Chapter 37

ဒေါသထွက်နေသော အန်းရှီ

စားပွဲထိုးမလေး black card ကိုကိုင်ပြီး အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ရင်း အားလုံး နေရာမှာတင် တောင့်ခနဲ ဖြစ်နေကြသည်။

အဲ့ကဒ်က ဘာလဲ၊ ဘာအတွက် သုံးတာလဲဆိုတာကို သူတို့ မသိပါ။

*သူမက ဘာလို့ အဲ့ဒါကို မန်နေဂျာဆီ ယူသွားတာလဲ*

ရှုဖေး မျက်မှောင်ကြုတ်ကာ သံသယဝင်လာသည်။

*အဲ့ black card မှာ အထူးတလည် အသုံးဝင်တဲ့နေရာများ ရှိနေတာလား?*

ရှုဖေး ထိုအတွေးကို ပယ်လိုက်သည်။ သူ အရင်ကတည်းက ယဲ့ဖန်အကြောင်း ကြားဖူးပါသည်။ ယဲ့ဖန်က ယဲ့မိသားစု၏ နာမည်မရသော စွန့်ပစ်ခံ တရားမဝင်သားမှန်း သူ သိပါသည်။

သူ့မှာ ပိုက်ဆံဆိုလို့ ယွမ် ၁၀၀ ထက်တောင် ပိုမရှိတာကို ဘယ်လိုလုပ် အဲ့black card မှာ အထူးတလည် အသုံးဝင်တဲ့နေရာများ ရှိနေမှာလဲ?

သူသာမက ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ပါ ယောင်ချာချာ ဖြစ်နေကြသည်။

“ယဲ့ဖန်… အဲ့ black card ကဘာလဲဟင်?”

ရှောင်မိန် ဇဝေဇဝါဖြင့် မေးလိုက်သည်။ ရှောင်မိန်၏ အမေးကြောင့် အားလုံး၏ အကြည့်တွေက ယဲ့ဖန်ဆီ ရောက်လာကာ ယဲ့ဖန် ပြန်ဖြေသည်ကို စောင့်နေကြသည်။ သို့သော် ယဲ့ဖန်က ခေါင်းကို အသာခါကာ ပခုံးတွန့်ပြီး ပြန်ပြောလိုက်သည်။

“ငါလည်း မသိဘူး”

*ဘာရယ်*

*ဒီကောင်က သူ့ကဒ်ကိုတောင် သူ မသိဘူးလား*

အားလုံး ဆွံ့အသွားကြသည်။ ရှုဖေး၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ပြိုင်တူ သက်ပြင်းချလိုက်မိသည်။

*ယဲ့ဖန်တောင် အဲ့ကဒ်က ဘာကဒ်မှန်း မသိဘူးဆိုတော့ ဘာမှ ရေးကြီးခွင်ကျယ် လုပ်စရာ မလိုလောက်ပါဘူး*

ရှောင်မိန်က ရွဲ့တဲ့တဲ့ ပြောလိုက်သည်။

“ယဲ့ဖန်… အဲ့ကဒ်က discount card လား ကြော်ငြာကဒ်လား? နင် အဲ့လောက် ချွေတာတတ်မှန်း ငါ မသိခဲ့ဘူး”

သူမစကားကြောင့် ရှုဖေး၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့က ယဲ့ဖန်ကို ပိုပြီး အထင်သေးလာကြသည်။ ဤသည်ကို ကြည့်ရင်း အန်းရှီ ယဲ့ဖန်အတွက် စိတ်မကောင်းဖြစ်ကာ မျက်လုံးများ နီရဲကာ မျက်ရည်ဝဲလာသည်။

“ဒါတွေအားလုံး ငါ့အမှားပါ။ ငါ ယဲ့ဖန်ကို ဒီကို ခေါ်မလာခဲ့သင့်ဘူး။ ငါ့ကြောင့် သူများတွေ လှောင်တာကို သူ ခံနေရတာ”

အန်းရှီ ရင်ထဲ နင့်နေအောင် ခံစားလိုက်ရသည်။ ထိုစဉ် လက်ဖဝါးတစ်ဘက်က အန်းရှီခေါင်းကို အသာပွတ်ပေးလိုက်သည်။ သူမ မော့ကြည့်လိုက်သောအခါ နူးညံ့နွေးထွေးသော အပြုံးကို မြင်လိုက်ရသည်။

“ဖြူစင်လိုက်တဲ့ကောင်မလေး… မင်း အငိုရပ်သင့်ပြီ။ မဟုတ်ရင် မင်းမိတ်ကပ်တွေ ပျက်ပြီး မင်းကို ဘယ်သူမှ ကြိုက်တော့မှာ မဟုတ်ဘူး”

ယဲ့ဖန်က အန်းရှီကို ပြုံး၍ပြောလိုက်သည်။ သူ့စကားကြောင့် အန်းရှီ ချုံးပွဲချငိုကြွေးကာ ယဲ့ဖန်ရင်ခွင်ထဲ တိုးဝင်လာသည်။

သူမကပဲ သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့တာ။ သူမကြောင့်ပဲ သူ  တစ်ခြားသူတွေရဲ့ အထင်သေးတာကို ခံနေရတာ။ ဒါတောင်မှ သူက သူမကို နှစ်သိမ့်ပေးနေသေးသည်။ ဒါကို အန်းရှီ ဘယ်လိုလုပ် မခံစားဘဲ နေနိုင်မည်နည်း။

ဒါကမှ သူမရဲ့ ယဲ့ဖန်၊ သူမ ချစ်ရတဲ့ ယဲ့ဖန်။

သူတို့နှစ်ယောက်ကို ကြည့်ရင်း ရှုဖေး ယဲ့ဖန်ကို ပိုပိုပြီး မုန်းလာသည်။ ထိုစဉ် အခန်းပြင်မှ အလျင်အမြန် ပြေးလာနေသော ခြေသံများကို သူတို့ ကြားလိုက်ရသည်။

ထိုအသံကို ကြားပြီး ရှုဖေး၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ကြောက်လန့်သွားကြသည်။

“ရှု…ရှုဖေး… ငါတို့ ပိုက်ဆံမရှင်းနိုင်တာသိပြီး ငါတို့ကို ရိုက်နှက်တော့မှာလား မသိဘူးနော်?”

ရှောင်မိန်က ရှုဖေးကို ကြောက်လန့်တကြား မေးလိုက်သည်။ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့လည်း သေးထွက်ကျမတတ် ဖြစ်နေကြသည်။

“ဖေး… ဒီသရဖူဟိုတယ်ရဲ့ နောက်ကွယ်မှာ အင်အားကြီးအဖွဲ့တစ်ဖွဲ့ ရှိတယ်လို့ ငါကြားဖူးတယ်နော်။ ကုန်းမိသားစုက သခင်လေးတွေတောင် ဒီမှာ ပြဿနာ မရှာရဲကြဘူးတဲ့။ ငါတို့…”

“ဟုတ်တယ် ဖေး… ကုန်းမိသားစုက သခင်လေးတစ်ယောက် ရိုက်နှက်ခံရပြီး ကုန်းမိသားစု ခြံတံခါးရှေ့ လာပစ်သွားကြတယ်တဲ့။ ငါ … ငါတို့ မိဘတွေဆီ ဖုန်းဆက်ပြီး လာကယ်ခိုင်းလိုက်ရင်ကော?”

သူတို့နှစ်ယောက်လုံး သရဖူဟိုတယ်၏ ကောလဟာလသတင်းများကို ကြားဖူးသည်။ ထိုကောလဟာလသတင်းများကြောင့် သူတို့ ဂနာမငြိမ် ဖြစ်နေကြသည်။

သူတို့ ငြင်းခုံနေကြတုန်း တံခါးကို အပြင်ဘက်မှ ဆွဲဖွင့်တာ ခံလိုက်ရပြီး လူအုပ်ကြီးတစ်ခုက ပြေးဝင်လာသည်။

အားလုံးက အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားကြပြီး ခံ့ညားလျက် ရှိသည်။ သူတို့သည် သရဖူဟိုတယ်၏ ရာထူးကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

*ဘုရားရေ*

အားလုံး သွေးပျက်ကာ ဖင်ထိုင်လျက် လဲကျမလို ဖြစ်နေကြသည်။

ရှုဖေးတစ်ယောက်သာ တည်ငြိမ်နေသည်။ ထိုလူတွေ ဝင်လာသည်နှင့် သူက သူတို့ဆီ ချက်ချင်းပြေးသွားကာ ယဲ့ဖန်ကို လက်ညှိုးထိုးလိုက်ပြီး

“ကျွန်တော်ပြောတာကို သေချာနားထောင်ပေးပါ။ ဒီကိစ္စက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ အရက်အားလုံးကို သူပဲ မှာပြီး သူပဲ အကုန်သောက်ပစ်တာပါ။ လက်စားချေမယ်ဆို သူ့ကိုပဲ လက်စားချေကြပါ”

ရှုဖေး စကားကြောင့် အခန်းထဲရှိ လူများအားလုံး ကြောင်သွားကြသည်။ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ရှုဖေး၏ ရည်ရွယ်ချက်ကို သတိထားမိပြီး အားလုံး အံ့ဩသွားကြသည်။

ဒီလောက် အချိန်တိုလေးအတွင်းမှာ ရှုဖေး ဒီကိစ္စကို ယဲ့ဖန်အပေါ် လွှဲချဖို့ စဉ်းစားနိုင်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပေ။

ထို့နောက် သူတို့သုံးယောက်ပါ အသည်းအသန် ဝင်ပြောကြသည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံး သရဖူဗော်ကာကို မသောက်ခဲ့ကြပါဘူး။ အဲ့လူပဲ အကုန်သောက်ပစ်လိုက်တာပါ။ သူ့မှာ ပိုက်ဆံဆိုလို့ ယွမ် ၁၀၀ ပဲပါတာ။ သူ့ကို ခင်ဗျားတို့ သတ်လိုက်မယ်ဆိုရင်တောင် ကျုပ်တို့ ဝင်မပါပါဘူး”

“ဟုတ်တယ်၊ သူပဲ အရက်မှာပြီး အကုန်သောက်ပစ်လိုက်တာပါ။ ကျေးဇူးပြုပြီး အခြားသူတွေကို သွားခွင့်ပေးပါ”

….

ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့သည်လည်း သူတို့ အပြစ်တွေကို ယဲ့ဖန်ပေါ် လွှဲချလိုက်ကြသည်။ သူတို့ တတ်နိုင်သလောက် ဒီက မြန်မြန်ထွက်သွားချင်ကြသည်။ ယဲ့ဖန် သေသွားခဲ့လျင်လည်း ဒါ သူတို့အလုပ်မဟုတ်ပါ။

သူတို့ ပြောကြသည့်စကားများကြောင့် အန်းရှီ ဒေါသထွက်သွားသည်။

“နင် …န င်တို့တွေ မဟုတ်တမ်းတရားတွေ ပြောနေကြတာပဲ။ နင်တို့တွေ ယဲ့ဖန်ကို စွပ်စွဲနေတာ”

သူမအချစ်ဆုံးသူငယ်ချင်းနှင့် အတန်းဖော်တွေက သူတို့ ကိုယ်လွတ်ရုန်းနိုင်ရန် အရှက်မရှိသည့်နည်းလမ်းဖြင့် ယဲ့ဖန် သေသွားအောင် လုပ်ကြလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

*ဒီလူတွေက စေတန်နတ်ဆိုးထက်တောင် ပိုပြီး ယုတ်မာကြတာပဲ*

သူတို့စကားတွေကို ကြားပြီး သရဖူဟိုတယ်၏ ရာထူးကြီးပုဂိ္ဂုလ်များက မှင်သေသေမျက်နှာထားများ ဖြစ်သွားကြသည်။

သူတို့ ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဆီ လှမ်းလာကြသည်။ ရှုဖေး၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ဝမ်းသာသွားကြသည်။

သူတို့ အကြံ အလုပ်ဖြစ်မှန်း သိလိုက်ကြသည်။ ဝန်ထမ်းတွေက သူတို့ ဒေါသကို ယဲ့ဖန်ဆီ ပုံချလိုက်ပြီဖြစ်သည်။

*သူ့ကို ရိုက်၊ သူ့ကို ရိုက်နှက်ပစ်လိုက်။ ခင်ဗျားတို့ သူ့ကို အားနဲ့ဆော်လေ ခင်ဗျားတို့ ဒေါသတွေ လျော့သွားလေပဲ၊ ပြီးတော့ ကျုပ်တို့လည်း ပိုပြီး ဘေးကင်းပြီပဲ*

သူတို့လေးယောက် ဘေးကပ်ရပ်ကာ ပျော်ရွှင်စွာ စောင့်ကြည့်နေကြသည်။ အန်းရှီ တုန်လှုပ်နေသည်။ ယဲ့ဖန်နား သူတို့ ကပ်လာသည်ကို ကြည့်ရင်း သူမ ယဲ့ဖန်ရှေ့ ကာရပ်လိုက်ကာ အော်လိုက်သည်။

“ရှင်တို့ ဘာလုပ်ကြမလို့လဲ။ ဒီကိစ္စက သူနဲ့ မဆိုင်ဘူး။ အရက်ကို ကျွန်မပဲ မှာလိုက်တာ။ ရှင်တို့ သတ်ချင်တယ်ဆို ကျွန်မကိုပဲသတ်။ ကျွန်မရဲ့ ယဲ့ဖန်ကို ထိခိုက်အောင် မလုပ်နဲ့”

အန်းရှီက ယဲ့ဖန်ရှေ့၌ ခြင်္သေ့ပေါက်လေးလို ရပ်နေသည်။

*ဟင်*

သရဖူဟိုတယ်မှ ရာထူးကြီးပုဂ္ဂိုလ်များသာမက ယဲ့ဖန်ပါ မှင်တက်သွားရသည်။ ဒီလောက် အားနည်း၍ ဖြူစင်သည့် မိန်းကလေးက သူ့အတွက်နဲ့ သူမအသက်ကို ရင်းပြီး ကာကွယ်ပေးလိမ့်မယ်လို့ ယဲ့ဖန် မထင်ထားခဲ့ပါ။

ယဲ့ဖန် ရင်ထဲ နွေးထွေးသွားရကာ သူမကို ဖက်ထားလိုက်ပြီး သရဖူဟိုတယ်မှ ရာထူးကြီးပုဂ္ဂိုလ်များကို စေ့စေ့ကြည့်လိုက်သည်။

ထိုနောက်ပိုင်း ဖြစ်ပေါ်လာသည့် ကိစ္စကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

သရဖူဟိုတယ်မှ ရာထူးကြီးပုဂ္ဂိုလ်များအားလုံးက တန်းစီရပ်လိုက်ပြီး ယဲ့ဖန်အား အရိုအသေပေးကာ ကျယ်လောင်စွာ ပြောလိုက်ကြသည်။

“လေးစားပါတယ် မစ္စတာယဲ့”


Comment

Leave a Reply


Options

not work with dark mode
Reset