Switch Mode

စာစဉ် (၁၉) အပိုင်း (၂၅၄)

တုံ့ပြန်ချက်

“ငါ့ကြောင့် ဟမ်…”

သူတို့ ပြောသည်ကို ကြားလိုက်ရသည့် အချိန်မှာ ဇူယွမ်၏ မျက်ဝန်းမှာ ကျဉ်းမြောင်း သွားသည်။ အခြားသော တိုက်ကြီးများမှ တပည့်များက ဇူယွမ်အပေါ်တွင် အငြိုးထားလာစေရန် လုဖန်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်မှာ သေချာပေသည်။ ထိုအချိန်ကျလျှင် ရှန်ဇူတိုက်ကြီမှ တပည့်များသာ မဟုတ်ပဲ အခြားသော တိုက်ကြီးမှ တပည့်များကပါ သူ့အပေါ် ရန်လိုတော့မည် ဖြစ်သည်။ နှစ်ဖက်လုံးနှင့် အတိုက်အခံဖြစ်ပါက ဇူယွမ်၏ အခြေအနေမှာ မကောင်းနိုင်တော့ပေ။

“အခြားသော တိုက်ကြီးက တပည့်တွေကလည်း စတင်ပြီး မကျေမနပ် ပြောကြပါသေးတယ်။  သူတို့က မင်းနဲ့ လုဖန်းကြားက ပြဿနာတွေကို သိထားကြလို့လေ ဒါပေမဲ့ အဆုံးမှာ အားလုံးက ပြောရုံပဲ တတ်နိုင်ခဲ့ကြတယ်…” ချောင်းရှိုးက ခါးသက်သက် ပြုံးလိုက်သည်။

ဆက်လက်ပြီးတော့ ဇူယွမ်သာလျှင် အပြစ်ဖို့စရာ ဖြစ်လာခဲ့သည်။

ဇူယွမ်က လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည် “ဒီကိစ္စကို စခဲ့တာ လုဖန်ပဲကို ဘာလို့များ သူ့အစား ငါ့ကိုပဲ မကျေမနပ် ဖြစ်နေကြတာလဲ”

လုဖန်း၏ နည်းလမ်းက လက်သီးပုန်းထိုခြင်း ဖြစ်သော်လည်း ဇူယွမ်က သူ့အား အပြစ်တင်သော သူများကို ပိုပြီး ရူးမိုက်သည်ဟု ထင်မိပေသည်။

ရှန့်ဝမ်ကျင်က ပြောလိုက်သည် “သည်ကောင်တွေက အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အင်အားကြီးတဲ့သူကို ကြောက်ဖို့ပဲ သိကြတယ်။ သူတို့က လုဖန်းကို သွားမပြောရဲတော့ သူတို့ရဲ့ မကျေနပ်ချက်တွေကို ဖောက်ထွက်ဖို့ အခြား အကြောင်းပြချက်ကို ရှာကြတယ်”

လုဖန်းက သူ၏ အနေအထားကို မည်သူမှ မလွန်ဆန်နိုင်မှန်း သိပေသည်။ ထို့ကြောင့် သည်ကဲ့သို့ တရားလွန် ကိစ္စများကို လုပ်ဆောင်ရဲ ခြင်း ဖြစ်သည်။

တကယ့်ကို အပြင်ဘက်တောင်၏ တပည့်များကြားထဲမှ အဆင့်တစ်ဆိုသော ဂုဏ်ပုဒ်က စွမ်းအားကြီးသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်။ ဇူယွမ်အနေဖြင့် အတွင်းတောင် တပည့်တစ်ယောက်ကို မူကျင့်စဉ် ယှဉ်ပြိုင်မှုတွင် အနိုင်ရခဲ့သည် ဆိုလျှင်တောင်မှ သူ၏ အနေအထားက လုဖန်းနှင့် မနှိုင်းယှဉ်နိုင်သေးပေ။

လူတိုင်းက လုဖန်းအနေဖြင့် အနာဂတ် ကန်ရွှမ်းကလန်တွင် ထင်ရှားသော ပုံရိပ်တစ်ခု ဖြစ်လာနိုင်ပြီး သူ၏ အလားအလာမှာ အဆုံးမဲ့မှန်း လူတိုင်း သိပေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် လုဖန်းကို အပြစ်မပြုရဲကြပေ။

ချောင်းရှိုးက ခေါင်းညိတ်လိုက်ပြီး “လုဖန်းရဲ့ ဗိုလ်ကျမှုက အရမ်းဒေါသ ထွက်စရာ ကောင်းပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမလုပ်နိုင်လို့ မင်းကို အငြိုးထားတဲ့ သူတွေ တော်တော် များလာခဲ့ပြီ”

“သူ့ရဲ့ စည်းမျဉ်းအတိုင်းဆိုရင် ရှန်ဇူတပည့်တွေက  နေရာ ရှစ်နေရာ ယူသွားပြီး ကျန်တဲ့နှစ်နေရာကို ငါတို့တွေက တိုက်ခိုက်ယူရတော့မယ်။ ငါတို့ အခြားတိုက်ကြီးက တပည့်တွေက အရမ်းများလွန်းတယ် ဒီစိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေမှာ မင်းဘာလုပ်ဖို့ စိတ်ကူးထားလဲ”

ဇူယွမ်က မေးလိုက်သည် “ငါတို့က ဘာလို့ သူပြောတဲ့ အတိုင်း နားထောင်သင့်တာလဲ။ ဒီနေရာတွေကို သူက ခွဲဝေသတ်မှတ်ခွင့် ရှိလို့လား”

တောင်ထွတ်ရွေးချယ်မှု အခမ်းအနားက ပထမဆယ်ယောက်သည် သူတို့၏ ကိုယ်ပိုင် အစွမ်းအစပေါ်တွင် အခြေခံပေသည်။ လုဖန်းက မည်သည့်အကောင်မလို့ ထိုနေရာများကို သူ့စိတ်တိုင်းကျ ဆုံးဖြတ်ပိုင်ခွင့် ရှိသနည်း…

ချောင်းရှိုးက ခါးသက်သက် ပြုံးလိုက်ပြီး “ငါကြားဖူးတာတော့ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားက လွတ်လပ်စွာ စိန်ခေါ်တိုက်ခိုက်ခွင့် ရှိတယ်တဲ့။ ရှန်ဇူတိုက်ကြီးက တပည့်တွေက ငါတို့ထက် စွမ်းရည်သာလွန်တယ်။ ကြီးမြတ်သော အပြင်ဘက်တောင်တပည့် ဆယ်ယောက်ကို ကြည့်ပါလား အဲဒီမှာ ရှန်ဇူတိုက်ကြီးက ခုနစ်ယောက်တောင် ပါဝင်တယ်”

“ဒါကြောင့်မလို့ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားက ပထမဆယ်နေရာ အတွက် ယှဉ်ပြိုင်တဲ့ အချိန်ရောက်ရင် သူတို့က အထက်မှာပဲ”

“ပြီးတော့ သူတို့မှာ လုဖန်းက ရှိသေးတယ်။ ဘယ်သူက သူ့လောက်နီးနီး အစွမ်းရှိလို့လဲ။ အခုတော့ သူက ရှန်ဇူတပည့်တွေကို စုစည်းပြီး ပထမဆယ်နေရာကို ဆုံးဖြတ်လိုက်တာ ဆိုတော့ ဘယ်သူက ရှန်ဇူတိုက်ကြီးက တပည့်တွေနဲ့ ရင်ဆိုင်ပြီး ဒီနေရာတွေကို ထိရဲပါ့မလဲ”

“စွမ်းအားချင်း ယှဉ်ရအောင်လည်း အခြားတိုက်ကြီးက တပည့်တွေက ပန်းကန်ပြားပေါ်က သဲတွေလိုပဲ ဟိုတစ်စု ဒီတစ်စုနဲ့။ ဘယ်သူက ကန့်ကွက်ရဲမှာလဲ။ အားလုံးသာ တစ်စုတစ်စည်းထဲဆိုရင် သူတို့လက်ထဲမှာ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားကို လွယ်လွယ်နဲ့ ဘယ်ဆုံးဖြတ်လို့ရမလဲ။ ပထမဆယ်နေရာမှာ ကိုယ့်အဆင့်နဲ့ သင့်တင့်တဲ့ နေရာရမှာပဲ”

ဇူယွမ်က မှတ်ချက်ချသည် “အဲဒါဆိုရင် ဘယ်သူ့လက်သီးက ပိုမာလဲဆိုတာပေါ် မူတည်သွားပြီ။

သူက ချောင်းရှိုးနှင့် ရှန့်ဝမ်ကျင်ကို ကြည့်လိုက်ပြီး “သူ့ရဲ့ ခွဲဝေသတ်မှတ်ချက်ကို အခြားသူတွေ လက်ခံလား မခံဘူးလားတော့ ငါမသိဘူး ဒါပေမဲ့ ငါ့ရဲ့ သဘောထားကတော့ သူတို့ အဲဒီလို ခွဲဝေသတ်မှတ်ဖို့ အရည်အချင်း မရှိမှာ စိုးရိမ်မိတယ်”

“ဒါ့အပြင်…”

“ငါက အခြားနေရာတွေကိုလည်း စိတ်မဝင်စားဘူး။ ငါ့ရဲ့ အတွေးထဲမှာ ငါလိုချင်တာတော့ ပထမနေရာပဲ”

သူ၏ လေသံက သာမန်အတိုင်း ဖြစ်သော်လည်း သူ၏ စကားလုံးများက ရှန့်ဝမ်ကျင်နှင့် ချောင်းရှိုးကို ကြောင်အသွားစေသည်။

လုဖန်းက ပထမနေရာကို သူပိုင်ဆိုင်သည်ဟု မကြေညာထားသော်လည်းပဲ ပထမက သူ့အတွက်ဆိုသည်ကို မသိသူ မရှိပေ။ သူ၏ လွှမ်းမိုးနိုင်မှုက မည်သူမှ သည်ကိစ္စတွင် ထင်မြင်ချက် မပေးရဲပေ။ ထို့ကြောင့် လူတိုင်းက လုဖန်းကသာလျှင် ပထမနေရာကို ရယူမည်ဖြစ်ကြောင်း သိကြပေသည်။

ဇူယွမ်အနေဖြင့် ပထမနေရာကို သူလိုချင်သည်ဟု ပြောလာမည်ဟု မည်သူက ထင်မိမည်နည်း။

ဒါက လုဖန်းနှင့် သူ ယှဉ်ပြိုင်မည်ဟု ပြောလိုက်ခြင်း မဟုတ်ပါလော။

ချောင်းရှိုးက တံတွေးမျိုချလိုက်ပြီး “ညီတော်ဇူယွမ် … လုဖန်းက တကယ်ကို ယှဉ်ပြိုင်ဖို့ မလွယ်ကူဘူးနော်။ ငါကြားခဲ့တာကတော့ သူက မူလစဦး စတုတ္ထအဆင့်ကို ရောက်နေခဲ့ပြီတဲ့”

ပထမတန်းတပည့် အများစုမှာ မူလစဦး တတိယအဆင့်များဖြစ်ပြီး လုဖန်း တစ်ယောက်တည်းသာလျှင် အဆင့်လေးသို့ ရောက်ရှိနေပေသည်။

ဇူယွမ်က ဂရုမစိုက်သည့်ဟန်ဖြင့် ရယ်မောလိုက်ပြီး “သူက ရင်ဆိုင်ဖို့ လွယ်လား မလွယ်ဘူးလားဆိုတာ ကျွန်တော်တို့ တိုက်ခိုက်တဲ့အခါ ကြည့်လိုက်ပါမယ်”

ဇူယွမ်က တောင်ထွတ်ရွေးချယ်သော အခမ်းအနားတွင် သူ ပထမနေရာကို ယူသွားသည့် အတွက်ကြောင့် ဖြစ်ပျက်သွားမည့် လုဖန်း၏ အမူအရာကို ကြည့်ချင်ပေသည်။ ထိုအချိန်ကျလျှင် လုဖန်းမှာ ဇူယွမ်ကို အပြစ်ပြုမိသည့် အတွက် နောင်တရနေပေလိမ့်မည်။

လုဖန်းက နည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ သူ့ကို ခက်ခဲအောင် ပြုလုပ်ခဲ့ပေသည်။ ဇူယွမ်အနေဖြင့် မည်သည့် တိုက်ခိုက်မှုမှ ပြန်မလုပ်တော့ဘူးဆိုလျှင် သူက ဇူယွမ် မဟုတ်တော့ပေ။

ထိုစကားကို ကြားချိန်တွင် ဇူယွမ်မှာ ဆုံးဖြတ်ချက် ချပြီးပြီး ဖြစ်ကြောင်း  ချောင်းရှိုး သိလိုက်ပေသည်။ ကြည့်ရသည်မှာ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ ငြိမ်းချမ်းတော့မည့် အသွင်မရှိပေ။ သို့သော်လည်း ချောင်းရှိုးက အနည်းငယ် စိုးရိမ်ပေသည်။ မည်သူမှ ဇူယွမ်ကဲ့သို့ စွမ်းရည် မရှိသော်လည်းပဲ ဇူယွမ်အနေဖြင့် သည်တစ်ခေါက် ရင်ဆိုင်ရမည့် ရန်သူမှာ ကျူးဖန်မဟုတ်ပေ။ အပြင်ဘက်တောင် တပည့်များကြားထဲတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် လုဖန်းဖြစ်သည်။

“ညီတော် ဇူယွမ်  မင်းသာ လုဖန်းဆီကနေ ပထမနေရာကို လုယူဖို့ ကြံစည်နေတယ်ဆိုရင် အခြားတပည့်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ ငါအကြံပေးချင်တယ်။ သူတို့လည်း လုဖန်းကို မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေကြတယ်။ ပြီးတော့ သူတို့ကို ခေါင်းဆောင်သွားမယ့် တစ်ယောက်ယောက် လိုအပ်နေတယ်။ ညီတော်ဇူယွမ်သာ သူတို့ကို ဘေးနားခေါ်ထားနိုင်ရင် ရှန်ဇူတိုက်ကြီးက တပည့်တွေကို တစ်ယောက်တည်း ရင်ဆိုင်စရာ မလိုအပ်တော့ဘူး”

ချောင်းရှိုးက ခဏမျှ စဉ်းစားနေခဲ့ပြီး ဆက်ပြောသည် “လုဖန်းကို မကျေမနပ်ဖြစ်နေတဲ့ တပည့်အချို့ကို ငါသိတယ်။ သူတို့ကိုသာ မင်းဘက်ပါဖို့ စည်းရုံးနိုင်ရင် သူတို့က အတော့်ကို အင်အားဖြစ်စေမှာပဲ”

ဇူယွမ်က ခတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ လုဖန်းက အတော်ပင်ကြီးမားသော ရှန်ဇူတပည့်များကို အုပ်စု ဖွဲ့ထားပြီး ကြောက်မက်ဖွယ် ကောင်းသော အင်အားကို ပိုင်ဆိုင်ပေသည်။ ဇူယွမ်အနေဖြင့် သည်လူများ အားလုံးကို အနိုင်ရရှိရန်အတွက် တစ်ယောက်တည်း ရင်ဆိုင်ရမည့်ဆိုပါက စိတ်ကောလူပါ ခြေကုန်လက်ပန်း ကျပေလိမ့်မည်။

သူသာ အခြားသော တိုက်ကြီးမှ တပည့်များကို သိမ်းသွင်းနိုင်မည် ဆိုပါက သူ့အနေဖြင့် လုဖန်းကို မရှုံးနိုမ့်နိုင်တော့ပေ။

ဇူယွမ် ခေါင်းညိတ်ပြလိုက်သည်ကို မြင်တော့ ချောင်းရှိုးက ထပ်ပြောသည် “ဒါပေမဲ့ သူတို့အားလုံးက အပြင်ဘက်တောင် တပည့်တွေထဲက လက်ရွေးစင်တွေပဲ။ သူတို့ကိုယ်သူတို့ ဂုဏ်ယူနေတဲ့သူတွေ ဖြစ်တဲ့အတွက် အခြားတစ်ယောက်ရဲ့ လက်အောက်ကို လွယ်လွယ်နဲ့ ဝင်မှာ မဟုတ်ဘူး။ လုံလောက်တဲ့ သန်မာမှုမရှိရင် သူတို့ကို စည်းရုံးသိမ်းသွင်းဖို့ လွယ်ကူမှာ မဟုတ်ဘူး”

လုဖန်းအနေဖြင့် ရှန်ဇူတပည့်များ၏ ခေါင်းဆောင် ဖြစ်လာရခြင်းမှာ သူ၏ သန်မာမှုကြောင့် ဖြစ်သည်။ နှိုင်းယှဉ်ကြည့်ပါက အခြားတိုက်ကြီးမှ တပည့်များကြားထဲတွင် လူတိုင်းကို လွှမ်းမိုးနိုင်သော အစွမ်းအစရှိသူ တစ်ယောက်မှ မတွေ့ရပေ။

သည်အရာက အပြင်ဘက်တောင်များ၏ ခေါင်းဆောင်မှု အခြေအနေဖြစ်သည်။ အခြားသော တိုက်ကြီးမှ တပည့်များမှာ အမျိုးမျိုးသော အုပ်စုများ ဂိုဏ်းများဖြင့် အဖွဲ့ကွဲနေသည်။ ထိုကြောင့် သူတို့အားလုံးမှာ ရှန်ဇူတပည့်များထက် လူအင်အား သာလွန်သော်လည်း မယှဉ်နိုင်ကြခြင်း ဖြစ်သည်။

ချောင်းရှိုးက ဇူယွမ်ကို သတိပေးရန် ရည်ရွယ်ခဲ့သည်။ ဇူယွမ်အနေဖြင့် ထိုမာနကြီးသော သူများကို မစည်းရုံး မသိမ်းသွင်းနိုင်မှာကို စိုးရိမ်မိပေသည်။ ထိုအခါ အခြေအနေက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး ဇူယွမ် မျက်နှာ ပျက်ရပေလိမ့်မည်။

ကန်ရွှမ်းကလန်သို့ လာနိုင်သူများ အားလုံးသည် ဂုဏ်ယုရသော ပါရမီရှင်များ ဖြစ်သည်။ လူတိုင်းမှာ ဂုဏ်ယူဝင့်ကြွားနေကြပြီး သူတို့အားလုံး လက်သင့်ခံကြသော အထူးချွန်ဆုံး ပါရမီရှင် မရှိသေးပေ။

ပြီးခဲ့သော နှစ်လအတွင်းမှာလည်း ထိုသို့သော ပုဂ္ဂိုလ်မျိုး ထွက်ပေါ်လာခြင်း မရှိသေးပေ။

ဇူယွမ်က ပုံမှန်အားဖြင့် ထိုအရာကို နားလည်ပေသည်။ သူက ညင်သာစွာ ရယ်လိုက်ပြီး ပြောသည် “အစ်ကိုတော်ချောင်းရှိုး စိတ်မပူပါနဲ့။ အစ်ကို ဒီလူတွေကို ခေါ်လာခဲ့ဖို့ပဲလိုတယ် ကျွန်တော် အဲဒီလူစုကို ကိုင်တွယ်လိုက်ပါမယ်”

ဇူယွမ်မှာ ထိုစကားများ ပြောလာချိန်တွင် ချောင်းရှိုးက အများကြီး ထပ်မပြောနေတော့ပဲ ခေါင်းတစ်ချက်ညိတ် လိုက်ပြီး

“အဲဒီအချိန်ရောက်လာရင် ငါတို့အားလုံး ညီတော်ဇူယွမ်သုံးမယ့် နည်းလမ်း အပေါ်မှာပဲ မူတည်သွားပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset