“ကျုပ် မကျော်ဖြတ်နိုင်ဘူး”
လျူကျောင်းက မျက်လုံးကို မှိတ်လိုက်ကာ စိတ်ပျက်လက်ပျက် ဟန်များဖြစ်လာသည်။
ရန်ရှောင်နှင့် တခြား လူများကလည်း သူတို့မှားယွင်းခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။
သည်နည်းလမ်းဖြင့် ဝင်္ကပါကို မဖျက်နိုင်ပေ။
စစ်တုရင်ရှန့်ထို ကလည်း စိတ်ပျက်ဟန်များဖြင့် ကြည့်သည်။ ထင်သည့်အတိုင်း အပြောင်းအလဲများ ဖြစ်မလာခဲ့ပေ။ ထိုနေရာသို့ ရောက်သည့်အခါ သူကလည်း မှားယွင်းသော ခြေလှမ်းကို လှမ်းခဲ့မိပြီး အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်။ လျူကျောင်းက ထူးချွန်သော်လည်း ဝင်္ကပါကား သူစွမ်းသည်ထက် လွန်ကဲနေသည်။
ဤသို့ဆိုလျှင်လည်း နောက်ဆုံး လက်ကျန်နည်းလမ်းကို အသုံးပြုရပေတော့မည်။
“လျူကျောင်း၊ ရန်ရှောင်၊ မင်းတို့က နောက်ကို ပြန်သွားပြီးတော့ ဓားဝင်္ကပါမှာ အဖွင့်တစ်ခုလောက် တွေ့နိုင်မလား ရှာကြည့်။ ငါက ဝင်္ကပါကို ဝင်္ကပါနဲ့ ရင်ဆိုင်မယ်” စစ်တုရင်ရှန့်ထိုက ပြောသည်။
လျူကျောင်း၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ သို့သော်လည်း သူက ခေါင်းညိတ်၏။
“ဟုတ်ကဲ့ဆရာ” ရန်ရှောင်နှင့် တခြားလူများက ဦးညွှတ်ကာ ပြောကြသည်။
လီခိုင်ရှင်းကလည်း ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ သူ၏ မျက်လုံးများက ထူးထူးခြားခြား စူးရှနေ၏။
လျူကျောင်းနှင့် ကျန်သော လူများ စတင်၍ နောက်ဆုတ်ကြသည်။ ထိုအခိုက်တွင် ဝင်္ကပါထဲ၌ ဘေးကင်းသော နေရာတစ်နေရာ ဖြစ်လာ၏။ လျူကျောင်း၏ အရည်အချင်းဖြင့် ဆိုပါက နောက်ဆုတ်ခြင်းကား ပြဿနာ မဟုတ်ပေ။
ထိုစဥ်မှာပင် ရီဖူရှင်းက ဝင်္ကပါထဲသို့ ဝင်လာသည်။
ရီဖူရှင်းနှင့် ဝမ်ရှင်း၏ နောက်တွင် ကြယ်တာရာ ဝင်ရိုးက လည်ပတ်သွားပြီး ထူးထွေ ဆန်းပြားသော သင်္ကေတများ ဖြစ်ပေါ်လာသည်။ ရုတ်တရက် လူအများ၏ မျက်လုံးများက နက္ခတ္တ ဗေဒပညာရှင် ဝမ်ရှင်းထံကို ရောက်လာသည်။
သို့သော်လည်း နက္ခတ္တဗေဒ ပညာရှင်များကား အသက်တိုသည်ဟု လူသိများကာ သည်အချိန်မှ ထွက်ပေါ် လာသည်မှာလည်း ထူးဆန်းသည်တော့ မဟုတ်ပေ။
မကြာမှီ ဓားစွမ်းအင်များ ပျက်ပြယ်သွားသော နေရာတစ်နေရာဖြစ်ပေါ်လာကာ မြေပြင်မှ ဓားများလည်း ကြေပျက် သွားရသည်။ ရီဖူရှင်းနှင့် သူ့လူများက ကွဲပြားခြားနားသော နေရာများတွင်ရပ်ကာ ဝင်္ကပါထဲသို့ စတင်ထွက်ခွာကြ၏။
သိသာစွာပင် ရီဖူရှင်းကလည်း လျူကျောင်းကဲ့သို့ပင် ဝင်္ကပါပညာ၌ ထူးချွန် ထက်မြက်ပေသည်။
“မဟုတ်ဘူး” ရီဖူရှင်းက ရုတ်တရက် ခေါင်းယမ်းကာ နောက်ကို ဆုတ်သွားသည်။ တစ်ဖန် ဓားဝင်္ကပါက ပုံမှန်ပြန် ဖြစ်သွားပြီ သူကြိုးစားထားသမျှ ပျက်ပြယ် သွားရသည်။
“ထပ်သွားမယ်” ရီဖူရှင်းက ဝမ်ရှင်းအား အဆိုးနှင့် အကောင်းကို တွက်ချက်စေပြီး သူ၏ဝင်္ကပါ ပညာဖြင့် နောက်ထပ် ခြေလှမ်းများကို ဆက်သွားသည်။ သူက မိမိကိုယ်ကို ယုံကြည်မှု မရှိ၍ ထိုသို့လုပ်သည် မဟုတ်ပေ။ သို့သော် သူက မြေရိုင်းပြည်နယ်မှ လူများ၏ အသက်ဖြင့် အလောင်းအစား မလုပ်ရဲပေ။ သူက လုံးဝသေချာမှ နောက်တစ်လှမ်းကို သွားနိုင်မည် ဖြစ်သည်။
“မဟုတ်သေးဘူး” ရီဖူရှင်းက အကြိမ်အနည်းငယ် ကြိုးစားကြည့် ပြီးသည့်တိုင် နောက်ကို ပြန်ဆုတ် နေရသည်။ သူ၏စစ်တုရင် ဝိညာဥ်က မြန်ဆန်စွာ တွက်ချက်နေသည့်တိုင် သူကား အောင်မြင်မှု မရနိုင်ဘဲ ဖြစ်နေသည်။
“မင်းက ဝင်္ကပါကို ဖျက်ဖို့ မဖြစ်နိုင်ဘူး။ ငါ့ကို လာကူ” ထိုအချိန်တွင် အသံတစ်သံကို ကြားရရာ ရီဖူရှင်းက လှမ်းကြည့်သည်။ ပြောလိုက်သူကား စစ်တုရင်ရှန့်ထို ဖြစ်သည်။
ယခုကား ရန်ရှောင်နှင့် သူ့လူများ၊ ရှီဟွာတောင်မှ လူများနှင့် ကျောက်မဟာ ပြည်ထောင်မှ လူများက စစ်တုရင်ရှန့်ထို ပိတ်မိနေသာ နေရာကို ဗဟိုပြု၍ ကွဲပြားခြားနားသော နေရာ၌ ရှိနေကြသည်။
ရီဖူရှင်းက မျက်မှောင်ကုပ် လိုက်သည်။ သူကား ဝင်္ကပါကို လေ့လာ ဆန်းစစ်နေရာ လျူကျောင်းတို့ တစ်သိုက် လုပ်ဆောင် နေသည်များကို သိပ်အလေးအနက်ထား မကြည့်ဖြစ်ခဲ့ပေ။ ယခု ထိုနေရာမှ အခြေအနေကို လှမ်းကြည့်ကာ သူတို့ နေရာယူထားသည်များကို သူက စစ်တုရင် ဝိညာဥ်ဖြင့် တွက်ချက်ကြည့်လျှင် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုက မှားယွင်းနေပြီ ဖြစ်ကြောင်း သူခံစားမိလိုက်သည်။
စစ်တုရင်ရှန့်ထို၏ အထက်မှ ဝင်္ကပါကို လှမ်းကြည့်ကာ တွက်ချက်မှုများ အနည်းငယ် လုပ်လိုက်သည်တွင် သူ၏အမူအရာက မြန်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။
“မြေရိုင်းပြည်နယ်က လူတွေနဲ့ ငါ့ကို ကယ်တင်ပေးရင် မင်းက ငါ့ရဲ့ ဆက်ခံသူဖြစ်မယ်။ ငါက ဝင်္ကပါပညာကို လက်ဆင့်ကမ်း ပေးမယ့်အပြင် မြေရိုင်းပြည်နယ်ကိုလည်း စောင့်ရှောက်ပေးမယ်” စစ်တုရင်ရှန့်ထိုက ဆက်ပြောသည်။
“လျူကျောင်းနဲ့ ရန်ရှောင်တို့ရဲ့ စွမ်းရည်အပြင် မင်းရဲ့ ဝင်္ကပါ ပညာကိုပါ ဖြည့်စွက်လိုက်ရင် ငါက ကိုးဆယ်ရာနှုန်း လွတ်မြောက်ဖို့ ယုံကြည်ချက် ရှိတယ်”
“ပုံမှန်အတိုင်းဆို အရှင်ပြောတာကို ယုံကြည်ပါတယ်။ ဒါပေမဲ့ အခုကတော့ ပထမဆုံး ဝင်င်္ကပါကို ဖျက်ဖို့ ကြိုးစားကြည့် ပါဦးမယ်။ အရှင့်ကို ကယ်တင်နိုင်ဖို့ အခွင့်အရေး ရှိရင်လည်း ရှိလာမှာပါ”
ရီဖူရှင်းက ယဥ်ကျေးစွာ ငြင်းပယ်သည်။
“ခေါင်းမာတယ်” စစ်တုရင်ရှန့်ထိုက ရီဖူရှင်းကို ကြည့်ကာ အေးစက်စွာ ပြောသည်။
“မင်းက ဓားဝင်္ကပါကို ဖျက်ဖို့ မဖြစ်နိုင်ဘူးလို့ ငါမပြောဘူးလား။ ငါကလွဲရင် ဘယ်သူမှ မလုပ်နိုင်ဘူး။ အခုငါ့ကို မြန်မြန်ကူညီပေး”
နတ်ဘုရား တစ်ပါးအလား သူ၏အမိန့်သံက ပတ်ဝန်းကျင် တစ်ခုလုံးကို ဟိန်းသွားသည်။ မည်သူမှ သူ၏ အရှိန်အဝါ ကြီးမြင့်သော အမိန့်ကို မနာခံဘဲ နေရဲမည် မဟုတ်ပေ။
မြေရိုင်းပြည်နယ်မှ လူများက မျက်မှောင်ကြုတ် လိုက်ကြသည်။ တကယ်တမ်း ပိတ်မိနေသူကား စစ်တုရင်ရှန့်ထိုဖြစ်ကာ သူက မောက်မာစွာ တောင်းဆိုနေသည်။ မြေရိုင်းပြည်နယ်က သူ့လက်အောက်ခံ မဟုတ်ပေ။
“စိတ်မကောင်းပါဘူး၊ ကျွန်တော် မလိုက်နာနိုင်ပါဘူး”
ရီဖူရှင်းက ပြန်ပြောသည်။ သူက ကျင့်ကုန်းစီကို ကြည့်ကာ သူ့အား သတိပေးသင့်သလား တွေးတောနေသည်။ သို့သော် သူကား စစ်တုရင်ရှန့်ထို၏ တပည့်ဖြစ်သည်။ သူက လက်မခံခဲ့ပါက မည်သို့လုပ်မည်နည်း။
“အတင့်ရဲတယ်”
စစ်တုရင်ရှန့်ထိုက အေးစက်စွာ ပြောသည်။
“မင်းက ငါ့အမိန့်ကို မနာခံတဲ့ အကျိုးဆက်ကို သိလား”
သူက ထိုသို့ ပြောလိုက်သည်တွင် လေထုက ဖိအားများဖြင့် ပြည့်နှက်သွားကာ လူတိုင်းကို ထိတ်လန့် တုန်လှုပ်စေသည်။
ရီဖူရှင်းက ဝေခွဲမရ ဖြစ်နေသည်။ သူက ရှီဟွာတောင်မှလူများ၊ ကျောက်မဟာ ပြည်ထောင်မှ လူများနှင့် ရန်ရှောင်တို့ကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ ဆက်ပြီး အသက်ရှင်ချင်ရင် အခု နောက်ဆုတ်ကြတော့ “
အားလုံးက မှင်တက်သွားကြကာ ရီဖူရှင်းကို ကြည့်ကြသည်။
ဘာကို ဆိုလိုသနည်း။
ရီဖူရှင်း၏ စကားကို ကြားသည်တွင် စစ်တုရင်ရှန့်ထို၏ မျက်လုံးများက အလွန်အမင်း အေးစက်သွားသည်။
“အစ်ကိုရီ” ကျင့်ကုန်းစီက လှမ်းခေါ်သည်။ သူနားမလည်ပေ။
“ကျင့်ကုန်းစီ၊ ငါက စစ်တုရင် ပညာစာအုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်မှတ်ထားတာကို မင်းလည်း သိလိမ့်မယ်။ လူသိနည်းတဲ့ စတေးခံ ဝင်္ကပါတွေဆိုတာ ရှိတယ်။ အခု ငါတွက်ချက်ရ သလောက် မင်းတို့အားလုံး ရပ်နေတာက စတေးခံ ဝင်္ကပါ အမျိုးအစားတစ်ခုပဲ” ရီဖူရှင်းက ပြောသည်။
“မင်းတို့ဆရာက မင်းတို့ကို ဒီနေရာ ခေါ်တာ မင်းတို့ကို စတေးပြီး သူလွတ်မြောက်အောင် လုပ်ဖို့ပဲ”
ရီဖူရှင်း၏ စကားများက ရန်ရှောင်နှင့် သူ့လူများအတွက် မိုးကြိုးဖြင့် ပစ်ခံရသလို ထိတ်လန့် တုန်လှုပ်စေသည်။
သူတို့၏ဆရာက သူတို့ကို စတေးလိုသည်လား။
လက်ရှိတွင် ကျောက်မဟာ ပြည်ထောင်မှ လူများက စစ်တုရင်ရှန့်ထို ပိတ်မိနေသာ ဝင်္ကပါပေါ်၌ ရပ်နေကြခြင်း ဖြစ်သည်။ သူတို့က စစ်တုရင်ရှန့်ထိုကို မျက်နှာများ ပြာနှမ်းလျက် ကြည့်ကြသည်။ သူတို့က ရီဖူရှင်းအပေါ် အကောင်း မမြင်သော်လည်း သူ၏စကားများကို ကြားသောအခါ သတိများ ဝင်လာကြသည်။
“ဆရာ” စစ်တုရင်ရှန့်ထို၏ တပည့်ဖြစ်သော တတိယတပည့်မက လှမ်းခေါ်သည်။ သူမက စစ်တုရင်ရှန့်ထိုအား မျက်နှာများ ပြာနှမ်းလျက် ကြည့်သည်။ သူမကလည်း ငယ်စဥ်ကတည်းက စစ်တုရင်ပညာနှင့် ရင်းနှီးကျွမ်းဝင် လာသူဖြစ်၏။ သူမ၏ဆရာက သည်ကဲ့သို့သော စစ်တုရင်ပညာအား မသင်ပေးခဲ့သော်လည်း သူမတို့ ရပ်နေကြသော နေရာများက တစ်စုံတစ်ခု လွဲမှားနေကြာင်း ခံစားမိပေသည်။
တော်ဝင်မြေများမှ လူများကလည်း စစ်တုရင်ရှန့်ထိုကို ကြည့်ကြသည်။ ထိုအခိုက်တွင် အချိန်ပင် ရပ်တန့် သွားဟန်ရ၏။
ရီဖူရှင်း၏ အမူအရာကား အလွန်အမင်း စူးရှနေသည်။ ကြည့်ရသည်မှာ စစ်တုရင်ရှန့်ထိုကား မူလကတည်းက မည်သူ့ကိုမှ ယုံကြည်ခဲ့ဟန် မရှိပေ။ နတ်နဂါး ကစားကွက်ကို ဖြေရှင်းနိုင်သူကိုပင် သူက ယုံကြည်လိမ့်မည် မဟုတ်ပေ။ သူပင် မဖြေရှင်းနိုင်သော ဝင်္ကပါအား တခြားလူများက မည်သို့ ဖြေရှင်းနိုင်မည်နည်း။ ထို့ကြောင့် စစ်တုရင်ရှန့်ထိုက သူ့အတွက် ဆက်ခံသူ ရွေးသည်မှာလည်း သူ၏အစီအစဥ် တစ်စိတ်တစ်ပိုင်းသာ။
ဤသို့သော အခြေအနေတွင် သူက ရီဖူရှင်းနှင့် လျူကျောင်းတို့အကြား မည်သူ့ကို ရွေးရမည်ကိုလည်း စဥ်းစားစရာပင် မလိုတော့ပေ။
လျူကျောင်းကား ရှီဟွာတောင်မှ တန်ခိုးရှင်များအား စတေးခံဝင်္ကပါသို့ ခေါ်ဆောင်လာနိုင်သူ ဖြစ်သည်။
လျူကျောင်း၏ လက်ရှိ အဆင့်အတန်းဖြင့် စစ်တုရင်ရှန့်ထိုနှင့် လျူကျောင်းတို့အကြား သဘောတူညီချက် အချို့ရှိမည် ဖြစ်ကြောင်း ရီဖူရှင်းက နားလည်လိုက်သည်။ မဟုတ်လျှင် သူက ရှီဟွာတောင်နှင့် ကျောက်မဟာ ပြည်ထောင်မှ လူများကို စတေးရန် ရွေးချယ်မည် မဟုတ်ပေ။
မှန်သည်၊ မူလက ဝင်္ကပါကို ရင်ဆိုင်စဥ်က ကဲ့သို့ပင် ကျောက်ထိုနှင့် ကျောက်ရာကဲ့သို့သော အရေးပါသော လူများကား ဘေးကင်းသော နေရာများတွင် ရှိပေသည်။ သိသာစွာပင် လျူကျောင်းက ထိုလူများကို မစတေးရဲပေ။
ရှီဟွာတောင်ရှန့်ထိုပင် ဤအစီအစဥ်များကို သိနားလည်ပါသေလားဟု ရီဖူရှင်းက တွေးမိသည်။ သူမသိပါက ရှီဟွာတောင်မှ လူများ၏ သေကျေမှုတွင် လျူကျောင်းက မည်သို့ တာဝန်ခံ့ပါမည်နည်း။
သူက ဤစကားများကို ပြောလိုက် ကတည်းက စစ်တုရန်ရှ့န်ထိုအား လုံးဝ ဒေါသထွက်စေမည်ကို ရီဖူရှင်းက သိပေသည်။ သို့သော်လည်း မြေရိုင်းပြည်နယ်မှ လူများကို ရီဖူရှင်းက မည်သို့ စတေးခံနိုင်ပါမည်နည်း။
ဤသို့သော အခြေအနေတွင် သူက စစ်တုရင်ရှန့်ထို၏ အကြံအစည်များကို ဖော်ထုတ်ခြင်းဖြင့် တခြားလူများကို တားဆီးရန်မှ အပ တခြားနည်းလမ်း မရှိတော့ပေ။
“အဓိပ္ပာယ်မရှိတာ။ ဝင်္ကပါကို ကြည့်၊ ဒါက ဘာအမျိုးအစားလဲ “ စစ်တုရင်ရှန့်ထို၏မျက်လုံးမှ ကြောက်မက်ဖွယ် ကောင်းသော အလင်းတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် အနီးတစ်ဝိုက်မှ လူများအားလုံးက ဖိအားတစ်ခု နှင့်အတူ ကြောက်မက်ဖွယ် ဆွဲအားတစ်ခုက စစ်တုရင်ရှန့်ထို့ထံသို့ ဆွဲငင်နေသည်ဟု ခံစားကြရသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများက စစ်တုရင်ရှန့်ထိုမှသည် သူတို့ထံသို့ စီးဆင်းလာနေ၏။
“ဘာလို့ နောက်မဆုတ် ကြသေးတာလဲ၊ သေချင်ကြလို့လား” ရီဖူရှင်းက အော်ဟစ်လိုက်သည်။
“နောက်ဆုတ်” ဤနေရာတွင် ကျောက်မဟာ ပြည်ထောင်မှ လူများကား ဆုံးဖြတ်ချက် အလွန် ပြတ်သားစွာဖြင့် နောက်ဆုတ် နိုင်ကြသည်။ သည်ဝင်္ကပါက စတေးခံဖြစ်ခြင်း မဖြစ်ခြင်းထက် သူတို့တွင် စစ်တုရင်ရှန့်ထို လွတ်မြောက်စေရန် တာဝန်မရှိပေ။
ရှီဟွာတောင်မှ လူများကလည်း စတင်၍ နောက်ဆုတ်ကြသည်။ သို့သော် သူတို့နောက်ဆုတ်ရန် ဟန်ပြင် လိုက်စဥ်မှာပင် ဓားဝင်္ကပါက သူတို့အား ရစ်ပတ်သွား၏။ သူတို့ကား ဝင်္ကပါထဲတွင် ပိတ်မိသွားပြီဖြစ်သည်။
ဧရာမစစ်တုရင်ခုံက ကောင်းကင်မှ ဆင်းသက်လာသည်။ ယခုကား သူတို့က စစ်တုရင်ခုံ၏ နယ်ရုပ်များ ဖြစ်သွားပြီး ဖြစ်သည်။ စစ်တုရင်ရှန့်ထိုထံကို ဦးတည်နေသာ စွမ်းအားများက ယခု သူတို့ထံကို ဦးတည်လာကြပြီ ဖြစ်သည်။
“ဆရာ၊ ဘာလို့လဲ” ရန်ရှောင်၏ အမူအရာက ပြာနှမ်းသွားကာ သူ၏ဆရာကို ကြည့်သည်။ သူ၏ဆရာက အဘယ်ကြောင့် ဤသို့လုပ်ရသည်ကို နားမလည်ပေ။
စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက်ကား သူတို့၏ဆရာနှင့် ပတ်သက်၍ ဂုဏ်ယူ ဝင့်ကြွားကြသူများ ဖြစ်ကြသည်။ သူတို့ဆရာက မရဏတောင်၌ ပိတ်မိသည့်တိုင် လျူကျောင်း နောက်ကို လိုက်ကာ အသက်စွန့်၍ လာရောက် ကယ်တင်ကြသည်။
တခြား တော်ဝင်မြေများက မရဏတောင်၏ လျှို့ဝှက်ချက်ကို လာရောက် ရှာဖွေကြစဥ် သူတို့ကား သူတို့၏ဆရာကို လာရောက် ကယ်တင်ကြသည်။
သို့သော် သူတို့၏ ဆရာကား သူတို့ကို စတေးရန် ကြံစည်ထား၏။
***