အပိုင်း (၈၁၇)

ရှန့်ထိုသတ်ဖြတ်ခြင်း

ပြည်နယ်ကိုးခု၏ နံပါတ်တစ် ဝင်္ကပါပညာရှင် ဖြစ်သည့်အ‌‌လျောက် သူ ပထမ တွေးထင်ခဲ့သည်က မှားယွင်း နေသည်များလား။ သူက ဝင်္ကပါကို အလွယ်တကူ ခွဲခြမ်း လေ့လာနိုင်ခဲ့ပြီး သည်နေရာကို ရောက်လာခဲ့သည်။ ပြင်ပမှ ဝင်္ကပါများက သူ့အား လမ်းမှားခေါ်လာကာ သူ့အား ဝင်္ကပါများ အားလုံးမှာ အလွယ် ဖြေရှင်းနိုင်ကြောင်း သူ့စိတ်ကို မှားယွင်း ထင်မြင်ခဲ့စေသည် များလား။

သို့သော်လည်း သူက ရီဖူရှင်း၏ နည်းလမ်းကို မြင်သောအခါ ဝင်္ကပါကို ဖျက်ဆီးခြင်းအပြင် တခြား နည်းလမ်းများ ရှိသေးကြောင်း သိလိုက်ရသည်။

ထိုရွေးချယ်မှုကပင် သူ ဤနေရာသို့ လာရောက်ခြင်း၏ အကြောင်းအရင်း ဖြစ်ပေလိမ့်မည်။

ဝင်္ကပါအား အဘယ်ကြောင့် လမ်းမညွှန် မထိန်းချုပ် နိုင်ရမည်နည်း။

အကယ်၍ သူက ဝင်္ကပါကို အသက်သွင်းကာ ထိန်းချုပ်နိုင်ပါက မည်သို့ ဖြစ်မည်နည်း။

သွေးနီရောင်ဓားထံမှ တိုးဝင်လာသော ဓားအသိများကို ခံစားမိသည်တွင် သူက ရာရာကို တစ်ဖန် ထပ်ကြည့်မိသည်။ ဤကား သူ၏အမှား မဟုတ်ပေ။ သည်မတိုင်ခင် ရာရာမပေါ်လာမီ ဝင်္ကပါကား အသက်မဲ့နေခဲ့သည်။

သို့သော် ရီဖူရှင်းက မည်သို့ စဉ်းစားမိခဲ့သနည်း။

ယခုကား ဝင်္ကပါက ပိုမို၍ပင် အားကောင်း လာခဲ့သည်။ ဝင်္ကပါထဲ၌​ မရေမတွက်နိုင်သော ဓားအသိများ စီးဆင်းကြကာ ရာရာက ဗဟိုချက်မ၌ ရပ်လျက် အဆုံးအစမဲ့သော ဓားအသိများအား စုတ်ယူနေသည်။

ထိုအခိုက်တွင်ပင် စစ်တုရင်ရှန့်ထိုက သူ မှားယွင်းခဲ့ပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။

ရီဖူရှင်း၏နည်းလမ်းက မှန်ကန်ပေသည်။

သူကား ပါရမီရှင်ဖြစ်သည်။ ရီဖူရှင်းက သူ အဖြေမရှာနိုင်သော ဝင်္ကပါအား အမှန်တကယ် အဖြေရှာနိုင်ခဲ့သည်။

ထို့အပြင် ထိုနည်းလမ်းကလည်း နဂိုမူလက သူလိုချင်ခဲ့သော ပုံစံဖြစ်သည်။

“လျူကျောင်း… မိန်းကလေးကို တိုက်ခိုက်…” စစ်တုရင်ရှန့်ထိုက အော်ဟစ်သည်။ ရာရာကား ဝင်္ကပါ၏ ပင်မထောက်တိုင် ဖြစ်သည်။ သူက မှားယွင်းပြီးမှတော့ နောက်ဆုတ်ရန် မရှိတော့ပေ။

စစ်တုရင်ရှန့်ထိုက လေထဲမှ စစ်တုရင်နယ်ရုပ်များအား အသက်ဝင်စေကာ ရီဖူရှင်းအား တိုက်ခိုက်သည်။ သို့သော် သူ့ထံကို တိုးဝင်လာသော မရေမတွက်နိုင်သော ဓားအသိများအား မြင်ရသည်။ သူနှင့် တိုက်ခိုက်နေသော ဓားလူက အသက် ဝင်လာဟန်ရကာ ပိုမိုအားကောင်းသော ဓားအသိများအား ဖန်ဆင်းလျက် စစ်တုရင်နယ်ရုပ်များအား ဖျက်ဆီးသည်။

ထိုအခိုက်တွင် သူကလည်း အချိန်များ ဖြုန်းနေခဲ့ခြင်းသာ ဖြစ်ကြောင်း လျူကျောင်းက သိလိုက်သည်။ ရီဖူရှင်းကသာ မှန်ကန်သော နည်းလမ်းကို အသုံးပြုခဲ့သည်။

ရှေ့ကို တက်ကာ လျူကျောင်းက ရာရာထံသို့ ဗုဒ္ဓလက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သို့သော်လည်း ရာရာရှေ့ကို လူငယ်တစ်ယောက် ဆင်းသက်လာသည်။ သူကား ယင်ဖြစ်သည်။ သူ့လက်ဝါးမှ ဓားအသိတစ်ခု ဖြစ်ပေါ်လာကာ အာကာသဓာတ်က ဗုဒ္ဓလက်ဝါးအား တိုက်ခိုက် ဖျက်ဆီးသည်။

တစ်ချိန်တည်းမှာပင် သင်္ချိုင်းကုန်း ကျေးရွာမှ လူနှစ်ယောက်ကလည်း ရာရာဘေးကို ရောက်လာပြီး ကာကွယ် ထားကြသည်။

သို့သော်လည်း လီခိုင်ရှင်းကလည်း နောက်ဆုတ်ခဲ့ကာ ရာရာ၏နောက်တွင် ပေါ်လာသည်။ လီခိုင်ရှင်းက သူ၏ပုဆိန်နှင့် ခုတ်ဖြတ်သည်တွင် အလင်းအားလှိုင်းပင် ဖြစ်ပေါ်စေခဲ့သည်။ သူကား စစ်တုရင်ရှန့်ထို၏ ဒုတိယ တပည့်ဖြစ်သလို ကွန်းရှီအဆင့်ရှိ တန်ခိုးရှင်လည်းဖြစ်၏။ ပုဆိန်က ရာရာအား သတ်ဖြတ်ရန် အငြိုးတကြီး ဝင်လာသည်။

သင်္ချိုင်းကုန်းကျေးရွာမှ တန်ခိုးရှင်နှစ်ယောက်က ချက်ချင်းပင် နောက်လှည့်ကာ သူတို့၏ လက်ဝါးများအား ရိုက်ထုတ် လိုက်ကြသည်။ လက်ဝါးနှင့်အတူ ဧရာမ သားရဲကြီးများ ပေါ်ထွက်လာကာ လေထုကို တုန်ခါလှုပ်ယမ်းစေလျက် လီခိုင်ရှင်းထံ တိုးဝင်သွားသော်လည်း ပုဆိန်ခုတ်ချက်တွင် နှစ်ပိုင်း ပြတ်တောက် သွားကြရသည်သာ။

သူတို့နှစ်ယောက်က ရှေ့ကို တက်သွားကာ လီခိုင်ရှင်းအား တားဆီး တိုက်ခိုက်ကြသည်။

ဤတွင် ရာရာအား ဗဟိုပြု၍ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။

ယင်သည်လည်း ကောင်းကင်ထက်မှ ဆင်းသက်လာကာ လင်းလက်သော နတ်ငှက်အသွင်ဖြင့် လျူကျောင်းရှေ့ကို ကျလာသည်။ သူတို့ နှစ်ယောက်လုံးက တန်ခိုးအဆင့် အတူတူဖြစ်ရာ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာသည်။

လျူကျောင်းကား အလွန်အမင်း အားကောင်းသည်။ သူကား ရှီဟွာတောင်၏ လူငယ်မျိုးဆက်ထဲတွင် အတော်ဆုံးအဖြစ် သတ်မှတ်ခံထားရကာ နောက်ထပ်တက်မည့် ရှီဟွာတောင်၏ ဆက်ခံသူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူ့အား ရှန့်ထိုသုံးပါး ကိုယ်တိုင်က လက်ထပ် သင်ကြားပေးကာ မျှော်လင့်ချက်များ စုပြုံထားခံရသူလည်း ဖြစ်၏။ ထို့ကြောင့်ပင် လျူကျောင်းက ရည်မှန်းချက် အလွန်မြင့်ကာ ရီဖူရှင်းကိုပင် သူ၏နောက်လိုက်အဖြစ် ဆွယ်ခဲ့သူဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် သူနှင့် တန်ခိုးအဆင့်တူသော လူငယ်တစ်ယောက်က သူ့အား အလွန်မြင့်မားသော တိုက်ခိုက်ရေး စွမ်းရည်နှင့်အတူ တားဆီးခဲ့သည်။ ထိုအဖြစ်က လျူကျောင်းအား ထိတ်လန့်စေခဲ့သည်။ သင်္ချိုင်းကုန်းကျေးရွာ၌ သူနှင့် တန်ခိုး အဆင့်တူအတွင်း လက်ရည်တူယှဉ် တိုက်နိုင်သော ပါရမီရှင်တစ်ယောက် အမှန်တကယ် ရှိနေသည်။

ရီဖူရှင်းကား ဝင်္ကပါကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေဆဲဖြစ်ကာ သူ၏စိတ်စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်ထားသည်။ ကောင်းကင်ထက်တွင် သွေးနီရောင်ဓားကား ပိုမို၍ အရိုင်းဆန်လာခဲ့ကာ ဓားမျက်လုံးကလည်း တဖြည်းဖြည်း ပွင့်လာခဲ့သည်။ ဓားအသိများကလည်း အလွန်အမင်း အားကောင်း လာနေကြသည်။

စစ်တုရင်ရှန့်ထိုက မြင့်တက်လာသော အရှိန်အဝါကို ပုံမှန်အားဖြင့် ခံစားမိရာ အပေါ်ကို မော့ကြည့်သည်။ သူ၏အမူအရာ ပြောင်းလဲသွားကာ ပြောသည်… “ရီဖူရှင်း… တကယ်လို့ ဒီနေ့ မင်းငါ့ကို ကူညီရင် အရင်က ဖြစ်ခဲ့သမျှ ငါက မေ့ပစ်ပြီးတော့ မင်းက တော်ဝင်လမ်းကို ဝင်တဲ့အခါ ငါမင်းကို ကူညီနိုင်တယ်…”

ရီဖူရှင်းက စစ်တုရင် ရှန့်ထို၏ စကားကို ကြားသည်တွင် မျက်လုံးကို ဖွင့်ကာ အေးစက်စွာ ပြောသည်… “ထွက်သွား…”

စစ်တုရင်ရှန့်ထိုက သူ့အား သတ်ဖြတ်ရန် ကြိုးစားပြီးသည့်တိုင် ထိုစကားကို ပြောထွက် သေးသည်။

မဟာလမ်းစဉ်တွင် သံယောဇဉ်တရားများ မရှိပေ။ မိမိ လွတ်မြောက်ရန် အတွက် သူကား မိမိ၏ တပည့်များကို စတေးရန် ဝန်မလေးခဲ့။ သူ့ကိုယ်ကျိုးအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်သူ၊ စတေးနိုင်သူ ဖြစ်သည်။

သူ၏ကတိလား…

ဘယ်လိုဟာသလဲ…

သူကား လူပီသခြင်းနှင့် အကြင်နာတရားများကို လျစ်လျူရှု နိုင်သူဖြစ်သည်။ ဤသို့သော အခြေအနေတွင် စစ်တုရင်ရှန့်ထိုက အမှန်တကယ် သူနှင့်ပူးပေါင်းရန် ဆွယ်တရား ဟောနိုင်သေးသည်။ သူ့ကို တော်ဝင်လမ်း၌ ကူညီမည် ဟူသည်ကား….။

သူကား မိမိကိုယ်ပိုင် အရည်အချင်းဖြင့် တော်ဝင်လမ်းကို ဝင်ရောက်နိုင်သည်။ သူ့တွင် ကိုယ်ပိုင်လမ်းစဉ် ရှိသည်။

လမ်းကြောင်းများက ကွဲပြား ခြားနားနေမှတော့ ပူးပေါင်းရန် ဆွေးနွေးနေစရာ မရှိတော့ပေ။ ထို့ကြောင့် သူ့တွင် စစ်တုရင်ရှန့်ထိုကို “ထွက်သွား” ဟူသော စကားတစ်ခွန်းသာ ရှိတော့သည်။

စစ်တုရင်ရှန့်ထို၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

သူကား ရှန့်ထိုတစ်ပါး ဖြစ်သည်။ လူငယ်မျိုးဆက် တစ်ယောက်က သူ့အား “ထွက်သွား” ဟု ပြောရဲသည်။

“မင်းက ပြဿနာ ရှာနေတာပဲ…” စစ်တုရင်ရှန့်ထို၏ လေသံက ခံစားချက် ကင်းမဲ့စွာဖြင့် ထွက်ပေါ်လာသည်။ သူက ပိတ်မိနေသည် ဆိုသော်လည်း ရီဖူရှင်း၏ စော်ကားမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ကောင်းကင်ထက်တွင် မဟာလမ်းစဉ် စစ်တုရင်ခုံက တုန်ခါသွားပြီး ကြောက်မက်ဖွယ် ကောင်းသော လောကဓာတ် ဆင်းသက်လာသည်။ ထို့နောက်တွင် စစ်တုရင်ရုပ်က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ရီဖူရှင်းကို တိုက်ခိုက်သည်။

ရီဖူရှင်း၏ဘေးတွင် ရပ်နေသော ယန်ဟောင်က မာန်သွင်း အော်ဟစ်ကာ ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံဖြင့် ဝှေ့ယမ်းခုခံသည်။ နှင်တံနှင့် စစ်တုရင်နယ်ရုပ်တို့ ရင်ဆိုင်မိကြသည်။ စစ်တုရင်နယ်ရုပ်တိုင်းက အလွန်အမင်း အားကောင်းသော လောကဓာတ်များ ပါဝင်ကာ ကြီးမားသော စွမ်းအားများကို သယ်ဆောင် ထားကြသည်။

ယန်ဟောင်၏ ခန္ဓာကိုယ်က မာန်သွင်း အော်ဟစ်သံနှင့်အတူ ပိုမို၍ လင်းလက်လာသည်။ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်က တဖြည်းဖြည်း အားကောင်းလာသည် ဆိုသည့်တိုင် စစ်တုရင် နယ်ရုပ်များ၏တိုက်ခိုက်မှုတွင် သူကား မည်သို့မှ မဟန်နိုင်ဘဲ သွေးများ အန်ကျသည်။

တစ်ဖက်တွင် စစ်တုရင်ရှန့်ထိုလည်း အခြေအနေ မကောင်းပေ။ သူက ရီဖူရှင်းအား တိုက်ခိုက်ရန် စိတ်ဝိညာဉ် စွမ်းအားကို ခွဲခြမ်းလိုက်ရရာ တစ်ဖက်တွင် ဧရာမဓားကြီးကို ရင်ဆိုင်နေသော အားအင်များ လျော့နည်းသွားပြီး ဓားစွမ်းအားများက သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်ခြင်းအား ခွင့်ပြုလိုက်ရသည်။ သို့သော်လည်း သူကား ဘာမှ ခံစားရဟန်မပြပေ။ သူက ရီဖူရှင်းကို အမှန်တကယ် သတ်ဖြတ်လိုသည်။

ပုံမှန်အတိုင်းဆိုလျှင် သူက ထိုမျှ ရင်းမည်မဟုတ်ပေ။ ရီဖူရှင်းက သူ့အား စော်ကား ပြောဆိုသောကြောင့် တစ်ခုတည်း မဟုတ်ပေ။ ရီဖူရှင်း၏လက်ရှိ ဝင်္ကပါပညာက သူ၏တည်ရှိမှုအား ခြိမ်းခြောက်လာပြီ ဖြစ်သည်။

သူကား ရှန့်ထိုကိုပင် စော်ကားပြောဆိုရဲသူ ဖြစ်သည်။ အကယ်၍​ သူက ဓားဝင်္ကပါအား ထိန်းချုပ်ခွင့် ရသွားပါလျှင် သူ အသင်ရှင် ပါဦးမည်လား။

သူ၏အစီအမံများအားလုံး အလဟဿ ဖြစ်ရပေမည်။

ထို့ကြောင့်ပင် စစ်တုရင်ရှန့်ထိုက ရီဖူရှင်းကို တတ်နိုင်သည့် နည်းလမ်းဖြင့် သတ်ဖြတ်လိုရင်း ဖြစ်သည်။

ရုတ်တရက် အတွေးတစ်ခု သူ့ခေါင်းထဲကို ဝင်လာသည်။ အကယ်၍​ သူက လျူကျောင်းကို မရွေးဘဲ​ ရီဖူရှင်းကို ရွေးခဲ့ပါက မည်သို့ ဖြစ်လာမည်နည်း။

သို့သော်လည်း စစ်တုရင်ရှန့်ထိုက ထိုအတွေးကို မြန်ဆန်စွာပင် ပယ်ဖျက် လိုက်သည်။ သူကား ရှန့်ထိုတစ်ပါးဖြစ်ကာ ခိုင်မာသော ယုံကြည်ချက် ခံယူချက်များ ရှိသည်။ သူက မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း မရှိဟု ယုံကြည်သည်။ ထိုအချိန်က လျူကျောင်းကား အမှန်ပင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ယခု အရေးတကြီး လုပ်ရမည်ကား ရီဖူရှင်းကို သတ်ကာ ဝင်္ကပါကို ထိန်းချုပ်ရန် ဖြစ်သည်။

“အဘိုးလူဝံ…” ယန်ဟောင် ဒဏ်ရာ ရသည်ကို ရီဖူရှင်းမြင်လျှင် မျက်နှာက တင်းမာသွားသည်။ စစ်တုရင်ရှန့်ထိုတွင် သူ့အား တိုက်ခိုက်ရန် အင်အား လက်ကျန်များ ရှိသေးမည်ဟု သူမထင်ထားပေ။ စစ်တုရင်ရှန့်ထို လွတ်မြောက်၍ မဖြစ်ပေ။ မဟုတ်လျှင် သူကား သေချာပေါက် သေရမည်။

ဓားအသိများက ပြင်းထန်စွာ လှည့်ပတ်ကာ ရီဖူရှင်းအား လာရောက် ရစ်ပတ်ကြသည်။ သို့သော် အနက်ရောင် စစ်တုရင်နယ်ရုပ်တစ်ခု ထပ်မံဆင်းသက် လာသည်တွင် ဘန်းခနဲမြည်ကာ ဓားကွန်ချာက အက်ကွဲသွားသည်။ ရီဖူရှင်းက လေးနက်စွာ ပြောသည်… “အစ်ကို၃… နောက်တစ်လှမ်း…” လက်ရှိ အခြေအနေတွင် သူက အချိန်ဖြုန်း၍ မရပေ။

စစ်တုရင်နယ်ရုပ်က ဓားအသိများအား ထွင်းဖောက်ကာ ထပ်မံ၍​ ဆင်းသက် လာပြန်သည်။ သည်တစ်ခေါက်အားအင်က အရာခပ်သိမ်းကို ဖျက်ဆီး သွားတော့မည်ဟု ထင်ရသည်။

“မင်းက ရှန့်ထိုကို စော်ကားရဲတယ်… သေစမ်း…” စစ်တုရင်ရှန့်ထိုက အေးစက်စွာ ပြောကာ ရီဖူရှင်း၏အသက်ကို အဆုံးအဖြတ် ပေးသည်။

သူ၏အသံနှင့်အတူ အနက်ရောင် နယ်ရုပ်များက မြန်ဆန်စွာ ဆင်းသက် လာကြကာ ဝုန်းခနဲ မြည်သံနှင့်အတူ ဓားကွန်ချာက ပျက်စီးသွားသည်။ ဟွာဂျီယူ၊ ကျူးကော့မင်းယွီ၊ ယူချင်းနှင့် ကျန်သောလူများ အားလုံး၏ မျက်နှာများ ပြာနှမ်း သွားကြသည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ ခေါင်းထက်တွင် သွေးနီရောင် အလင်းတန်း တစ်ချက်ကို မြင်ရသည်။ မိန်းကလေးကား အားနည်းသော်လည်း စစ်တုရင်နယ်ရုပ်များအား အပိုင်းအစများ ဖြစ်အောင် ဖြတ်တောက် နိုင်ခဲ့သည်။ တစ်ဖက်တွင် သူမကလည်း သွေးများအန်ကျကာ ဒဏ်ရာရ၏။

ကောင်းကင်တွင် သွေးမျက်လုံးဓားက သူမအား အကန့်အသတ်မဲ့သော ဓားစွမ်းအင်များ ပို့လွှတ်ကာ ပိုမို အားကောင်းစေသည်။

“အစ်ကိုကြီး…” ရာရာက လက်ဆန့်တန်းကာ ရီဖူရှင်းအား ပြောသည်… “ရာရာကို ဓားစွမ်းအားတွေ လက်ဆင့်ကမ်းပေးပါ…”

“ရာရာ…” ရီဖူရှင်းက လက်ဆန့်တန်းကာ သူမ၏လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ သူတို့နှစ်ယောက်က လေထဲကို မြောက်တက်သွားပြီး ချက်ချင်းပင် ကြောက်မက်ဖွယ် ဓားစွမ်းအင် လေပွေမုန်တိုင်းများ ရစ်ပတ်သွားသည်။ ဝင်္ကပါတစ်ခုလုံးက သူတို့နှစ်ယောက်ကို ဗဟိုထား၍ စတင် လည်ပတ်လာသည်။

ဝုန်း…

ထိုအခိုက်တွင် စစ်တုရင်ရှန့်ထိုက စိတ်ဝိညာဉ်ဖိအားကို ခံနိုင်ရည်ရှိတော့ဟန် မတူတော့ဘဲ​ စိတ်ဝိညာဉ်ဖြင့် ဖန်ဆင်းထားသော ခန္ဓာက လွင့်စဉ်သွားကာ သူ၏မူလ ချုပ်နှောင်ထားရာ နေရာသို့ ပြန်ရောက် သွားသည်။

သူ၏အမူအရာက သုန်မှုန်သွားကာ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် ဝင်္ကပါ အတားအဆီးကို ကျော်ဖြတ်လျက် လွတ်မြောက်ရန် ရုန်းကန်သည်။ ဧရာမဓားကြီးနှင့် ရာရာတို့က ဝင်္ကပါ၏ရင်းမြစ်များ ဖြစ်ကြသော်လည်း ရာရာသည်သာ ဝင်္ကပါ၏ အဓိကပင်ရင်း ဖြစ်ရပေမည်။

ရီဖူရှင်း၏အကြည့်က စစ်တုရင်ရှန့်ထိုမှသည် လျူကျောင်းနှင့်ကျန်လူများ တိုက်ခိုက်ရာနေရာသို့ ရောက်သွားသည်။ ထို့နောက် သူက မျက်လုံးကို တစ်ဖန် မှိတ်လိုက်သည်တွင် ဧရာမ ဓားဝင်္ကပါကြီးက လုံးဝ အသက်ဝင်သွားဟန် ရသည်။ လျူကျောင်း ဖျက်ဆီးထားခဲ့သော ရင်းမြစ်များကလည်း မူလအခြေအနေသို့ ပြန်လည် သက်ဝင်ကုစားလာကြရာ လျူကျောင်းနှင့် သူ့လူများအား နောက်ဆုတ် စေသည်။

ဓားဝင်္ကပါက လုံးဝအပြည့်အစုံ အသက်ဝင်လာသည်ဟု ခံစားမိသည်တွင် လျူကျောင်းက မျက်မှောင်ကြုတ် လိုက်သည်။ ဝင်္ကပါကား ယခင်လို အသေ မဟုတ်တော့ပေ။

ချက်ချင်းပင် ကောင်းကင်ထက်မှ မရေမတွက်နိုင်သော ဓားစွမ်းအင်များ စီးဆင်း လာကြသည်။ တစ်ခုက နှစ်ခုကို မွေးဖွားသည်။ နှစ်ခုက သုံးခုကို မွေးဖွားသည်။ သုံးခုက အရာခပ်သိမ်းကို မွေးဖွားသည်။ ဧရာမ ဓားဝင်္ကပါကြီးက ရောင်စဉ်ရောင်ဝါများ လင်းလက်သွားကာ အားလုံးက ပြင်းထန်လွန်းသော ဖိအားကို ခံစားမိကြသည်။

တော်ဝင်မြေများမှ လူများအားလုံးက လုံးဝ မလှုပ်ရှား ရဲကြတော့ပေ။ နိုးထလာနေသော စွမ်းအင်တစ်ခုအား သူတို့ ခံစားမိနေကြသည်။

“ဒါက တကယ့် မရဏဝင်္ကပါဖြစ်မယ်…” တစ်ယောက်က ပြောသည်။ လူအများအပြားက ထိတ်လန့်တုန်လှုပ်သွားကြ၏။ ယခုကား စစ်မှန်သော မရဏဓားဝင်္ကပါက အသက်ဝင်လာပြီ ဖြစ်သည်။

ဘုန်း… ဘုန်း… ဘုန်း…

စစ်တုရင်ရှန့်ထိုကလည်း ပြင်းထန်စွာ ရုန်းကန် လှုပ်ရှားကာ လွတ်မြောက်ရန် ကြိုးစားသည်။ သူကလည်း နိုးထလာသော စွမ်းအားကို ခံစားမိသည်။ ဝင်္ကပါကား သူ့ကို ပိတ်မိစေရန်မျှသာ စွမ်းရည် မဟုတ်တော့ဘဲ​သူ့ကို သတ်ဖြတ်နိုင်စွမ်းကိုပါ ပိုင်ဆိုင်လာပြီ ဖြစ်သည်။ ရီဖူရှင်းက ဝင်္ကပါကို ထိန်းချုပ်သည်။ လက်ရှိ သူနှင့် ရီဖူရှင်းတို့အကြား ဆက်ဆံရေးဖြင့် ဆိုပါက သူကား သေချာပေါက် အသတ်ခံရမည် ဖြစ်သည်။

စစ်တုရင်ရှန့်ထိုက ဤသို့ ဖြစ်လာရန် ခွင့်မပြုနိုင်ပေ။

သွေးနီရောင် မျက်လုံး၌ ပွင့်အာလာသော တစ်နေရာရှိသည်။ ရှေးဟောင်းဓားကား သွေးနီရောင်မျက်လုံး၏ ဆင့်ခေါ်ခြင်းတွင် ပေါ်လာကာ ဓားဝင်္ကပါနှင့် ပေါင်းစပ်လျက် ရီဖူရှင်းနှင့် ရာရာတို့အား လှည့်ပတ်သည်။ ဓားအသိ စွမ်းအားများကလည်း ရာရာကို အားကောင်းစွာ စီးဆင်းလာကြ၏။

“လီခိုင်ရှင်း… သူမကို သတ်…” စစ်တုရင်ရှန့်ထိုက ဒေါသတကြီး အော်ဟစ်သည်။

လီခိုင်ရှင်းက သူ့ဆရာ၏အမိန့်ကို ကြားသည်တွင် အတန်ကြာ တွန့်ဆုတ်နေသည်။ ထိုအခိုက်တွင် သူ၏ရှေ့မှ မြင်ကွင်းကား အလွန်အမင်း ကြောက်မက်ဖွယ် ကောင်း၏။ ကမ္ဘာမြေပြင်၌ အက်ကွဲကြောင်းကြီးများ ဖြစ်လာကာ သွေးနီရောင်မျက်လုံးက သွေးနီရောင်ဓားကို ဆင့်ခေါ်ထားပြီး ဝင်္ကပါကလည်း အလွန်အမင်း အားကောင်း လာနေသည်။ ကောင်းကင်၌ မရေမတွက်နိုင်သော ဓားများကား မရဏတောင် တစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်ပေသည်။

မရဏဓားဝင်္ကပါ….။ လီခိုင်ရှင်းကား ထိတ်လန့် တုန်လှုပ်နေသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်လာရသနည်း။

ဓားဝင်္ကပါကို ရီဖူရှင်းက ထိန်းချုပ်သွားပါက မည်သို့ ဖြစ်လာမည်နည်း။

သူကြံစည် ရည်မှန်းထားသည်များ အားလုံး အလဟဿ ဖြစ်သွားပေရော့မည်။

အဘယ်ကြောင့် ရီဖူရှင်းက သူ့ဆရာ၏ အကြံအစည်များအား ဖျက်ဆီးနိုင်စွမ်း ရှိသနည်း။ အဘယ်ကြောင့် လျူကျောင်းထက် သာလွန်သော စွမ်းရည်များ ရှိနေရသနည်း။

သို့သော်လည်း လီခိုင်ရှင်းတွင် ရွေးချယ်စရာ မရှိတော့ပေ။ သူက ပုဆိန်ကို မြှောက်လိုက်ကာ သက်စောင့်ဝိညာဉ်အား ထုတ်လိုက်သည်။ မရေမတွက်နိုင်သော လောကဓာတ်များ ဖြစ်ပေါ်လာကာ သူ၏ပုဆိန်ထံသို့ စီးဆင်းလာကြသည်။ သူက လေထဲမှပင် ရာရာအား လှမ်း၍ ခုတ်ချလိုက်သည်။

ရီဖူရှင်းက လက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်ရာ ချက်ချင်းပင် ဓားဝင်္ကပါမှ သူနှင့်ရာရာကို ကွန်ချာများဖြင့် လာရောက် ရစ်ပတ်သည်။ ပုဆိန်ခုတ်ချက်ကား ကွန်ချာကို ခြစ်ရာမျှပင် မထင်။

တစ်ချိန်တည်းမှာပင် အဝေးမှ ဧရာမဓားကြီးက စူးရှသော အော်သံများပေးကာ အလင်းတန်းအလား ရီဖူရှင်းရှေ့ကို ပျံသန်း ရောက်ရှိလာသည်။ ဓားကား ဖြစ်ပျက်နေသမျှ အရာခပ်သိမ်းအား ခံစားသိရှိနိုင်စွမ်း ရှိနေသည့်အလား ထင်မှတ်ရ၏။

ရီဖူရှင်းက လက်ဆန့်တန်းကာ ဓားကို လက်နှစ်ဖက်ဖြင့် လှမ်း၍ ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် ဓားအသိများက သူ၏ခန္ဓာကိုယ်ကို စီးဆင်း သွားကြသည်။

“ကိုယ့်ညီအစ်ကိုတွေကို မကောင်းကြံတယ်… သေစမ်း…” ရီဖူရှင်းက အေးစက်စွာ ပြောသည်တွင် ဓားဝင်္ကပါမှ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာကာ လီခိုင်ရှင်းထံကို ကျဆင်းလာသည်။

“မဟုတ်ဘူး…” လီခိုင်ရှင်း၏ မျက်လုံးများက အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ဟန်များ ဖြစ်ပေါ်လာသည်။

ဓားအလင်းက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်း သွားသည်တွင် သူကား အပိုင်းအပိုင်းအစစ ဖြစ်သွားပြီး အလောင်းပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ် သွား၏။

လူအများအပြားက ထိုမြင်ကွင်းကို စိတ်နှလုံးတုန်ခါစွာ ကြည့်နေကြသည်။ လီခိုင်ရှင်းကား သေဆုံးသွားချေပြီ။

ရာရာ၏ပူးပေါင်းမှုဖြင့် ရီဖူရှင်းကား ဓားဝင်္ကပါကို အသက်သွင်း ထိန်းချုပ်နိုင်ခဲ့သည်။

ဝရော… ဝေါ… ဝုန်း…

ကျယ်လောင်သောအသံများ မြည်လာကာ စစ်တုရင်ရှန့်ထို၏ ဧရာမခန္ဓာကိုယ်ကြီးက ဓားဝင်္ကပါမှ လွတ်မြောက်ရန် ပြင်းထန်စွာ ကြိုးစားသည်။ အမှန်တကယ်လည်း သူကား ဝင်္ကပါ၏ထိန်းချုပ်မှုမှ တစ်စတစ်စ လွတ်မြောက်လာသည်ဟု ထင်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏နောက်မှ ဧရာမ မဟာလမ်းစဉ် စစ်တုရင်ခုံကြီးတစ်ခု ပေါ်လာသည်။

ရီဖူရှင်းနှင့် ရာရာတို့က လေထဲကို ပျံတက်လာကာ ဓားပန်းချီကလည်း သူတို့နှင့်အတူ လိုက်ပါ ပျံသန်းသည်။ မကြာမီ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော ဓားဝင်္ကပါကြီး တစ်ခု ကောင်းကင်၌ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

“မရဏဓားဝင်္ကပါ ပေါ်လာပြီ…” တစ်ယောက်က မှတ်ချက်ချသည်။

အလင်းတန်းများ ပြန့်ကျဲကျလာသည်။ သို့သော် ဓားအလင်းများက သူတို့ကို သေခြင်းတရား၏ အငွေ့အသက်များ ပေးစွမ်းနေဆဲ ဖြစ်သည်။

“ဆုတ်…” လက်ရှိတွင် ဓားဝင်္ကပါကြီး တစ်ခုလုံးက လေထဲကို ရောက်ရှိသွားကာ သူတို့အား ယာယီအားဖြင့် အန္တရာယ်မှ ဘေးကင်းစေသည်။ ထိုမျှသာ မဟုတ်ပေ။ မရဏတောင်မှ ဓားစွမ်းအင်များ အားလုံးကလည်း ဝင်္ကပါ၌ သွားရောက် စုစည်းကြကာ မြေပြင်ပေါ်ကို အလင်းများအဖြစ် ဖြာဆင်းလာသည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ကျောက်စီရီနှင့် တခြားလူများက သုန်မှုန်စွာ ကြည့်ကြသည်။ ရီဖူရှင်းက မရဏဓားဝင်္ကပါကို ထိန်းချုပ်ခြင်းမှာ သူတို့ တွေ့မြင်လိုသော အခြေအနေ မဟုတ်ပေ။

ကျောက်မဟာ ပြည်ထောင်မှ လူများစွာ သေဆုံးကြရသော်လည်း လျူကျောင်းက ဝင်္ကပါကို ထိန်းချုပ်ခွင့်ရစေရန် သူတို့ မျှော်လင့်မိကြဆဲ ဖြစ်သည်။

“ဆုတ်…” ကျောက်ထိုက ပြောသည်။ ယခု သူတို့ မဆုတ်လျှင် နောက်ထပ် အခွင့်အရေးရမည် မဟုတ်ပေ။

ဓားဝင်္ကပါကား မရဏတောင် တစ်ခုလုံးကို ဖျက်ဆီးရန် လုံလောက်ပေသည်။

လျူကျောင်းကလည်း နောက်ဆုတ်သည်။ သူကား လက်ရှိ အခြေအနေကို ထိန်းချုပ်ရန် မတတ်နိုင်ပေ။

“ရီဖူရှင်း… မင်းက သင်္ချိုင်းကုန်း ကျေးရွာကို စတေးနိုင်တယ်… မရဏဓားဝင်္ကပါကို အသုံးပြုပြီး စစ်တုရင်ရှန့်ထိုကို ကူညီပါ… ရှီဟွာတောင်နဲ့ ကျောက်မဟာ ပြည်ထောင်တို့နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရမယ်… မင်းကလည်း မင်းလုပ်ချင်တာတွေ ဆက်လုပ်နိုင်မယ်… မင်း ဘာရွေးမလဲ….” လျူကျောင်းက ပြောသည်။

ထိုအခိုက်တွင် စစ်တုရင်ရှန့်ထိုကား လွတ်မြောက်နေပြီ ဖြစ်သည်။ သူ့အား ထိန်းချုပ်ထားသော ဝင်္ကပါကလည်း ပင်မဝင်္ကပါနှင့် ပြန်လည် ပေါင်းစပ်ထားပြီးဖြစ်ရာ သူကား ဝင်္ကပါမှ လွတ်မြောက်ရန် ဝင်္ကပါကို ဖျက်ဆီးရန် မလိုတော့ပေ။

စစ်တုရင် မဟာလမ်းစဉ်က သူ၏နောက်တွင် ပေါ်လာကာ ရီဖူရှင်းကို စိုက်ကြည့်သည်။ ဓားအလင်း တစ်ချက်ကလည်း သူ့ထံကို ဦးတည်ထား၏။

“ငါက ရှန့်ထို သတ်ဖြတ်ခြင်းကို ရွေးတယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူ၏အသံနှင့်အတူ မရဏဝင်္ကပါ၏ ဓားအလင်းများအားလုံး အရောင်များ တောက်လာကြသည်။ သန်းပေါင်းများစွာသော ဓားများက ဓားအလင်း ဆင်းသက်ရာ နောက်ကို လိုက်ပါလာကြကာ လမ်းကြောင်း တစ်လျှောက် အရာခပ်သိမ်းကို ဖျက်ဆီးသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset