အပိုင်း ( ၈၁၅)

စိတ်ခန္ဓာ

“ကောင်းကင်ဘုံက စစ်တုရင်ခုံ ဖြစ်ပြီးတော့ အရှုပ်အထွေးတွေက စစ်တုရင် နယ်ရုပ်တွေပဲ။ ငါက စစ်တုရင်ကစားသမား ဖြစ်ချင်တယ်။ ဒါက စစ်တုရင်လမ်းစဉ်ပဲ” စစ်တုရင်ရှန့်ထို၏ အသံကား ခိုင်မာ ပြတ်သားစွာ ထွက်ပေါ်လာသည်။ သူကား ရှန့်ထိုဖြစ်ရန် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရ၏။ သူကား ပြည်နယ်ကိုးခု၏ နံပါတ်တစ်ဝင်္ကပါကို ပိုင်ဆိုင်ရန် မရဏတောင်သို့ ဝင်ရောက်ခဲ့သော်လည်း မရဏတောင်၌ ပိတ်မိနေရခြင်းကိုကား မလိုလားပေ။

“ကျွန်တော် နားမလည်ဘူး” ရန်ရှောင်က ပြန်ပြောသည်။

“ဒါကြောင့် မင်းက ရှန့်ထို မဖြစ်နိုင်တာပဲ” စစ်တုရင်ရှန့်ထိုက အေးစက်စွာ ပြောသည်။ “ရန်ရှောင်၊ ဆရာက မင်းအပေါ် အမြဲတမ်း မျှော်လင့်ချက် မြင့်မြင့်ထားခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့ စိတ်ဓာတ်က အားနည်းတယ်။ တကယ်လို့ မင်းသာ ရှန့်ထိုအဆင့်မှာ ရှိခဲ့ရင် ဒါတွေ ဘာမှ လုပ်စရာမလိုဘဲ ငါ့ကို ကူညီပေးနိုင်လိမ့်မယ်။ တန်ခိုးကျင့်ခြင်းက ခူးဆွတ်တာပဲ။ ကောင်းကင်ဘုံရဲ့ တာအို(လမ်းစဉ်) တွေကို ခူးဆွတ်တာပဲ”

တော်ဝင်မြေမှ လူများအားလုံးက စစ်တုရင်ရှန့်ထိုကို ကြည့်ကြသည်။ တန်ခိုးကျင့်ခြင်းက အမှန်တကယ်ကော ခူးဆွတ်ခြင်းလား။

စစ်တုရင် ရှန့်ထိုပြောသလို တန်ခိုးကျင့်ခြင်းက ကောင်းကင်ဘုံ၏ တာအိုများကို ခူးဆွတ်ခြင်း ဆိုပါက တခြား ခူးဆွတ်မရသည်များ ရှိပါဦးမည်လား။

ကောင်းကင်ဘုံက စစ်တုရင်ခုံဆိုရင် ငါက စစ်တုရင် ကစားသူပဲ ဖြစ်ရမယ်။

“ဒီလို ရက်စက်တဲ့ တာအိုကို ကျင့်ကြံတာက ဘာအဓိပ္ပာယ် ရှိလို့လဲ” ရီဖူရှင်းက စိတ်ပျက်လက်ပျက် မေးသည်။ နောက်ဆုံးတွင် သူကား နောက်ကျခဲ့သည်။ စစ်တုရင်ရှန့်ထိုက လွန်စွာ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ဝင်္ကပါအား အသက်သွင်းခဲ့ရာ နောက်ဆုတ်သူများ အားလုံး ပိတ်မိခဲ့ကြသည်သာ။ သိသာစွာပင် စစ်တုရင်ရှန့်ထိုက ကောင်းကောင်း ပြင်ဆင်ထားခဲ့သည်။

“တာအိုကို ကျင့်ကြံခြင်းက အစကတည်းက ရက်စက်တယ်။ မင်းက ကျင့်ကြံခြင်းကိုတောင်မှ သိလို့လား” စစ်တုရင်ရှန့်ထိုက ရီဖူရှင်းအား အေးစက်စွာ ပြောသည်။ သည်ခွေးကောင်က အမှန်ပင် စတေးခံဝင်္ကပါအား သိနားလည်နေသည်။ သူက သူ၏စစ်တုရင်နယ်ရုပ်မ ဖြစ်လာခြင်းအပေါ် သူက မအံ့သြတော့ပေ။ မြေရိုင်းပြည်နယ်မှ လူများမပါဘဲနှင့် သူ၏ဝင်္ကပါကား သိသိသာသာ အားနည်းသွားမည် ဖြစ်ကာ ယခင်လို ယုံကြည်ချက် မရှိတော့ပေ။ သို့သော်လည်း ရီဖူရှင်းကြောင့်ပင် သူကား မတတ်သာပဲ မြန်မြန်ဆန်ဆန်ပင် ဝင်္ကပါအား အသက်သွင်း ခဲ့ရသည်။

ယခုတွင်ကား ရီဖူရှင်းက သူ့အတွက် သေလူ ဖြစ်နေလေပြီ။

စစ်တုရင်ရှန့်ထိုက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် စိုက်ကြည့်နေသည်ကို မြင်လျှင် ရီဖူရှင်းက နောက်လှည့်ကာ စစ်တုရင်ရှန့်ထိုအား မကြည့်တော့ပေ။ သူက ယခု ဘာလုပ်ရမည်ကို သိသည်။ အကယ်၍ စစ်တုရင်ရှန့်ထိုသာ အချုပ်အနှောင်မှ လွတ်မြောက် သွားပါက သူက ကြောက်မက်ဖွယ် သေဆုံးခြင်းနှင့် တွေ့ဆုံရမည်။ သူက အသက်ရှင်ရန် ဝင်္ကပါထဲမှ မြန်ဆန်စွာ လွတ်မြောက်သွားရန် လိုအပ်၏။

“ရန်ရှောင်၊ မင်းတို့အားလုံးက ငါ့အတွက်သေရတာ နောင်တရစရာ မရှိပါဘူး” စစ်တုရင်ရှန့်ထို၏ အသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ဟိန်းလျက် ထွက်လာသည်တွင် ပြည်နယ်ကိုးခုမှ လူများအား ချောက်ချားစေသည်။

တဝုန်းဝုန်း မြည်သံများအား ကြားရ၏။ စစ်တုရင်ရှန့်ထိုက ဝင်္ကပါထဲမှ ထွက်ရန် ရုန်းကန်ခြင်း ဖြစ်သည်။ သို့သော်လည်း ဓားဝင်္ကပါထံမှ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများ အထပ်ထပ် လာရောက်ရစ်ပတ်ကြကာ သူ့အား လွတ်မြောက်ခြင်းငှာ မစွမ်းနိုင် ဖြစ်စေသည်။ တစ်နေရာတွင် ကျောက်မဟာ ပြည်ထောင်၏တန်ခိုးရှင် တစ်ယောက်ကား စစ်တုရင်ရှန့်ထိုအပေါ် ကျဆင်းလာသော တန်ပြန်ကန်အား အတွက် သေဆုံးခြင်းဖြင့် စတေးခံလိုက်ရသည်။

“စစ်တုရင်ရှန့်ထို၊ ခင်ဗျားက တကယ်ပဲ ကျောက်မဟာ ပြည်ထောင်ရဲ့ လူတွေကို သတ်ရဲတာလား။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ခင်ဗျားကို ခွင့်လွှတ်မှာ မဟုတ်ဘူး” ကျောက်မဟာ ပြည်ထောင်မှ တစ်ယောက်က အေးစက်စွာ ပြောသည်။ သူ၏စကားသံ ထွက်လာသည်တွင် ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုက သူ့ထံကို ရောက်လာပြီး အပိုင်းအပိုင်းအစစ ဖြစ်စေသည်။ တစ်ဖက်တွင် စစ်တုရင်ရှန့်ထို၏ ဖိအားများကလည်း အနည်းငယ် လျော့နည်း သွားတော့သည်။

စစ်တုရင် ရှန့်ထိုအတွက် လက်ရှိ အရေးအကြီးဆုံးမှာ သည်နေရမှ ထွက်သွားရန် ဖြစ်သည်။ ထို့အပြင် သူက စတေးမှုများအား အနည်းဆုံးဖြစ်ရန် စီမံထား၏။ သို့သော်လည်း လိုအပ်ပါက မည်သူ့ကိုမဆို သတ်ဖြတ်ရန်လည်း ဆုံးဖြတ်ထားပေသည်။

သူက မသတ်ခဲ့လျှင် ဝင်္ကပါထဲမှ လွတ်မည်မဟုတ်ပေ။

“သူ့မှာ တကယ်ပဲ ဝင်္ကပါက လွတ်မြောက်ဖို့ အခွင့်အလမ်း ရှိတယ်” တော်ဝင်မြေမှ လူများအားလုံးက စစ်တုရင်ရှန့်ထိုကို ကြည့်ကြသည်။ သူကား ပြည်နယ်ကိုးခုတွင် ဝင်္ကပါပညာ၌ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူဖြစ်သည်။ သူက ဓားဝင်္ကပါထဲ၌ ပိတ်မိနေသော်လည်း သေဆုံးခြင်း မရှိပါဘဲနှင့် ဝင်္ကပါကို ရင်ဆိုင်ထားနိုင်သည်။ ယခု များစွာသော တန်ခိုးရှင်များက သူ၏စတေးခံဝင်္ကပါထဲကို ဝင်ရောက်ခဲ့ကြရရာ သူက ဓားဝင်္ကပါကို ပိုမို၍ ဖိအားပေးကာ လွတ်မြောက် နိုင်ပေတော့မည်။

စစ်တုရင်ရှန့်ထိုသာ လွတ်မြောက်သွားပါက မည်သို့ဖြစ်မည်နည်း။

သူက ဓားဝင်္ကပါကို ဖျက်ဆီးနိုင်ပါမည်လား။

သူတို့၏အကြည့်များက ရီဖူရှင်းထံကို ရောက်သွားကြသည်။ ရီဖူရှင်းကလည်း ဝင်္ကပါကို ဖျက်ဆီးရန် ကြိုးပမ်းနေသည်ကို မြင်ကြရသည်။ သို့သော် သူကား ဝမ်ရှင်း၏ ခန့်မှန်း တွက်ချက်မှုများကို အသုံးမပြုတော့ပေ။ သူ့တွင် ထိုအတွက် အချိန်မရှိတော့ပေ။ သူကား ခြေလှမ်း တစ်လှမ်းစီအတွက် တစ်ခါတွက်ချက်မှု အပေါ် မစောင့်နိုင်တော့ပေ။

သူကား မြန်ဆန်သည်။ သို့သော် သုန်မှုန်စွာပင် မူလနေရာသို့ ပြန်ဆုတ်လာရမြဲ ဖြစ်သည်။

သူက မဖျက်နိုင်ပေ။ ဝင်္ကပါ၌ အားနည်းချက် မရှိပေ။ သည်ဝင်္ကပါကား နတ်နဂါး ကစားကွက်ထက် အဆများစွာ ကြောက်မက်ဖွယ် ကောင်းပေ၏။

သူ့တွင် ဓားပန်းချီများ ရှိသော်လည်း ဆယ်ခုမြောက် ဓားပန်းချီအား သူက နားလည်နိုင်စွမ်း မရှိခဲ့။ မဟုတ်လျှင် သူက ဤမျှအချိန်အထိ မရဏတောင်သို့ဝင်ရန် စောင့်ဆိုင်းနေမည် မဟုတ်ပေ။ သို့သော်လည်း တော်ဝင်မြေများ ရောက်လာမှုက သူ့အား မတတ်သာဘဲ မရဏတောင်သို့ ဝင်ရန်ဖြစ်လာခဲ့သည်။

သူ၏ခေါင်းထဲတွင် သူ့လှုပ်ရှားမှုများ အားလုံးကို စစ်တုရင်ဝိညာဉ်က လိုက်လံ တွက်ချက်ပေးနေသည်။ သို့သော်လည်း ဘာမှ အရာမရောက်ပေ။

ထိုအခိုက်တွင် သူက နောက်လှည့် လိုက်သည်။

ဝှီး

လေခွင်သံတစ်ခုနှင့်အတူ ကြောက်မက်ဖွယ် ဓားစွမ်းအင်တစ်ခုက ရန်ရှောင်၏ဇနီးထံသို့ ရောက်လာသည်။ ယွီကျင့်မြို့၏ နံပါတ်တစ်မိန်းမလှအား ပြင်းထန်သော ဓားအသိများ လာရောက် ဖျက်ဆီးသည်။ သူမက လေထဲတွင် ရောင်စဉ်ရောင်ဝါများ ထွန်းလင်းနေသာ ပုဂ္ဂိုလ်ကို ကြည့်သည်။ သူကား သူမဘဝတွင် အလေးစားရဆုံးသော သူဖြစ်သည်။ ယနေ့ သူမက ထိုလူ၏လက်တွင်ပင် သေဆုံးခဲ့ရ၏။

သူမက လေထဲ မပျောက်ကွယ်သွားမီ မျက်ရည်များဖြင့် ရန်ရှောင်ကို ကြည့်သည်။ မကြာမှီ သူမကား အမှုန်အမွှားများ အဖြစ် ပြောင်းလဲ သွားတော့သည်။

“စီနီယာအစ်မ” တခြားလူများက အော်ဟစ်လိုက်ကြသည်။ ထိုအခိုက်တွင် ဓားအသိများ ဆင်းသက်လာကာ စစ်တုရင်ရှန့်ထို၏ တပည့်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံး သွားကြရတော့သည်။

နောက်ဆုံးတွင်ကား တပည့် ကိုးယောက်၌ သုံးယောက်သာ ကျန်ရစ်၏။ သူတို့ကား ရန်ရှောင်၊ လီခိုင်ရှင်းနှင့် ကျင့်ကုန်းစီတို့ ဖြစ်ကြသည်။

ရန်ရှောင်ကား ရှီနှင့်ရှန့်ထိုအဆင့်မှ တန်ခိုးရှင်ဖြစ်ရာ သူ၏တောင့်ခံနိုင်စွမ်းက အမြင့်ဆုံး၌ ရှိပေသည်။ ကျင့်ကုန်းစီကား တန်ခိုးအဆင့် နိမ့်ပါးလှရာ စတေးသည့်တိုင် ဘာမှ အသုံးမဝင်ပေ။ ထို့ကြောင့် စစ်တုရင်ရှန့်ထိုက သူ့အား စတေးရန် စိတ်မဝင်စားပေ။ တစ်ဖက်တွင် လီခိုင်ရှင်းကား ဝင်္ကပါထဲမှ နောက်ဆုတ်လိုက်သည်။

“မင်း သိခဲ့တယ်” ရန်ရှောင်က လီခိုင်ရှင်းကို စားမတတ်ဝါးမတတ် ကြည့်သည်။

“အစ်ကိုကြီး၊ ဆရာအတွက် နောင်တမရဘဲ သေပါ” လီခိုင်ရှင်းက ရန်ရှောင်ကို ကြည့်ကာ ပြောသည်။

“အဲဒီအစား ဘာလို့ ခင်ဗျား မသေတာလဲ” ကျင့်ကုန်းစီက အော်ဟစ်လိုက်သည်။ သူ၏အစ်ကိုနှင့် အစ်မများ မျက်စိရှေ့တင် သတ်ဖြတ်ခံရခြင်းက သူ့အား ရူးသွပ်သွားမတတ် ဖြစ်စေသည်။ သူကား သူ၏ဆရာကို မိစ္ဆာတစ်ကောင်ကို ကြည့်သည့်အလား ရွံရှာစွာ ကြည့်နေသည်။

ဘယ်လောက် စိတ်ပျက်ဖွယ်ရာ ကောင်းသနည်း။ တော်ဝင်မြေများမှ လူများ ထိုမြင်ကွင်းကို ကြည့်ကာ မသက်မသာ ခံစားကြရသည်။ လျူကျောင်းနှင့် တခြားအရေးပါသော လူအချို့မှ လွဲကာ တခြားဝင်္ကပါထဲ ပိတ်မိသူများအားလုံး သေဆုံးကြရသည်။ အများစုက မရဏတောင်သို့ ဝင်ရာတင် သေဆုံးခြင်း မဟုတ်ဘဲ စစ်တုရင်ရှန့်ထိုအတွက် စတေးခံကာ သေဆုံးခဲ့ကြရသည်။

စစ်တုရင်ရှန့်ထိုကား အမှန်ပင် ရက်စက် ကြမ်းတမ်းပေသည်။ သူကား တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏တပည့်ရင်းများကို သတ်ဖြတ်နိုင်သည်။ သူကား ဆုံးဖြတ်ချက် ပြတ်သားကာ ရက်စက်လွန်းပေသည်။

ကြောက်မက်ဖွယ် ကောင်းသော ဓားဝင်္ကပါ၌ အက်ကွဲကြောင်းများ ဖြစ်လာကာ အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာပြီး စစ်တုရင်ရှန့်ထိုအတွက် ဖိအားများ များစွာ လျော့နည်းလာခဲ့သည်။ ရုတ်တရက် မရေမတွက်နိုင်သော စစ်တုရင်နယ်ရုပ်များ ရှေ့ကို ပျံသန်းသွားပြီး အရိပ်သဏ္ဌာန်တစ်ခုက အတားအဆီးများအား ကျော်ဖြတ်ကာ ပျံသန်း ထွက်လာသည်။

“စိတ်ဝိညာဉ်ဖြင့် ရုပ်ခန္ဓာ ဖန်ဆင်းခြင်း” အားလုံးက မှင်တက်သွားကြသည်။ စစ်တုရင်ရှန့်ထိုက လွတ်မြောက်ခြင်း မရှိသေးပေ။ သူ၏ရုပ်ခန္ဓာကား ဝင်္ကပါထဲ၌ ပိတ်မိနေဆဲဖြစ်၏။ သို့သော် နောက်ထပ် စစ်တုရင် ရှန့်ထိုတစ်ပါးက အထဲမှ ထွက်လာကာ ဧရာမဓားကြီးထံသို့ တိုးဝင်သွားသည်။

ဧရာမဓားက စူးရှသေးငယ်သော အော်ဟစ်သံများ ထွက်လာကာ အေးစက်သော အကြည့်တစ်ခုက စစ်တုရင်ရှန့်ထိုထံသို့ ရောက်လာသည်။ ကောင်းကင်ထက်၌ သွေးနီရောင် ဓားမျက်လုံး အစုံအောက်တွင် ကြောက်မက်ဖွယ် ဓားအသိများ စီးဆင်းကြသည်။ ကောင်းကင်ထက်မှ ဓားဝင်္ကပါကလည်း မြန်ဆန်စွာ လှည့်ပတ်ကြကာ စစ်တုရင်ရှန့်ထိုထံသို့ ဓားသွားစွမ်းအင်များ ကျဆင်းစေ၏။

“စစ်တုရင် မဟာလမ်းစဉ်” အေးစက်သော အသံတစ်သံကို ကြားကြရသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော နယ်ရုပ်များက ရှေ့ကို ပျံသန်းလာကာ စစ်တုရင်ခုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း

ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ခုနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာသော ဓားစွမ်းအင်ကား နယ်ရုပ်တစ်ရုပ်၏ပိတ်ဆို့ တားဆီးမှုကို ခံလိုက်ရ၏။

ပြင်းထန်စွာ ရင်ဆိုင် တိုက်ခိုက်မှုများ ကောင်းကင်ထက်တွင် အဆက်မပြတ် ဖြစ်ပေါ်လာကာ စစ်တုရင်ခုံများမှ နယ်ရုပ်များက အဆက်မပြတ် ပေါက်ကွဲပျက်စီးကြပြီး စစ်တုရင်ခုံကပင် အက်ကွဲလာနေသည်။ သို့သော်လည်း ဓားအားလှိုင်းများ အားလုံးကို သူက တားဆီးနိုင်ခဲ့သည်။ စစ်တုရင်ရှန့်ထိုက ဓားရှေ့ကို ရောက်လာကာ လက်ဆန့်တန်းသည်။

လျူကျောင်းက ထိုနေရာကို မျက်လုံးမှ အရောင်များ လင်းလက်စွာဖြင့် ကြည့်သည်။ ထိုဓားက မရဏတောင်၏ သော့ချက် ဖြစ်နိုင်ပေသည်။ ထိုဓားအား ထိန်းချုပ်နိုင်ပါက မရဏတောင်အားလည်း ထိန်းချုပ်နိုင်ပေလိမ့်မည်။

စစ်တုရင်ရှန့်ထို၏ လက်က ဓားထံကို ရောက်လုနီးပါးတွင်ပင် အလွန်ထက်ရှသော ဓားအားလှိုင်း တစ်ခုက ဓားထံမှ ထွက်ပေါ်လာသည်။ ထို့နောက်တွင် အလင်းတစ်ချက်နှင့်အတူ ဓားက မူလနေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်နေရာတွင် လူပုံသဏ္ဌာန်တစ်ခုအား မြင်ကြရ၏။ သူ၏မျက်လုံးများက ဓားသွားများအလား စူးရှကာ သူနှင့်သက်ဆိုင်သည့် အရာမှန်သမျှ ဓား၏ မူလစွမ်းအားများဖြင့် ပြည့်နှက်နေသည်ဟု ခံစားကြရသည်။

“တကယ် သူပဲ” ရှားကလန်တန်ခိုးရှင် အဘိုးအိုက ပြောသည်။ သူခန့်မှန်းသည်က မှန်ကန်နေသည်များလား။ သည်ဧရာမဓားကြီးက မရဏဓားသမား၏ နောက်လိုက်ရှန့်ထို ဖြစ်နေသည်များလား။

မရဏ ဓားသမားအား သည်နေရာတွင် အမှန်တကယ် မြှုပ်နှံ ထားသည်များလား။

ထိုအခိုက်တွင် လေထဲမှ ဓားဝင်္ကပါက ရုတ်တရက် ဒေါမာန်များ ထလာကြကာ မရမတွက်နိုင်သော ဓားသွားများက ကောင်းကင်မှ ဆင်းသက် လာကြပြန်သည်။ သို့သော်လည်း စစ်တုရင်ရှန့်ထိုက နောက်လှည့်ကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ ချက်ချင်းပင် လေထဲမှ စစ်တုရင်နယ်ရုပ် တစ်ခုက ပျက်စီးသွားပြီး ဓားစွမ်းအင်က ကောင်းကင်မှ ဆင်းသက်လာသည်။

“သတိထား” ရီဖူရှင်းက အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ့ရှေ့တွင် သင်္ချိုင်းကုန်း ကျေးရွာမှ လူတစ်ယောက်ကား ထိုနေရာတွင်ပင် အသတ်ခံရကာ ရီဖူရှင်း၏မျက်နှာအား ပြာနှမ်းစေ၏။

စစ်တုရင်ရှန့်ထိုနှင့် ဓားလူတို့အနီးမှ ဓားစွမ်းအင်များက မယုံနိုင်ဖွယ် ရုန့်ရမ်း ကြမ်းတမ်းပေသည်။ သူတို့အနီးတွင် ဓားစွမ်းအင်လေပွေ မုန်တိုင်းများနှင့် စစ်တုရင်နယ်ရုပ်များက ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်နေကြသည်။ ပြင်းထန်သော ပေါက်ကွဲမှုများ ထိုနေရာ၌ အဆက်မပြတ် ဖြစ်ပေါ်နေသည့်တိုင် စစ်တုရင်ရှန့်ထိုကား ရီဖူရှင်းနှင့်သူ့လူများကို သတ်ဖြတ်လိုနေဆဲ ဖြစ်သည်။

“ဦးလေးဖုန်း” ရာရာ၏မျက်နှာက သွေးဆုတ်သွားသည်။

“မင်းက စတေးခံဝင်္ကပါထဲကို ဝင်ရောက်ခဲ့ရင် မင်းက သေချင်မှ သေမှာ” စစ်တုရင်ရှန့်ထိုက အေးစက်စွာ ပြောသည်။

ရာရာ၏မျက်လုံးများက သွေးနီရောင်ထလာကာ သူမ၏မျက်လုံးများထဲ၌ ဓားများရှိနေဟန် ရသည်။ သူမအနီးတွင် ကြောက်မက်ဖွယ် ဓားအသိများ စီးဆင်းလာကာ ရှေးဆန်သော အငွေ့သက်များ စတင် ထွက်ပေါ်လာ၏။

ထိုအခိုက်တွင် လေထဲမှ ဓားအသိများက သူမနှင့်စတင်၍ ပေါင်းစပ်ကြသည်။

ရင်းနှီးသော ခံစားချက်တစ်ခုက ပိုမို၍ အားကောင်းလာသည်။

ရာရာက ခေါင်းမော့ကာ လေထဲမှ သွေးနီရောင်ဓားကို ကြည့်သည်။ သူမ၏ မျက်လုံးထဲတွင်လည်း တူညီသော မြင်ကွင်းတစ်ခု ဖြစ်လာ၏။ ထိုအခိုက်တွင် သူမ၏သွေးနီရောင် မျက်လုံးများက အလွန်အမင်း လင်းလက် တောက်ပနေသည်။ သူမ၏မျက်လုံးနောက်မှ မရေမတွက်နိုင်သော ဓားအသိများ ဖြစ်ပေါ်လာကာ မုန်တိုင်းတစ်ခုအသွင်ဖြင့် ရာရာထံကို လာရောက် ရစ်ပတ်ကြသည်။

ထိုမျှသာမဟုတ်ဘဲ ကောင်းကင်ထက်မှ ဓားဝင်္ကပါကလည်း သူမနှင့် စတင် ဆက်သွယ်လာဟန် ရ၏။ ဝင်္ကပါက အသက်ဝင်လာသည့်အလား အလွန်အမင်း လင်းလက် အားကောင်းလာသည်။

“ရာရာ”

ရီဖူရှင်းက ခေါင်းမော့ကာ ရာရာကို ကြည့်သည်။ ရာရာ၏ အပြောင်းအလဲများအား သူက သိပ်မအံ့သြပေ။ ရာရာက တစ်နည်းနည်းဖြင့် ဤနေရာနှင့် ပတ်သက်နေမည်ကို သူသိသည်။

စစ်တုရင်ရှန့်ထိုက ရာရာကို ကြည့်သည်။ ဝင်္ကပါကား အသက်ဝင်လာသည်။

သူက ဝင်္ကပါကို မဖျက်ဆီးနိုင်သည်မှ မထူးဆန်းတော့ပေ။ ဝင်္ကပါကား မူလကတည်းက သေဆုံးနေခဲ့၏။

“လျူကျောင်း၊ သူမက စိတ်ခန္ဓာပဲ။ သူမကို သတ်ပြီး သူမနေရာမှာ ရပ်ပြီး ဝင်္ကပါကို ဖျက်ဆီးလိုက်” စစ်တုရင်ရှန့်ထိုက အော်ဟစ်လိုက်သည်။ ရာရာကား ဓား သို့မဟုတ် ဝင်္ကပါ၏ စိတ်ခန္ဓာဖြစ်ရန် များပေသည်။

မရဏတောင်ကား အမှန်တကယ် အုတ်မြစ်နှစ်ခုရှိကာ တစ်ခုကား ဓားဝင်္ကပါနဲ့ နောက်တစ်ခုက ဝင်္ကပါ၏ ကျောရိုးဖြစ်သော သည်ကလေးမပင်။

***


Comment

Leave a Reply


Options

not work with dark mode
Reset