” ညီလေးပေါင်လဲ့ … ဝိညာဉ်ချီတွေကို စုစည်းနိုင်တဲ့ ကမ္ဗည်းစာလုံး အရေအတွက် တစ်ထောင်ကျော် ရှိနေရတဲ့ အကြောင်းအရင်းက အဆောင်ကို သန့်စင်တဲ့အချိန်မှာ မတူညီတဲ့ အခြေခံပစ္စည်းတွေရဲ့ အသုံးဝင်မှုအပေါ် လိုက်ပြီးတော့ ပြောင်းလဲလို့ပဲ။ ပြီးတော့ ဝိညာဥ်အမြုတေတွေနဲ့ အခြေခံပစ္စည်းတွေရဲ့ ကြားမှာရှိတဲ့ ခြားနားမှုကြောင့် ဝိညာဉ်ချီစုစည်းနိုင်တဲ့ ကမ္ဗည်းစာလုံးကို ရွေးချယ်ရုံနဲ့ မပြီးသေးဘူး။ ပေါင်းစည်းတဲ့နေရာမှာလည်း မှန်မှန်ကန်ကန်ဖြစ်အောင်လို့ ထိန်းညှိပေးရသေးတယ် ”
ချောင်ခွင်းမှာ ထိုသို့ရှင်းပြလိုက်သည်နှင့် တစ်ပြိုင်နက် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သော အငွေ့အသက်တစ်မျိုးကို ပိုင်ဆိုင်သွားသည့်အလားပင်။ သူသည် ကမ္ဗည်းစာလုံးများကို ပိုင်နိုင်ကျွမ်းကျင်နေသောကြောင့် ပြဿနာတစ်ခုအား ချက်ချင်းပင် ဖြေရှင်းနိုင်စွမ်းရှိနေ၏။
ချောင်ခွင်းမှာ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်လာရန်အတွက် ကမ္ဗည်းစာလုံးများကို လေ့လာရာတွင် ထိပ်ဆုံးအဆင့်သို့ ရောက်အောင် လုပ်ခဲ့ရသည်။ သို့သော် သူသည် ကမ္ဗည်းစာလုံးများကို ကျွမ်းကျင်ပိုင်နိုင်နေပါသော်လည်း သူ၏ အကျင့်စရိုက်မှာ ကောင်းမွန်သည်ဟု မဆိုနိုင်ပေ။
အမှန်တွင် ချောင်ခွင်းမှာ ယခင်ကတည်းက သဘောထား သိမ်ဖျင်းသည်။ သူ၏ အကျင့်စရိုက်မှာ သေးငယ်သော ကိစ္စလေးများကိုပင် ခွင့်လွှတ်နိုင်စွမ်း မရှိသောကြောင့် ဓမ္မလက်နက်ဌာနရှေ့တွင် သူ့အား ရိုက်နှက်ကန်ကျောက်ကာ အရှက်ခွဲခဲ့သည့် ဝမ်ပေါင်လဲ့အား အရိုးစွဲအောင် မုန်းတီးနေ၏။
ယခုတွင် သူသည် အခွင့်အရေး ရသွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့အား ရက်ရက်စက်စက် ချိုးနှိမ်ကာ ပါမောက္ခကြီး၏ရှေ့တွင် အရှက်ခွဲရန် အလွန် စိတ်အားထက်သန်နေတော့သည်။
” ညီလေးပေါင်လဲ့က အစ်ကို ပြောနေတဲ့စကားတွေကို နားလည်မလား၊ မလည်လားဆိုတာတော့ အစ်ကို မသိဘူး။ ညီလေး နားမလည်သေးဘူးဆိုရင်လည်း အစ်ကို တခြား ဘာလုပ်ရမှန်း မသိတော့ဘူး။ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးစည်းစိမ်းတွေထဲမှာ ယစ်မူးနေမဲ့အစား ကမ္ဗည်းစာလုံးသင်ပေးတဲ့ အတန်းတွေကို လိုက်တက်ဖို့ အစ်ကို အကြံပေးချင်တယ်။ အဲဒီလို ယစ်မူးနေတာက မသင့်တော်ဘူး။ ပြီးတော့ ဒီလို ရိုးရှင်းတဲ့ မေးခွန်းတွေကို ထပ်မေးပြီးတော့ ဒီနေရာမှာ ကိုယ့်ကိုယ်ကို အရှက်မခွဲပါနဲ့ကွာ။ ညီလေးဆီမှာ မေးစရာတွေကျန်သေးရင် ပါမောက္ခကြီးကို မေးနေစရာမလိုပါဘူး။ အစ်ကို ဖြေပေးပါ့မယ် ”
ချောင်ခွင်းမှာ မောက်မာပြီး အပြစ်တင်သောလေသံဖြင့် အထက်စီးမှနေ၍ ဆက်ဆံပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူသည် စကားဆုံးသွားသောအခါ နောက်သို့လှည့်၍ သမားတော်အိုကြီးအား အရိုအသေပေးကာ ပြန်ထိုင်လိုက်၏။
ဘေးနားတွင်မူ လင်းတျန်ဟောက်မှာ ချောင်ခွင်းအား လှမ်းကြည့်၍ ပြုံးလိုက်၏။ အခြားဌာနမှ ကျောင်းသားခေါင်းဆောင်များကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စကားတစ်ခွန်းမှ မပြောကြပေ။ သမားတော်အိုကြီးကမူ ဓမ္မလက်နက်ဌာနမှ ကျောင်းသားခေါင်းဆောင်များမှာ သင့်မြတ်မှု မရှိကြကြောင်း သိထားပါသော်လည်း ကျောင်းသားများ၏ ကြားမှ ကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိပေ။
” နောက်ထပ် မေးခွန်းတွေ ရှိသေးလား။ မရှိတော့ဘူးဆိုရင် ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့ ”
သမားတော်အိုကြီးမှာ ထိုသို့ဆိုလိုက်ပြီး မတ်တတ်ထကာ သူ၏သင်တန်းကို အဆုံးသတ်ရန်ပြင်လိုက်၏။
” ပါမောက္ခကြီး … ကျနော့်မှာ မေးခွန်းတစ်ခု ကျန်ပါသေးတယ် ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး အသက်ရှူသံများပင် အတန်ငယ် မြန်ဆန်လာ၏။
အခြားတချိန်တွင်ဆိုလျှင် ချောင်ခွင်း၏ လှောင်ပြောင်မှုကို သူ ပြန်လည်တုံ့ပြန်လိုက်မည်သာ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ သူ၏အတွေးထဲရှိ ကမ္ဗည်းစာလုံးများနှင့် ပတ်သက်သော မေးခွန်းများထဲတွင် နစ်မျောနေခဲ့သည်ဖြစ်ပြီး ချောင်ခွင်း၏ အဖြေမှာ သူ့အား ဉာဏ်အလင်း ဖွင့်ပေးလိုက်သကဲ့သို့ပင်။ သူ၏ အတွေးထဲတွင် ရှိနေခဲ့သော ဝိညာဉ်ချီကမ္ဗည်းစာလုံးများနှင့် ပတ်သက်သည့် မေးခွန်းများစွာ ထိုအခိုက် ချက်ချင်းပင် အဖြေပေါ်သွားခဲ့၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ လျင်မြန်စွာ တွက်ချက်လာနိုင်တော့မည်ဟု ယုံကြည်သွား၏။ ထို့နောက် သူသည် သမားတော်အိုကြီး၏ ခွင့်ပြုချက်ကို ရလိုက်သောအခါ ချောင်ခွင်းအား ချက်ချင်းပင် မေးလိုက်၏။
” အစ်ကိုချောင် … ကမ္ဗည်းစာလုံး အဘိဓာန်ထဲမှာ ရှိတဲ့ အမှတ်စဉ် သုံးသောင်းတစ်ထောင့်လေးရာကိုးဆယ့်ငါးလုံးမြောက်က ကမ္ဗည်းစာလုံးအလွတ်က အချိန်၊ လ နဲ့ စိုထိုင်းမှု မတူရုံနဲ့ ထွက်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေကလည်း မတူတော့ဘူးလို့ ဘာလို့ ဖော်ပြထားတာလဲ ”
ထိုမေးခွန်းကြောင့် ဝမ်ပေါင်လဲ့မှာ သူ တွက်ချက်သည့်အခါတိုင်း အချိန်အများကြီး ကုန်ခဲ့ရသည်။ သူသည် အဖြေကို တွက်ထုတ်နိုင်ပါသော်လည်း အခြေခံသဘောတရားကို နားမလည်ပေ။ ကမ္ဗည်းစာလုံးအဘိဓာန်ထဲတွင် ထိုကဲ့သို့ အသုံးမဝင်သော ကမ္ဗည်းစာလုံးအလွတ်များ သောင်းဂဏန်းအထိ ပါဝင်နေသည်။ သို့သော် ကမ္ဗည်းစာလုံးများကို အဓိပ္ပါယ်ဖော်ရန်အတွက် ထို စာလုံးများအားလုံးကို လိုအပ်ပေသည်။
” ဒါက…. ”
ချောင်ခွင်းမှာ တခဏမျှ ဆွံ့အသွားရ၏။ ဝမ်ပေါင်လဲ့၏ ပထမဆုံးမေးခွန်းမှာ ရိုးရှင်းသည်ဟု သူ ယူဆခဲ့ပါသော်လည်း ထိုဒုတိယမေးခွန်းမှာ သိသိသာသာ အဆင့်မြင့်လာပြီ ဖြစ်သည်။ ထိုမေးခွန်းမှာ ကမ္ဗည်းစာလုံးအလွတ်အကြောင်း ဖြစ်သောကြောင့် ချောင်ခွင်းမှာ တွေဝေတုံ့ဆိုင်းသွားရပြီး အချိန်အတော်အတန်ကြာအောင် ခက်ခက်ခဲခဲ စဉ်းစားလိုက်ပြီးမှ အဖြေပေးနိုင်လိုက်သည်။
သို့သော် သူ ထိုကဲ့သို့ ဖြေပြီးလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ အားမာန်အပြည့်ဖြင့် မေးခွန်းအသစ်တစ်ခုကို မေးလိုက်ပြန်သည်။
” အစ်ကိုချောင် … ကမ္ဗည်းစာလုံးတွေရဲ့ မှတ်ချက်တွေထဲက တာအိုကမ္ဗည်းစာလုံး ခုနစ်သိန်းကိုးသောင်းသုံးလုံးမြောက်မှာ လေ့လာသူရဲ့ အယူအဆအတိုင်း မှတ်ယူဖို့ ရေးထားတယ်။ ကျနော် အဲဒါနဲ့ ပတ်သက်ပြီးတော့ သံသယ သိပ်မကင်းဘူး ဖြစ်နေလို့ ”
” အစ်ကိုချောင် … ကမ္ဗည်းစာလုံး နံပါတ် ကိုးသိန်းနဲ့ ကိုးသိန်းတစ်သောင်း ကြားထဲမှာ ရေနွေးငွေ့မှော်ကျောက်စာကမ္ဗည်းစာလုံးတွေကို ထပ်ခါထပ်ခါ ထည့်ထားတာ။ အဲဒီလို ထည့်ထားရတဲ့ အကြောင်းအရင်းကို ကျနော် နားမလည်ဘူး။ ကျေးဇူးပြုပြီးတော့ အစ်ကိုချောင် ရှင်းပြနိုင်မလား…. ”
” အစ်ကိုချောင်။ ပြီးတော့လေ ဝိညာဉ်ငှားခြင်းလည်း ရှိသေးတယ်….. ”
ထိုသို့ဖြင့် သူ၏ မေးခွန်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်ထွက်လာပြီး ပို၍ ခက်ခဲလာ၏။ ချောင်ခွင်းမှာ နဖူးပေါ်မှ ချွေးများစီးကျလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချွေးများရွှဲနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား တိုးတိုးလေး ကျိန်ဆဲနေတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းများကို တမင်တကာ မေးနေခြင်း ဖြစ်ရမည်ဟု သူက ယူဆလိုက်၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား ရှင်းပြပေးမည်ဟု ဆိုခဲ့မိသည် ဖြစ်ရာ ငြင်းဆိုရန် အခက်တွေ့နေရပြီဖြစ်သည်။ သူ၏ ရင်ဘတ်မှာ မြင့်ချည်နိမ့်ချည် လှုပ်ရှားနေပြီး အရူးမီးဝိုင်း ဖြစ်နေရပြီ ဖြစ်သည်။ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ၏ မေးခွန်းများကို မဖြေနိုင်ရသည့် ခံစားချက်ကြောင့် ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။ ထို့အပြင် ” အစ်ကိုချောင် ” ဆိုသော စကားလုံးသုံးလုံးကို ကြားလိုက်သည့်အခါတိုင်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် နီမြန်းနေသော မျက်လုံးများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်တော့သည်။
လင်းတျန်ဟောက်မှာလည်း တဖြည်းဖြည်း မျက်မှောင်ကြုတ်လာ၏။ သူကိုယ်တိုင်ပင် မဖြေနိုင်သော မေးခွန်းများစွာ ရှိနေပြီဖြစ်သည်။ ဘေးနားတစ်ဝိုက်မှ ကျောင်းသားခေါင်းဆောင်များမှာလည်း အံ့သြမှင်တက်နေကြပြီ ဖြစ်သည်။ ချောင်ခွင်းတစ်ယောက် ချွေးများအား အဆက်မပြတ် သုတ်နေရသည်ကို မြင်လိုက်ရသောအခါ သူတို့ ပို၍ပင် အံ့အားသင့်သွားကြတော့သည်။
ပါမောက္ခကြီးပင် ဝမ်ပေါင်လဲ့အား စိတ်ဝင်တစား ကြည့်နေ၏။ ချောင်ခွင်းတစ်ယောက် အကြံကုန်နေသည်ကို မြင်လိုက်ရသောကြောင့် ပါမောက္ခကြီးမှာ ပြုံး၍ ဝမ်ပေါင်လဲ့၏ မေးခွန်းကို တည်တည်ငြိမ်ငြိမ်ပင် ဝင်ဖြေလိုက်၏။
” ဝမ်ပေါင်လဲ့ … မင်း စောစောက မေးခဲ့တဲ့ ဝိညာဉ်ငှားခြင်းနဲ့ ပတ်သတ်တဲ့ မေးခွန်းမှာ မင်းရဲ့ အယူအဆတချို့က လွဲနေတာ။ တကယ့် ဝိညာဉ်ငှားခြင်း အစစ်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးဆီက ဝိညာဉ်ချီကို ငှားရုံတင် မဟုတ်ဘူး။ တခြား ဓမ္မအဆောင်တွေဆီက ဝိညာဉ်ချီတွေအပြင် ကမ္ဘာပေါ်မှာရှိတဲ့ တောင်တန်းတွေ၊ မြစ်တွေနဲ့ သက်ရှိတွေအားလုံးဆီကပါ ဝိညာဉ်ချီကို ငှားလို့ ရတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုအဖြေကို ကြားလိုက်ရသည်နှင့် သူ၏ ဦးနှောက်ထဲတွင် ဉာဏ်ပညာများနှင့် ပြည့်နှက်သွားသည့်အလား အသံကျယ်ကြီးတစ်သံကို ကြားလိုက်ရ၏။ ထိုအခိုက်အတန့်တွင် သူ၏ အတွေးထဲတွင်ရှိနေသော ကမ္ဗည်းစာလုံးများနှင့် ပတ်သက်သည့် အတားအဆီးများစွာ ပျောက်ကွယ်သွားပြီး သူ၏ တွေးခေါ်နိုင်စွမ်းများ ကြည်လင်ပြတ်သားသွားတော့သည်။
” လမ်းညွှန်ပြသပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ပါမောက္ခကြီးရယ်။ ကျနော့်မှာ နောက်ထပ်မေးခွန်းတစ်ခု ရှိသေးတယ်… ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားဖြင့် ပါမောက္ခကြီးအား မေးခွန်းများ တရစပ် မေးမြန်းလိုက်တော့သည်။ အစပိုင်းတွင် ပါမောက္ခကြီးမှာ မေးခွန်းများကို ချောချောမွေ့မွေ့ ဖြေဆိုနိုင်ပါသော်လည်း တဖြည်းဖြည်းနှင့် သူ၏ နဖူးတွင်လည်း ချွေးများပြန်လာရတော့သည်။
ချောင်ခွင်းမှာမူ စိတ်ထဲတွင် ကြိတ်၍ အထင်ကြီးနေမိတော့သည်။ ပါမောက္ခကြီးမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းများကို ဝင်ဖြေပေးနေသောကြောင့် သူ ကံကောင်းသွားသည်။ ထိုသို့သာမဟုတ်ပါက သူသည် ကိုးရိုးကားရား အနေအထားတစ်ခုသို့ ရောက်ကာ သူ့ကိုယ်သူပြန်၍ အရှက်ခွဲမိသလို ဖြစ်သွားမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဝမ်ပေါင်လဲ့ မေးမြန်းခဲ့သော မေးခွန်းများကို သူသည် ကြားပင် မကြားဖူးပေ။
ဝမ်ပေါင်လဲ့၏ မေးခွန်းများမှာ ပေါ့ပေါ့ပါးပါးအဆင့်မှ တဖြည်းဖြည်း နက်နဲလာပြီး ပိုပို၍ ခက်ခဲလာပြီဖြစ်သည်။ အကြောင်းမှာ သူသည် အခြားသူများနှင့် မတူဘဲ ပုံသေနည်းများကို အသုံးပြု၍ ကမ္ဗည်းစာလုံးများကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားသောကြောင့် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ပြီးခဲ့သည့် ရက်ပေါင်းနှစ်ဆယ်ကျော်အတွင်း သူ အာဂုံဆောင်မှတ်သားနိုင်ခဲ့သည့် ကမ္ဗည်းစာလုံး မည်မျှပင် ရှိနေသည်ကို မသိတော့ပေ။
သို့သော် သူသည် မဆုတ်မနစ် ကြိုးစားကာ တွက်ချက်ခဲ့သောကြောင့် သူ၏ အတွေးထဲတွင် အတားအဆီးများ ရှိနေရခြင်းမှာ သူ့ထံတွင် ကမ္ဗည်းစာလုံးများနှင့် ပတ်သတ်သည့် အခြေခံဗဟုသုတတချို့ မရှိနေသောကြောင့် ဖြစ်ကြောင်း နားလည်သဘောပေါက်သွား၏။ ထို့အပြင် သူသည် ပုံသေနည်းများဖြင့် တွက်ချက်ခဲ့သောကြောင့် အခြားသူများ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကိုလည်း ကျော်လွှားနိုင်ခဲ့သည်။
ယခုတွင် ချောင်ခွင်းနှင့် ပါမောက္ခကြီးတို့ဆထံမှ ရသော အဖြေများကြောင့် ဝမ်ပေါင်လဲ့၏ ဦးနှောက်မှာ ချောဆီထည့်လိုက်သော စက်ရုပ်တစ်ရုပ်ကဲ့သို့ တဖြည်းဖြည်း မြန်ဆန်လာတော့သည်။ သူသည် သူ၏ အတွေးထဲတွင်ရှိနေသော အတားအဆီးများကို တစ်ခုချင်းစီ ဖယ်ရှားရင်း သူ၏ ပုံသေနည်းများကို အသုံးပြု၍ တွက်ချက်နိုင်သည့် အမြန်နှုန်းမှာ တမုဟုတ်ချင်း ထိုးတက်သွားပြီ ဖြစ်သည်။
” ကျေးဇူးအများကြီးတင်ပါတယ် ပါမောက္ခကြီး … ကျနော့်မှာ မေးခွန်းတစ်ခု ရှိသေးတယ်။ ကမ္ဗည်းစာလုံးတွေက တစ်ခုနဲ့တစ်ခု ဆုံလေ့ရှိတယ်လို့ ပါမောက္ခက အခုလေးတင် ပြောခဲ့တာမလား။ ဒါပေမဲ့ မြန်ဆန်ခြင်းကမ္ဗည်းစာလုံးကို လိုချင်တယ်ဆိုရင် လေကမ္ဗည်းစာလုံး ဒါမှမဟုတ် ရွေ့လျားမှုကမ္ဗည်းစာလုံးကို အသုံးပြုလို့ရတယ်ဆိုတာ ကျနော် သိတယ်။ အဲဒီလို နည်းလမ်းတွေမှ အများကြီးပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး အစွမ်းတွေကို တစ်ခုပေါ်တစ်ခု ထပ်အောင်လုပ်ပြီး ပိုကောင်းလာအောင်လုပ်ဖို့ ဘယ်နည်းလမ်းကို သုံးရမလဲ ”
ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းကို မေးလိုက်သောအခါ ပါမောက္ခကြီးမှာ သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရတော့သည်။ ထို့နောက် သူသည် စိတ်မရှည်တော့သည့် အကြည့်ဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။
သူသည် ကြီးမားသော ဖိအားကြီးတစ်ခုကို ခံစားနေရပြီ ဖြစ်သောကြောင့် စိတ်ထဲတွင် အောင့်သက်သက် ရယ်မောလိုက်၏။ သို့သော် ကျောင်းသားတစ်ယောက်က သူ့အား မေးခွန်းမေးထားသည်ဖြစ်ရာ သူ လျစ်လျူမရှုနိုင်ပေ။ သို့သော် ဝမ်ပေါင်လဲ့၏ မေးခွန်းများမှာ ပို၍ ခက်ခဲလာနေသည်ဖြစ်ပြီး ယခု မေးခွန်းမှာ ပါမောက္ခကြီး ဖြေကြားနိုင်သော နယ်ပယ်ထဲတွင် မရှိတော့ပေ။ ထို့ကြောင့် သူသည် အသံလွှင့်လက်စွပ်ကို ချက်ချင်းပင်ထုတ်ယူလိုက်ပြီး ဆရာမုတ်ဆိတ်နှင့် ဓမ္မလက်နက်ဌာနမှ အခြားသူများကို လှမ်း၍ ခေါ်လိုက်တော့သည်။
ဆရာမုတ်ဆိတ်နှင့် အခြားသူများမှာ ထိုနေရာသို့ ဦးတည်လာနေကြစဉ် ဘေးပတ်ပတ်လည်ရှိ ကျောင်းသားခေါင်းဆောင်အားလုံးမှာမူ မှင်တက်နေကြပြီ ဖြစ်သည်။ သူတို့က ပါမောက္ခကြီး၏ စာသင်ခန်းမထဲသို့ ရောက်နေပါသော်လည်း မနေနိုင်တော့ဘဲ ဆွေးနွေးငြင်းခုံနေကြတော့သည်။
” ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ဘာကိစ္စ ဒီလောက် အမေးအမြန်း ထူနေရတာလဲ ”
” သူ့ကြောင့် ပါမောက္ခကြီးတောင် အကျပ်ရိုက်သွားပြီ။ သူက ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင်လား၊ ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင်လားဟ ”
ဘေးပတ်ပတ်လည်မှ လူများမှာ ထိုကဲ့သို့ လေသံတိုးတိုးဖြင့် ဆွေးနွေးငြင်းခုံနေကြစဉ် ချောင်ခွင်းမှာလည်း ကြီးမားသော ဖိအားကြီးတစ်ခုအောက်သို့ ရောက်နေပြီဖြစ်ပြီး အန္တရာယ်နှင့် ကြုံရတော့မည့်အလား ထူးဆန်းစွာ ခံစားနေရ၏။
သိပ်မကြာခင် ဆရာမုတ်ဆိတ်နှင့် ဓမ္မလက်နက်ဌာနမှ ဆရာများ ရောက်ရှိလာကြ၏။ သူတို့အားလုံး ထူးဆန်းသော အမူအရာများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြသည်။ လမ်းတစ်လျှောက်တွင် ထိုအကြောင်းကို သူတို့အားလုံး ကြားသိခဲ့ကြသည်ဖြစ်ရာ ယခုတွင် ထိုင်ချလိုက်ပြီး မေးခွန်းများကို ဖြေဆိုလိုက်ကြတော့သည်။
ပါမောက္ခမှာ သူ့အား ကယ်တင်မည့်သူများ ပေါ်လာသည်ကို မြင်လိုက်ရသောအခါမှသာ သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။ ထို့နောက် သူ၏ အမူအရာမှာ ယခင်ကအတိုင်းပြန်လည် တည်ကြည်သွားပြီး သူတို့အားလုံးကို ပြုံး၍ ကြည့်လိုက်၏။ သို့သော် တခဏအကြာတွင် ဝမ်ပေါင်လဲ့၏ မေးခွန်းများမှာ အဆမတန် ပို၍ ခက်ခဲလာသည်ဖြစ်ရာ ဆရာမုတ်ဆိတ်နှင့် အခြားသူများပင် အချိန်အတော်အတန်ကြာအောင် ခေါင်ချင်းဆိုင်၍ ဆွေးနွေးပြီးမှ အဖြေပေးနိုင်သည့် အနေအထားသို့ ရောက်လာတော့သည်။
ကမ္ဗည်းစာလုံး အရေအတွက် တစ်သန်းတိတိကို အာဂုံဆောင်ပြီးလျှင်တောင် ၎င်းတို့ကို အချင်းချင်း ပေါင်းစည်းယှဉ်တွဲရသည်မှာ အဆတစ်ရာကျော် ပို၍ ခက်ခဲ၏။ ထို့ကြောင့် မည်သူကမှ ထိုကဲ့သို့ ပေါင်းစည်းယှဉ်တွဲရာမှ ထွက်ပေါ်လာနိုင်သည့် အမျိုးမျိုးသော ပြောင်းလဲမှုများအားလုံးကို အပြည့်အဝ ကျွမ်းကျင်တတ်မြောက်ထားသည်ဟု ဆိုနိုင်မည် မဟုတ်ပေ။
သို့သော် ဝမ်ပေါင်လဲ့၏ နည်းစနစ်နှင့် ဆိုလျှင်မူ အာဂုံဆောင်စရာ မလိုတော့ပေ။ ထို့ကြောင့် ကမ္ဗည်းစာလုံး အရေအတွက် တစ်သန်းတိတိနှင့် အဆတစ်ရာကျော် ခက်ခဲမှုတို့မှာ သူ့အတွက် ထမင်းစားရေသောက် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့်လည်း သူ၏ မေးခွန်းများမှာ ကမ္ဗည်းစာလုံး အရေအတွက်အကြောင်း မဟုတ်တော့ဘဲ ထိုပညာရပ်၏ အနှစ်သာရအကြောင်းများ ဖြစ်နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူတို့အားလုံး ဆွေးနွေးလိုက်ကြပြီးနောက် ဝမ်ပေါင်လဲ့အား အဖြေကို ပြောပြလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အလွန် စိတ်လှုပ်ရှားသွားသဖြင့် သူ၏ ပေါင်ကိုပင် ရိုက်မိသွားတော့သည်။
” လက်စသတ်တော့ ဒီလိုကိုး။ ကျနော် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ပါမောက္ခကြီး။ ကျေးဇူးတင်ပါတယ် ဌာနမှူး။ ကျေးဇူးတင်ပါတယ် ဆရာတို့ ”
” ကျနော့်မှာ နောက်ထပ်မေးခွန်းတစ်ခု ရှိသေးတယ်…. ”
” လေဓားကို ထုတ်လွှတ်နိုင်တဲ့ ဓမ္မအဆောင်တစ်ခုကို ဖန်တီးဖို့အတွက် အေးစက်ခြင်းကမ္ဗည်းစာလုံးနဲ့ အပူဓာတ်ကမ္ဗည်းစာလုံးတို့ နှစ်ခုစလုံးကို အကွင်းပုံစံဖြစ်သွားအောင် လုပ်ဖို့လိုတယ်။ ဒီ ကမ္ဗည်းစာလုံးနှစ်လုံးကို မတူညီတဲ့ ဝိညာဉ်ကျောက်တုံးတွေပေါ်မှာ ရေးထိုးချင်တယ်ဆိုရင် အခြေခံကမ္ဗည်းစာလုံးတွေ အများကြီး အသုံးပြုဖို့ လိုအပ်တယ်။ ဒါပေမဲ့ သူတို့ကြားမှာ ဆင်တူမှုတွေ အများကြီးရှိတာဆိုတော့ ကမ္ဗည်းစာလုံးတွေကို မသုံးတော့ဘဲ ကျောက်တုံးတစ်တုံးပေါ်မှာ ရေးထိုးပြီးတာနဲ့ နောက်ထပ်တစ်တုံးပေါ်မှာပါ ဆက်ပြီးတော့ ရေးထိုးနိုင်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ ”
ဝမ်ပေါင်လဲ့မှာ တလက်လက် တောက်ပနေသော မျက်လုံးများဖြင့်မေးလိုက်၏။ သူသည် ပါမောက္ခကြီး၏ စာသင်ခန်းမထဲတွင် ရောက်နေသည်ကိုပင် မေ့သွားပြီဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် သူ၏ နားလည်မှုများကို တိုးပွားလာစေပြီး သူ၏ ကျင့်ကြံနှုန်းများကို မြန်ဆန်လာအောင် လုပ်ပေးနိုင်မည့် အခွင့်အရေးကြီးကိုသာ မြင်နေတော့သည်။
သူ ထိုမေးခွန်းကို မေးလိုက်သောအခါ နဂိုကတည်းက ဖိအားများအောက် ရောက်နေကြပြီဖြစ်သော လူတိုင်း ပင့်သက်များရှိုက်ကာ မျက်လုံးများပြူးသွားကြပြီး လက်ဖျားခါသွားကြတော့သည်။ ကမ္ဗည်းစာ ဆရာများဆိုလျှင် အသံအကျယ်ကြီးနှင့် အော်ပြောလိုက်ကြ၏။
” ဒါက အဆင်မြင့်ကျွန်းမှာရှိတဲ့ ဓမ္မလက်နက်အဆောင်ရောက်မှ သင်ရတဲ့ အဆင့်မြင့် ကမ္ဗည်းစာ ပညာရပ်တွေကွ။ မင်း… မင်းက အဲဒါတွေကို အခု လေ့လာနေပြီလား “