စာစဉ် (၁၉) အပိုင်း (၂၅၉)

ညွှန်ကြားပေးခြင်း

ညွှန်ကြားပေးခြင်း

မူလတောင်ပေါ်ရှိ တိုက်ပွဲအပြီးတွင် အပြင်ဘက်တောင်ရှိ အခြေအနေမှာ ပိုမို တင်းမာလာခဲ့သည်။ သည်ရက်ပိုင်းတွင် ရှန်ဇူတပည့်နှင့် ရှန်ဇူတိုက်ကြီးမှ မဟုတ်သော တပည့်များ အကြားတွင် ရင်ဆိုင် တိုက်ပွဲများက ခဏခဏ ဖြစ်ပွားလျက်ရှိသည်။

သို့သော်လည်း ယခင် အချိန်များထက် ပြောင်းလဲသွားသည်က ရှန်ဇူတပည့် မဟုတ်သူများက ရှန်ဇူတပည့်များ၏ အနိုင်ကျင့် ဗိုလ်ကျမှုကို မခံတော့ပဲ အချင်းချင်း စောက့်ရှောက် လာကြခြင်း ဖြစ်သည်။

ရှန်ဇူတပည့်များမှာ လူဖန်း၏ အခြားတပည့်များ အပေါ်တွင် လွှမ်းမိုးနိုင်သော အရှိန်အဝါနှင့် စွမ်းအားများကြောင့် မောက်မာဝင့်ကြွားကာ အခြားသော တပည့်များက သူတို့အား မော်ပင် မကြည့်ရဲရ လောက်အောင် ပြုလုပ်ထားခဲ့ကြသည်။ သို့သော်လည်း မူလတောင်ပေါ်မှ ဇူယွမ်နှင့် လုဖန်းတို့၏ ရင်ဆိုင်မှုအပြီးတွင် ရှန်ဇူတိုက်ကြီးမှ တပည့်မဟုတ်သူများက ဇူယွမ်၏ ဖုံးကွယ်ထားသော စွမ်းအားများကို နားလည်သွားကြသည်။

ထိုကြောင့် သူတို့အားလုံးသည် အနိုင်ကျင့် မခံကြတော့ပဲ ရှန်ဇူတပည့်များ ကိုလည်း သည်းမခံကြတော့ပေ။

ထို့ကြောင့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားသို့ ရောက်ခါနီးတွင် နှစ်ဖက်စလုံး၏ သဘောထား ကွဲလွဲမှုများက ပိုမိုမြင့်တက်လာခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်ကာ အခြားသူများထက် သာစေရန် လေ့ကျင့် နေကြတော့သည်။

တပည့်များအကြား ကွဲလွဲမှု ဖြစ်ပေါ်ခြင်းကို အပြင်ဘက်တောင်က စောင့်ကြည့် နေသော်လည်း မည်သည်မှ ပြောဆိုခြင်းမရှိဘဲ သူတို့လုပ်သမျှ အရာအားလုံးကို ခွင့်ပြုထားပေသည်။ ထိုအရာမှာ ပြောမပြထားသည့် ကန်ရွှမ်းကလန်၏ စည်းကမ်းပင် ဖြစ်သည်။

ကန်ရွှမ်းကလန်သည် ကန်ရွှမ်းကလန်တွင် ကြီးမားသော ကလန်ကြီး တစ်ခု ဖြစ်သော်လည်းပဲ သူတို့ကလန် စဉ်ဆက်မပြတ် တိုးတက် လာစေရန် ပြိုင်ဆိုင်မှုများ လိုအပ်ပေသည်။ ထိုသို့မှ မဟုတ်လျှင် ကန်ရွှမ်းကလန်က ရေစီးခြင်းမရှိသော အသက်မဲ့သည့် ရေကန်ကြီး ဖြစ်သွားပေလိမ့်မည်။

ရှန်ဇူတပည့်များနှင့် ရှန်ဇူတပည့် မဟုတ်သူများ အကြား ရင်ဆိုင်တိုက်ပွဲများကို ခွင့်ပြုပေးထားခြင်းက သူတို့ကိုယ် သူတို့ စွမ်းရည် တိုးတက်အောင် ကျင့်ကြံ လာစေနိုင်သည့် အကောင်းဆုံးသော အတွင်းအား တစ်ရပ်ပင် ဖြစ်သည်။

ထိုတိုက်ပွဲများနှင့် အတူ တိုးတက်လာခြင်း မရှိသော တပည့်များကတော့ ဖယ်ရှားခံများသာ ဖြစ်သွားပေလိမ့်မည်။

တပည့်များ အကြားတွင် သဘောထား ကွဲလွဲမှုများ ဆက်တိုက် ဖြစ်ပေါ် နေသော်လည်းပဲ ဇူယွမ်၏ အနေအထားကတော့ အားလုံးကြားတွင် ထိတ်လန့်ဖွယ် ကောင်းစွာ မြင့်မားလာပြီး လုဖန်းနှင့်ပင် တူညီသော အဆင့်အတန်း ရှိနေပေသည်။ လူအများက ဇူယွမ်ကို သည်တစ်ခေါက် အပြင်တောင် တပည့်များကြားတွင် ပထမနေရာ အတွက် ယှဉ်ပြိုင်နိုင်သည့် လူတစ်ယောက်ဟု သိလာကြပေသည်။

တကယ်တော့ ထိုထင်မြင်ချက်မှာ ရှန်ဇူတပည့် မဟုတ်သူများက  ပြောဆိုကြခြင်း ဖြစ်သည်။ ရှန်ဇူတပည့်များ ကတော့ ထိုမြင်ကွင်းကို အထင်သေးဟန်ဖြင့်သာ ကြည့်ကြပေသည်။ ဆရာချိန်းယွင်သာ မပေါ်လာခဲ့ပါက မူလတောင်ပေါ်တွင် ဇူယွမ်သာ ရိုက်နှက် ခံရလိမ့်မည်ဟု ယုံကြည်နေကြသည်။

သူတို့အားလုံး မည်သို့ပင် ပြောဆိုနေကြပါစေ ဇူယွမ်၏ တည်ရှိမှုမှာ အပြင်ဘက်တောင်တွင် လုဖန်းအောက် အနည်းငယ်မျှပင် နှိမ့်ကျခြင်း မရှိတော့ပေ။

သူတို့နှစ်ယောက် အကြားရှိ အားလုံး မျှော်လင့်နေကြသော မည်သူက ပထမနည်းဆိုသော မေးခွန်းသည် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် လူတိုင်း အဖြေသိရမည်သာ ဖြစ်သည်။

***

ယခုချိန်တွင် ဇူယွမ်က သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန်ကို ဆက်လက် ညွှန်ကြားပို့ချဆဲဖြစ်ပြီး ကျန်ရှိသော သူ၏ အချိန်အားလုံးကို သူ၏ ကျင့်ကြံခြင်းတွင်သာ နှစ်မြုပ်ထားသည်။

လုဖန်းမှာ သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပေ။ သူ့အနေဖြင့် လုဖန်းအား ရွံရှာ စက်ဆုပ်မိသော်လည်း သူ၏ သန်မာမှုက အမှန်ပင် သူ့အား ရိုက်နှက်နိုင်စွမ်း ရှိကြောင်း ဇူယွမ် ဝန်ခံရပေမည်။ ထိုအချက်က ဇူယွမ်ငြင်းမရသော အချက်ဖြစ်သောကြောင့် သူ့ကိုယ်သူ အနားမပေးရဲပေ။

ဇူယွမ်က သူ့လေ့ကျင့်မှုတွင် အာရုံစိုက်ပြီးနောက်တွင်  ချောင်းရှိုး၊ ကျောင်းခွန်၊ စုန့်ဝမ်ရှီတို့ကို သူတို့၏ မူလကျင့်စဉ်များတွင် လမ်းညွှန်ပေးမည် ပေးထားသော ကတိအား ဖြည့်ဆည်း ပေးပေရဦးမည်။

သူတို့အား သူ့ဘက်တွင် ပါအောင် စည်းရုံး သိမ်းသွင်းထားပြီး သူတို့အတွက် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် လိုအပ်သော အကူအညီများ ပေးခြင်းဖြင့် သူတို့၏ သန်မာမှုများ မြင့်တက်လာပါက အဆုံးတွင် သူ့အတွက် အကျိုးရှိပေလိမ့်မည်။

တောင်ပေါ်ရှိ စမ်းချောင်းတစ်ခု နံဘေးတွင် ဇူယွမ်က ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်လျက်ရှိပြီး ကျောင်းခွန်ကို အရင်ဆုံး လှမ်းကြည့်ကာ ပြောလိုက်သည် “မင်းလေ့ကျင့်တဲ့ မူလကျင့်စဉ်က ကောင်းကင် ကုတ်ဆွဲသော လက်မလား”

ကောင်းကင် ကုတ်ဆွဲသော လက်သည် အလယ်လတ်အဆင့် ကောင်းကင်ဘုံငယ် ကျင့်စဉ် တစ်ခုဖြစ်သည်။ ထိုအရာက စွမ်းအား ပြည့်ဝပြီး ခိုင်မာသော သဘာဝရှိသည်။ ရိုက်ချက်တိုင်းသည် လေနှင့်အတူ ပါလာပြီး သတ္တုများကိုပင် တိုဟူး တစ်လုံးလိုမျိုး ပိုင်းဖြတ်နိုင်သော ကျင့်စဉ်ဖြစ်သည်။ အဆင့်မြင့်မားသွားပါက တောင်များကိုပင် သာသာယာယာ ပိုင်းဖြတ် နိုင်ပေလိမ့်မည်။

ဇူယွမ်မေးလိုက်သော အချိန်တွင် ကျောင်းခွန်မှာ စွမ်းအားများစွာ တိုးတက်သွားမည့်ဟန် ခံစားလိုက်ရပြီး စုန့်ဝမ်ရှိတို့ လူစုမှာလည်း မျှော်လင့်ချက်များဖြင့် လှမ်းကြည့်လာကြသည်။

နေ့ရက်ပေါင်းများစွာ ကုန်ဆုံးပြီးနောက်တွင် ဇူယွမ်က သူတို့ကို စတင်ပြီး ညွှန်ကြားပေးတော့မည် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းက လုဖန်းက သူ့လူများအတွက် ကိုယ်ပိုင် သင်ကြား ပို့ချသူများကို ခေါ်ဆောင်ခဲ့သည် ဟူသော သတင်းများကို ကြားရခြင်းက သူတို့အားလုံးကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သည်လိုနှင့် ချင်းကျိန်း၊ လေဟုန်းထောင်နှင့် ရှန်ဇူတပည့်များ၏ စွမ်းအားများ တိုးတက်လာပါက သူတို့ကြားရှိ ကွာဟချက်မှာ ကြီးမားသွားပြီး နောက်ဆုံးတွင် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၌ ပထမဆယ်နေရာ အတွက် ယှဉ်ပြိုင်ရန် သူတို့အတွက် ခက်ခဲ သွားပေလိမ့်မည်။

သူတို့အားလုံးတွင် တစ်ယောက်မှ လုဖန်းနှင့် ရင်းနှီးသော အဆက်အသွယ် မရှိသောကြောင့် သူတို့၏ ကိုယ်ပိုင် သင်ကြားပို့ချသူများ ထံမှလည်း လမ်းညွှန်မှု မရရှိနိုင်ပေ။ ထိုကြောင့် သူတို့အားလုံး၏ မျှော်လင့်ချက်များကို ဇူယွမ်ပေါ်တွင်သာ ပုံထားလိုက်ကြသည်။

သို့သော်လည်း ဇူယွမ်မှာ လွန်ခဲ့သော ရက်အနည်းငယ်က အထိ ထိုအကြောင်းနှင့် ပတ်သက်ပြီး စကားအနည်းငယ်မျှ မဟသဖြင့် သူတို့အားလုံး တိတ်ဆိတ်စွာပင် စောင့်ဆိုင်းခဲ့ကြသည်။ ယခုချိန်တွင်တော့ ဇူယွမ်က သူ့သဘော ဆန္ဒအလျှောက် ထိုကိစ္စကို ထုတ်ပြောလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုပျော်ရွှင်မှုများ ထဲတွင် သံသယ အနည်းငယ် ပါဝင် နေကြသေးပေသည်။ ဇူယွမ်အနေဖြင့် မူလကျင့်စဉ် လေ့ကျင့်မှုတွင် ပါရမီရှိသည်မှာ မှန်သော်လည်း မူလကျင့်စဉ်များမှာ တစ်ခုနှင့်တစ်ခု ကွဲပြားပေသည်။ ထို့ကြောင့် ဇူယွမ်အနေဖြင့် မူလကျင့်စဉ် အားလုံးပေါ်တွင် ကျွမ်းကျင်မှု ရှိမည်လား မသေချာပေ။

ထို့ကြောင့် ဇူယွမ်ပေးထားသော ကတိနှင့်ပတ်သက်၍ သူတို့ကိုယ်တိုင် မျက်မြင်တွေ့ရမှ ယုံကြည်နိုင်မည် ဖြစ်သည်။

ကျောင်းခွန်က အနည်းငယ် ကိုးရိုးကားရားနိုင်စွာဖြင့် “ညီတော်ဇူယွမ် မင်းငါ့ကို တကယ် ကောင်းကင် ကုတ်ဆွဲသောလက် ကျင့်စဉ်မှာ ကူညီမှာလား။ မင်းအဲဒီကျင့်စဉ် နည်းလမ်းကိုရော မြင်ဖူးပြီးပြီလား”

ဇူယွမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည် “ငါအခုထိတော့ အဲဒီကျင့်စဉ်ကို မမြင်ဖူးသေးဘူး”

သူသည်တစ်ခါမှ ကောင်းကင် ကုတ်ဆွဲသောလက် ကျင့်စဉ်ကို မမြင်ဖူးချေ။ သို့သော်လည်း သူ့တွင် သူတော်စင် အနက်ဖော် မှော်စာလုံးရှိပေသည်။ ထိုကြောင့် သူ့အနေဖြင့် ကျင့်စဉ်၏ အားနည်းချက်များကို တွေ့မြင်နိုင်ပြီး ရှောင်ရှားရမည့် အချက်များ လုပ်ဆောင်ရမည့် အချက်များကို အတိအကျ လမ်းညွှန်ပေးနိုင်ပြီး ကျင့်စဉ် လေ့ကျင့်မှုတွင် တိုးတက်အောင် ပြုလုပ်ပေးနိုင်ပေသည်။

ထိုသို့သော ကိစ္စမျိုးကို မည်သည့် သင်ကြားပို့ချပေးသူမှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။

သည်အရာက သူလုပ်ပေးနိုင်သော အတိုင်းအတာပင် ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ကျင့်စဉ်များကို အချိန်ပေးပြီး လေ့လာပြီး ပိုမို နားလည်အောင်တော့ မပြုလုပ်နိုင်ပေ။ ထိုသို့ လုပ်ဆောင်ရန်လည်း အနက်ဖော် သူတော်စင်စာလုံးတွင် ထိုသို့သော အစွမ်းမရှိပေ။

ကျောင်းခွန်က ခါးသက်သက် ရယ်မော လိုက်ပြီးနောက် ဇူယွမ် ရိုးသားစွာ ပြောလာသည်ကို  တုံ့ပြန်ပြောလိုက်သည် “ကောင်းကင် ကုတ်ဆွဲသောလက်မှာ အဆင့်သုံးဆင့် ရှိတယ်။ ငါက ပထမအဆင့်ကို အောင်မြင်ပြီးသွားပြီ ဒါပေမဲ့ ဒုတိယအဆင့်ကို တက်ဖို့က ငါ့အတွက် စက္ကန့်နဲ့အမျှ ခက်ခဲနေတုန်းပဲ”

“လွန်ခဲ့တဲ့နေ့က ချင်းကျိန်းနဲ့ ငါ ဒီကျင့်စဉ် ယှဉ်ပြိုင်တာ ငါရှုံးနှိမ့်ခဲ့ရတယ်။ ငါကြားခဲ့တာတော့ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း သူတော်တော် အော်မြင်မှုအချို့ ရခဲ့ပြီး တောင်ထွတ် ရွေးချယ်မှု အခမ်းအနား မရောက်ခင်မှ ဒုတိယအဆင့်ကို ရောက်လိမ့်မယ်တဲ့”

“ကောလာဟလတွေ အရတော့ လုဖန်းက သူတို့အတွက် ကိုယ်ပိုင် သင်ကြားပို့ချသူ အချို့ကို ငှားရမ်းခဲ့တယ်ဆိုပဲ”ထိုအချက် အရောက်တွင် ကျောင်းခွန်က အံကြိတ်လိုက်လေသည်။

ဇူယွမ်က ထိုစကား ကြားရချိန်တွင် အသာအယာ ခေါင်းညိတ်လိုက်သည်။ သူလည်းပဲ ထိုသတင်းများကို ကြားမိပေသည်။ ထိုသတင်း အချက်အလက်များကြောင့် ကျောင်းခွန်၊ စုန့်ဝမ်ရှီနှင့် ချောင်းရှိုးတို့မှာ စိတ်များ ပျံ့လွင့်နေကြပြီ ဖြစ်သည်။ ထိုကြောင့် ဇူယွမ်က သည်နေ့တွင် သူတို့အား ခေါ်လိုက်ခြင်း ဖြစ်သည်။ သူသာ ဆက်လက်ပြီး နှောင့်နှေး ကြန့်ကြာနေလျှင် မကြာမီပင် ကျောင်းခွန်တို့လူစုမှာ စိတ်ဓာတ်များ ကျဆင်းသွားပြီး သူတစ်ယောက်သာ ကျန်ခဲ့ပေတော့မည်။

သည်အရာက သူ့လူများ၏ သူ့အပေါ်ယုံကြည်မှုကို ပျက်စီးစေရန် ဆောင်ရွက်သည့် လုဖန်း၏ နောက်ထပ် အစီအစဉ်တစ်ခု ဖြစ်သည်။

ဇူယွမ်က အချိန်ထပ်မဖြုန်း လိုတော့သည့် အတွက် တစ်ခါတည်း ညွှန်ကြားလိုက်သည် “ကောင်းကင် ကုတ်ဆွဲသောလက်ကို ထုတ်ဖော်လိုက်”

ဇူယွမ်၏ တည်ငြိမ်နေမှုကို မြင်ရသောအခါ ကျောင်းခွန်က အနည်းငယ် ကသိကအောက် ခံစားလိုက်ရသည်။ သို့သော်လည်း ကြည့်ရသည်မှာ ဇူယွမ်တွင် ယုံကြည်မှု အချို့ ရှိပုံရကြောင်းလည်း ခံစားမိလိုက်သည်။

ကျောင်းခွန်မှာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းမှ မူလချီများကို စတင် နှိုးဆော်လိုက်သည်။ သူ၏ လက်နှစ်ဖက်မှာ စတင်ပြီး အနည်းငယ် ကြီးထွားလာခဲ့ပြီး မူလချီများက ထိုလက်၏ ပတ်ပတ်လည်တွင် တောက်ပသော သင်္ကေတများ ဖြစ်ပေါ်လာသည်။

သူ၏ ပတ်ပတ်လည်ရှိ လေထုပင် ကုတ်ဆွဲခံရပြီး အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ကျယ်လောင်သော မာန်သွင်းသံနှင့်အတူ ကျောင်းခွန်၏ လက်က မြေပေါ်သို့ မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ကုတ်ဆွဲလိုက်လျှင် သူ၏ရှေ့၌ ပေ(၉ဝ)ကျော် ရှည်လျားသော အက်ကြောင်းကြီး အဖြစ် မြေပြင်ကို နှစ်ခြမ်းကွဲသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ တပည့်များအားလုံးမှာ အံ့အားသင့်စွာ သက်ပြင်း ချလိုက်ကြသည်။ ကောင်းကင် ကုတ်ဆွဲသောလက်မှာ တကယ့်ကို ရက်စက်ကြမ်းကြုတ်ပြီး အဆင့်အတန်း မြင့်မားလှပေသည်။

“ကောင်းကင် ကုတ်ဆွဲသောလက်ရဲ့ အဆင့်တွေကို သူတို့ ကုတ်ဆွဲနိုင်တဲ့ အကျယ်အဝန်းနဲ့ သတ်မှတ်ကြတယ်။ ပြောကြတာတော့ ဒုတိယအဆင့် ရောက်ရင် ပေ(၂၄ဝ)အထိ ကုပ်ဆွဲနိုင်တယ်တဲ့ အခုတော့ ငါက ပေ(၉ဝ)အထိပဲ ကုတ်ဆွဲနိုင်သေးတယ်” ကျောင်းခွန်က အနည်းငယ် ဝမ်းနည်းနေဟန်ဖြင့် ပြောသည်။

“ဒါပေမဲ့ ငါ့ရဲ့ တိုးတက်မှုနှုန်းက အရမ်းကို နှေးကွေးလွန်းတယ်။ ငါရက်အချို့ မရပ်မနား လေ့ကျင့်တာတောင်မှပဲ (၃)ပေလောက် တိုးလာအောင်ပဲ လုပ်နိုင်တယ်။ ဒီနှုန်းအတိုင်းဆို နှစ်ဝက်လောက် နေမှပဲ ဒုတိယအဆင့်ကို ရောက်မယ်ထင်တယ်”

“ညီတော် ဇူယွမ် ငါဘာလုပ်ဖို့ လိုအပ်လဲ” သူက မျှော်လင့်ချက် မဲ့နေသော မျက်ဝန်းများဖြင့် ဇူယွမ်ကို လှမ်းကြည့်လိုက်သည်။

အခြားသော တပည့်များသည်လည်း ဇူယွမ်ကို ကိုးရိုးကားရား လှမ်းကြည့် လိုက်ကြသည်။ သူသာ ကျောင်းခွန်၏ ပြဿနာကို ဖြေရှင်းပေးနိုင်လျှင် သူတို့အားလုံး ပိုမို ယုံကြည်လာကြမည် ဖြစ်သည်။

ဇူယွမ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းနေပြီး ရှေးဟောင်း စာလုံးတစ်ခုက သူငယ်အိမ်၏ အနက်ရှိုင်းဆုံးသော နေရာတွင် လည်ပတ်နေခဲ့သည်။ အစောပိုင်း ကောင်းကင် ကုတ်ဆွဲသောလက်ကို ကျောင်းခွန် ထုတ်သုံးလိုက်စဉ်က သူ၏ သွေးကြောများနှင့် မရီဒန်များ ထဲတွင် မူလချီများ မည်သို့ လည်ပတ်နေသည်ကို ရှင်းလင်းစွာ တွေ့ခဲ့ရသည်။

အချို့သော နေရာများတွင် မူလချီလည်ပတ်မှုက နှေးကွေး လေးလံသွားသည်ကို ဇူယွမ် မြင်တွေ့လိုက်ရသည်။

ဇူယွမ် မည်သည့်စကားမှ မပြောသည်ကို တွေ့ရသော အခါ လူတိုင်းက တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင် လေထုမှာ စတင်ပြီး တင်းကျပ်လာခဲ့သည်။

ခဏအကြာတွင် ဇူယွမ်က သူ၏ အကြည့်ကို ပြန်ရုပ်သိမ်း လိုက်ပြီးနောက် တင်းကျပ်နေသော မျက်နှာထားများနှင့် လူအုပ်ကြီးကို ကြည့်ကာ ရယ်မောလိုက်ပြီး “ပြဿနာ မရှိပါဘူး ဒါက ရိုးရှင်းပါတယ်”

လူတိုင်းက ကြက်သေ သေနေကြပြီး ကျောင်းခွန် လည်းပဲ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေကာ အချိန်အတန်ကြာ အထိ စကားမပြောနိုင် ဖြစ်နေသည်။

ဇူယွမ်က သူတို့၏ အမူအရာများကို အရေးစိုက် မနေတော့ပေ။ သူက ကောင်းကင်ဘုံ ယွမ်စုတ်တံကို ဆုပ်ကိုင်လိုက်ပြီး နှင်းဖြူရောင် အမွေးအမှင်များက ထွက်ပေါ်လာကာ ကျောင်းခွန်၏ ခန္ဓာကိုယ်ပေါ်ရှိ အချို့သော နေရာများကို အမှတ်အသား ပြုလုပ်လိုက်သည် “မင်းရဲ့ မူလချီတွေကို အမြန်နှုန်း(၃ဝ%) စွမ်းအား (၄ဝ%)နှုန်းလောက် တိုးပြီးတော့ အဲဒီအမှတ်တွေကို ဖြတ်ပြီး လည်ပတ်လိုက်”

ကျောင်းခွန် အနည်းငယ် တုန်လှုပ်သွားသည်။ သူက အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော်လည်းပဲ အဆုံးတွင် သူက ခေါင်းညိတ်လိုက်ပြီး မူလချီများကို လှည့်ပတ်လိုက်သည်။ ဇူယွမ် မှတ်သားထားသော အမှတ်များသို့ ရောက်သော အချိန်တွင် ကျောင်းခွန်က ဇူယွမ်ပြောသည့် အတိုင်း တစ်သဝေမတိမ်း လိုက်တိုးမြှင့်လိုက်သည်။

ဘန်း …

ကုတ်ဆွဲသော ချီများက ကျောင်းခွန်၏ လက်ဖဝါးမှ ထွက်ပေါ်လာခဲ့ပြီး အောက်သို့ ကြမ်းတမ်းစွာ ကုတ်ဆွဲချလိုက်သည်။

ဘုန်း …

သည်တစ်ကြိမ်တွင် မြေပြင်မှာ ပို၍ကျယ်သော အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားသည်။

ထိုအခိုက်မှာ စုန့်ဝမ်ရှီ၊ ချောင်းရှိုးတို့ လူစု၏ မျက်လုံးများမှာ ပြူးကျယ် သွားတော့သည်။

အခုအချိန် တိုက်ခိုက်မှုတွင် အက်ကြောင်းကြီးမှာ (၁၂၉)ပေသို့ ရောက်ရှိသွားခဲ့သည်။

အစောပိုင်းက ကုတ်ဆွဲခဲ့သော ပေ(၉ဝ)ကျော်သည့် အက်ကြောင်းနှင့် နှိုင်းယှဉ်ပါက (၂၄)ပေ တိုးလာခြင်း ဖြစ်သည်။

လူတိုင်းက ဇူယွမ်ကို ထိတ်လန့်တုန်လှုပ်စွာ လှမ်းကြည့်လိုက်သည်။ ဇူယွမ်၏ အနည်းငယ်သော ညွှန်ကြားမှုလေးက ဤမျှအထိ တိုးတက် သွားသည်တဲ့လား။

ကျောင်းခွန်လည်း ထိုနည်းတူစွာ တုန်လှုပ်နေမိပေသည်။ သူက ဇူယွမ်အား အချိန်အတော်ကြာသည် အထိ တောက်လောင်နေသော မျက်ဝန်းများနှင့် စိုက်ကြည့်နေခဲ့သည်။ မိမိကိုယ်ကို အမြဲဂုဏ်ယူနေသည် သူပင်လျှင် တုန်လှုပ်စွာဖြင့် ပြောလိုက်သည် “ညီတော် ဇူယွမ် မင်းကို လုံးဝ ယုံကြည်သွားပြီ”

အခြားသော တပည့်များကလည်း ဇူယွမ်ကို လောင်မြိုက်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့် လိုက်ကြသည်။

စုန့်ဝမ်ရှီက လှပသော မျက်လုံးရွဲကြီးများဖြင့် ဇူယွမ်ကို လှမ်းကြည့်လိုက်ကာ ညင်သာချိုမြသော အသံလေးနှင့် ပြောလိုက်သည် “မောင်ငယ်လေး ဇူယွမ် အစ်မကိုလည်း အစ်မရဲ့ အနက်ရောင် ယင်သိုင်းကျမ်းနဲ့ ပတ်သက်ပြီး ညွှန်ပြ ပေးနိုင်မလား”

“အစ်ကိုလေးယွမ် ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ လောင်မြိုက်နေသော မိုးကြိုးကို ညွှန်ပြပေးပါဦး”

“အစ်ကိုလေးယွမ် ကျေးဇူးပြုပြီး”

“ငါ့ရဲ့ … ငါ့ရဲ့ ထောင်ချီသော လှိုင်းများ …”

“ … ”

ဆူညံသံများသည် တောင်ကျ စမ်းချောင်း တစ်ခွင်တွင် ပျံ့နှံ့သွားပြီး ရေစီးသံများကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

ဇူယွမ်၏ ကြောက်မက်ဖွယ် ကောင်းသော မူလကျင့်စဉ် ပါရမီကြောင့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား အတွက် များစွာသော တပည့်များက ယုံကြည်မှုရှိလာခဲ့ပြီ ဖြစ်သည်။

သည်လိုသာဆိုပါက တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် ပထမဆယ်နေရာမှ ခြောက်နေရာ ရရန်မှာ တကယ်ကို  ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။


Comment

Leave a Reply


Options

not work with dark mode
Reset