မြေကမှ ဘာမှ မရသည့်အပြင် ကြီးမားသော ဆုံးရှုံးမှုများဖြင့်ပင် ကြုံခဲ့ကြရသည်။ တော်ဝင်မြေများမှ လူများက မရဏတောင်မှ ထွက်ပြီးနောက် အချို့က ကျေးရွာတွင် ကျန်နေခဲ့ကာ အချို့က မိမိတို့နယ်ရပ်ကို ပြန်သွားခဲ့ကြသည်။ သင်္ချိုင်းကုန်းကျေးရွာ၏ အေးချမ်းမှုက ပြန်လည် ရောက်ရှိလာခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ဤသို့သော အေးချမ်းမှုကား မုန်တိုင်းမလာခင် လေပြည် လေညင်းများသာ ဖြစ်ပေ၏။
ရှီဟွာတောင်မှ လူများနှင့် ကျောက်မဟာ ပြည်ထောင်မှ လူများက နောက်တစ်လတွင် သင်္ချိုင်းကုန်းကျေးရွာသို့ ရောက်လာခဲ့ကြသည်။ ထို့အပြင် သည်တစ်ခေါက်တွင်ကား သူတို့က ပထမ တစ်ခေါက်ထက် ပိုမိုကြီးမားစွာ ရောက်လာကြ၏။
ကျောက်မဟာ ပြည်ထောင်က သူတို့၏အဆင့်မြင့် ဖီးနစ်စစ်တပ်ဖြင့် ချီတက်လာကာ ကျေးရွာအား ဝိုင်းရံခဲ့သည်။ တစ်ချိန်တည်းမှာပင် လှပခမ်းနားသော ဖီးနစ်ဆွဲရထားလုံး တစ်စင်းက ဟွာထျန်းမြို့၏ ရှီဟွာတောင်ထက်ကို ဆင်းသက်လာသည်။ ရှီဟွာတောင်မှ တန်ခိုးရှင်များက ရထားလုံးကို တားဆီးရန် ကြိုးစားကြသော်လည်း ရထားလုံးပေါ်မှ ပုဂ္ဂိုလ်ကို မြင်သည်တွင် တောင်ပေါ်သို့ ပေးဝင်ခဲ့ရ၏။
ထိုအချိန်တွင် ရှီဟွာတောင် ရှန့်ထိုနှင့် မိုးစက်ရှန့်ထိုတို့က တောင်ပေါ်၌စစ်တုရင် ကစားနေကြသည်။ ရထားလုံးက အပေါ်မှ ဆင်းသက်လာကာ ရထားလုံးထဲမှ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ထွက်လာ၏။ သူ၏စူးရှသော မျက်လုံးများက ရှီဟွာတောင် ရှန့်ထိုကို ဒေါသတကြီး ကြည့်ကာ ပြောသည်… “လျူကျောင်း ဘာလုပ်ခဲ့တယ် ဆိုတာ ခင်ဗျား သိမယ်လို့ ကျုပ်ထင်တယ်… ရှီဟွာတောင်ရှန့်ထို…”
မိုးစက်ရှန့်ထိုက သူ့နေရာမှ ထရပ်ကာ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်အား ပြောသည်… “ထိုင်ပါ… ဘုရင်မင်းမြတ်…”
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ မျက်လုံးများက ရှီဟွာတောင် ရှန့်ထိုကို တစ်ချက်ကြည့်ကာ သူ့ရှေ့၌ ထိုင်သည်။
“ဘုရင်မင်းမြတ်… ကြီးမားတဲ့ အောင်မြင်မှုတွေကို ရဖို့ စတေးတာတွေက မလွဲမသွေ ရှိမှာပဲ… စစ်တုရင်ရှန့်ထိုက ဝင်္ကပါထဲမှာ ပိတ်မိနေတယ်… သူက မရဏတောင်နဲ့ ပတ်သက်ပြီး အသိဆုံးပဲ… စစ်တုရင်ရှန့်ထိုကို ကယ်တင်တာက ကျုပ်တို့ဆီမှာ သူ့အသက်ကြွေး တင်စေလိမ့်မယ်… ပြီးတော့ စစ်တုရင်ရှန့်ထို ကလည်း တချို့အရာတွေကို ကတိပေးခဲ့တယ်… တကယ်လို့ ကျုပ်တို့က မရဏဝင်္ကပါကို ရခဲ့ရင် အရှေ့ဘက် ပြည်နယ်ကို ကောင်းကင်ရှန့်ထိုနဲ့ မှန်နန်းတော်တို့နဲ့ မသက်ဆိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်…” ရှီဟွာတောင်ရှန့်ထိုက ထပ်ပြောသည်… “ခင်ဗျားက အရင် ကျောက်မဟာ ပြည်ထောင်ရဲ့ ကြီးကျယ် ခမ်းနားမှုကို ပြန်လိုချင်တယ် … ဟုတ်တယ်မလား …”
“ခင်ဗျားက ကျုပ်ကို လိမ်ခဲ့တယ်… ဒီကိစ္စမှာ ခင်ဗျားတို့က ပုဂ္ဂိုလ်စွဲ မရှိဘူးလို့ မပြောနဲ့…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။
“ကျုပ် ကတိပေးခဲ့တယ်… လျူကျောင်းကို ခင်ဗျားရဲ့သမက် ဖြစ်စေပြီး ကျုပ်တို့က မဟာမိတ်ဖွဲ့မယ်… ခင်ဗျားနဲ့ကျုပ်တို့ ပူးပေါင်းတာက အရှေ့ဘက် ပြည်နယ်ကို ပိုပြီး အင်အား ကြီးမားစေလိမ့်မယ် … တကယ်လို့ စတေးမယ့်ကိစ္စကိုသာ ခင်ဗျားကို ကြိုပြောခဲ့ရင် ခင်ဗျားက ဘယ်လို ထင်မှာလဲ စဉ်းစားကြည့်ပေါ့…” ရှီဟွာတောင်ရှန့်ထိုက ဆက်ပြောသည်… “အစီအစဉ်တွေက မအောင်မြင်ခဲ့တာ စိတ်မကောင်းစရာပဲ… ခင်ဗျားက မရဏတောင်မှာ ဘာဖြစ်ခဲ့တာကို သိလိမ့်မယ်လို့ ကျုပ်ယုံတယ်… အဲဒီနေရာက တကယ်ပဲ လေ့ကျင့်ဖို့အတွက် ရေခံမြေခံ ကောင်းတယ်… ပြီးတော့ မရဏဝင်္ကပါလည်း တည်ရှိတယ်… လျူကျောင်း အစီအစဉ်က အောင်မြင်ခဲ့သင့်ပေမဲ့ အားလုံးက ပျက်စီးခဲ့ရတယ်…”
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ မျက်လုံးများက စူးရှသွားသည်။ ရီဖူရှင်းက မရဏဓားဝင်္ကပါအား အသက်သွင်းကာ စစ်တုရင်ရှန့်ထိုအား သတ်ဖြတ်ခဲ့ကြောင်း သူသိသည်။ တခြားပြည်နယ်မှ လူများအားလုံးကိုလည်း သတ်လုနီးပါးပင်။
မြေရိုင်းပြည်နယ်မှ လူများကား ပထမတွင် ပြည်နယ်ကိုးခု ညီလာခံ၌ ပါဝင်ခဲ့ကြပြီး ယခု မရဏဝင်္ကပါကို သွားရောက် ထိန်းချုပ်ခဲ့ကြသည်။ အဖြစ်အပျက်များကား သူတို့ ထင်မှတ်ထားသည် များအား ကျော်လွန်ခဲ့၏။
မေ့လျော့ခံ မြေရိုင်းပြည်နယ်ကား အရှေ့ဘက် ပြည်နယ်မှလူများ မတတ်နိုင်သည်များအား လုပ်ဆောင်ခဲ့ကြသည်။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ဘာမှ မပြောပေ။ သို့သော် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အေးစက်သော အငွေ့အသက်များက အရာအားလုံးကို ပြောနေသည်။
“ခင်ဗျားက ဒီကိစ္စအပေါ်မှာ သဘောမကျဘူး ဆိုတာလည်း ကျုပ်သိတယ်… ဒါပေမဲ့ ကျုပ်တို့ ရှီဟွာတောင်ကလည်း ဆုံးရှုံးခဲ့တာပဲ… သူတို့ကလည်း ကျုပ်တို့အတွက် အရေးပါတဲ့လူတွေ ဖြစ်တယ်… ပြီးတော့ လျူကျောင်းကလည်း သူလုပ်နေတာကို သိတယ်…” ရှီဟွာတောင် ရှန့်ထိုက ပြောသည်… “တကယ်လို့ ခင်ဗျားက ဒီကိစ္စကို အမြန် အဆုံးသတ်ချင်တယ် ဆိုရင် ခင်ဗျားကပဲ တာဝန်ယူ ဖြေရှင်းလိုက်တာ မကောင်းဘူးလား…”
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရှီဟွာတောင် ရှန့်ထိုကို ကြည့်ကာ ပြောသည်… “ကောင်းပြီ…” ထို့နောက် သူက ကောင်းကင်ထက်ကို တက်ကာ ရထားလုံးထဲသို့ ဝင်သွားသည်။ ထို့နောက် တုံ့ဆိုင်းခြင်း မရှိဘဲ ထွက်ခွာသွား၏။
ရှီဟွာတောင်ရှန့်ထိုက ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ် ထွက်သွားသည်ကို ပြုံးလျက် ကြည့်နေသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကား ဘာမှမပြောင်းလဲပေ။
“ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သူ့အာဏာကို နေရာတိုင်းမှာ ပြချင်ပုံရတယ်…” မိုးစက်ရှန့်ထိုက ဘေးမှ ပြောသည်။
“ဒါက ပုံမှန်ပါပဲ… ငါတို့က သူ့ကို အားလုံး မပြောခဲ့တော့ သူကလည်း ကျုပ်တို့ကို ယုံကြည်ဖို့ ခက်ခဲလိမ့်မယ်…” ရှီဟွာတောင်ရှန့်ထိုက ပြောသည်။
“ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို တကယ်ပဲ ဒီကိစ္စ ဖြေရှင်းခိုင်းမှာလား…” မိုးစက်ရှန့်ထိုက မေးသည်။
“သင်္ချိုင်းကုန်းကျေးရွာ ခေါင်းဆောင်က လျှော့တွက်လို့ရတဲ့လူ မဟုတ်ဘူးလို့ ငါခံစားနေရတယ်…” ရှီဟွာတောင်ရှန့်ထိုက ပြောသည်… “မရဏဓားသမားဆီမှာ ခစားတဲ့ အစေခံ နှစ်ယောက်လုံး သေသွားပြီလား…”
မိုးစက်ရှန့်ထို၏ မျက်လုံးများက အရောင်လက် သွားသည်။
ရှီဟွာတောင်ရှန့်ထိုက ထပ်ပြောသည်… “ငါတို့ ကြည့်ရမယ်… ကျောက်မဟာ ပြည်ထောင်ဘုရင်ရဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့ပုံစံနဲ့ဆို အဲဒီကျေးရွာက လျှို့ဝှက်ချက်တွေကို ကြာကြာ ဖုံးထားနိုင်မယ်လို့ ငါမထင်ဘူး…”
***
မရဏဓားဝင်္ကပါက လောကကြီး၌တစ်ဖန် ပြန်ပေါ်ထွက်လာခဲ့ရာ ပိုမိုသောလူများက သင်္ချိုင်းကုန်းကျေးရွာသို့ ရောက်လာ နေကြသည်။ အများစုမှ တော်ဝင်မြေများဖြစ်ပြီး အချို့မှ မထင်မရှားသော ဒေသများမှ ဖြစ်ကြသည်။
ကျေးရွာကား တစ်ခါမှ ဤသို့ စည်ကားဖူးခြင်း မရှိပေ။ လူအများအပြားက စိုးရိမ်ကြသည်။ ကျေးရွာ ခေါင်းဆောင် ပြောသကဲ့သို့ ကျေးရွာက အမှန်တကယ်ပင် သေရေးရှင်ရေး အချိန်အခါနှင့် ကြုံတွေ့ နေရသည်များလား။
စစ်တုရင်ရှန့်ထို သေဆုံးသွားသည်မှာ ရက်လများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယခုကား မရဏတောင် အဝင်ဝကို တော်ဝင်မြေများမှ သိမ်းယူထားကြပြီး ဖြစ်သော်လည်း မည်သူကမှ တောင်ပေါ်ကို မတက်ရဲကြပေ။ လွန်ခဲ့သော လများစွာမှ အဖြစ်အပျက်ကို သူတို့အားလုံး သိကြပေသည်။ အားလုံးနီးပါး သေလုနီးပါး ဖြစ်ခဲ့ကြ၏။
လှပခမ်းနားသော ဖီးနစ်ရထားလုံး တစ်စီးက ယနေ့တွင် ကျေးရွာသို့ ဆင်းသက် လာခဲ့သည်။ ပတ်ပတ်လည်မှ လိုက်ပါလာသူများ အားလုံးက ဖီးနစ် အမှတ်အသားပါ ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။
“ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်…” သင်္ချိုင်းကုန်း ကျေးရွာတွင် ရှိနေသော လူများစွာတို့က နှုတ်ဆက်ကြသည်။
ရှန့်ထိုတစ်ပါးက သင်္ချိုင်းကုန်းကျေးရွာသို့ ရောက်လာ၏။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရထားလုံးထဲမှ ထွက်လာကာ မြေပြင်မှ လူများကို ကြည့်သည်။ တခြား တော်ဝင်မြေများမှ လူများကလည်း နှုတ်ဆက်ကြသည်… “ဘုရင်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်…”
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ခေါင်းညိတ်ကာ သူ၏စိတ်အသိဖြင့် ကျေးရွာတစ်ခုလုံးကို ဖြန့်ကြက်လိုက်သည်။ သူက ရှေ့ကို တစ်လှမ်း တိုက်လိုက်သည်တွင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး တစ်နေရာသို့ ပျံသန်းသွားသည်။ ရထားလုံးက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ထွက်သွားရာ နောက်ကို လိုက်ပါသွား၏။
ကျေးရွာခေါင်းဆောင် အဘိုးအိုနေရာ ခြံဝင်းအပြင်၌ လူအများအပြားက ရပ်နေကြသည်။
အလင်းတစ်ချက်နှင့်အတူ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ဆင်းသက်လာကာ ကျေးရွာ ခေါင်းဆောင်၏ အပေါ်၌ ပေါ်လာသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ကျေးရွာခေါင်းဆောင် အဘိုးအိုကို ကြည့်သည်။
“ခင်ဗျား ကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားဘူး… ဘုရင်မင်းမြတ်…” အဘိုးအိုက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်ကာ ပြောသည်။ သူ၏လေသံမူကား သိပ်လေးစားသောဟန်ပင် မရှိပေ။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ မျက်လုံးများက ရုတ်တရက် စူးရှသွားကာ အလွန် အားကောင်းသော စိတ်အသိက အဘိုးအိုထံကို ရောက်လာပြီး ထွင်းဖောက် ကြည့်ရှုရန် ကြိုးစားသည်။ အဘိုးအို၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း သိပ်ထူးခြားသည့် ပုံစံတော့ မပြပေ။ သူက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်ကာ မေးသည်… “ဒါက ဘာကို ဆိုလိုတာလဲ… ဘုရင်မင်းမြတ်…”
“ခင်ဗျားက တစ်ခုခုပဲ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။ သူက ကောင်းကင်ထက်မှ ဆင်းသက်လာကာ အဘိုးအို၏ရှေ့၌ လာရပ်ပြီး မေးသည်… “အဲဒီ ကလေးက ဘယ်သူလဲ… ဓားနဲ့ ပတ်သက်ပြီးတော့ကော…”
“ဘုရင်မင်းမြတ်က သိချင်တယ်ဆိုရင် မရဏတောင်ပေါ်ကို တက်ဖို့လိုတယ်… ကျုပ်က အထဲကို မရောက်ဖူးတော့ မသိဘူး..” ကျေးရွာ ခေါင်းဆောင်က ပြောသည်။
“အရင်တုန်းက မရဏဓားသမားမှာ အစေခံနှစ်ယောက် ရှိတယ်လို့ ကျုပ် ကြားဖူးတယ်… သူတို့နှစ်ယောက်လုံးက ရှန့်ထိုတွေပဲ… အခု သူတို့ ဘယ်မှာလဲ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ဆက်မေးသည်…” သူတို့က ကျုပ်ရှေ့မှာလား… ဒါမှမဟုတ် မရဏတောင်ထက် မှာလား…”
အဘိုးအိုက စူးရှသော မျက်လုံးများဖြင့် ကြည့်သည်။
“ခင်ဗျားက ဘာမှ မပြောဘဲနေရုံနဲ့ အဆင်ပြေပြီလို့ တွေးနေတာလား…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်.. “မရဏတောင်ထဲမှ ကျုပ်လူတွေ အများကြီး သေကျေခဲ့ကြရတယ်…”
“ဒါက သင်္ချိုင်းကုန်း ကျေးရွာနဲ့ ဘာသက်ဆိုင်လဲ…” အဘိုးအိုက ပြန်မေးသည်။
“အဲဒါ ဟိုကလေးမနဲ့ သက်ဆိုင်တယ်… ပြီးတော့ ဟိုဓား…” ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။ သူက သူ့နောက်မှ လိုက်ပါလာသူများအား မေးသည်… “မင်းတို့ ဒီကို ရောက်တာ ရက်တွေ ဒီလောက်ကြာပြီ… ဘာတွေ လုပ်ထားကြပြီးပြီလဲ…”
“အရှင်မင်းကြီး… ကျွန်တော်တို့က ရွာက လူတွေ အကုန်လုံးကို စစ်ဆေးပြီးပါပြီ… ထူးချွန်တဲ့လူတွေ အတော်များများ ရှိကြတယ်ဆိုပေမဲ့ ကျေးရွာခေါင်းဆောင်ရဲ့ တန်ခိုးအဆင့်ကိုတော့ ခန့်မှန်းမရပါဘူး… ကလေးမရဲ့မိဘတွေက သာမန်လူတွေ ဖြစ်ပြီးတော့ တန်ခိုးကျင့်တာမှာ သိပ်မကောင်းကြပါဘူး…” ဘုရင်မင်းမြတ်၏ဘေးမှ တစ်ယောက်က ပြောသည်။
“သူတို့ကို ဖမ်းထားပြီးပြီလား…” ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။
“သူတို့ကို အချိန်မရွေး ဖမ်းလို့ရပါတယ်…” တစ်ယောက်က ဦးညွှတ်ကာ ပြောသည်။
“သူတို့ကိုယ်တိုင် ထွက်လာခိုင်းလိုက်ပါ…” ဘုရင်မင်းမြတ်က အဘိုးအိုကို အေးစက်စွာ ပြောသည်။
“ကြီးမြတ်တဲ့ ဘုရင်မင်းမြတ်က လူငယ်မျိုးဆက်တွေကို သူတို့ဆွေမျိုးတွေနဲ့ ခြိမ်းခြောက်တာလား…” အဘိုးအိုက ဘုရင်မင်းမြတ်ကို အေးစက်စွာ ပြောသည်။
“ခြိမ်းခြောက်တာ…” ဘုရင်မင်းမြတ်က မဲ့ပြုံးပြုံးသည်.. “ကျုပ်… ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သာမန်လူတွေကို အသုံးချဖို့ လိုလို့လား…”
“သူတို့ကို သတ်လိုက်…” အေးစက်ပြတ်သားသော ရာဇသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့လွင့်သွားသည်။
“ဟုတ်ကဲ့ပါ… ဘုရင်မင်းမြတ်…” အဝေးမှ အသံတစ်ခု ပျံ့လွင့်လာသည်။
ကျေးရွာခေါင်းဆောင် အဘိုးအိုက အလွန်အမင်း အေးစက်စွာဖြင့် သူ့ရှေ့မှလူကို ကြည့်သည်။
တခြား တော်ဝင်မြေများမှ လူများအားလုံး ထိတ်လန့် သွားကြသည်။ ကျောက်မဟာ ပြည်ထောင်၏ ဘုရင်မင်းမြတ်ကား အမှန်ပင် ရုန့်ရင်းကြမ်းတမ်းကာ ရက်စက် ပြတ်သားသူ ဖြစ်သည်။
“ကျုပ် နောက်တစ်ခါ မေးမယ်… သူတို့ ထွက်လာမလား… မထွက်လာဘူးလား…” ဘုရင်မင်းမြတ်က အဘိုးအိုကို ကြည့်ကာ တစ်ဖန်မေးသည်။
***