Switch Mode

အခန်း ( ၄၄ )

ပါမောက္ခကြီး၏ စာသင်ခန်းမ

ဒုက္ခပင်လယ်ဝေခဲ့ရသော နေ့ရက်ဆယ်ရက်မှာ အမှုမဲ့အမှတ်မဲ့ ကုန်ဆုံးသွားသည်။

ထိုဆယ်ရက်အတွင်း ဓမ္မလက်နက်ဌာနထဲ၌ လင်းတျန်ဟောက်နှင့် ချောင်ခွင်းတို့မှာ ဝိညာဉ်ကျောက်တုံးခန်းမမှ ကျောင်းသားများကို အဆက်မပြတ် ရှင်းထုတ်ကာ နှိပ်ကွပ်နေခဲ့၏။ နောက်ထပ် လူများစွာပင် ထပ်၍ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ဖမ်းဆီးခံရသည့် လူအရေအတွက်မှာ အလွန် များပြားနေပြီး အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်ဖြစ်ရာ သက်သေများကိုစုဆောင်းရန် အချိန်အများကြီး လိုအပ်ပေသည်။ ထို့ကြောင့် သူတို့အားလုံး စုံစမ်းစစ်ဆေးရန်အတွက်သာ အကျဉ်းချခံထားရပြီး အပြင်းအထန် အပြစ်ပေးခံရခြင်းတော့ မရှိပေ။

သို့သော် ထိုအခြေအနေမှာ ယာယီမျှသာ ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ ထင်မှတ်မထားသော အရာများ ဖြစ်မလာသရွေ့ ထိုကျောင်းသားများမှာ ပုံစံမျိုးမျိုးဖြင့် အပြစ်ပေးခံရမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ ဆက်ရက်တိတိ နတ်ဝိဇ္ဇာဂူထဲမှ ထွက်ခွာမလာခဲ့ပေ။ သူသည် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာလာကာ တစ်ခုခု စားပြီးပါက ဝမ်းနည်းမှုများနှင့် ဒေါသများကို မျိုသိပ်၍ အံကြိတ်ရင်း ကတုန်ကယင်နှင့် အထဲသို့ ပြန်၍ ဝင်သွားတတ်သည်။

” သောက်ကျိုးနဲ … ဘယ်အချိန်မှများ ပြီးဆုံးမှာလဲ ”

ဝမ်ပေါင်လဲ့မှာ တွက်ချက်မှုနည်းစနစ်များကို ရင်းနှီးလာအောင် လုပ်ရသည်မှာ ကြောက်စရာကောင်းလှသည်ကို တွေးမိလိုက်သောအခါ သူ ချစ်ရသောလူများကို ဆုံးရှုံးလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သို့သော် သူသည် သူ၏ တာဝန်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ပြန်၍တွေးမိလိုက်သောအခါ အံကိုသာကြိတ်၍ အော်ဟစ်မြည်တမ်းရင်း ထို မချိတင်ကဲ ဝေဒနာများကို ဆက်၍ ကျိတ်မှိတ်ခံစားနေလိုက်တော့သည်။

အတောမသတ်နိုင်သော မိုးကြိုးပစ်ချက်များကြောင့် ဝမ်ပေါင်လဲ့၏ ပုံသေနည်းကို တွက်ထုတ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာပြီ ဖြစ်သည်။ သူ့အား မိုးကြိုးများ ပစ်နေဆဲဖြစ်သောကြောင့် နာကျည်းစွာ အော်ဟစ်နေရပါသော်လည်း သူ အဖြေတွက်ထုတ်နိုင်ရန်အတွက် လိုအပ်သည့် အချိန်ပမာဏမှာ အလျင်အမြန်ပင် လျော့ကျသွားပြီ ဖြစ်သည်။

မိုးကြိုးများမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာ သဖြင့် ဝမ်ပေါင်လဲ့မှာ သူ ခံစားနေရသည့် နာကျင်မှုများကြောင့် အရူးတစ်ယောက်လိုဖြစ်သွားပြီး အစွမ်းကုန်ထုတ်လိုက်တော့သည်။ အကယ်၍ သူ၏ ကြိုးစားအားထုတ်မှုမှာ မလုံလောက်ပါက ဓာတ်လိုက်ရင်း အသက်သေဆုံးသွားမည်ကို စိုးရိမ်နေ၏။

ယခုတွင် ဝမ်ပေါင်လဲ့မှာ အလွန်အမင်း ရှုပ်ထွေးသော ကမ္ဗည်းစာလုံးများ မဟုတ်လျှင် အဖြေကို စက္ကန့်ပိုင်းအတွင်း တွက်ထုတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သို့သော် မျက်နှာဖုံးကြီးမှာ ထိုမျှလောက်နှင့် မကျေနပ်သေးသောကြောင့် ဝမ်ပေါင်လဲ့အား ပို၍တိုတောင်းသည့် အချိန်တစ်ခုကို သတ်မှတ်ပေးလိုက်ပြီး ကမ္ဗည်းစာလုံးများ၏ အရေအတွက်နှင့် ခက်ခဲမှု‌တို့ကို မြှင့်တင်လိုက်ပြန်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများ ပို၍ပင် စိတ်မချမ်းသာစရာ ကောင်းလာတော့သည်။

နောက်ထပ်ဆယ်ရက်တိတိ ကုန်ဆုံးသွားချိန်တွင် ဝမ်ပေါင်လဲ့၏ အမူအရာမှာ သာမန်နှင့် မတူတော့ပေ။ သူသည် အချိန်ကုန်ဆုံးမှုကိုပင် မေ့ပျောက်သွားပြီဖြစ်ပြီး ပါမောက္ခကြီးထံမှ အသံထုတ်လွှင့်ခြင်းတစ်ခု ရောက်ရှိလာသောအခါမှသာ သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တော့သည်။

ကောင်းကင်တာအိုကျောင်းနှင့် အဆင့်နိမ့်ကျွန်းရှိ ဌာနအမျိုးမျိုးမှ ကျောင်းသားခေါင်းဆောင်များကို ပါမောက္ခ၏တပည့်များဟု သတ်မှတ်ကြသည့်အကြောင်းရင်းမှာ တစ်ခါတရံတွင် ပါမောက္ခခန်းမထဲ၌ စုဝေးရသောကြောင့်ဖြစ်သည်။ ပါမောက္ခကြီးမှာ ပါမောက္ခစာသင်ခန်းမကို ဖွင့်ပေးပြီး သူကိုယ်တိုင် သင်ခန်းစာများပေးကာ ကျောင်းသားခေါင်းဆောင်များ၏ မေးခွန်းများကို ဖြေကြားခြင်း၊ ရှင်းပြခြင်းများ ပြုလုပ်ပေးလေ့ရှိသည်။ ထိုကဲ့သို့ အစည်းဝေးများကို ကျောင်းသားခေါင်းဆောင်များက မဖြစ်မနေ တက်ရောက်ရသည်။

အဆင့်နိမ့်ကျွန်း တစ်ကျွန်းလုံးတွင် ပါမောက္ခတစ်ယောက်သာ ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိသည်။ သူသည် အဆင့်နိမ့်ကျွန်းရှိ ဌာနအားလုံး၏ သင်ခန်းစာများနှင့် ပညာရပ်များအားလုံးကို သိရှိထားသည်ဖြစ်ပြီး ၎င်းတို့နှင့် ပတ်သတ်‌သည့် လေ့လာမှုများကိုပင် ပြုလုပ်ထားသည်ဖြစ်ရာ ကျောင်းသားခေါင်းဆောင်အားလုံးကို လမ်းညွှန်ပေးနိုင်သည့်အပြင် အဆင့်မြင့်ကျွန်းမှ ကျင့်ကြံခြင်း အကျော်အမော်များကိုပင် ဖိတ်ခေါ်၍ ကျောင်းသားခေါင်းဆောင်များအား လမ်းညွှန်ပေးရန် အမိန့်ပေးနိုင်စွမ်းရှိသည်။

ယခုတွင် ပါမောက္ခကြီး၏ ပညာသင်ကြားခြင်း စတင်တော့မည် ဖြစ်သောကြောင့် ထိုကဲ့သို့ အသံထုတ်လွှင့်ကာ ဝမ်ပေါင်လဲ့အား ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

နတ်ဝိဇ္ဇာဂူထဲတွင် ဝမ်ပေါင်လဲ့မှာ ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်လာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြိမ်ဖန်များစွာ ဓာတ်လိုက်ခဲ့ပြီး ဖြစ်သောကြောင့် ကတုန်ကယင် ဖြစ်နေ၏။ သူသည် စိတ်ဓာတ်များကျဆင်းကာ ဆံပင်များရှုပ်ပွနေပြီး သူ၏ မျက်လုံးများမှာလည်း အသက်မဲ့နေသည့်ပုံ ပေါက်နေသည်။ သူသည် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်လာသည့်တိုင်အောင် တစ်ကိုယ်တည်း စကားပြောနေဆဲပင်။

” လျင်မြန်မှုကမ္ဗည်းစာလုံးတွေကို ဖန်တီးဖို့ဆိုရင် အခြေခံ ကမ္ဗည်းစာလုံး ခုနစ်ရာသုံးဆယ့်တစ်လုံးကို ယှဉ်တွဲပြီးတော့ တွက်ထုတ်ဖို့လိုတယ်။ ပြီးရင် ပုံသေနည်း ကိုးကြိမ် အသုံးပြုဖို့လည်း လိုသေးတယ် ”

” ဝိညာဉ်ချီကမ္ဗည်းစာလုံးတွေကို စုစည်းနိုင်တဲ့ နည်းလမ်းပေါင်း သုံးထောင့်တစ်ရာရှစ်ဆယ့်ငါးနည်း ရှိတယ်။ ပထမဆုံး ပုံသေနည်းက…. ”

ဝမ်ပေါင်လဲ့မှာ သူ၏ အတွေးထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသော ပုံသေနည်းများကို တွက်ချက်ကာ မိန်းမော‌တွေဝေနေရင်း နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ယိမ်းထိုး၍ ထွက်လာ၏။ သူသည် ထိုတွက်ချက်မှုများထဲတွင်သာ အာရုံအပြည့်နီးပါး စိုက်ထားသောကြောင့် လမ်းလျှောက်နေခြင်းကိုပင် စိတ်ထဲသို့ မထည့်ထားတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့အား ထိုပုံစံနှင့် မြင်လိုက်ရသည့် ကျောင်းသားအားလုံး ဆွံ့အသွားကြတော့သည်။

” ဝမ်ပေါင်လဲ့ပါလား။ ဒါ…ဒါက… ဘယ်လို ဖြစ်ရတာလဲဟ ”

” ဘာလို့ သူက ရူးသွားတဲ့ပုံနဲ့ တူနေရတာလဲ။ ကြည့်ဦး။ သူတစ်ယောက်တည်း ဘာစကားတွေ ရွတ်နေမှန်းလည်း မသိဘူး ”

” မဟုတ်သေးပါဘူး။ မဟုတ်မှလွဲရော။ သူက သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ဖယ်ရှားခံလိုက်ရတဲ့အချက်ကို မဖြေဆည်နိုင်လို့ ရူးသွားတာများလား ”

ဓမ္မလက်နက်ဌာနထဲမှ လူများမှာ ထိုကိစ္စအား တိုးတိုးတိတ်တိတ် ငြင်းခုံဆွေးနွေးနေကြတော့သည်။ ဝမ်ပေါင်လဲ့ကမူ သူ၏ ဘေးဘီဝဲယာကိုပင် သတိမထားမိတော့ပေ။ သူသည် အတွေးထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသော တွက်ချက်မှုများကို ပြုလုပ်ရင်း ပါမောက္ခတောင်ထိပ်ဆီသို့ ရောက်ရှိလာ၏။

ဝမ်ပေါင်လဲ့မှာ ပထမဆုံးအကြိမ်အဖြစ် ပါမောက္ခတောင်ထိပ်သို့ ရောက်လာဖူးခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှ ပုံမှန်အတိုင်းဆိုလျှင် ယခုထက်ပို၍ အာရုံစိုက်နေမည် ဖြစ်သော်လည်း ယနေ့တွင်မူ သူ၏ အသိစိတ်မှာ ဝေဝါးနေ၏။ ထို့အပြင် သူသည် မာန်တင်းကာ‌ တောင်ထိပ်ပေါ်သို့ တက်လာပြီး ပါမောက္ခအဆောင်ဆီသို့ ရောင်အောင် လာခဲ့ရသည်။

သူသည် လမ်းတစ်လျှောက်တွင် တွက်ချက်မှုများကို ပြုလုပ်နေသောကြောင့် နောက်မကျသည့်တိုင်အောင် ထိုနေရာသို့ နောက်ဆုံးမှ ရောက်ရှိလာ၏။ သူသည် ထိုခန်းမကြီးထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျန့်လျန်၊ ချောင်ခွင်းနှင့် လင်းတျန်ဟောက်အပါအဝင် ဌာနအသီးသီးမှ ကျောင်းသားခေါင်းဆောင်အားလုံး ထိုင်နေကြသည်ကို မြင်လိုက်ရသည်။

ပါမောက္ခကြီး၏ စာသင်ခန်းမထဲတွင် မည်သူကမှ အသံကျယ်ကျယ်ထွက်ခွင့်မရှိပေ။ ထို့ကြောင့် ကျန့်လျန်မှာ စိုးရိမ်ပူပန်နေသည့် အကြည့်ဖြင့် ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်၏။ ချောင်ခွင်းမှာမူ အထင်သေးသည့်လေသံဖြင့် ရယ်မောလိုက်ပြီး လင်းတျန်ဟောက်၏ မျက်လုံးများမှာမူ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ဆက်၍ ကြည့်မနေတော့ပေ။

အခြားကျောင်းသားခေါင်းဆောင်အားလုံးမှာလည်း ဝမ်ပေါင်လဲ့အား သတိထားမိလိုက်ကြသည်။ ဝမ်ပေါင်လဲ့ နာမည်ကျော်ကြားလာခဲ့သည်မှာ သိပ်၍ မကြာသေးသည် မဟုတ်ပါလော။ သူသည် လတ်တလောတွင် သြဇာလွှမ်းမိုးနိုင်စွမ်း မရှိတော့ပါသော်လည်း အရေးပါသူတစ်ယောက်တော့ ဖြစ်နေဆဲပင်။

သို့သော် သူတို့က သူ၏ ပုံစံကို အကဲခတ်လိုက်ကြပြီးနောက် စိတ်ပျက်သွားကြသည်။ ဝမ်ပေါင်လဲ့၏ လက်ရှိပုံစံကြောင့် သူတို့အားလုံး သူ့အပေါ် နားလည်မှုလွဲသွားကြပြီး လက်မြှောက်အရှုံးပေးလိုက်ပြီဖြစ်ကြောင်း ယူဆလိုက်ကြတော့သည်။

သူတို့၏ရှေ့တွင်မူ သမားတော်အိုကြီးမှာ မျက်လုံးများမှိတ်ရင်း ခွေးခြေခုံတစ်ခုံ ပေါ်တွင် ထိုင်နေ၏။ သူသည် ဝမ်ပေါင်လဲ့ ဝင်လာသည်ကို အာရုံခံမိလိုက်သဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသဖြင့် အံ့ဩမှင်တက်သွားရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ အားတင်းကာ သမားတော်အိုကြီးအား နှုတ်ဆက်လိုက်ပြီး ထိုင်စရာနေရာတစ်ခုကို ရှာလိုက်၏။ သူသည် ထိုသမားတော်အိုကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။ ၎င်းမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ဘေးပတ်ပတ်လည်မှ လူများ၏ ထင်မြင်ယူဆချက်များကိုမူ သူက ဂရုမစိုက်အားပေ။

ဝမ်ပေါင်လဲ့က ထိုင်ချလိုက်ပြီးနောက် သူ၏ အတွေးထဲရှိ ပုံသေနည်းများထဲတွင် ပြန်၍ နစ်မျောသွားပြန်သည်။ ၎င်းမှာ သူ၏ အကျင့်တစ်ခုကဲ့သို့ပင် ဖြစ်နေပြီ ဖြစ်သည်။ ရက်ပေါင်းနှစ်ဆယ်ကျော် ဓာတ်လိုက်အောင် မိုးကြိုးပစ်ခံခဲ့ရပြီးနောက် သူ၏ စိတ်ထဲတွင် အကြောက်တရားတစ်ခု ပေါက်ဖွားလာခဲ့၏။ ၎င်းမှာ အကယ်၍ သူ၏ တွက်ချက်မှုများက အလွန်နှေးကွေးနေမည်ဆိုပါက အဖြေကို ချက်ချင်း တွက်ထုတ်နိုင်မည် မဟုတ်သောကြောင့် နောက်ထပ်တစ်ကြိမ် မိုးကြိုးပစ်ခံရမည်ကို တွေးကြောက်နေသည့် အကြောက်တရားပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ နုံးချည့်နေသော အမူအရာကို မြင်လိုက်ရသောအခါ သမားတော်အိုကြီးမှာ ခေါင်းယမ်းကာ အကြည့်လွှဲလိုက်၏။ ထို့နောက် သူ၏ သင်တန်းကို စတင်လိုက်ပြီး ထောင်ချောက်ဌာန၊ မှော်ဆေးရည်ဌာန၊ ရှေးဟောင်းသိုင်းပညာဌာန၊ ဓမ္မလက်နက်ဌာနတို့ အပါအဝင် မှော်ကျောက်စာဌာနနှင့် တာအိုဉာဏ်အလင်းပွင့်ဌာနတို့ကဲ့သို့သော အဆင့်နိမ့်ကျွန်းမှ ဌာနအားလုံးနှင့် ပတ်သတ်သည့် ပညာရပ်များကို သင်ကြားပို့ချလိုက်တော့သည်။

” ငါ့လိုမျိုး အဘိုးကြီးတစ်ယောက်ရဲ့ အမြင်အရဆိုရင် ဌာနတိုင်းမှာ ဆင်တူနေတဲ့ အချက်တွေရှိတယ်။ ဥပမာ ပြရမယ်ဆိုရင် ထောင်ချောက်ဌာနနဲ့ ဓမ္မလက်နက်ဌာန နှစ်ခုစလုံးက ပစ္စည်းတွေကို ဘယ်လိုသန့်စင်ရမလဲဆိုတဲ့ ပညာရပ်ကို လေ့လာရတာ။ ပြီးတော့ ကမ္ဗည်းစာလုံးတွေကို လေ့လာတဲ့နေရာမှာ ဆင်တူတဲ့ မှော်ကျောက်စာဌာနကိုလည်း မေ့ထားလို့မရဘူး ”

” သိုင်းပညာဌာန ဆိုရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်တွေကိုပဲ ကျင့်ကြံရတာ မဟုတ်ဘူးလေ။ မင်းတို့အကုန်လုံး အဆင့်မြင့်ကျွန်းကိုရောက်ရင် နားလည်လာပါလိမ့်မယ်။ တာအိုဆိုတဲ့အရာက နာကျင်စရာကောင်းပြီးတော့ ခက်ခဲနက်နဲတယ်။ ကျင့်ကြံမှုဆိုတဲ့ လမ်း‌ပေါ်မှာ ရှေ့ဆက်လျှောက်နိုင်ဖို့အတွက် မင်းတို့အားလုံး ပေါင်းစည်းပြီးတော့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပေးနေဖို့ လိုတယ် ”

” တာအိုဉာဏ်အလင်းပွင့်ဌာနကို ပြောချင်တာက မင်းတို့တွေ လက်မလျှော့လိုက်နဲ့။ ပြည်ထောင်စုကြီးတစ်ခုလုံးက တာအိုဉာဏ်အလင်းပွင့်ဌာနပေါ်မှာ ထားတဲ့ သဘောထား တစ်ခုပဲ ရှိတယ်။ တာအိုဆိုတဲ့ ပန်းတိုင်‌ကိုရောက်အောင် ကြိုးစားနေတဲ့အချိန် ဉာဏ်အလင်းပွင့်ခြင်းဆိုတဲ့ လမ်းခရီးကို ကြုံကို ကြုံရမှာ ”

သမားတော်အိုကြီး၏ ဟောပြောပို့ချမှုများကြောင့် လူတိုင်းမှာ အချိန်ကုန်ဆုံးသွားသည်ကိုပင် သတိမထားမိလိုက်ကြပေ။ အချက်အလက် အကြောင်းအရာ အသစ်အဆန်း အားလုံး သူ၏ လက်ဖျားထိပ်တွင် ရှိနေသည့်အလားပင်။ တချို့ အကြောင်းအရာများမှာ အနုစိတ်ပြီး တချို့ အချက်အလက်များမှာ လိုရင်းတိုရှင်း ဖြစ်နေကြ၏။ ကျောင်းသားခေါင်းဆောင်အားလုံး သက်ဆိုင်ရာ ဌာနအသီးသီး၏ ထူးချွန်ထက်မြက်သော ကျောင်းသားများ ဖြစ်နေသည့်တိုင်အောင် အကျိုးကျေးဇူးများစွာ ရရှိသွားကြသည်သာ ဖြစ်သည်။

သူသည် အဆင့်နိမ့်ကျွန်း၏ ပါမောက္ခဖြစ်နေသည် ဖြစ်ရာ တမူထူးခြားသော အရည်အချင်းများကို ပိုင်ဆိုင်ထားမည်သာ ဖြစ်သည်။ ထို သမားတော်အိုကြီးမှာ အဆင့်မြင့်ကျွန်းပေါ်တွင် နာမည်ကျော်ကြားသည့် ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးသည် ဆိုသော ကောလာဟလများပင် ရှိသည်။

သူသည် အိုမင်းနေပြီ ဖြစ်သောကြောင့်သာ အဆင့်နိမ့်ကျွန်းဆီသို့ ပြောင်းလာခဲ့ခြင်းဖြစ်ပြီး ကောင်းကင်တာအိုကျောင်းအား အဆင့်မြင့်ကျွန်းသို့ တက်လှမ်းနိုင်မည့် လူငယ်များကို ပြုစုပျိုးထောင်ပေးရာ၌ ကူညီပေးရန် တာဝန်ယူထားခြင်း ဖြစ်သည်။

သူ၏ သင်တန်းမှာ နာရီပေါင်းများစွာ ရှည်ကြာသွား၏။ နေဝင်ရီတရောအချိန်သို့ ရောက်သောအခါမှသာ သမားတော်အိုကြီးက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ရပ်တန့်သွား၏။ သူသည် တစ်နေကုန် သင်တန်းပို့ချပေးနေသည့်တိုင်အောင် မောပန်းနွမ်းနယ်နေသည့်ပုံ လုံးဝမပေါက်ပေ။ ထို့အပြင် သူသည် လက်ဖက်ရည်ခွက်ကိုချ၍ ပြုံးကာ ကျောင်းသားခေါင်းဆောင်အားလုံးကို အကဲခတ်လိုက်၏။

” ဒီနေ့တော့ ဒီလောက်ပဲ။ မင်းတို့ဆီမှာ မေးစရာ ရှိကြလား ”

သမားတော်အိုကြီးက ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကျောင်းသားခေါင်းဆောင်အားလုံး ခေါင်းမော့လာကြ၏။ ထို့နောက် တာအိုဉာဏ်အလင်းပွင့်ဌာနမှ ကျောင်းသားခေါင်းဆောင်တယောက်က အရင်ဆုံး မေးလိုက်၏။

” ပါမောက္ခကြီးက တာအိုကို နားလည်အောင် လုပ်ဖို့အတွက်ဆိုရင် တာအိုဉာဏ်အလင်းပွင့်ဌာနက လိုအပ်တဲ့ လမ်းစဉ်တစ်ခုလို့ ပြောခဲ့တယ်နော်။ ပြီးတော့ ဉာဏ်အလင်းပွင့်ခြင်းဆိုတဲ့ လမ်းစဉ်က မူလဇစ်မြစ်ကို တန်းတန်းမတ်မတ် ဦးတည်နေတယ်လို့လည်း ပြောခဲ့သေးတယ်။ အဲဒီတော့ ကျနော်မေးချင်တာက အဲဒီ မူလဇစ်မြစ်ဆိုတဲ့အရာက ဘာကြီးလဲဗျ ”

ထိုမေးခွန်းကြောင့် ကျောင်းသားခေါင်းဆောင်အားလုံး အတွေးများထဲတွင် နစ်မျောသွားကြ၏။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် တာအိုဉာဏ်အလင်းပွင့်ဌာနမှာ ကောင်းကင်တာအိုကျောင်းထဲတွင် ထူးခြားသော နေရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုဌာနမှ ကျောင်းသားများမှာ မည်သည့် သင်ခန်းစာကိုမှ မယ်မယ်ရရ လေ့လာသင်ကြားရခြင်းမရှိဘဲ သူတို့၏ အချိန်အများစုကို ဉာဏ်အလင်းပွင့်ရန်အတွက် စကြဝဠာကြီးအကြောင်းအား တွေးတောသုံးသပ်ခြင်းဖြင့်သာ ကုန်ဆုံးစေကြသည်။ တာအိုဉာဏ်အလင်းပွင့်ဌာန၏ ကျောင်းသားခေါင်းဆောင်နေရာများကို သူတို့ လစဉ်လတိုင်း ရေးရသည့် ဉာဏ်အလင်းပွင့်ခြင်း စာစီစာကုံးများအပေါ် မူတည်၍ ဆုံးဖြတ်ပေးကြခြင်း ဖြစ်သည်။

ပြည်ထောင်စုဥက္ကဌဟောင်းမှာ ထို တာအိုဉာဏ်အလင်းပွင့်ဌာနမှ ဖြစ်ပြီး တာအိုဉာဏ်အလင်းပွင့်ဌာနထဲတွင် အောင်မြင်သွားပါက ကမ္ဘာကြီးတစ်ခုလုံးကို ချက်ချင်းပင် တုန်လှုပ်သွားအောင် ပြုလုပ်နိုင်ကြောင်း သက်သေပြခဲ့၏။ သူ့ကြောင့်သာ မဟုတ်လျှင် ထိုဌာနကို ရှေးယခင်ကတည်းက ဖျက်သိမ်းခဲ့မည်သာ ဖြစ်သည်။

သမားတော်အိုကြီးမှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ပြုံးလိုက်၏။ ထို့နောက် သူသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

” ငါ့ရဲ့လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ဗဟုသုတအဆင့်မှာတောင် မူလဇစ်မြစ်ဆိုတဲ့ အရာကို တိတိကျကျ နားလည်နိုင်ဖို့ဆိုတာ အရမ်း ခက်ခဲတယ်။ ဓားနေမင်းကြီးရဲ့ အစိတ်အပိုင်း တစ်ခုထဲမှာ ဒီ စကြ၀ဠာထဲမှာ ရှိတဲ့ အရာအားလုံးကို အဲဒီ မူလဇစ်မြစ်ထဲမှာ ရှာတွေ့နိုင်တယ်လို့ ရှင်းပြထားတဲ့ စာပိုဒ်တစ်ပိုဒ် ရှိတယ်။ အဲဒီမူလဇစ်မြစ်ဆိုတဲ့ အရာနဲ့ဆိုရင် လမ်းစဉ်တစ်ခုတည်းကိုပဲ ရွေးချယ်ပြီးတော့ ကောင်းကင်ဘုံဆီကို လျှောက်လှမ်းနိုင်တယ် ”

ထိုအခါ ထိုတာအိုဉာဏ်အလင်းပွင့်ဌာနမှ ကျောင်းသားခေါင်းဆောင်မှာ ခေါင်းတညိတ်ညိတ် ဖြစ်သွားပြီး အတွေးများထဲတွင် နစ်မျောသွား၏။ တခဏအကြာတွင် အခြားဌာနများမှ ကျောင်းသားခေါင်းဆောင်အားလုံးမှာလည်း အမျိုးမျိုးသော မေးခွန်းများကို ဆက်တိုက် မေးမြန်းလိုက်ကြတော့သည်။ ပါမောက္ခကြီးမှာ မေးခွန်းတစ်ခုချင်းစီတိုင်းကို စေ့စပ်သေချာစွာ ဖြေပေးလိုက်၏။ တချို့အဖြေများမှာ ကျောင်းသားများ၏ မသေချာမရေရာမှုများကို ချက်ချင်းဆိုသလိုပင် ဖယ်ရှားပြီးနိုင်လိုက်ပြီး တချို့သော အဖြေများကမူ သူတို့အား နက်နက်နဲနဲ စဉ်းစားတွေးတောသွားအောင် လုပ်လိုက်ကြသည်။

လူတိုင်းနီးပါး မေးခွန်းများ မေးပြီးသွားကြသောအခါ ဝမ်ပေါင်လဲ့မှာလည်း ခေါင်းမော့လာပြီး ကြိုးစား၍ အာရုံစိုက်လိုက်၏။ သူသည် သူ၏ တွက်ချက်မှုများကို လုပ်နေစဉ်အတွင်း အဖြေရအောင် တွက်ထုတ်နိုင်ခဲ့ပါသော်လည်း အပြည့်အဝ နားမလည်ခဲ့သည့် မေးခွန်းများနှင့် ကြုံခဲ့ရသည်ဖြစ်ရာ သူ့ထံတွင်လည်း မေးစရာ မေးခွန်းအမြောက်အမြားရှိနေ၏။

” ပါမောက္ခကြီး။ ကျနော် ကမ္ဗည်းစာလုံးတွေနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတစ်ခုမေးချင်လို့ ”

” ဝိညာဉ်ချီတွေကို စုစည်းနိုင်တဲ့ ကမ္ဗည်းစာလုံး အရေအတွက်က ရာဂဏန်း ထောင်ဂဏန်းအထိ ရှိတယ်။ အဲဒီ စာလုံး တစ်လုံးချင်းစီတိုင်းက ဝိညာဉ်ချီတွေကို စုစည်းနိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ဘာလို့ အဲဒီလိုမျိုး စာလုံးတွေက အများကြီး ရှိနေရတာလဲ။ ပြီးတော့ သူတို့ရဲ့ အဓိပ္ပါယ်က ဘာလဲ ”

ဝမ်ပေါင်လဲ့က ထိုသို့မေးလိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင် ချောင်ခွင်းမှာ သမားတော်အိုကြီး၏ အဖြေကိုပင် မစောင့်တော့ဘဲ အော်ရယ်လိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး သမားတော်အိုကြီးအား ဦးညွတ်အရိုအသေပေးကာ ခွင့်တောင်းလိုက်၏။

” ပါမောက္ခကြီး … အဲဒီမေးခွန်းရဲ့ အဖြေက ရိုးရှင်းလွန်းပါတယ်။ ကမ္ဗည်းစာနဲ့ ပတ်သတ်တဲ့ သင်ခန်းစာ အနည်းငယ်လောက်ကို အာရုံစိုက်ခဲ့တဲ့လူတိုင်း အဲဒီ မေးခွန်းကို ဖြေနိုင်မှာပါ။ ပါမောက္ခကြီး … ကျနော့်ကို ညီလေးပေါင်လဲ့ရဲ့ မေးခွန်းကို ဖြေခွင့်ပေးပါလား ”

ချောင်ခွင်းမှာ ပါမောက္ခကြီး၏ ခွင့်ပြုချက်ကို ရလိုက်သောအခါ နောက်သို့လှည့်လာပြီး သမားတော်အိုကြီး မမြင်ရသည့်ဘက်မှနေ၍ ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ သူ၏ အကြည့်ထဲတွင် အထင်သေးပြီး ရွံရှာစက်ဆုပ်နေသည့် အရိပ်အယောင်များကို အတိုင်းသားမြင်နေရသည့်အပြင် မုန်းတီးသည့် အရိပ်အယောင်များပင် အနည်းငယ် ရောယှက်နေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset