*ယွမ်၅.၂၁ မီလီယံ*
ရှုဖေး မှင်တက်သွားရသည်။ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ပါ နားကြားလွဲတယ်ထင်ပြီး ထိတ်လန့်နေကြသည်။
“မဖြစ်နိုင်ဘူး! ဒီ… ဒီလောက် မ…မများနိုင်ပါဘူး”
ရှုဖေးက စားပွဲထိုးမလေးကို ဒေါသတကြီး အော်လိုက်သည်။
“မင်း တကယ်ပြောနေတာလား? ငါတို့ အရက် ၁၀ ပုလင်းလေးပဲ မှာတာလေ။ အလွန်ဆုံး ယွမ် သောင်းဂဏန်းလောက်ပေါ့။ မင်း မှားနေတာနေမယ်”
ရှုဖေး၏ စကားကိုကြားသောအခါ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ပါ ခပ်သွက်သွက် ဝင်ပြောကြသည်။
“သေချာစစ်ကြည့်ပါဦး။ မင်း မှားတွက်တာနေမှာပါ”
“ဟုတ်တယ်။ တစ်ခုခုတော့ မှားနေတာ ဖြစ်မယ်။ ယွမ် ၅ မီလီယံ ထက်တောင် ပိုများနေသေးတယ်။ ဘုရားရေ… ငါ့မိသားစုမှာတောင် အဲ့လောက်မရှိဘူး”
….
ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ စိုးရိမ်စိတ်ဖြင့် စားပွဲထိုးမလေးကို ဝိုင်းအပြစ်တင်နေကြသည်။
အန်းရှီသည်လည်း တအားထိတ်လန့်သွားသည်။ သူမသည်လည်း ဗော်ကာပုလင်း အနည်းငယ်လောက်က ဒီလောက် ကုန်ကျလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဒီမွေးနေ့ပွဲကို ရှုဖေးက ကျင်းပပေးတာ ဖြစ်သည်။ အစတုန်းက လာချင်စိတ်မရှိပင်မယ့် သူမ အချစ်ဆုံးသူငယ်ချင်း ရှောင်မိန်က အတင်းပြောလို့သာ လာခြင်း ဖြစ်သည်။
အစားအသောက်က ယွမ် ၅ မီလီယံ ကုန်ကျလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဒါကသူမအတွက် ဈေးကြီးလွန်းလှသည်။
ယဲ့ဖန် တစ်ယောက်တည်းသာ တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်။ အရက်ပုလင်းခွံ ၁၀ခုကို ကြည့်ပြီး ဈေးကြီးရသည့်အကြောင်းရင်းကို ယဲ့ဖန် နားလည်သွားသည်။
“လူကြီးမင်းရှင့် … ကျွန်မ မမှားပါဘူး။ လူကြီးမင်းက ကျွန်မတို့ ဟိုတယ်က ဈေးအကြီးဆုံး ဗော်ကာ ဖြစ်တဲ့ သရဖူဗော်ကာကို မှာခဲ့တာပါ။ ဒီဗော်ကာက ရုရှားနိုင်ငံ မြောက်ဘက်အစွန်းပိုင်းက မိုရိုမြို့က လာတာပါ။ တစ်ပုလင်းကို ယွမ် ၅၂၁,၀၀၀ ကျပါတယ်ရှင်။ ၁၀ ပုလင်းဆိုတော့ ၅.၂၁ မီလီယံ ပါရှင်”
စားပွဲထိုးမလေး ပြန်ပြောလိုက်သောစကားကြောင့် အခန်းထဲမှ သူများအားလုံး ကြောင်သွားကြသည်။
သရဖူ ဗော်ကာ!
အန်းရှီ၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ပုလင်းခွံများကို ကြည့်လိုက်မိကြသည်။ ရုတ်တရက် သူတို့ ခေါင်းမူးကာ သတိလစ်ချင်သလို ဖြစ်လာသည်။
ဒီပုလင်းလေးတစ်ပုလင်းကို ယွမ် ၅၂၁,၀၀၀ ကျလိမ့်မယ်လို့ သူတို့ မထင်ထားပါ။
*ဒါ… ဒါက အင်မော်တယ်ဆေးလုံးလောက်ကို ဈေးကြီးတာပဲ*
“ဘယ်သူက မင်းကို ဒီလောက် ဈေးကြီးတာကို ချပေးဖို့ မင်းကို ပြောလို့လဲ? မင်း… မင်း ငါတို့ကို တမင် မွဲအောင်လုပ်နေတာပဲ။ ငါ အဲ့အတွက် မင်းကို တရားစွဲလို့ ရတယ်ကွ”
ရှုဖေးက မျက်နှာကြီး နီကာ စားပွဲထိုးမလေးကို အော်ငေါက်လိုက်သည်။ အလယ်လတ်တန်းစားလူမျိုး ဖြစ်သော်လည်း ရှုဖေး၏ မိသားစုသည် ယွမ် သန်းတစ်ဆယ် လောက်သာ ပိုင်ဆိုင်သည်။
အရက်ပုလင်းတစ်ချို့လောက်အတွက်နဲ့ မိသားစုပိုင်ဆိုင်မှု၏ ဆယ်ပုံတစ်ပုံလောက်ကို သူ သုံးလိုက်တာကို သူ့အဖေ သိသွားလျင် သူ့ကို သေအောင် ဆော်လိမ့်မည်။
ထိုသို့ အဖြစ်မခံနိုင်သောကြောင့် ရှုဖေး မျက်နှာကြီး ပြာနှမ်းလာသည်။ သို့သော် သူ့စကားကြောင့် ပြုံးနေသော စားပွဲထိုးမလေး ချက်ချင်း မျက်နှာတည်သွားသည်။
“လူကြီးမင်း … အပြောအဆို ဆင်ခြင်ပေးပါ။ သရဖူဟိုတယ်က ကျန်းရှီမြို့ရဲ့ ဂုဏ်သိက္ခာ အကြီးဆုံးဟိုတယ်တွေထဲက တစ်ခုပါ။ကျွန်မတို့ရဲ့ ဖောက်သည်တွေ မွဲပြာကျသွားအောင် ကျွန်မတို့ မလုပ်ပါဘူး”
စားပွဲထိုးမလေးက အကြောက်အလန့်ကင်းစွာ ရှုဖေးရဲ့ မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလာသည်။
“အစောပိုင်းတုန်းက ရှင်ပဲ ဈေးအကြီးဆုံး အရက်ကို ချပေးဖို့ ပြောခဲ့တာလေ။ ကျွန်မတို့ဆီက အရက်က ဈေးအရမ်းကြီးတယ်လို့ ကျွန်မ ရှင့်ကို သတိပေးခဲ့ပင်မယ့် ရှင် ဂရုမစိုက်ခဲ့ဘူးလေ”
*ဘာ*
ရှုဖေး ထိုကိစ္စကို ပြန်သတိရသွားသည်။
*ငါ အန်းရှီရှေ့ မျက်နှာလုပ်ချင်ပြီးတော့ ယဲ့ဖန် မှောက်သွားအောင် လုပ်ချင်တာနဲ့ ဈေးကို သတိမထားခဲ့မိဘူး…အခုတော့…*
သရဖူဟိုတယ်၏ နောက်ကွယ်က အင်အားစုကို သတိရမိပြီး ရှုဖေး တစ်ကိုယ်လုံး ကြယ်သီးမွှေးညှင်း ထလာမိသည်။
သူ ပိုက်ဆံမရှင်းဘဲ ဒီအခန်းထဲက ခြေတစ်ဖဝါးမှ ခွာလို့မရတာကို သူ သိသည်။ သူ့မိသားစုပါ ပါလာလျှင်တော့ ကံဆိုးပြီပဲ ။
ရှုဖေး အန်းရှီကို ရှက်ကိုးရှက်ကန်းနှင့် တစ်ချက်ကြည့်ကာ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ကို တိုးတိုးကပ်ပြောလိုက်သည်။
“ညီအစ်ကိုတို့… ကျုပ် တောင်းပန်ပါတယ်။ ကျုပ်မှာ ပိုက်ဆံ မလောက်လို့ နည်းနည်းလောက် ချေးပါလား”
ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ဒေါသထွက်သွားပုံ ရသည်။ သူတို့ ပိုက်ဆံရှင်းရလိမ့်မည်ဟု သူတို့ မထင်ထားပေ။
သို့သော်လည်း သူတို့ ပိုက်ဆံ မရှင်းလျင် ဖြစ်လာမည့် ပြဿနာကို သူတို့ ရိပ်မိသည်။
ရှုဖေးက သူ့ ပိုက်ဆံနှင့် ဘဏ်ကဒ်ကို ထုတ်ကာ ပြောလိုက်သည်။
“ငါ့မှာ ငွေသားဆိုလို့ ယွမ် ၁၀,၀၀၀ နဲ့ ကဒ်ထဲမှာ ယွမ် ၅၀၀,၀၀၀ ပဲရှိတယ်။ ဒါ ငါ့တစ်နှစ်စာ အသုံးစရိတ်ပဲ”
ထို့နောက် ရှုဖေးက ပိုက်ဆံနှင့် ဘဏ်ကဒ်ကို စားပွဲပေါ် တင်လိုက်သည်။ ဤသည်ကို ကြည့်ပြီး ကျန့်ချိန်ပင်းက သူ့ပိုက်ဆံ ယွမ် ၅,၀၀၀ နှင့် ဘဏ်ကဒ်ကို ထုတ်လိုက်သည်။
“ငါ့မှာ ပိုက်ဆံ ယွမ် ၁၅၀,၀၀၀ ရှိတယ်။ နှစ်ဝက်စာ အသုံးစရိတ်ပဲ”
“ငါ့မှာ ယွမ် ၁၀၀,၀၀၀ ရှိတယ်”
သူတို့၌ စုစုပေါင်း ယွမ် ၇၆၀,၀၀၀ ရှိသည်။
သာမန်လူအဖို့ ဒီပိုက်ဆံရဖို့ နှစ်ပေါင်းများစွာ စုရပေမည်။ သို့သော်လည်း သူတို့၌ ဗော်ကာတစ်ပုလင်းစာသာ ရှိသေးသည်။
သုံးယောက်သား မခံချိမခံသာ ရုပ်တွေနှင့် ယဲ့ဖန်ကို ပြိုင်တူ ကြည့်ကာ စောဒကတက်လိုက်သည်။
“ယဲ့ဖန်… ငါတို့အားလုံး ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်နေကြပြီ.. မင်းကကော ဘယ်လိုလဲ။ ငါတို့ကို မကူဘူးလား? မင်း အများဆုံး သောက်တာနော်၊ မင်း ဘာလို့ မပေးချင်တာလဲ?”
ရှောင်မိန် ယဲ့ဖန်ကို ပေါက်ကွဲနေသည်။ ဒီပြဿနာက သူ့ကြောင့် ဖြစ်ရတာမလား။ သူတို့စကားကြောင့် အန်းရှီ ငိုချင်လာကာ ဝင်ပြောလိုက်သည်။
“ယဲ့ဖန်ကို ဆွဲမထည့်ပါနဲ့။ သူ့မှာ အဲ့လောက် ပိုက်ဆံ မရှိဘူး”
အန်းရှီက ယဲ့ဖန်၏ ငွေရေးကြေးရေး အခြေအနေကို ဂဂဃဃ သိသည်။ ယဲ့ဖန်ကို သူမမွေးနေ့ပွဲသို့ သူမ ဖိတ်ခဲ့မိသော်လည်း သူ့ကို ပိုက်ဆံပေးခိုင်းမယ်လို့ သူမ မထင်ထားခဲ့မိချေ။
အခုတော့ ယဲ့ဖန် တစ်ခြားလူတွေ သရော်တာ ခံနေပြီ။ အန်းရှီ စိတ်မကောင်းဖြစ်ကာ အပြစ်ရှိသလို ခံစားမိပြီး မျက်ရည်ဝဲလာသည်။
ရှုဖေး၏ ပြဿနာကို ယဲ့ဖန် ဂရုမစိုက်ပါ။ ပခုံးတွန့်ကာ သူ့အိတ်ထဲ ရှိသမျှကို စားပွဲပေါ် တင်လိုက်သည်။
Black card တစ်ကဒ်၊ ယွမ် ၅၀ ပြေစာ တစ်ရွက်ရယ်၊ ယွမ် ၂၀ ပြေစာ တစ်ရွက်ရယ်၊ ၁၀ ယွမ် ပြေစာ နှစ်ရွက်ရယ်၊ ၀.၅ ယွမ် ပြေစာ တစ်ရွက်ရယ်နှင့် ၁ဆင့်၊ ၂ဆင့် ဒင်္ဂါးပြားလေးတွေ…
ယဲ့ဖန်၏ ပိုင်ဆိုင်မှုကို ကြည့်ပြီး အားလုံး ကြောင်သွားသည်။
*ချီး… စုစုပေါင်းမှ ယွမ် ၁၀၀တောင် မရှိဘူး*
*ဆင်းရဲလိုက်တာကွာ*
ရှုဖေး၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ယဲ့ဖန်ကို လှောင်သလို ကြည့်နေကြသည်။
သူ ဒီလောက် ဆင်းရဲလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ချေ။ ယဲ့ဖန်က နှာခေါင်းပွတ်ကာ ကူရာမဲ့သလို ဖြစ်နေသည်။
လင်းလန်က သူ့ကို ယွမ် ၃၀,၀၀၀ ပေးထားသော်လည်း သူ့ဘောင်းဘီအိတ်ထဲ ထည့်ရ အဆင်မပြေလို့ သူ အိမ်မှာ ထားခဲ့မိသည်။ ထို့ပြင် သူ အဲ့လောက် သုံးစရာလည်း မရှိလို့ ထားခဲ့ခြင်း ဖြစ်သည်။
“ယဲ့ဖန်… မင်း ယောကျ်ားကော ဟုတ်ရဲ့လားကွာ? မင်း ဘာလို့ ယွမ် ၁၀၀ လောက်ပဲ ယူလာရတာလဲ? အန်းရှီက မင်းနဲ့ ဘယ်လိုလုပ် သူငယ်ချင်း ဖြစ်နေတာပါလိမ့်?”
“ဘာလို့ အဲ့လောက် ဆင်းရဲရတာလဲ? ဆင်းရဲသား … အရှုံးသမား”
“သေစမ်း… ဒီလောက် ဆင်းရဲတဲ့ကောင်နဲ့ တွေ့လို့ ငါတို့ ကံဆိုးတာပဲ”
ရှုဖေး၊ ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ ယဲ့ဖန်ကို ပိုပြီး လှောင်လာကြသည်။ သူတို့ကို ပိုက်ဆံကုန်အောင် ယဲ့ဖန်က လုပ်နေသလိုလို ပြောဆိုနေကြသည်။
အရက်မှာပြီး ဒုက္ခတွေ့အောင် လုပ်မိတာက သူတို့ မဟုတ်သလို ပြုမူနေကြသည်။
သူတို့ ယဲ့ဖန်ကို လှောင်နေတုန်း စားပွဲထိုးမလေးက black card ကိုကြည့်ကာ ဆတ်ခနဲ ဖြစ်သွားသည်။
“ဒါ…ဒါက…”
စားပွဲထိုးမလေး တစ်စုံတစ်ခုကို အမှတ်ရမိပြီး တုန်ယင်သွားသည်။ ထို့နောက် သူမ စားပွဲဆီ ပြေးလာကာ ထို black card ကို လက်ဖြင့် ဂရုတစိုက် ယူလိုက်သည်။
ဒီထူးဆန်းတဲ့ ကဒ်ကို သူမ ဘာလို့ ယူလိုက်မှန်း သူတို့ နားမလည်ကြပေ။ ထို့နောက် စားပွဲထိုးမလေးက ယဲ့ဖန်က အလွန်ရိုသေသော အပြုအမူ၊ လေသံနှင့် ပြောလိုက်သည်။
“လူကြီးမင်း… ခဏလောက်စောင့်ပေးပါ။ ကျွန်မ ဒါကို မန်နေဂျာနဲ့ အတည်ပြုချင်လို့ပါ။ ချက်ချင်း အကြောင်းပြန်ပါ့မယ်”
ထိုသို့ပြောပြီး စားပွဲထိုးမလေးက အခန်းထဲမှ ယုန်တစ်ကောင်ထက် လျင်မြန်စွာ ပြေးထွက်သွားသည်။