ကမ္ဗည်းစာ ဆရာများ၏ တအံ့တဩ အော်မေးသံကြီးကို ကြားလိုက်ရသောအခါ ဘေးပတ်ပတ်လည်မှ ကျောင်းသားခေါင်းဆောင်အားလုံး မှင်တက်သွားကြသည်။ သူတို့၏ အသိစိတ်များ ကယောင်ချောက်ချား ဖြစ်သွားကြပြီး ဝမ်ပေါင်လဲ့အား စူးရှစွာ စိုက်ကြည့်နေကြတော့သည်။
” အဆင့်မြင့်ကျွန်းမှာ သင်ရတဲ့ ပညာရပ်တွေဆိုပါလား ”
” ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။ သူ့ကို တစ်ယောက်ယောက်ကများ သင်ပေးထားတာလား။ ဒါပေမဲ့ အဲဒီလိုလည်း မဖြစ်နိုင်ဘူးလေ။ သူက အဆင့်နိမ့်ကျွန်းရဲ့ အခြေခံသင်ရိုးကနေ အဆင့်မြင့်ကျွန်းရဲ့ အဆင့်မြင့် ပညာရပ်တွေကိုပါ ကျိုးကြောင်းဆက်စပ်ပြီးတော့ လေ့လာခဲ့တာပဲ ဖြစ်ရမယ် ”
” သောက်ကျိုးနဲ … ဒီ…. ဒီကောင်က ဘယ်သူလဲဟ ”
သူတို့မှာ ကျောင်းသားခေါင်းဆောင်များဖြစ်ကြရာ ထိပ်တန်းအဆင့်ကျောင်းသားများ ဖြစ်ကြပြီး အခြားသူများ၏ မျက်လုံးများထဲတွင် ဂြိုဟ်သားများကဲ့သို့ပင် ဖြစ်နေကြသည်။ သို့သော် ယနေ့တွင်မူ ထိုဂြိုဟ်သားများ၏ မျက်လုံးများထဲတွင် ဝမ်ပေါင်လဲ့မှာ ဂြိုဟ်သားအစစ် ဖြစ်နေပြီဖြစ်သည်။
လင်းတျန်ဟောက်မှာလည်း အတွေးများ ယောက်ယက်ခတ်နေပြီဖြစ်ပြီး ထိုလူအုပ်ထဲတွင် အစိုးရိမ်ဆုံး ဖြစ်နေသည့်လူမှာ ချောင်ခွင်းပင် ဖြစ်သည်။ သူသည် ပါမောက္ခကြီးနှင့် ဌာနမှူးအပါအဝင် အခြားလူအားလုံးထက် ပို၍ စိတ်ဖိစီးနေရပြီ ဖြစ်သည်။
သူသည် ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင် ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့ မေးမြန်းခဲ့သော မေးခွန်းများကို ကြည့်လျှင် ဝမ်ပေါင်လဲ့၏ ကမ္ဗည်းစာကျွမ်းကျင်မှုမှာ သူ့ထက်ပင် ပို၍ သာလွန်နေသည်ဖြစ်ကြောင်း သိနိုင်၏။ ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ မြန်လာရပြီး စိုးရိမ်ပူပန်စိတ်များကြောင့် အမြင်အာရုံများ ဝေဝါးလာရတော့သည်။
” မဖြစ်နိုင်ပါဘူးကွာ။ ငါ ဒီလိုမျိုး တွေးကြောက်နေလို့ မဖြစ်ဘူး။ ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်လာခဲ့တာလေ။ သူ့ရဲ့ ကမ္ဗည်းစာကျွမ်းကျင်မှုက ငါ့လောက် မနက်နဲနိုင်ပါဘူးကွာ။ သူ ငါ့ရဲ့ ရာထူးကို စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး။ လုံးဝ စိန်မခေါ်နိုင်စေရဘူး ”
ချောင်ခွင်း၏ မျက်လုံးများမှာ ရဲရဲနီနေတော့သည်။ သူသည် သူ့ကိုယ်သူ နှစ်သိမ့်နေပါသော်လည်း သူ၏ နှလုံးသားမှာမူ တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့ကမူ သူ၏ ပတ်ပတ်လည်မှ ဆွေးနွေးငြင်းခုန်သံများကို လျစ်လျူရှုထားလိုက်သည်။ သူသည် ဗဟုသုတ ရှာဖွေရန်အတွက်သာ အာရုံအပြည့်စိုက်ထား၏။ ထို မေးလိုက်သည့် မေးခွန်းမှာ မျက်နှာဖုံးကြီးကမေးခဲ့သော မေးခွန်းများစွာထဲမှ တစ်ခုသာ ဖြစ်သည်။
ထိုမေးခွန်းမှာ ဝမ်ပေါင်လဲ့အတွက် အလွန် ရှုပ်ထွေးသော ပုစ္ဆာကြီးတစ်ခုလိုပင်။ သူသည် ထိုမေးခွန်းကို နားလည်နိုင်ရန်အတွက် အမြဲတမ်း အချိန်အကြာကြီး ပေးခဲ့ရသည်ဖြစ်ပြီး သူ အဖြေရလာသည့် အကြိမ်တိုင်း ထိုအဖြေများမှာ ကွဲပြားခြားနားနေကြသည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုကဲ့သို့သော မေးခွန်းတစ်ခုကို တွေ့လိုက်ရသည် အခါတိုင်း မိုးကြိုးပစ်ခံခဲ့ရသည်သာ ဖြစ်သည်။
ယခုတွင် သူသည် ဆရာများ၏ အဖြေကို အလွန် သိချင်နေပြီဖြစ်သည်။ သူသည် ထိုအဖြေကိုအသုံးပြု၍ သူ၏ သင်ခန်းစာများကို အကျဉ်းချုပ်ကာ ထိုကဲ့သို့သော မေးခွန်းများနှင့် ထပ်ကြုံရပါက အမှားထပ်၍ မလုပ်မိစေရန် ရည်ရွယ်ထားသည်။
သို့သော် ထိုမေးခွန်းမှာ အဆင့်မြင့်ကမ္ဗည်းစာ ပညာရပ်များနှင့် ဆက်နွယ်နေ၏။ ထို့ကြောင့် အဆင့်နိမ့်ကျွန်းမှ ဆရာများပင် ရှင်းလင်းတိကျသော အဖြေတစ်ခုကို ချက်ချင်းထုတ်မပေးနိုင်ဘဲ ဖြစ်နေရသည်။ ယခုတွင် ပါမောက္ခကြီး အပါအဝင် အဘိုးကြီးအဖွဲ့တစ်ဖွဲ့မှာ ခေါင်းချင်းဆိုင်ကာ ထိုကိစ္စကို သဲကြီးမဲကြီး ဆွေးနွေးနေကြပြီဖြစ်သည်။
ပါမောက္ခကြီးမှာလည်း ညည်းညူနေရပြီး ဆရာမုတ်ဆိတ်မှာလည်း အကြံကုန်နေပြီ ဖြစ်သည်။ အခြား ဆရာများအားလုံးမှာ ဆွေးနွေးနေကြသည့်ပုံ ပေါက်နေပါသော်လည်း အမှန်တွင်မူ သူတို့မှာ စိတ်ထဲတွင်ကြိတ်၍ အောင့်သက်သက် ရယ်မောနေကြသည်သာ ဖြစ်သည်။ မည်ကဲ့သို့ ဖြစ်နေပါသနည်း။ ကျားတစ်ကောင်ပေါ် တက်၍ ခွစီးပြီးမှ ပြန်မဆင်းနိုင်တော့သည့် ခံစားချက်ကြောင့် သူတို့မှာ ရူးသွပ်လုမတတ် ဖြစ်နေရ၏။ အဆိုးဆုံးမှာ သူတို့ ထွက်သွားခွင့် မရှိသေးသည့်အချက်ပင် ဖြစ်သည်။
သူတို့မှာ ထွက်သွားလိုက်သည်နှင့် ကျောင်းသားတစ်ယောက်၏ မေးခွန်းကို ဖြေဆိုနိုင်ခြင်းမရှိဟု ဝန်ခံရာ ရောက်သွားမည်ဖြစ်သည်။ ထိုသို့သာဆိုလျှင် အလွန် ရှက်စရာကောင်းနေမည် ဖြစ်သည်။
ထို့ကြောင့် သူတို့တစ်ယောက်ချင်းစီတိုင်း သူတို့၏ ဦးနှောက်များကို မရမက ဖျစ်ညှစ်လိုက်ကြပြီး အချိန်အတော်အတန် ကြာသောအခါမှ ဝမ်ပေါင်လဲ့အား သူလိုချင်သောအဖြေကို ပေးနိုင်လိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာမူ ထိုအဖြေကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အလွန် စိတ်လှုပ်ရှားသွားသောကြောင့် သူ၏ ရင်ဘတ်ကြီးကိုပင် ထုပစ်ချင်စိတ်များ ပေါက်လာ၏။ သူ၏ မျက်နှာမှာ ဝင်းလက်တောက်ပသွားပြီး အားမာန်အပြည့်နှင့် မေးခွန်းများကို ထပ်၍ မေးလိုက်ပြန်သည်။
ထိုသို့ဖြင့် အချိန်များ ကုန်ဆုံးသွားပြီး ညအချိန်သို့ ရောက်လာ၏။
ပါမောက္ခကြီး၊ ဌာနမှူးနှင့် ဆရာများမှာ ဝမ်ပေါင်လဲ့ မေးနေသော မေးခွန်းများမှာ ကြောက်ခမန်းလိလိ ခက်ခဲလာသည်ကို သိလိုက်ရသည်။ သူ၏ မေးခွန်းအားလုံးနီးပါး အဆင့်မြင့် ကမ္ဗည်းစာပညာရပ်များအကြောင်း ဖြစ်နေပြီဖြစ်သည်။ နောက်ပိုင်းတွင် မေးခဲ့သည့် မေးခွန်း အနည်းငယ်ဆိုလျှင် အဆင့်မြင့်ကမ္ဗည်းစာ ပညာရပ်များကိုပင် ကျော်လွန်သွားပြီး ကမ္ဗည်းစာ ခွဲခြမ်းစိတ်ဖြာခြင်းများနှင့်ပါ သက်ဆိုင်နေတော့သည်။ ၎င်းမှာ ပြည်ထောင်စုထဲရှိ အဆင့်အမြင့်ဆုံး ကမ္ဗည်းစာ သဘောတရားများထဲတွင် ပါဝင်နေသည်ဖြစ်ရာ သူတို့မှာ သည်းမခံနိုင်ကြတော့ပေ။
ထို့ကြောင့် သူတို့အားလုံး ပါမောက္ခကြီးအား အငြိုးအတေးများဖြင့် ကြည့်နေကြ၏။ ပါမောက္ခကြီးမှာလည်း ထိုအကြည့်များကြောင့် စိတ်ထဲတွင် ညည်းညူနေရတော့သည်။ သူသည် ရိုးရိုးရှင်းရှင်းသာ စာသင်ခဲ့သည်ဖြစ်ပြီး သဘောရိုးနှင့် မေးခွန်းမေးချင်သည့် လူ ရှိ၊ မရှိ မေးမြန်းခဲ့သည်သာ ဖြစ်ရာ ယခုလို ထူးဆန်းသော အခြေအနေမျိုးသို့ ရောက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူသည် ပါမောက္ခတစ်ယောက် ဖြစ်နေပါသော်လည်း ကျောင်းသားတစ်ယောက်ကြောင့် ဦးနှောက်ခြောက်နေသည့် အတွက် စိတ်ညစ်နေရ၏။ ထို့ကြောင့် ပါမောက္ခကြီးမှာ အံကြိတ်ကာ သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး အဆင့်မြင့်ကျွန်းရှိ ဓမ္မလက်နက်အဆောင်မှ သူ၏ အစ်ကိုဖြစ်သူဆီသို့ အသံထုတ်လွှင့်ကာ လှမ်း၍ အကြောင်းကြားလိုက်တော့သည်။
ကောင်းကင်တာအိုကျောင်းကို အဆင့်နိမ့်ကျွန်း နှင့် အဆင့်မြင့်ကျွန်းဟူ၍ ခွဲခြားထားသည်။ အဆင့်မြင်ကျွန်းသို့ ဝင်ခွင့်ရခြင်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်၏။ ထိုအခြေအနေသို့ ရောက်သွားလျှင် သာမန်လူသားတစ်ယောက် မဟုတ်တော့ဘဲ ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ရောက်သွားပြီ ဖြစ်သည်။
အဆင့်နိမ့်ကျွန်းရှိ ဓမ္မလက်နက်ဌာနမှာ အဆင့်မြင့်ကျွန်းရှိ ဓမ္မလက်နက်အဆောင်နှင့် သဘောတရားချင်း အတူတူပင်ဖြစ်သည်။ ထို ဓမ္မလက်နက်အဆောင်ထဲရှိ အကြီးအကဲကြီး၏ ရာထူးမှာ အခြားလူများအားလုံးထက် သာလွန်၏။ ဓမ္မလက်နက် ဆရာသခင် တစ်ယောက်သာ ထိုရာထူးကို ရယူပိုင်ဆိုင်ခွင့် ရှိသည်။
ထိုအကြီးအကဲ အကျော်အမော်ကြီးမှာ အဆင့်မြင့်ကျွန်းရှိ ဓမ္မလက်နက်အဆောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေရင်း သူ၏ညီလေး ပေးပို့လိုက်သော အသံထုတ်လွှင့်ခြင်းကို ရရှိလိုက်သောအခါ စိတ်ဝင်စားသွား၏။ ထို့ကြောင့် သူသည် စိတ်ဝင်စားမှုများ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် သူ၏ညီလေး အသံလွှင့်လက်စွပ်မှတစ်ဆင့် ပေးပို့လိုက်သော မေးခွန်းအား ကြည့်နေမိတော့သည်။
” စိတ်ဝင်စားစရာပဲ ”
သူသည် ရယ်မောကာ မတ်တတ်ထလာပြီး အပြင်ဘက်သို့ထွက်သွားလိုက်သည်။ ထိုအခိုက်တန့်တွင် သူ၏ ခြေထောက်အောက်ဘက်ရှိ မြူခိုးများမှာ ဓားပျံတစ်လက်အသွင် ပြောင်းလဲသွားပြီး သူသည် အဆင်မြင့်ကျွန်းမှနေ၍ လေပေါ်သို့ ပျံတက်လာတော့သည်။
သူသည် အလွန် မြန်ဆန်လှသောကြောင့် သက်တန့်တစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် ဟင်းလင်းပြင်ကြီးကို ဆုတ်ဖြဲပစ်လိုက်သည့်အလား အဆင့်နိမ့်ကျွန်းရှိ ပါမောက္ခတောင်ထိပ်ပေါ်တွင် ပေါ်လာတော့သည်။
သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် အားပြင်းသော အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာပြီး အသံကျယ်ကြီးတစ်သံကို ကြားလိုက်ရသည်။ ထို့ကြောင့် ပါမောက္ခတောင်ထိပ်ပေါ်ရှိ ကျေးငှက် သားရဲတိရစ္ဆာန်အားလုံး တုန်ရီသွားရုံသာမက အခြားဌာများမှ ကျောင်းသားများပင် ကြက်သေသေသွားကြပြီး အံ့ဩမှင်တက်သွားကြတော့သည်။
ပါမောက္ခတောင်ထိပ်ပေါ်မှ လူများမှာ ထို ဖိအားပြင်းသော အငွေ့အသက်ကြီးကို ပို၍ရှင်းလင်းပြတ်သားစွာ အာရုံခံမိလိုက်၏။ ထို အကြီးအကဲကြီး ပေါ်လာသောအခါ စာသင်ခန်းမထဲမှ ကျောင်းသားခေါင်းဆောင်အားလုံး အလန့်တကြား အော်ဟစ်သွားကြ၏။ ဝမ်ပေါင်လဲ့ အပါအဝင် သူတို့အားလုံး ထခုန်မိသွားကြပြီး အလျင်အမြန် လှမ်းကြည့်လိုက်ကြသောအခါ ကောင်းကင်ကြီးကို ဖြတ်သန်း၍ ရောက်ရှိလာသော ထိုအကြီးအကဲကြီးကို မြင်လိုက်ရသည်။
ထိုအကြီးအကဲကြီးမှာ နူးညံ့သိမ်မွေ့သော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားပြီး အဖြူရောင် ဝတ်ရုံရှည်ကြီးတစ်ထည်ကို ဆင်မြန်းထားသည်။ သူ၏ မျက်နှာမှာ စိုပြည်နီမြန်းနေပြီး သူ၏မျက်လုံးများမှာ လျှပ်စီးများ ကိန်းအောင်းနေသည့်အလား စူးရှတောက်ပနေ၏။ သူသည် ဓားပျံတစ်လက်ပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူမိသွားပြီး ဘေးပတ်ပတ်လည်မှ လူများအားလုံးမှာလည်း အသက်ရှူသံများ မြန်လာတော့သည်။
” ကျင့်ကြံသူတစ်ယောက်ပါလား ”
ကျန့်လျန်နှင့် သူ၏ဘေးမှ အခြားလူများမှာ တအံ့တဩ ရေရွတ်မိလိုက်ကြသည်။
ကျောင်းသားခေါင်းဆောင်အများစုမှာ စိတ်လှုပ်ရှားနေကြ၏။ သူတို့မှာ ရှေးဦးဝိညာဉ်ခေတ်ထဲတွင် ရောက်နေကြပြီ ဖြစ်ပြီး လူတိုင်း ကျင့်ကြံနေကြပြီ ဖြစ်သော်လည်း အများစုမှာ ရှေးဟောင်းသိုင်း အဆင့်ထဲတွင်သာ ရှိကြသေးသည်။ ထို ရှေးဟောင်းသိုင်းအဆင့်ကို ကျော်လွှားနိုင်သောလူများသာ အာနာပါနအဆင့်ထဲသို့ ရောက်ရှိသွားပြီး ကျင့်ကြံသူများအဖြစ် သတ်မှတ်ခံရသည်။
ထိုအကြီးအကဲကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အာနာပါနအဆင့်ထက်ပင် ပို၍သာလွန်နေသည်မှာ အထင်အရှား မြင်နိုင်၏။ သူ ရောက်ရှိလာသည်နှင့် ဖိအားကြီးများသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ကာ လူတိုင်း၏ နှလုံးသားနှင့် ဝိညာဥ်များကို တုန်ရီသွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ သူ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လူတိုင်းအား သွေးပျက်ချောက်ချားပြီး အသိစိတ်များ ပျောက်သွားသည်အထိ လုပ်နိုင်စွမ်း ရှိနေသည့်ပုံပင်။
ထိုအကြီးအကဲကြီး၏ ခြေထောက်အောက်ရှိ ဝင်းလက်တောက်ပနေသော ဓားပျံကြီးမှာ သူ၏ ဘေးနားတစ်ဝိုက်ရှိ အရာများကို တွန့်လိမ်ပုံပျက်သွားအောင် လုပ်နိုင်စွမ်း ရှိနေ၏။ ထို ဓားပျံကြီးကိုသာ ကောင်းကောင်း အသုံးချလိုက်မည်ဆိုပါက နေရာတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြမည် ဖြစ်ကြောင်း စိတ်ကူးကြည့်ရုံနှင့် သိနိုင်ပေသည်။
” အဲဒါ နတ်ဘုရားရတနာတစ်ပါးပဲ ဖြစ်ရမယ်။ ဓမ္မလက်နက်တစ်လက်တောင် ဖြစ်ရင်ဖြစ်နေနိုင်တယ် ”
ချောင်ခွင်း၏ အသက်ရှူသံများမှာ အမှားမှားအယွင်းယွင်း ဖြစ်နေပြီး အံ့ဩမှင်တက်လွန်းနေသောကြောင့် စကားမပြောနိုင်ဘဲ ဖြစ်နေရတော့သည်။
ထိုကဲ့သို့ ကြက်သေသေနေသော လူအုပ်ကြီး၏ ကြားထဲမှ ပါမောက္ခကြီးမှာ ထလာပြီး ဌာနမှူး၊ ဆရာများနှင့်အတူ အပြင်ဘက်သို့ ထွက်သွားပြီး အကြီးအကဲကြီးအား ကြိုဆိုလိုက်ကြသည်။
” မင်္ဂလာပါ အစ်ကို ”
ပါမောက္ခကြီးက လက်နှစ်ဖက်ဆုပ်၍ တရိုတသေ နှုတ်ဆက်လိုက်သည်။
အကြီးအကဲကြီးမှာမူ ကျယ်လောင်စွာ ရယ်မောရင်း ရှေ့သို့ လျှောက်လှမ်းလာသောအခါ သူ၏ ခြေထောက်အောက်မှ ဓားပျံကြီး ပျောက်ကွယ်သွားပြီး သူ၏ ဦးခေါင်းပတ်ပတ်လည်တွင် ရစ်ဝဲနေတော့သည်။ အဝေးမှကြည့်လိုက်လျှင် ထိုမြင်ကွင်းကြီးမှာ ရင်သပ်ရှုမောဖွယ်ရာပင်။ ထိုအကြီးအကဲကြီးမှာ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းလာပြီး ပါမောက္ခကြီး၏ လက်မောင်းအား ဆုပ်ကိုင်လိုက်၏။
” ဒီလို လုပ်နေစရာမလိုပါဘူး ညီလေးရာ။ မင်းက တော်တော်ကို ခေါင်းမာတဲ့ကောင်။ ထားလိုက်တော့။ ထားလိုက်တော့ ”
ထိုအကြီးအကဲကြီးနှင့် ပါမောက္ခကြီးတို့ကြားတွင် ဇာတ်လမ်းတချို့ ရှိခဲ့သည့်ပုံပင်။ အကြီးအကဲကြီးမှာ ခေါင်းယမ်း၍ စကားအနည်းငယ်မျှသာ ပြောလိုက်ပြီး ပါမောက္ခကြီးနှင့်အတူ စာသင်ခန်းမထဲသို့ လျှောက်လှမ်းသွားကာ ရှေ့တွင် ထိုင်လိုက်၏။
ဌာနမှူးနှင့် အခြားသူများအားလုံး၏ အမူအရာမှာမူ ရိုသေလေးစားမှုအပြည့် ရှိနေ၏။ သူတို့က ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အကြီးအကဲကြီး၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြသည်။
” ဒီနှစ် ကျောင်းသားတွေထဲမှာ အညွန့်တလူလူနဲ့ ကလေးတွေ အများကြီးပါတာပဲကွ ”
အကြီးအကဲက ကျောင်းသားခေါင်းဆောင်အားလုံးကို ဖျတ်ခနဲ ကြည့်ရင်း ထိုင်ချလိုက်ပြီး ရယ်မောကာဆိုလိုက်၏။ သူ၏ အကြည့်ကို ခံလိုက်ရသည့် ကျောင်းသားခေါင်းဆောင်တိုင်း ချက်ချင်းဆိုသလိုပင် နိုးကြားတက်ကြွလာကြပြီး ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လာကြ၏။
ဝမ်ပေါင်လဲ့မှာလည်း အလျင်အမြန်ပင် ရင်ကော့လိုက်၏။ သူသည် အားကျမှု အပြည့်ပါသော အကြည့်ဖြင့် အကြီးအကဲကြီးအား စိုက်ကြည့်နေ၏။ သူသည် ထိုအကြီးအကဲကြီး၏ ဓမ္မအဆောင်များကိုသာမက သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးတို့ကိုပါ အားကျနေ၏။ သူသည် ထိုကဲ့သို့ဖြစ်လာရန် ကြိုးစားနေသည်ဖြစ်ပြီး အခြား ကျောင်းသားခေါင်းဆောင်အားလုံးမှာလည်း ထိုနည်းတူပင်။
” မဆိုးဘူးပဲကွ။ မင်းတို့အားလုံးက အရမ်းကို နိုးနိုးကြားကြား ရှိကြတာပဲ ”
အကြီးအကဲကြီးက ရယ်မောကာ ချီးကျုးလိုက်သောကြောင့် ပါမောက္ခကြီးမှာ သူ့ကိုယ်သူ ကျေနပ်သွား၏။ စကားအနည်းငယ် ပြောလိုက်ပြီးနောက် ပါမောက္ခကြီးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို မေးလိုက်၏။
ထိုအခါ အကြီးအကဲကြီးမှာ သူ၏ မုတ်ဆိတ်မွေးကို ပွတ်သတ်ရင်း ဝမ်ပေါင်လဲ့အား အသိအမှတ်ပြုသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
” အမှန်ပဲ။ မင်းရဲ့မေးခွန်းထဲမှာ အဆင့်မြင့်ကမ္ဗည်းစာ ပညာရပ်တွေ ပါနေတာပဲကွ။ အဲဒီပညာရပ်က အရမ်းကို ရှုပ်ထွေးတယ်။ မင်း အဆင့်မြင့်ကျွန်းကိုရောက်ရင် အဲဒီအကြောင်းကို သင်ရမှာဆိုပေမယ့် ငါ မင်းကို အဓိကအချက်က ဘာလဲဆိုတာ ပြောပြထားမယ်။ တစ်ခွန်းထဲနဲ့ ရှင်းပြရမယ်ဆိုရင် လွယ်ကူရှင်းလင်းအောင် ပြုလုပ်ခြင်းပဲ ”
” မလိုအပ်တဲ့ ကမ္ဗည်းစာလုံးတွေကို ဖယ်လိုက်။ ကျန်ခဲ့တဲ့ ကမ္ဗည်းစာလုံးတွေက အခြေခံအကျဆုံးဆိုေတာ့ အဲဒါတွေကို ဖယ်ပစ်လို့မဖြစ်ဘူး။ ဒီ ပညာရပ်ထဲက လုပ်ငန်းစဉ်အများစုက သင်ကြားပေးလို့မရဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖန်တီးမှရတာ။ အခုလက်ရှိမှာဆိုရင် အအေးဓာတ်နဲ့ အပူဓာတ် ကမ္ဗည်းစာလုံးတွေကို လွယ်ကူရှင်းလင်းသွားအောင် ပြုလုပ်ပြီးရင် စုစုပေါင်း ကမ္ဗည်းစာလုံး အမျိုးအစား ကိုးဆယ့်ခုနစ်ခု လိုအပ်တယ်။ ဒီ လတ်တလောနှစ် အနည်းငယ်လောက်က ပြည်ထောင်စုထဲမှာရှိတဲ့ ဆရာတွေက လိုအပ်တဲ့ ကမ္ဗည်းစာလုံး အရေအတွက်ကို အနည်းဆုံးထိ လျှော့ချနိုင်အောင် လုပ်ဖို့အတွက် အများဆုံး အားစိုက်ထားကြတာ ”
” တစ်ရက်ရက်ရောက်ရင် မင်း အဲဒီ ပမာဏကို ကိုးဆယ့်ခြောက်၊ ကိုးဆယ့်ငါး ဒါမှမဟုတ် အဲဒီထက် ပိုနည်းအောင် လျှော့ချပစ်နိုင်ဖို့ ငါ မျှော်လင့်တယ် ”
အကြီးအကဲကြီး၏ အသံမှာ ရှင်းလင်းပြတ်သားနေ၏။ သူ စကားဆုံးသွားသောအခါ ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တုန်ရီသွားရသည်။ သူ၏ သံသယများအားလုံး ပျောက်ကွယ်မသွားသေးပါသော်လည်း ” လွယ်ကူရှင်းလင်းအောင် ပြုလုပ်ခြင်း” ဆိုသော စကားလုံးမှာ သူ့အတွက် လမ်းညွှန်ဆိုင်းဘုတ် တစ်ခုကဲ့သို့ ဖြစ်သွား၏။ ထိုစကားလုံးကြောင့် သူ၏ ပုံသေနည်းတွက်ချက်မှုများမှာ ပို၍ မြန်ဆန်လာတော့မည် ဖြစ်ကြောင်း ဝမ်ပေါင်လဲ့ ယုံကြည်နေ၏။ ထို့ကြောင့် သူသည် စိတ်လှုပ်တရှားနှင့် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်တော့သည်။
” ကျေးဇူးများကြီးတင်ပါတယ် အကြီးအကဲကြီး ”
အခြားသော ကျောင်းသားခေါင်းဆောင်အားလုံးက ဝမ်ပေါင်လဲ့အား အားကျသော အကြည့်များဖြင့် ကြည့်နေကြပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကြောင့်သာရောက်လာခြင်းဖြစ်ကြောင်း သူတို့အားလုံး သိသွားကြတော့သည်။
ချောင်ခွင်းမှာ စိတ်ရောကိုယ်ပါ တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ သူသည် အားကျရုံတင်မဟုတ်တော့ဘဲ အလွန်အမင်း မနာလိုဖြစ်ကာ ကြောက်ရွံ့နေရသည့် အဆင့်အထိ ရောက်နေပြီ ဖြစ်သည်။ သူ၏ ကျောင်းသားခေါင်းဆောင်ရာထူးမှာ မရေမရာ ဖြစ်နေပြီ ဖြစ်ကြောင်း သူ ခံစားလိုက်ရပြန်သည်။
” ဝမ်ပေါင်လဲ့ … မင်းမှာ တခြားမေးခွန်းတွေရှိသေးရင် မေးလို့ရတယ် ”
နောက်ဆုံးတွင် ပါမောက္ခကြီးမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချကာ ပြုံး၍ ဆိုလိုက်တော့သည်။
” တခြားမေးခွန်းတွေ ရှိသေးရင် မေးသာမေး ”
အကြီးအကဲကြီးကလည်း ပြုံးကာ ဝမ်ပေါင်လဲ့အား ကြည့်၍ ဆိုလိုက်၏။
ဤအခွင့်အရေးမှာ ကြုံတောင့်ကြုံခဲဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိသဖြင့် နောက်ထပ်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး သူ၏ ဦးနှောက်ထဲရှိ မေးခွန်းအားလုံးကို အလျင်အမြန် မေးမြန်းလိုက်တော့သည်။
” ကမ္ဗည်းစာလုံး ငါးသောင်းပါတဲ့ ပျစ်ခဲခြင်းပညာရပ်ကို ကျနော် ဘယ်လိုမျိုး ခွဲခြားသတ်မှတ်နိုင်မလဲ ”
” ဝိညာဉ်တွေကို ပျစ်ခဲသွားအောင် လုပ်တဲ့ ပျစ်ခဲခြင်းပညာရပ်ကို အာရုံခံပြီးတော့ ခွဲခြားသတ်မှတ်ရတာပဲ ”
” ကျနော် မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ကမ္ဗည်းစာလုံးအလွတ်တွေထဲမှာ ကိန်းအောင်းနေတဲ့ ကမ္ဗည်းစာလုံး တစ်သန်းတိတိကို သေချာ လေ့လာခဲ့ဖူးတယ်။ အဲဒီ ကမ္ဗည်းစာလုံးတွေက ဘယ်အရာကိုမဆို စွမ်းဆောင်နိုင်တဲ့ပုံစံ ပေါက်နေပေမဲ့ တခြား ကမ္ဗည်းစာလုံးတွေနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူး။ မသိရင် အဲဒီ စာလုံးတွေက တစ်မျိုးတစ်ဖုံ ထူးခြားနေတဲ့အတိုင်းပဲ ”
” ဟုတ်တယ်။ သူတို့က ဘယ်အရာကိုမဆို စွမ်းဆောင်နိုင်စွမ်းရှိတယ်။ အဲဒီ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ကမ္ဗည်းစာလုံးအလွတ်တွေက တကယ်တမ်း ဆယ့်သုံးလုံးပဲ ရှိတာ။ အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် မရေမတွက်နိုင်တဲ့ ကိန်းဂဏန်းတွေအများကြီး ထွက်လာတာ။ အဲဒီစာလုံးတွေက တစ်မျိုးတစ်ဖုံ ထူးခြားနေတယ်ဆိုတာလည်း အမှန်ပဲ။ ဘာလို့လဲဆိုတော့ အဲဒီ တာအိုကမ္ဗည်းစာလုံး ဆယ့်သုံးလုံးက အာကာသာဓားကြီးဆီကနေ ပေါ်လာတာမဟုတ်ဘဲ ကိုယ်ပိုင်တာအိုတစ်ခုစီကို ဖန်တီးခဲ့ကြတဲ့ ပြည်ထောင်စုထဲက တောင်ထိပ်ဆရာသခင် ဆယ့်သုံးယောက်က ထွင်ထားတာမလို့ပဲ ”
သူ၏ မေးခွန်းများမှာ ဆရာမုတ်ဆိတ်နှင့် တခြားသူများအတွက် ခက်ခဲနေပါသော်လည်း အကြီးအကဲ ဆရာသခင်ကြီးအတွက်မူ လွယ်ကူနေ၏။ သူသည် ထိုမေးခွန်းများကို ဖြေဆိုရန် စဉ်းစားနေစရာပင် မလိုပေ။
ထို့အပြင် သူ၏အဖြေများမှာ ခမ်းနားကြီးကျယ်နေ၏။ ၎င်းတို့ကို နားထောင်နေသည့်လူများမှာ စိတ်နှလုံးများ တုန်ရီသွားကြရုံသာမက ဝမ်ပေါင်လဲ့ဆိုလျှင် အလင်းရောင်များကို မြင်လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရ၏။ ထိုကဲ့သို့ မေးခွန်းမေးလိုက် အဖြေဖြေလိုက် လုပ်နေရင်း အချိန်များကုန်ဆုံးသွားပြီး အခြားသူများအားလုံးမှာလည်း ကျောက်ရုပ်များကဲ့သို့ ဖြစ်နေကြတော့သည်။
ထူးဆန်းသည်မှာ စာသင်ခန်းမထဲရှိ အခြားလူများအားလုံးမှာ အလှဆင်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲသွားသည့်ပုံ ပေါက်နေခြင်းပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် အကြီးအကဲတို့၏ အမေးအဖြေကဏ္ဍကသာ အဓိက အာရုံစိုက်စရာ ဖြစ်နေတော့သည်။
ထိုအမေးအဖြေများကြောင့် ဝမ်ပေါင်လဲ့၏ ပုံသေနည်းများကို အသုံးပြု၍ စိတ်တွက် တွက်ချက်နိုင်သည့် အမြန်နှုန်းမှာ မြန်သည်ထက် မြန်လာပြီး နောက်ဆုံးတွင် သူသည် မေးခွန်းပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းအဖြေပေးနိုင်သည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။
၎င်းမှာ သူ့အတွက်မူ ကံတရားကပေးသော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။