Chapter 39

ယဲ့ဖန် သေပြီ

ယဲ့ဖန်နှင့် အန်းရှီတို့ သရဖူဟိုတယ်မှ ထွက်လာချိန်တွင် သန်းခေါင်ယံသို့ ရောက်နေပြီဖြစ်သည်။

ရှက်သွေးဖြာနေသော အန်းရှီ၏ မျက်လုံးတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေလေသည်။

ယဲ့ဖန်ကြောင့် သူမကိုယ်သူမ ကမ္ဘာပေါ်ရှိ အပျော်ဆုံး မိန်းမသားတစ်ယောက်လို ခံစားမိသည်။

“ကျေးဇူးတင်ပါတယ် ယဲ့ဖန်”

ယဲ့ဖန် ခပ်ဖွဖွပြုံးကာ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်တွင် သူ့ဖုန်း မြည်လာသည်။

*ဟင်*

ထူးဆန်းသော နံပါတ်ကြောင့် သူ ကြောင်သွားရသည်။ ဖုန်းကိုင်လိုက်သောအခါ စိတ်လှုပ်ရှားနေသော ယောကျ်ားသံကို သူ ကြားလိုက်ရသည်။

“သခင်ကြီး ကျွန်တော် သတင်းဆိုးတစ်ခု ရလာတယ်။ ကျွန်တော့်ဆရာ ပျောက်နေတယ်တဲ့ဗျ။

*သခင်ကြီး*

ထိုကဲ့သို့ အခေါ်အဝေါ်ကြောင့် သူ အံ့အားသင့်မိသွားသော်လည်း ထိုအသံပိုင်ရှင်က ဝံပုလွေရိုင်းမှန်း သူ သတိပြုလိုက်မိသည်။ ဝံပုလွေရိုင်း၏ ဆရာက ဖေးချမ်ပင်။

“ဘယ်အချိန်ကတည်းကလဲ?”

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်ရင်း ထူးဆန်းတာတစ်ခုခု ဖြစ်နေမှန်း ခံစားလိုက်ရသည်။

“ပြီးခဲ့တဲ့ တစ်နာရီလောက်ကပါ။ ကျွန်တော်တို့ အရက်သောက်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြတယ်။ ဒါပေမယ့် ကျွန်တော် အိမ်ရောက်တာနဲ့ ဆရာ့ဆီ ဆက်သွယ်လို့ မရတော့ဘူး”

ဝံပုလွေရိုင်းအသံက စိုးရိမ်နေဟန် ပေါက်ကာ သူ ဆက်ပြောလိုက်သည်။

“နောက်တော့ ကျွန်တော် ဆရာ့မိသားစုဝင်တွေဆီ ဖုန်းဆက်လိုက်တော့ သူတို့က ဆရာ ပြန်မရောက်လာသေးဘူးလို့ ပြောကြတယ်”

သူ့စကားကြောင့် ယဲ့ဖန် သူ ရှိနေတဲ့နေရာကို မေးလိုက်သည်။ ထို့နောက် သူ ဆက်ပြောလိုက်သည်။ “အင်း… ငါ အဲ့နေရာကို သိတယ်၊ ငါ့ကို အဲ့မှာပဲ စောင့်နေ”

ထိုကဲ့သို့ ပြောပြီး ယဲ့ဖန် ဖုန်းချလိုက်သည်။

“ရှင့်မှာ အရေးကြီးကိစ္စရှိရင် ရှင် အရင်သွားတော့လေ။ ကျွန်မ တက္ကစီငှားပြီး အိမ်ပြန်လိုက်မယ်” ယဲ့ဖန်မှာ အရေးကြီးလုပ်စရာ ကိစ္စရှိမှန်း အန်းရှီ ရိပ်မိသည်။

ယဲ့ဖန် အန်းရှီကို တောင်းပန်ကာ ဝံပုလွေရိုင်းရှိရာသို့ ထွက်လာခဲ့သည်။

….

ည ၁၁နာရီ အချိန်၌ Fit bar သို့ ယဲ့ဖန် ရောက်လာသည့်အခါတွင် ဆေးလိပ်သောက်နေသော ဝံပုလွေရိုင်းနှင့် သူ့လူများကိုသာ တွေ့လိုက်ရသည်။

ယဲ့ဖန်ကို မြင်သည်နှင့် ဝံပုလွေရိုင်းနှင့် သူ့လူများ ချက်ချင်း မတ်တပ်ထရပ်လိုက်ကြသည်။

“သခင်ကြီး”

လူတိုင်းက ယဲ့ဖန်ကို လေးစားမှုအပြည့်နှင့် သံပြိုင်နှုတ်ဆက်၍ အရိုအသေပေးကြသည်။ ယဲ့ဖန်က ထိုအပြုအမူကို ဂရုမစိုက်ဘဲ ဝံပုလွေရိုင်းကိုသာ ခပ်သွက်သွက် မေးလိုက်သည်။

“မင်း ဖေးချမ်သတင်း ဘာထပ်ရသေးလဲ?”

ဝံပုလွေရိုင်းက စိတ်ပူနေသောမျက်နှာနှင့် ခေါင်းခါလိုက်သည်။ ထိုစဉ် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာသည်။

ဖုန်းနံပါတ်ကို မြင်လိုက်သည်နှင့် ယဲ့ဖန် မျက်နှာ သုန်မှုန်သွားကာ ဖေးချမ်နှင့် ပတ်သက်နေလိမ့်မည်ဟု ခံစားလိုက်မိသည်။ ယဲ့ဖန် ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည်။

“ဟားဟားဟား… ယဲ့ဖန်… မင်း သတင်းကြားပြီးပြီ မလား?”

“ဟုတ်တာပေါ့ … မင်း ညီအစ်ကိုလိုခင်တဲ့ ဖေးချမ်က ငါ့လက်ထဲ ရောက်နေပြီ။ မင်း သူ့ကို ကယ်ချင်ရင် အဲ့ဘားကနေ သုံးမိုင်အကွာမှာရှိတဲ့ မြောက်ပိုင်းဆင်ခြေဖုံး ရပ်ကွက်က သံမဏိစက်ရုံကိုလာခဲ့။ ငါ မင်းကို စောင့်နေတယ်။ ပြီးတော့ မင်းနဲ့အတူ နောက်ထပ် လူလေးယောက်ပဲ ခေါ်လာလို့ရမယ်။ တစ်ယောက်ပိုတာနဲ့ ဖေးချမ် အသေပဲ။ ငါ ပြောတာ နားလည်တယ်မလား”

ကြမ်းတမ်းသော စကားများကို ပြောပြီး ထိုလူ ဖုန်းချသွားသည်။

“ကုန်းဝူ!”

ယဲ့ဖန်မျက်လုံးများက အလွန်ရက်စက်သည့်အသွင်သို့ ပြောင်းလာသည်။ ယဲ့ဖန် ချက်ချင်း နောက်လှည့်ပြီး ပြန်ထွက်သွားသည်။ ဝံပုလွေရိုင်းက နောက်လိုက် ၃ယောက်ကို ခေါ်ပြီး သံမဏိစက်ရုံကို လိုက်သွားသည်။

မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ စွန့်ပစ်သံမဏိစက်ရုံ၌…

စက်ရုံသည် လင်းလင်းကျင်းကျင်း ရှိနေပြီး လူမိုက် ၁၀ယောက်ကျော်လောက်က တုတ်ကို ကိုင်ပြီး စောင့်နေကြသည်။

စက်ရုံအလယ်ရှိ တိုင်တစ်တိုင်တွင် သွေးများဖြင့် ရွှဲနစ်နေသော လူတစ်ယောက်ကို ကြိုးချည်ထားသည်။

ဖြောင်း!

နောက်ထပ် ကြာပွတ်ရိုက်သံ တစ်သံနှင့်အတူ ထိုလူ၏ ကိုယ်ပေါ်၌ ခပ်နက်နက် အမာရွတ်တစ်ခု ထပ်ပေါ်လာသည်။

သို့သော် ထိုလူသည် နီရဲနေသော မျက်လုံးများနှင့် မတုန်မလှုပ် ရှိနေဆဲပင်။

“ငိုစမ်း … ဖက်တီး… ငါ မင်း အော်ငိုတာကို ကြားချင်တယ်”

ကုန်းဝူက ဖေးချမ်ကို နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်လိုက်သည်။

ထိုရိုက်ချက်က သေလောက်အောင် နာကျင်ပါသည်။

ဖေးချမ် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားကာ နောက်ထပ် ဒဏ်ရာတစ်ခု ထပ်ရလာသည်။

လတ်လတ်ဆတ်ဆတ် ဒဏ်ရာမှ သွေးစိမ်းရှင်ရှင် ကျလာသည်။

သို့ပင်မယ့် ဖေးချမ်က အံကို တင်းတင်းကြိတ်ကာ ကုန်းဝူအား နီရဲနေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ပြီး မုန်းတီးစွာ အော်လိုက်သည်။

“ကုန်းဝူ… မင်းက မိန်းမကြီးလား? ဒီထပ် အားထည့်ပြီး ငါ့ကို မရိုက်နိုင်တော့ဘူးလား?”

ဖေးချမ်စကားကြောင့် ကုန်းဝူ ပို၍ ဒေါသထွက်လာသည်။ ဒီဖက်တီးက ဤမျှ ခေါင်းမာလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။ အချက် ၁၀၀ လောက် အရိုက်ခံရပြီးတာတောင် ဖေးချမ် တစ်ချက်ကလေးမှ မအော်ခဲ့ပါ။

“ကောင်းတယ်၊ မင်းက သိပ်ကို စိတ်ဓာတ်မာကြောတယ်ပေါ့လေ၊ ဟုတ်လား”

ကုန်းဝူ ပင်ပန်းလာတာကြောင့် ကြာပွတ်ကို ပစ်ချလိုက်သည်။ ထို့နောက် ဖေးချမ်ကို မှုန်မှိုင်းနေသော မျက်နှာနှင့် ပြောလိုက်သည်။

“အဟက်…ဖက်တီး မင်းက တော်တော်ကံမကောင်းတာပဲ။ သုံးစားမရတဲ့ တရားမဝင်သားနဲ့ မင်း အပေါင်းအသင်းလုပ်လို့ အခု မင်း သေရတော့မယ်”

ကုန်းဝူ မျက်နှာထား ပို၍ ခက်ထန်လာကာ

“ဟွန်း… ငါ ခုနလေးတင် သူ့ဆီ ဖုန်းဆက်လိုက်ပြီ။ သူ မကြာခင် ရောက်လာတော့မယ်…ဟီးဟီး… သူနဲ့ မင်းနဲ့ အတူတူသေရတော့မယ်။ နောက်ဆုံးအချိန်လေးကို ကောင်းကောင်းကြီး ခံစားထားပါဦး”

ကုန်းဝူမျက်လုံးက မီးဝင်းဝင်းတောက်နေသည်။ သူ ဒီည ယဲ့ဖန်ကို အသေသတ်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

သို့သော် သူ့စကားကြားသော်လည်း ဖေးချမ်က ကြမ်းပြင်ပေါ် တံတွေးထွေးပစ်လိုက်သည်။ အလွန် မုန်းတီးသော မျက်နှာထားနှင့် သူ ပြောလိုက်သည်။

မင်းက ယဲ့ဖန်ကို သတ်ချင်တာလား။ အဟက် … ငါကတော့ မင်း ကိုယ့်သေတွင်း ကိုယ် တူးတယ်လို့ ထင်တာပဲ”

*ဟမ်*

သူ့စကားကြောင့် ကုန်းဝူ တစ်ခုခုကို အမှတ်ရလိုက်သလို ခဏတဖြုတ် ငေးငိုင်သွားသည်။ ထို့နောက် သူက လှောင်ရယ်သောဟန်ဖြင့်

“အဲ့ကောင် နည်းနည်းတော့ ထူးခြားမှန်း ငါ သိသားပဲ။ သူ လူတွေကို စိတ်ညှို့နိုင်မှန်းလည်း ငါ သိတယ်။ အဲ့တော့ ဘာဖြစ်လဲ? ငါ အရင်တုန်းက သူ့ထောင်ချောက်ထဲ ဝင်မိပြီး လူကြားထဲ ဒူးထောက်မိလို့ ငါ လူရှေ့သူရှေ့မှာ အရှက်ကွဲခဲ့ရပြီးပြီ။ အခု အဲ့ကိစ္စအတွက် သူ့အသက်ကို ငါ ပြန်ယူရမယ်”

မနေ့တုန်းက ကုန်းဝူ ယဲ့ဖန်၏ ခရမ်းရောင် နတ်ဆိုး မျက်လုံးကြောင့် သူ ယဲ့ဖန်ရှေ့ ဒူးထောက်မိသွားသည်။

ဘာဖြစ်ခဲ့သည်ကို ပြန်အမှတ်ရပြီးနောက် သူ ယဲ့ဖန်ကို ပို၍ မုန်းမိသည်။ ဒီတစ်ခါတော့ သူ ကြိုတင်ပြင်ဆင်လာသည်။

ကုန်းဝူ လက်ဖျောက်တီးလိုက်သဖြင့် “ဖျောက်” ခနဲ အသံထွက်လာသည်။ ရုတ်တရက် စက်ရုံ၏ မှောင်ရိပ်ထဲမှ လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

ထိုသူသည် အရပ်ပုကာ ပိန်ပါးလှသည်။ လူသေလို ဖြူဖပ်ဖြူရော် မျက်နာနှင့် သူ့ကြည့်ရတာ ကျန်းမာရေး မကောင်းပုံရသည်။

ဘာရယ်ကြောင့်မှန်း မသိဘဲ ဖက်တီး ထိုလူကို မြင်လိုက်သည်နှင့် ကြယ်သီးမွှေးညှင်း ထလာသလို ခံစားလိုက်ရသည်။ ထိုလူသည် လူတွေကို တိုက်ခိုက်ရန်မူသည့် အန္တရာယ်ရှိသော မြွေဆိုးလိုလူမျိုးဟု ဖေးချမ် ခံစားလိုက်မိသည်။

ခွန်အားကြီး အဖွဲ့အစည်းတစ်ခုကလား!

ထိုလူက အင်အားကြီးသည်ဟု ဖက်တီး မှတ်ချက်ချလိုက်မိသည်။

“ဟီးဟီး… သူက မစ္စတာ လက်ခြောက်ချောင်းမြွေပဲ။ ငါ သူ့ကို ယဲ့ဖန်ကို သတ်ခိုင်းဖို့ ခေါ်လာတာ”

ကုန်းဝူ ရက်စက်စွာ ပြုံး၍ ပြောလိုက်သည်။

“ဖေးချမ်… မင်း လွန်ခဲ့တဲ့ ငါးနှစ်က ကျန်းရှီမြို့က ကျားခေါင်းအဖွဲ့အစည်း တစ်ခုလုံး အသတ်ခံရတဲ့ ကိစ္စကို မင်း မှတ်မိသေးလား?”

ထိုစကားကို ကြားသောအခါ ဖေးချမ် တုန်ယင်သွားသည်။ လွန်ခဲ့သည့် ငါးနှစ်တာကာလတုန်းက ကျန်းရှီမြို့၌ ကျားခေါင်းဟု ခေါ်ကြသည့် နိုင်ထက်စီးနင်း ပြုမူသော အင်အားစုတစ်စု ရှိခဲ့သည်။

ထိုအဖွဲ့အစည်းသည် ကျန်းရှီမြို့ မြေအောက်လောက၌ ပြိုင်ဘက်ကင်းဖြစ်သည်။ အထူးသဖြင့် ထိုအဖွဲ့ခေါင်းဆောင် ကျားရိုင်းသည် အလွန်ရက်စက်သည်။ ကျန်းရှီမြို့က အဓိက မိသားစု အားလုံး သူ နှိပ်ကွပ်တာကို ခံခဲ့ကြရသည်။

ကျားရိုင်း၌ လူယုံ ကင်းကောင်ကျား ၄ယောက် ရှိသည်။ သူတို့တစ်ယောက်ချင်းစီသည်လည်း တစ်မြို့လုံး ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသည့် ခွန်အား ရှိပြီးတရားမဝင်ပြိုင်ပွဲများ၏ ချန်ပီယံများ ဖြစ်ကြသည်။

သို့သော်လည်း ထိုကျားခေါင်းတစ်ဖွဲ့လုံး တစ်ညတည်းနှင့် အသတ်ခံလိုက်ရသည်။

ကျားရိုင်းနှင့် ကင်းကောင်ကျား ၄ယောက်တို့၏ အလောင်းများက လမ်းမပေါ် ပျံ့ကျဲနေသည်။ ထိုကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းက တစ်မြို့လုံးကို ထိတ်လန့်သွားစေခဲ့သည်။

ထိုထူးဆန်းသော လူသတ်သမားကို မည်သူမျှ မသိကြချေ။

“မင်း ပြောချင်တာက…”

ဖေးချမ် လက်ခြောက်ချောင်းမြွေကို မယုံနိုင်သလို စိုက်ကြည့်ကာ တုန်လှုပ်သွားရသည်။

“ဟားဟား…ဟုတ်တယ်… အဲ့လူတွေကို မစ္စတာ လက်ခြောက်ချောင်းမြွေက သတ်လိုက်တာ”

ကုန်းဝူ ပြုံး၍ ဆက်ပြောလိုက်သည်။

“အခုဆိုရင် ယဲ့ဖန်က ငါ့အစ်ကိုကြီး ကုန်းယွင်ဖေးရဲ့ အာရုံစိုက်တာ ခံလိုက်ရပြီ။ ယဲ့ဖန်က ငါ့ကို လူရှေ့သူရှေ့ ဒူးထောက်ခိုင်းတဲ့ ကိစ္စကို ငါ့အစ်ကိုကြီး သိသွားပြီးတော့ ဒါ ကုန်းမိသားစု မျက်နှာကို အိုးမည်းသုတ်သလို ဖြစ်သွားတာကြောင့် အစ်ကိုကြီးက မစ္စတာ လက်ခြောက်ချောင်းမြွေကို သူ့ကို သတ်ဖို့ လွှတ်လိုက်တာ။ ယဲ့ဖန် သေကို သေရမယ်”


Comment

Leave a Reply


Options

not work with dark mode
Reset