အပိုင်း (၈၁၈)

သွေးကြွေး

မရဏတောင် အပြင်ဘက် သင်္ချိုင်းကုန်းကျေးရွာ။

ရွာသူရွာသားများစွာက မရဏတောင်ဘက်ကို လှမ်းကြည့်နေကြသည်။ ဧရာမဓားဝင်္ကပါကြီး တစ်ခုက တောင်တစ်ခုလုံးကို ဖုံးအုပ်ထားကာ ရောင်စဉ်ရောင်ဝါများ လင်းလက် တောက်ပနေသည်။

ထိုမြင်ကွင်းက သူတို့အားလုံး၏စိတ်နှလုံးများကို တုန်ခါစေသည်။

“ဒါ…” သင်္ချိုင်းကုန်းကျေးရွာမှ​ လူများအားလုံးက ထိုမြင်ကွင်းကို အံ့အားသင့်ကြီးစွာဖြင့် ကြည့်နေကြသည်။ အပြင်မှ ကြည့်နေကြသော တော်ဝင်မြေ ပုဂ္ဂိုလ်ကြီးများကလည်း ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြသည်။

ထိုအရာက ဘာလဲ။

မရဏတောင်တွင် မရဏဝင်္ကပါက အမှန်တကယ် တည်ရှိသည်များလား။

ဤသို့ဆိုလျှင် မရဏဝင်္ကပါက ပြန်လည် အသက်ဝင်လာသည်လား။

ထိုနေရာမှ ရှေးဆန်သော အရောင်အဝါများ ထွက်ပေါ်နေသည်။ ကြောက်မက်ဖွယ် အရှိန်အဝါက ကျေးရွာတစ်ခုလုံးကို လာရောက် ဖုံးအုပ်သည်။

“လှမ်းကြည့်လိုက်…” တစ်ယောက်က အော်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားက ကွဲထွက်လာပြီးသည်တွင် ဘာဆက်ဖြစ်သည်ကို မည်သူမှ မသိကြပေ။ တိုက်ခိုက်မှုဦးတည်ရာကား ထိန်းချုပ်မှုရှိပါက အဆင်ပြေပေလိမ့်မည်။ မဟုတ်ပါက ထိုစွမ်းအားကို မည်သူက ခုခံနိုင်မည်နည်း။

မရဏတောင်ခြေတွင် ကျေးရွာခေါင်းဆောင် အဘိုးအိုကား တိတ်ဆိတ်စွာ ရပ်နေသည်။ သူ့ကို သေသေချာချာ ကြည့်မည်ဆိုပါက သူ၏လက်ဖျားများက အနည်းငယ် တုန်ယင်နေသည်ကို မြင်ကြရမည် ဖြစ်သည်။ သူက မျက်လုံးကို မှိတ်ကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် မရဏဝင်္ကပါကား တစ်ဖန်ပြန်လည် သက်ဝင်လာခဲ့ချေပြီ။

အရာအားလုံးက ပြည့်စုံ ကောင်းမွန်ခဲ့သည်။

သူကား ပြည်နယ်ကိုးခု ညီလာခံ၌ ရာရာကို အနိုင်ယူနိုင်သည့် တစ်စုံတစ်ယောက်အား ရွာဖွေတွေ့ရှိခဲ့ခြင်းက အလွန်အမင်း ကံကောင်းခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ပိုမိုသင့်တော်သော ဆက်ခံသူကား ယူချင်းမဟုတ်ဘဲ ရီဖူရှင်း ဖြစ်နေခဲ့သည်။

ရီဖူရှင်းက ကျေးရွာကို ရောက်လာကာ သူ၏မျှော်လင့်ချက်များ အားလုံးကို ပြီးမြောက်စေခဲ့သည်။

***

မရဏတောင်တွင် စစ်တုရင်ရှန့်ထိုကား သူ၏တန်ခိုးအဆင့်ဖြင့်ပင် လွန်ဆန်နိုင်စွမ်းငှာ မစွမ်းသာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားရသည်။ သူကား ပထမဆုံးအကြိမ် အကြောက်တရားကို ခံစားရသည်။ သူကား ဝင်္ကပါအတွင်း၌ ပိတ်မိသည့် အချိန်ကပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ သို့သော် ယခု သူ ကြောက်သည်။

သည်စွမ်းအားကား သူ့ကို ဖျက်ဆီးရန်ထက်ပင် ပိုမို လုံလောက်ပေသည်။

သူ၏မျက်လုံးရှေ့မှ​ အရာခပ်သိမ်းကား ဓားများသာဖြစ်သည်။ သူက ဒေါသတကြီး အော်ဟစ်ကာ မဟာလမ်းစဉ် စစ်တုရင်ခုံကို ရှေ့သို့ တွန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အလင်းတန်း အသွင်ဖြင့် အဝေးကို ပြေးရန် ကြိုးစားသည်။ သို့သော်လည်း ဓားအလင်းနှင် သန်းပေါင်း များစွာသော ဓားများကား စစ်တုရင်ခုံကို အလွယ်တကူ ဖျက်ဆီးလျက် လေဟာနယ်ကို လျစ်လျူရှုကာ သူရှိနေရာသို့ ရောက်လာသည်။ အလင်းတန်းများစွာက စစ်တုရင်ရှန့်ထို၏ ခန္ဓာကိုယ်ကို ထွင်းဖောက် သွားကြတော့သည်။

စစ်တုရင်ရှန့်ထိုကား ထိုနေရာတွင်ပင် ရပ်တန့်သွားသည်။ မြေပြင်တွင် ပြေးလွှား နေသူများကလည်း ထိုမြင်ကွင်းကို ကြည့်ကာ ပိုမို၍ ​ချောက်ချား ကြရသည်။

ဝင်္ကပါက အလင်းတန်းများစွာ ဖြာထွက်ကာ ဓားအလင်းများက စစ်တုရင်ရှန့်ထိုကို အဆက်မပြတ် ဖောက်ထွင်း နေကြသည်။ သူ၏မျက်နှာတွင်ကား အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ဟန်များ အထင်းသား ပေါ်နေသည်။

ရှန့်ထိုပင်လျှင် ကြောက်ရွံ့ပေသည်။

သေမင်းက သူ့ထံသို့ အလည်အပတ် ရောက်လာပြီ ဖြစ်သည်။ သူ့မျိုးဆက်တွင် လက်ချိုးရေ၍ ရသော ရှန့်ထိုတစ်ပါးကား သည်နေရာတွင်ပင် အသက်ပျောက်ရသည်။ ဝင်္ကပါကို အဖြေရှာနိုင်သူက ရီဖူရှင်းဖြစ်နေမည်ဟု သူမထင်ထားခဲ့ပေ။ သူသာ ကြိုသိခဲ့ပါက လျူကျောင်းအား ရွေးချယ်စရာလည်း လိုမည် မဟုတ်ပေ။ သူ၏တပည့်ရင်းများကိုလည်း သတ်ဖြတ်ကာ စတေးမိမည် မဟုတ်ပေ။

အရာအားလုံးကို ကြိုသိခဲ့ပါက သူကား ရီဖူရှင်းကို ရွေးချယ်ခဲ့မည် ဖြစ်သည်။ သူကား မရဏဓားဝင်္ကပါ၏လျှို့ဝှက်ချက်ကိုပင် ဖော်ထုတ်နိုင်ခဲ့လိမ့်မည်။

တစ်လောကလုံးမှ အရာခပ်သိမ်းကား စစ်တုရင်ကစားပွဲ ဖြစ်သည်။ သူက ကစားပွဲကို ထိန်းချုပ် ညွှန်ကြားသူ ဖြစ်လိုခဲ့၏။

သို့သော် ယခု သူကား နယ်ရုပ်တစ်ရုပ်အဖြစ် အဆုံးသတ်ခဲ့ရသည်။

ဤသို့ဆိုလျှင် မည်သူက ကစားပွဲကို ခင်းကျင်းခဲ့သနည်း။

ရာရာက မည်သူနည်း။

ရီဖူရှင်းနှင့် ရာရာတို့က မရဏတောင်တွင် အဘယ်ကြောင့် တစ်ပြိုင်နက်တည်း ပေါ်လာခဲ့ရသနည်း။

အရာအားလုံးက တိုက်ဆိုင်သည်လား။

မဖြစ်နိုင်ပေ။ သည်အဖြစ်အပျက်များက ကစားပွဲဆိုပါလျှင် အရာအားလုံးကို ခင်းကျင်းစီမံနေသော သူတစ်ယောက်တော့ ရှိရပေမည်။ ငါက ကစားပွဲ ထိန်းချုပ်သူ မဟုတ်ဘူး။ ငါက နယ်ရုပ်တစ်ရုပ်သာပဲ…။

အတွေးများစွာက စစ်တုရင်ရှန့်ထို၏ ခေါင်းထဲကို ဝင်လာသည်။ သို့သော်လည်း မကြာမီ သူ၏အတွေးများကို အမှောင်ထုက ဖုံးကွယ်လာသည်။ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း အလင်းအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံး၌​ လောကပေါ်မှ ပျောက်ကွယ် သွားတော့သည်။

သူ၏မျိုးဆက်တွင် တစ်ဦးတည်းသော စစ်တုရင်ရှန့်ထို… ဝင်္ကပါပညာ၌ နံပါတ်တစ်အဖြစ် သတ်မှတ်ခံထားရသော စစ်တုရင်ရှန့်ထိုကား မရဏတောင်တွင် လူငယ်မျိုးဆက် တစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

စစ်တုရင်ရှန့်ထို သေဆုံးသွားသည်။ မရေမတွက်နိုင်သော ဓားအသိများက ကောင်းကင်တွင် ပျံဝဲလှည့်ပတ်နေကြဆဲ ဖြစ်သည်။ ဓားများက ကောင်းကင်မှ မိုးသီးမိုးပေါက်များပမာ ကျဆင်းနေကြဆဲ ဖြစ်ကာ မြေပြင်ပေါ်ကို အဆက်မပြတ် ထိုးစိုက်နေကြသည်။ ပြေးနေသူများ အားလုံးကလည်း သူတို့ကိုယ်သူတို့ ခုခံကာကွယ်ရန် ကြိုးပမ်းအားထုတ်ကြရသည်။ သို့သော်လည်း ဓားဝင်္ကပါ၏ပစ်မှတ်ကား စစ်တုရင်ရှန့်ထိုမျှသာ ဖြစ်ကာ နောက်မှ လိုက်ပါလာသည်ကား စွမ်းအင် အပိုင်းအစများသာ ဖြစ်သည်။ သို့သော်လည်း စွမ်းအင် အပိုင်းအစများ ဖြစ်သည့်တိုင် ရင်ဆိုင်ခုခံရသူများမှာ မသက်သာပေ။

“ရွှေဖီးနစ် အကာအကွယ်…” ကျောက်ထိုက အော်ဟစ်လိုက်သည်။ ကျောက်မဟာ ပြည်ထောင်မှ လူများက ဝင်္ကပါအသွင်ဖြင့် စုစည်းကြကာ သူတို့၏ လက်နက်များကို ထုတ်၍ စွမ်းအားများကို အသုံးပြုကြသည်။ ဧရာမ ဖီးနစ်ပုံရိပ်ကြီးက ကောင်းကင်ထက်တွင် ပေါ်လာကာ သူတို့အား ဖုံးအုပ် ကာကွယ်ပေးသည်။

တခြား တော်ဝင်မြေမှ လူများကလည်း ထို့နည်းတူ ကြိုးစားကြသည်။ အချို့က တော်ဝင် ရတနာများကိုပင် ထုတ်ကာ ကာကွယ်ကြ၏။ သို့တိုင်အောင် မလွတ်မြောက်နိုင်ဘဲ အသက်ဆုံး သွားရသူများလည်း ရှိပေသည်။

မရဏတောင် တစ်ခွင်လုံးကို ဓားများ မိုးသီးမိုးပေါက်များပမာ ကျဆင်းခဲ့သည်။ သင်္ချိုင်းကုန်း ကျေးရွာမှ လူများအားလုံးက ဓားမိုးရွာသွန်းခြင်းအား ကြည့်ကာ ထိတ်လန့်နေကြ၏။

ကောင်းကင်ကို ခွင်း၍ ဖြစ်ပေါ်နေသော အလင်းတန်းကား မရဏတောင်၏ စွမ်းအင်လား။ ထိုဓားချက်က မည်သူ့ကို သတ်ရန် ဖြစ်ပေါ်လာသနည်း။

ရီဖူရှင်းက လေထဲတွင် ရပ်နေသည်။ သူက မရဏတောင်မှ​ စွမ်းအားများ ပျက်ပြယ်လာကာ အဆုံးအစမဲ့သော ဓားအသိအဖြစ် ပြောင်းလဲသွားပြီး မရဏတောင်ပေါ်ကို ကျဆင်းသွားသည်ကို သိသည်။ မရဏဝင်္ကပါမှ​ အလင်းများကလည်း မှေးမှိန်သွား၏။ ရာရာကား မြေပြင်ပေါ်ကို ပျံဝဲဆင်းသက်သွားကာ အံ့ဩဖွယ်ကောင်းအောင်ပင် ဝင်္ကပါ၏ဗဟိုချက်မနေရာ၌ ထိုင်သည်။ သူမ၏နောက်မှ လေထက်တွင် ဓားအသိများ ဖြာထွက်နေသော ဓားမျက်လုံးကို မြင်ရ၏။ သူမအား ဗဟိုပြုကာ ဓားဝင်္ကပါက တစ်ဖန် ဖြစ်တည်လာသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော ဓားအသိများက ရာရာထံကို စီးဆင်း လာတော့သည်။

အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်သွားသည်။

ရီဖူရှင်းက နောက်လှည့်ကာ ဓားမျက်လုံးအား ကြည့်သည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းကာ ဓားမျက်လုံးအား ဆန်းစစ်ကြည့်ရန် ကြိုးပမ်းသော်လည်း သူက အလွန်တရာ ရှေးကျသော စွမ်းအားထုထည် တစ်ခုကိုသာ ခံစားမိသည်။ သို့သော် ဓားမျက်လုံးထဲ၌ နောက်ထပ် ဓားဝင်္ကပါတစ်ခု ရှိနေဟန်ရသည်ဟု သူမသိစိတ်က ထင်မြင်ခံစားမိ၏။

မရဏဓားဝင်္ကပါ၏ တကယ့်စွမ်းအားက မည်သည့် နေရာတွင်နည်း။

သူက လျှပ်တစ်ပြက် ထောင့်တစ်နေရာသို့ ရောက်သွားသည်။ ထိုနေရာတွင်ကား လူနှစ်ယောက် လဲလျောင်းနေကြ၏။ သူတို့ကား စစ်တုရင်ရှန့်ထို၏တပည့်ကြီးဖြစ်သူ ရန်ရှောင်နှင့် အငယ်ဆုံးတပည့် ကျင့်ကုန်းစီတို့ ဖြစ်ကြသည်။

စစ်တုရင်ရှန့်ထိုက သူလွတ်မြောက်ရန် ရန်ရှောင်နှင့် တခြားလူများကို စတေးခဲ့သည့်တိုင် သူ၏လှုပ်ရှားမှုက ဓားဝင်္ကပါကြောင့် ကန့်သတ်ခံခဲ့ရကာ ရန်ရှောင်တို့ကား သေဆုံးသည်အထိ မဖြစ်ခဲ့ပေ။

“သူတို့ ရှင်နိုင်သေးတယ်… ဖီးနစ်…” ရီဖူရှင်းက သူတို့၏အသက်ဓာတ်ကို ခံစားမိသေးသည်။ ဖီးနစ်က သူတို့၏ဘေးကို ရောက်လာကာ ဒဏ်ရာများကို စစ်ဆေးသည်။ ရန်ရှောင်၏ ဒဏ်ရာများအား အလွန်အမင်း ပြင်းထန်ကာ သတိလစ်နေသည်။ သူ၏ အသက်ဓာတ်ကလည်း တဖြည်းဖြည်း အားနည်းလာနေသည်။

တခြား တစ်ဖက်တွင် ကျင့်ကုန်းစီကား စွမ်းအင်အားပြတ်မှု ဒဏ်ကြောင့်သာ မေ့မြောနေခြင်း ဖြစ်သည်။ သူ၏အခြေအနေကား သိပ်မဆိုးပေ။

“သူ့အခြေအနေက အရမ်းဆိုးတယ်…” ဖီးနစ်က တီးတိုး ပြောသည်။

“မင်း လုပ်နိုင်တာ အကုန်လုပ်ပေးပါ…” ရီဖူရှင်းက ပြောသည်။ စစ်တုရင်ရှန့်ထို၏ တပည့် ကိုးယောက်ထဲတွင် ခုနစ်ယောက်က သူတို့၏ဆရာလက်ချက်ကြောင့် သေဆုံးခဲ့ရသည်။ ကျန်ရစ်သည်ကား ဒဏ်ရာပြင်းထန်စွာ ရထားသော အကြီးဆုံးတပည့်နှင့် အငယ်ဆုံးတပည့်တို့ ဖြစ်ကြသည်။

ရန်ရှောင်ကား အလွန် နာမည်ကျော်ကြားသော လူဖြစ်သည်။ သူကား ယွီကျင့်မြို့တော်ဝန်ဖြစ်ကာ ပြည်နယ်ကိုးခု ရှီနှင့်ရှန့်ထိုအဆင့်၌ ထိပ်သီး စာရင်းဝင်ဖြစ်သည်။ သူ၏စွမ်းရည်များကား ရှီတန်ခိုးအဆင့်၌ အကောင်းဆုံးဟု ပြော၍ ရသည်။ မဟုတ်လျှင် စစ်တုရင်ရှန့်ထို၏စတေးမှုကို ထိုမျှတောင့်ခံနိုင်ခဲ့မည် မဟုတ်ပေ။

သို့သော်လည်း ယခုကား သူ၏ညီ၊ညီမများနှင့် ဇနီးသည်တို့က မျက်လုံးရှေ့တင် သတ်ဖြတ်ခံခဲ့ရသည်။ ထိုအချက်က သူ့အား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်စေခဲ့သည့် အကြောင်းအရင်း ဖြစ်သည်။

“အင်း…” ဖီးနစ်က ခေါင်းညိတ်ကာ ဆေးလုံးတစ်လုံးကို ထုတ်ပြီး ရန်ရှောင်ကို ကျွေးသည်။ အားကောင်းသော အသက်ဓာတ်က သူမခန္ဓာကိုယ်မှ ထွက်လာကာ ရန်ရှောင်ထံသို့ စီးဆင်းသွားသည်။

“ငါ့ရဲ့ အသက်လောကဓာတ်က အားနည်းတယ်…” ဖီးနစ်က ရီဖူရှင်းကို ပြောသည်။

ရီဖူရှင်းက ရန်ရှောင်၏ ခန္ဓာကိုယ်ထက်ကို သူ၏လက်အား တင်လိုက်သည်။ သူ၏သက်စောင့် ဟော်နန်းထဲမှ ကမ္ဘာသစ်ပင်ကြီးက အသက်ဓာတ်များ ထုတ်လွှတ်ကာ ရန်ရှောင်၏ ခန္ဓာကိုယ်ထဲကို စီးဆင်းလာကြသည်။ သူ၏အသက်အား ကမ္ဘာသစ်ပင်က တစ်ကြိမ် ကယ်တင်ဖူးရာ ရန်ရှောင် အပေါ်တွင်လည်း အလုပ်လုပ်ရန် သူမျှော်လင့်သည်။

“စီနီရာရန်… ခင်ဗျားဆရာနဲ့ လီခိုင်ရှင်းတို့ကတော့ သေသွားပြီဖြစ်ပေမဲ့  ခင်ဗျား ပြန်တောင်းရမယ့် အကြွေး မကျေသေးဘူး…” ရီဖူရှင်းက ရန်ရှောင်ကို ပြောသည်။ ရန်ရှောင်ကသာ အသက်မရှင်လိုပါက ရီဖူရှင်းကလည်း သူ့အား မည်သည့်နည်းဖြင့်မှ ကယ်တင်၍ မရပေ။

ရန်ရှောင်၏လက်များက အနည်းငယ် လှုပ်သွားသည်။ ရီဖူရှင်းက ခံစားမိကာ မျက်ခုံးကို ပင့်လိုက်သည်။ သူက ဆက်ပြောသည်… “သူ့အဆင့်အတန်းကြောင့် ကျွန်တော့်ကို သူ့ကို သတ်လို့မရဘူး… ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ…”

အကယ်၍ ရန်ရှောင်ကသာ ရီဖူရှင်း ပြောသည်ကို ကြားမည်ဆိုပါက ရီဖူရှင်း ဆိုလိုသည့်သူကို သူသိမည်ဖြစ်သည်။

ရန်ရှောင်နှင့် သူ့ညီအစ်ကို မောင်နှမများအား မည်သူက သည်နေရာသို့ ခေါ်လာသနည်း။

အားလုံးက သည်အစီအစဉ်များ အားလုံးမှာ လျူကျောင်းနှင့် စစ်တုရင်ရှန့်ထိုတို့ ကြံစည်ထားခြင်း ဖြစ်ကြောင်း သိကြသည်။ စစ်တုရင် ရှန့်ထိုအတွက် စတေးရန် လျူကျောင်းက များစွာသော လူများအား လိမ်ခေါ်လာခြင်းဖြစ်သည်။

ဘာဖြစ်ခဲ့သည်ကို ရီဖူရှင်းက သိသော်လည်း သူက တော်ဝင်မြေများမှ လူများ၏ရှေ့တွင် လျူကျောင်းကို သတ်၍​မရပေ။ မဟုတ်လျှင် သူက အားလုံးကို သတ်မှရမည်။

ထိုသို့လုပ်ပါက မြေရိုင်းပြည်နယ်ကလည်း အဆုံးသတ် ရပေလိမ့်မည်။

သူက မည်မျှ လုပ်ချင်သည်ဖြစ်စေ လုပ်မရသော အရာများ ရှိပေသည်။

အတန်ကြာလျှင် ရန်ရှောင်၏ မျက်လုံးပွင့်လာကာ ကောင်းကင်ထက်ကို ကြည့်သည်။ သူ၏မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။

“စီနီယာ…” ရီဖူရှင်းက ခေါ်သည်။

“မင်း မှန်တယ်… ငါ အသက်ရှင်ရမယ်…” ရန်ရှောင်က တည်ငြိမ်စွာ ပြောသည်။ ထိုတည်ငြိမ်မှုကို သူသိသည်။ ထိုအရာက သူ့စိတ်၏ ပြတ်သား ခိုင်မာမှုပင်။

ရန်ရှောင် အသက်ရှင်လိုသည်။ သူက လက်စားချေ လိုသည်။ စစ်တုရင်ရှန့်ထိုနှင့် လီခိုင်ရှင်းတို့ သေဆုံးသွားပြီ ဖြစ်သော်လည်း လျူကျောင်းကား အသက်ရှင် နေသေးသည်။ သူ၏ဆရာက အရာအားလုံးကို ကြိုးကိုင်ခဲ့သည် ဆိုသော်လည်း လျူကျောင်းက အားပေး အားမြှောက်လုပ်သူ၊​အစီအစဉ်ကို ဖော်ဆောင်သူ ဖြစ်သည်။ ထိုခဏတွင်ပင် ထိုသွေးကြွေးအား ဆပ်ရန် ရန်ရှောင်၏စိတ်က ခိုင်မာစွာ ပိုင်းဖြတ်ထားပြီး ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset