Chapter 34

သူက ငါ့ရဲ့ဖန်လေး

*ဟွမ်လေး…ဟွမ်အာ…တကယ်ပဲ မင်းလား?*

ယဲ့ဖန်၏ စကားကြောင့် ဖြူစင်သော ကောင်မလေးတစ်ယောက် နေရာမှာတင် တောင့်ခနဲ ဖြစ်သွားသည်။

ယဲ့ဖန်မျက်လုံးမှ ကြီးမားသော ပူဆွေးသောကနှင့် ချစ်ခြင်းမေတ္တာကို သူမ မြင်နေရသည်။

သူ၏ ပူဆွေးသောကသည် နှစ်ပေါင်း ထောင်သောင်းချီ၍ ကြာသည်အထိ ရှိနေဆဲဖြစ်သည်။

သူ၏ အချစ်သည်လည်း သူနှင့်အတူ ဘဝရာပေါင်းများစွာအထိ တည်မြဲနေဆဲ ဖြစ်သည်။

“ဖန်လေး…ငါ အန်းရှီလေ။ နင် ဘာဖြစ်နေတာလဲ”

ထိုမိန်းကလေးသည် ယဲ့ဖန်ကို ကြည့်နေရင်း ရုတ်တရက် စိတ်ထိခိုက်သလို ဖြစ်လာကာ ဘာရယ်ကြောင့်မှန်းမသိဘဲ ငိုချင်သလို ဖြစ်လာသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ချစ်ရသောသူကို တမ်းတရင်း ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့ခဲ့ရသည့် လူတစ်ယောက်ကို သူမ မြင်လိုက်ရသကဲ့သို့ သူမ၏မျက်လုံးလှလှလေး နီရဲလာသည်။

ထိုကဲ့သို့ နက်ရှိုင်းသောအချစ်ကြောင့် သူမ ရင်ခုန်သံ မြန်လာရသည်။

*အန်းရှီ!*

သူမ နာမည်ကို ကြားပြီး ယဲ့ဖန် ပို၍ ပူဆွေးကာ တုန်ယင်လာသည်။

*သူမ မဟုတ်ဘူး… သူမ မဟုတ်ဘူးပဲ*

အန်းရှီဆိုတာက သူ့ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှ အိမ်နီးချင်း ဖြစ်သည်ကို ယဲ့ဖန် သတိရလိုက်သည်။ တရားမဝင်သား ဖြစ်သောကြောင့် ယဲ့ဖန်က ယဲ့အိမ်တော်မှာ မနေရရသလို သူငယ်ချင်းဟူ၍ အနည်းငယ်သာ ရှိခဲ့သည်။

အန်းရှီသည် သူ အချစ်ဆုံးသူငယ်ချင်းတွေထဲမှ တစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်သည် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာကြပြီး ကလေးဘဝတုန်းကဆိုလျင် အန်းရှီသည် ယဲ့ဖန်နောက် တကောက်ကောက်လိုက်ကာ ဖန်လေးဟု ခေါ်လေ့ရှိသည်။

အရွယ်ရောက်လာသောအခါ ယဲ့ဖန်သည် ယဲ့မိသားစု၏ တရားမဝင်သား ဖြစ်သောကြောင့် သိမ်ငယ်စိတ်ဝင်ကာ အန်းရှီနှင့် ခပ်တန်းတန်းသာ နေခဲ့သည်။

သို့သော် အန်းရှီသည် သူ့အား ပစ်ခွာခြင်း မရှိဘဲ သူ့အတွက် တစ်ပတ်လျင် နှစ်ကြိမ်ခန့် ဟင်းမယ်များ လာပို့ပေးကာ သူ့အခန်းကိုလည်း ကူရှင်းပေးခဲ့ပြီး သူ့အဝတ်အစားတွေကိုပါ အမြဲ လျှော်ပေးသည်။

ထို့ပြင် အန်းရှီသည် ကျန်းရှီ မြူနီစီပယ် စီနီယာ အလယ်တန်းကျောင်း၏ လုံ့လဝီရိယ အရှိဆုံး ကျောင်းသူဖြစ်ပြီး ကျောင်း၏ အလှဘုရင်မလေးယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။

အန်းရှီက သူ၏ မှတ်ဉာဏ်ထဲမှ ဖြူစင်သော မိန်းမပျိုလေးနှင့် ချွတ်စွပ်တူနေသည့်အတွက် ယဲ့ဖန် အံ့အားသင့်သွားရသည်။

“ဖန်လေး…. နင် နေကောင်းရဲ့လား”

အန်းရှီက သူ့ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။

ယဲ့ဖန်က ခေါင်းကိုခါ၍ “ငါ နေကောင်းပါတယ်” ဟု ပြန်ဖြေလိုက်သည်။

“ဖန်လေး… နင် ဒီရက်ပိုင်း ဘယ်တွေရောက်နေတာလဲ။ ငါ နင့်ကို နင့်အိမ်မှာ ခဏခဏ လာရှာနေတာ”

အန်းရှီက တောက်ပနေသော မျက်ဝန်းလေးများဖြင့် ယဲ့ဖန်ကို မေးလိုက်သည်။ သူမ စကားကြောင့် ယဲ့ဖန်က အသာအယာ ပြုံး၍

“အသေးအဖွဲကိစ္စလေးတွေ ရှိလို့ပါ။ အခုတော့ ပြီးသွားပါပြီ”

ယဲ့ဖန် သူမကို အမှန်အတိုင်း မပြောချင်မှန်း ရိပ်မိသောကြောင့် အန်းရှီ စကားလမ်းကြောင်း လွှဲလိုက်သည်။

“ဖန်လေး… နင် ဒီည အားလား? ဒီနေ့က ငါ့မွေးနေ့လေ၊ အဲ့ဒါ ကျောင်းကလူတစ်ချို့က ငါ့အတွက် ပါတီလုပ်ပေးမလို့တဲ့။ နင်… ငါနဲ့ အတူတူ လိုက်ပေးမယ်မလားဟင်?”

သူမက ထိုသို့ပြောပြီး ယဲ့ဖန်အား ယတိပြတ် ဆုံးဖြတ်ချက်ချထားပြီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

*မွေးနေ့*

ယဲ့ဖန် ကြောင်သွားသည်။ သူမ၏ ဖြူစင်၍ လှပသော မျက်နှာလေးနှင့် ထက်သန်နေသော မျက်ဝန်းလေးကို ကြည့်ပြီး ယဲ့ဖန် သူမလက်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း ပြုံး၍ ပြောလိုက်သည်။

“ဒါပေါ့… လိုက်မှာပေါ့ဟ”

ယဲ့ဖန်၏ လက်ဖဝါးကြီးမှ အနွေးဓာတ်ကို ခံစားလိုက်ရသောကြောင့် အန်းရှီ ခဏမျှ ကြောင်သွားပြီးနောက်  ပါးနှစ်ဘက်လေး နီမြန်းသွားသည်။

သူမ မှတ်မိသလောက်ဆိုလျင် ပြီးခဲ့သည့် ၃နှစ်အတွင်း ယဲ့ဖန် သူမလက်ကို ကိုင်တာ ဒါပထမဆုံး အကြိမ်ဖြစ်သည်။ သူမ မျက်ရည်ဝဲတတ်လာသည်။ သူ့လက်တွေက ငယ်ငယ်ကအတိုင်း နူးညံ့နေသေးသည်။

(ဘာသာပြန်သူ၏ မှတ်ချက်။   ။ ယဲ့ဖန်က ကျင့်ကြံသူတစ်ယောက်မို့ သူ့အသားအရေက မွေးကင်းစကလေးတွေလို နူးညံ့နေတာပါ)

သူမက သူ့ရဲ့အရိပ်လို နေခဲ့သည်။ သူ့အတွက် ချက်ပြုတ်ပေးကာ အဝတ်လည်း လျှော်ပေးခဲ့သည်။

သို့သော်လည်း သူမရဲ့ဖန်လေးက ပြောင်းလဲလာသည်။ သူ့ကိုယ်သူ သိမ်ငယ်စိတ် ဝင်ကာ အားလုံးနှင့် ခပ်ခွာခွာ နေတော့သည်။ နေ့တိုင်း အခြားသူများ၏ အနိုင်ကျင့်ခံလာရပြီး သူတို့၏ မျက်လုံးတွင် သုံးစားမရတဲ့သူ ဖြစ်လာရသည်။

တစ်လောကလုံးက သူ့ကို ပစ်ပယ်ထားလျင်တောင်မှ အန်းရှီက သူ့ဘေးမှာ ရှိနေဆဲ ဖြစ်သည်။ သူမ ရင်းနှီးချစ်ခင်ခဲ့ရသည့် အစ်ကိုယဲ့ဖန်ကို သူမ ပြန်လိုချင်ခဲ့မိသည်။

အခုတော့ သူမ ရင်းနှီးချစ်ခင်ခဲ့ရသည့် အစ်ကိုယဲ့ဖန် ပြန်ရောက်လာချေပြီ။ သူမ အစွမ်းကုန် ပြုံးနေရင်း ပါးမို့မို့လေးထက်သို့ မျက်ရည်များ ကျဆင်းလာသည်။

ငိုနေလည်း လှနေဆဲပါလား!

သူမ၏ အလှသည် ဖော်ပြနိုင်စွမ်း မရှိလောက်အောင်ကို လှပလွန်းသည်။ ယဲ့ဖန် ရင်ထဲ တုန်လှုပ်သွားရပြီး သက်ပြင်းကို ချ၍ အန်းရှီ၏ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ သို့သော်လည်း သူမက ငိုနေဆဲပင်။

“ကျေးဇူးတင်ပါတယ် အစ်ကို ယဲ့ဖန်။ အစ်ကို ထွက်သွားပြီးနောက်ပိုင်း ဒီနေ့က အပျော်ဆုံးနေ့ပဲ”

အန်းရှီ၏ အပြုံးသည် ဖြူစင်၍ မျက်ရည်များနှင့်တောင်မှ ပို၍ ချစ်စရာကောင်းနေသေးသည်။

“သွားကြစို့”

သူမ ခံစားချက်တွေကို ယဲ့ဖန် နားလည်ပေးနိုင်ပါသည်။ ယဲ့ဖန် ပြုံး၍ သူမလက်ကို ကိုင်ကာ ကျောင်းပေါက်ဝမှ ထွက်လာခဲ့သည်။

သူ၏ ကြီးမားသောလက်ဖဝါးမှ အနွေးဓာတ်ကို ခံစားလိုက်မိပြီး အန်းရှီ မျက်နှာလေး နီမြန်းလာပြီးနောက် သူမ ပျော်ရွှင်စွာဖြင့် ပြုံးလိုက်မိသည်။

…..

သရဖူဟိုတယ်!

ယဲ့ဖန်နှင့် အန်းရှီတို့ သရဖူဟိုတယ်အတွင်းသို့ ဝင်လာသောအခါ မိန်းကလေးတစ်ယောက်က သူတို့နှစ်ယောက်ကို VIP အခန်းထဲသို့ ခေါ်သွားသည်။

တံခါးပွင့်သွားသောအခါ ယောကျ်ားလေး သုံးယောက်နှင့် မိန်းကလေး တစ်ယောက် ရှိနေသည်ကို သူတို့ မြင်လိုက်ရသည်။

“ကြိုဆိုပါတယ် မမလေး အန်းရှီ”

အန်းရှီ ဝင်လာသည်ကို သူတို့ မြင်လိုက်သည်နှင့် ချက်ချင်း ရောင်စုံပန်းပွင့်များကို ကြဲလိုက်သည်။ ထို့ကြောင့် အန်းရှီနှင့် ယဲ့ဖန်ကို ပန်းများဖြင့် ဖုံးအုပ်သွားသည်။

သို့သော်လည်း အန်းရှီ တစ်ယောက်တည်း ဝင်လာတာ မဟုတ်မှန်း သူတို့ သတိထားမိသောအခါ ထိတ်လန့်သွားကြသည်။အထူးသဖြင့် အန်းရှီက ယဲ့ဖန်လက်ကို ကိုင်ထားသည်ကို မြင်လိုက်ရပြီးနောက် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

“အန်းရှီ… သူက ဘယ်သူလဲ?”

မိန်းကလေးတစ်ယောက်က ယဲဖ့န်အကြောင်း သိချင်၍ မေးလိုက်သည်။ အခြားသော ယောကျ်ားလေးများက ယဲ့ဖန်အား ရန်လိုစိတ်ဖြင့် ကြည့်နေကြသည်။

“သူက ငါ့သူငယ်ချင်း ယဲ့ဖန်လေ”

အန်းရှီ ချိုသာစွာ ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူမက သူတို့ကို ယဲ့ဖန်နှင့် မိတ်ဆက်ပေးလိုက်သည်။

“ဖန်လေး… သူက ငါ့အချစ်ဆုံး သူငယ်ချင်း ရှောင်မိန်။ သူတို့က ရှုဖေး၊ ကျန့်ချိန်ပင်း နဲ့ ကျန်းလူ”

သူမစကားကြောင့် အခန်းထဲမှ လူလေးယောက်၏ မျက်နှာ အမူအရာ ပြောင်းသွားသည်။ အထူးသဖြင့် ရှုဖေးဟု ခေါ်သည့် ကောင်လေး၏ မျက်နှာက သုန်မှုန်နေသည်။

ရှုဖေးသည် အန်းရှီ၏ အတန်းဖော်ဖြစ်ပြီး သူမကို လိုက်နေသည်မှာ ကြာပြီဖြစ်သည်။ အခု မွေးနေ့ပွဲကိုလည်း သူက ကျင်းပပေးခြင်း ဖြစ်သည်။

သို့သော် ယဲ့ဖန် ရုတ်တရက် ဒီကို ရောက်လာပြီး အန်းရှီနှင့် ရင်းရင်းနှီးနှီး နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ တစ်ဖက်သက်စိတ်ဝင်စားနေသည့် ကောင်မလေးရဲ့လက်ကို အဲ့ခွေးကောင် ကိုင်ထားသည်ကို ကြည့်ရင်း ရှုဖေး ဒေါသထွက်လာသည်။

“အိုး…သူက နင် ပြောပြောနေတဲ့ ယဲ့ဖန်လား?”

ရှောင်မိန်က ယဲ့ဖန်ကို အထင်သေးသည့်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ယဲ့ဖန်… အခုတလော ရှင့်ကို ပြဿနာကောင်လို့ ပြောနေကြတယ်နော်။ ရှင် ကျုံးချမ်း၊ ကုန်းဝူနဲ့ ကုန်းမိသားစုရဲ့ နံပါတ်တစ် သခင်လေး ကုန်းယွင်ဖေးကိုပါ မကျေမနပ် ဖြစ်အောင် လုပ်ထားတယ်ဆို။ ရှင် တော်တော် အကြောက်အလန့် မရှိတာပဲ”

ရှောင်မိန်က ကျေနပ်သွားသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ သူမစကားကြောင့် အန်းရှီက သူမကို ခပ်သွက်သွက် ချေပလိုက်သည်။

“ယဲ့ဖန်က ပြဿနာရှာတတ်တဲ့သူ မဟုတ်ပါဘူးနော်။ အဲ့ဒါ အဲ့လူတွေရဲ့ အမှားပဲ၊ သူတို့က ယဲ့ဖန်ကို စိတ်အနှောင့်အယှက် လာပေးနေကြတာ”

*ဟင်*

အန်းရှီက ယဲ့ဖန်ဘက်က ကာပြောနေတာကြောင့် ရှောင်မိန်၊ ရှုဖေး၊ ကျန့်ချိန်ပင်း နှင့် ကျန်းလူတို့ မျက်နှာ ပျက်သွားကြသည်။ သို့ပင်မယ့် ရှုဖေးက ခပ်မြန်မြန် ဝင်ဖြန်ဖြေလိုက်သည်။ သူက ချက်ချင်း အပြုံးတုကို ဖန်တီးကာ ယဲ့ဖန်ဆီ တည့်တည့်သွား၍ ပြောလိုက်သည်။

“ဟားဟားဟား …. ခင်ဗျားက ယဲ့ဖန်ကိုး။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်က ရှုဖေးပါ”

ထို့နောက် ရှုဖေးက ယဲ့ဖန်ထံသို့ လက်ဆန့်တန်း ပေးလိုက်သည်။

ဤသည်ကို မြင်သောအခါ ရှောင်မိန်၊ ကျန့်ချိန်ပင်း နဲ့ ကျန်းလူတို့ ကြောင်သွားကြသည်။ ထို့နောက် ရှုဖေး၏ ရည်ရွယ်ချက်ကို ရိပ်စားမိပြီး ဝမ်းသာအားရ ပြုံးလိုက်ကြသည်။

ရှုဖေးသည် ချမ်းသာသော ဒုတိယမျိုးဆက် သခင်လေး ဖြစ်သည်သာမက တိုက်ကွမ်ဒို မျိုးဆက်မှ မွေးဖွားလာသည်ကို သူတို့ သိကြလေသည်။

ရှုဖေး၏ ခြေ၊လက်တို့က အလွန် သန်မာသည်။ သူ အုတ်ခဲကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ဖိညစ်ဖူးတာကို သူတို့ မြင်ဖူးသည်။

ရှုဖေးက ယဲ့ဖန်နှင့် လက်ဆွဲနှုတ်ဆက်ချင်သည်ဆိုမှတော့ သူ့ရည်ရွယ်ချက်က ရှင်းလှသည်။ ရှောင်မိန်က ကျန်ယောကျ်ားလေးနှစ်ယောက်ကို သူ့နားဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။ “အဲ့ကောင် ဆယ်စက္ကန့်တောင် ခံပါ့မလား?”

ရှောင်မိန်သည်လည်း မှုန်းတီးစိတ်နှင့် နှစ်ထောင်းအားရ ဖြစ်နေသလို ယောကျ်ားလေးနှစ်ယောက်တို့ကလည်း ရက်စက်စွာ ပြုံးလိုက်သည်။

“ဟီးဟီးဟီး… ငါးစက္ကန့်က အလွန်ဆုံးပဲ။ ဆယ်စက္ကန့်အတွင်းဆို အဲ့ကောင် လက်ဖဝါး စိစိညက်ညက် ကျေသွားလိမ့်မယ်။”

“ဟွန့်… သူလိုကောင်ကများ အန်းရှီလက်ကို ကိုင်ရဲသေးတယ်။ အစ်ကိုရှုတော့ သူ့ကို သေလောက်အောင် မုန်းနေလောက်ပြီ။ ငါ့အထင်တော့ ငါးစက္ကန့်အတွင်း သူ့လက် ကျိုးမယ်ထင်တယ်”

သူတို့တော့ ကောင်းခန်းကြည့်ရပြီဟု ထင်ပြီး စောင့်မျှော်နေကြသည်။ ဒီတစ်ခါတော့ ယဲ့ဖန် အကြီးအကျယ် ခံရပြီဟု သူတို့ ယုံကြည်နေကြသည်။

သို့သော်လည်း ယဲ့ဖန်က သူ့လက်ကို ရှေ့ဆန့်ထုတ်ကာ ရှုဖေးနှင့် အသာလေး လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထိုစဉ် ရှုဖေး ဝမ်းသာအားရ ပြုံးလိုက်မိသည်။ သို့သော်လည်း သူ၏ အားရနေသော အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားကာ အက်ကွဲသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။


Comment

Leave a Reply


Options

not work with dark mode
Reset