ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်ရောက်လာပြီးနောက် အရူးတစ်ယောက်ကဲ့သို့ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်၏။
ဝမ်ပေါင်လဲ့သည် ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာရန် ကြိုးစားခဲ့စဉ်က ထိုကဲ့သို့ အကြိမ်အနည်းငယ်ခန့် တံခါးပိတ်ကျင့်ကြံခဲ့ဖူးသည်။ သို့သော် သူ၏ လက်ရှိ စိတ်ဓာတ်ပြတ်သားမှုများမှာ ထိုစဉ်ကထက် များစွာပို၍ သာလွန်နေပြီ ဖြစ်သည်။
ယခု သူ ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်မှာ မတူညီတော့သည့်အပြင် ထိုပြဿနာကို အစောတလျင် ဖြေရှင်းရန်လည်း လိုအပ်နေသည် မဟုတ်ပါလော။
သို့သော် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်ပြတ်သားနေသည့်တိုင်အောင် ကမ္ဗည်းစာလုံး အရေအတွက်မှာ တသန်းကျော်အထိ ရှိသည်ဖြစ်၍ ၎င်းတို့အားလုံးကို အချိန်တိုအတွင်း အာဂုံဆောင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ မည်သို့ပင် ဆိုစေကာမူ သူ၏ ပန်းတိုင်မှာ ချောင်ခွင်းကို ကျော်တက်နိုင်ရန်အတွက် ကမ္ဗည်းစာလုံး အရေအတွက် လေးသိန်းကျော်အထိ အာဂုံဆောင်နိုင်ရန်သာ ဖြစ်သည်။
သို့သော် ထိုပမာဏအထိ အာဂုံဆောင်နိုင်ရန်မှာပင် အလွန် ခဲယဉ်းနေ၏။ ဝမ်ပေါင်လဲ့မှာ ထိပ်တန်းအဆင့် ကျောင်းသားတစ်ယောက်မဟုတ်ပေ။ အကယ်၍ သူသည် ဆယ်စုနှစ်အနည်းငယ်ခန့် အချိန်ရပါက ချောင်ခွင်းအား ကျော်တက်နိုင်လောက်မည် ဖြစ်သော်လည်း ၎င်းမှာ လက်တွေ့ကျမည် မဟုတ်ပေ။
ထို့ကြောင့် သူသည် သူ၏ မျှော်လင့်ချက်အားလုံးကို ရှဲ့ဟေးရန်ပေါ်သို့ ပုံအောထားတော့သည်။ သို့သော် အရာရာစွမ်းသော ရှဲ့ဟေးရန်ပင် ယခုအကြိမ်တွင် အခက်ကြုံနေရပြီဖြစ်သည်။ ထိုကဲ့သို့ အရည်အသွေးမြင့်သော မှတ်ဉာဏ်အားတိုးဆေးလုံးများကို အနည်းငယ်ခန့်သာ ရရှိလိုပါက ပြဿနာမဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင် များပြားသော ပမာဏကို လိုအပ်နေခြင်းဖြစ်သည်။
သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ထိုဆေးလုံးများကို မှီဝဲကာ အသက်ထွက်သွားမည်ကိုပင် စိုးရိမ်နေ၏။
သူသည် အကြံကုန် ဂဠုန်ဆားချက်ပြီးသည့် တိုင်အောင် ဝမ်ပေါင်လဲ့တောင်းဆိုသော ဆေးလုံးအရေအတွက်ကို ရရှိနိုင်ရန် အချိန်အမြောက်အမြား လိုအပ်နေဆဲပင်။ ရှဲ့ဟေးရန်မှာ တွက်ချက်ကြည့်လိုက်သောအခါ အနည်းဆုံး နှစ်နှစ်အထိ လိုအပ်မည်ဖြစ်ကြောင်း သိလိုက်ရသည်။
သူသည် ဝမ်ပေါင်လဲ့အား သူ၏ တွက်ချက်မှုကို ပြောပြလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ အတန်ငယ် စိတ်ဓာတ်ကျသွား၏။ သူသည် စောင့်ဆိုင်းနေ၍ မဖြစ်ပေ။ ထိုနှစ်နှစ်အတွင်း ကမ္ဗည်းစာလုံး လေးသိန်းကျော်ကို အားဂုံဆောင်နိုင်ခဲ့လျှင်တောင် ချောင်ခွင်းမှာ နောက်ထပ်စာလုံးများကို ထပ်၍ အာဂုံဆောင်လိုက်မည်သာ ဖြစ်သည်။ ထိုကဲ့သို့ သံသရာလည်နေပါက ချောင်ခွင်းအား လုံးဝ မကျော်တက်နိုင်မှာကို စိုးရိမ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ ဩဇာအာဏာ ကျဆင်းနေရသည့်အနေအထားဖြင့် အကြာကြီး မနေလိုပေ။ ထို့အပြင် သူသည် ကျန်းလန်နှင့် သူ၏မိတ်ဆွေများ မောက်မာဝင့်ကြွားစွာ နေထိုင်နေပြီး လျှိုတောက်ပင်းနှင့် အခြားသူများ အကျဉ်းကျနေရမည့် နေ့ရက်များ လိုအပ်သည်ထက် ပို၍ ရှည်လျားနေမည်ကိုလည်း မလိုလားပေ။
” အဲဒီလိုဆိုမှတော့ ဒီနည်းလမ်းတစ်ခုပဲ ရှိတော့တယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး အနက်ရောင် မျက်နှာဖုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် လက်ထဲရှိ အနက်ရောင် မျက်နှာဖုံးကိုကြည့်၍ သူ၏ မျက်နှာပေါ်တွင် ချီတုံချတုံဖြစ်နေသည့် အရိပ်အရောင်များ ပေါ်လာ၏။ သူ၏ ဖခင်ဖြစ်သူမှာ ထိုမျက်နှာဖုံးအား မည်သည့်နေရာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်းကို သိမထားသောကြောင့် ဝမ်ပေါင်လဲ့မှာ ထိုမျက်နှာဖုံးအား သံသယဝင်နေ၏။
သူသည် ဖခင်ဆီသို့ အသံထုတ်လွှင့်၍ ထို မျက်နှာဖုံးအကြောင်း မေးမြန်းရန် တွေးမိလိုက်ပါသော်လည်း ထိုစိတ်ကို ချုပ်တည်းလိုက်၏။ ထို မျက်နှာဖုံးမှာ အမှန်တကယ်ပင် တမူထူးခြားနေသည်ဖြစ်ကာ အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုလျှို့ဝှက်ချက်ကို ပေါက်ကြားသွားအောင် လုပ်လိုက်မည်ဆိုပါက သူ၏ မိသားစုမှာ မလိုအပ်ဘဲ အန္တရာယ်နှင့် ကြုံရမည်ကို သူ စိုးရိမ်နေ၏။ ထို့ကြောင့် သူသည် အားလပ်ရက်အတွင်း အိမ်သို့ ပြန်ရောက်သည့် အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
သူသည် အချိန်အတော်အတန်ကြာအောင် တွေဝဝေတုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် အံကြိတ်ကာ ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်သွားလိုက်တော့သည်။ သူ၏ အမြင်အာရုံမှာ မှုန်ဝါးသွားပြီး ယခင်က မြင်ဖူးပြီးသားဖြစ်သော ရေခဲပြင်ကြီးပေါ်တွင် ပြန်၍ပေါ်လာ၏။
ရေခဲတမျှ အေးစက်နေသော လေအေးများမှာ အရပ်မျက်နှာအနှံ့မှ တိုက်ခတ်ကာ သူ၏ အရိုးများကိုပါ ထိုးဖောက်နေသည့်အလား ခံစားနေရ၏။ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အရိပ်များမှာလည်း ခပ်လှမ်းလှမ်းတွင် ရံခါဖန်ခါ ပေါ်ပေါ်လာ၏။ ပို၍ အလှမ်းသော နေရာတွင်မူ ရေခဲတောင်များကိုပင် ဝိုးတိုးဝါးတား လှမ်းမြင်နေရသည်။
ထို ပုံရိပ်ယောင်နယ်မြေထဲမှ အရာအားလုံးမှာ ဝမ်ပေါင်လဲ့ နောက်ဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သည့် အချိန်ကထက် ပို၍ပင် အစစ်နှင့် တူလာပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ မျက်နှာဖုံးကြီးဆီမှ မဟာဟင်းလင်းပြင် ချီဝါးမျိုခြင်းပညာရပ်အား ရရှိကာ ကျောင်းသားခေါင်းဆောင် ဖြစ်လာခဲ့ပြီးနောက် ထို ပုံရိပ်ယောင်နယ်မြေထဲသို့ ထပ်၍ဝင်ရောက်ရန် ဆန္ဒမရှိခဲ့ပေ။ အကြောင်းအရင်းတစ်ခုမှာ ထိုမျက်နှာဖုံးထဲတွင် လူတစ်ယောက် ရှိနေနိုင်သည်ဟု သူ သံသယဝင်နေသောကြောင့်ဖြစ်ပြီး ထိုလူမှာ အမျိုးသမီးတစ်ယောက် ဖြစ်နေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းမှာ အဓိက အကြောင်းအရင်း မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခုလို ကျန်ရစ်နေခဲ့သည့် အရေးကြီးဆုံး အကြောင်းအရင်းမှာ သူ ဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်အား လေ့ကျင့်ခဲ့စဉ်က ခံစားခဲ့ရသည့် အဆုံးမရှိသော နာကျင်မှုများ ဖြစ်သည်။
သူသည် ထိုနေရာတွင် ရပ်နေရင်းနှင့်ပင် သူ၏ ပေါင်ကြားမှာ စူးအောင့်လာသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် အခြားနည်းလမ်း မရှိတော့သဖြင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ပြီး မျက်နှာဖုံးကို ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူသည် စာကြောင်းအနည်းငယ်ခန့် တီးတိုးရေရွတ်လိုက်ပြီးနောက် ချောင်းတစ်ကြိမ်ဟန့်ကာ မေးလိုက်၏။
” ဟိုဟာလေ…. ရက်နည်းနည်းလောက်နဲ့ ကမ္ဗည်းစာလုံးအရေအတွက် တစ်သန်းလောက်ကို လေ့လာနိုင်ဖို့ ကျနော့်ကို ကူညီပေးနိုင်မယ့် နည်းလမ်းလေးများ ရှိမလားလို့ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မျက်နှာဖုံးကို ချက်ချင်းပင် ကြည့်လိုက်သည်။ သို့သော် သူသည် ထိုမျက်နှာဖုံးကြီးအား အချိန်အတော်အတန်ကြာအောင် ကြည့်ပြီးသည့်တိုင်အောင် ၎င်းမှာ လုံးဝ မတုံ့ပြန်ခဲ့သဖြင့် ဆွံ့အသွားရတော့သည်။
” အလုပ်မလုပ်တော့ဘူးလား ”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားကာ ခေါင်းကုတ်လိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” မင်း ငါ့ရဲ့စကားကို ကြားရတယ်ဆိုတာ ငါသိတယ်။ ဟို…ဟို.. အရင်တုန်းက ငါ လုပ်စရာလေးတွေ ရှိနေခဲ့လို့ မလာခဲ့တာ။ မင်း အရင်ကလို အသုံးမဝင်တော့လို့ ငါ မင်းကို ရှင်းပစ်ဖို့ ကြံရွယ်နေတာမျိုး မဟုတ်ရပါဘူး။ အထင်မလွဲပါနဲ့ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး မျက်နှာဖုံးကို အကဲခတ်လိုက်ပါသော်လည်း မည်သည့် တုံ့ပြန်မှုမှ ထွက်ပေါ်မလာသောကြောင့် ထိတ်လန့်တုန်လှုပ်သွားရတော့သည်။
” မမလေးရယ်။ ဒီလိုမျိုး မလုပ်ပါနဲ့။ ကျနော် မှားသွားပါတယ်ဗျာ ဟုတ်ပြီလား။ ကျနော် မမလေးကို ဘယ်တော့မှ စွန့်မခွာဘူးလို့ ကတိပေးပါတယ်။ မမလေးကိုလည်း ကျနော် မကြာမကြာ လာတွေ့ပါမယ်။ ကျနော့်ကို ဒီတစ်ခေါက်လေးပဲ ကူညီပေးပါ ”
၎င်းမှာ ဝမ်ပေါင်လဲ့၏ နောက်ဆုံး အားကိုးရာ ဖြစ်သည်။ အကယ်၍ မျက်နှာဖုံးကြီးထံမှ မည်သည့် တုံ့ပြန်မှုမှ ထွက်ပေါ်မလာပါက ယခုမှစ၍ ဓမ္မလက်နက်ဌာနတွင် သူ နေထိုင်ရမည့် နေ့ရက်များမှာ သည်းမခံနိုင်လောက်အောင် ဆိုးရွားတော့မည်ဖြစ်ကြောင်း စိုးရိမ်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောကြောင့် သူ၏ နဖူးတွင် ချွေးများထွက်လာ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ သူ၏ ခံစားချက်များကို ချုပ်တည်းလိုက်ပြီး မိန်းကလေးတစ်ယောက်ကို မျက်နှာချိုသွေးနေသကဲ့သို့ ရိုသေလေးစားမှု အပြည့်ရှိသော လေသံဖြင့် ထို မျက်နှာဖုံးကြီးအား ချော့မော့မြှောက်ပင့်ကာ နားချလိုက်တော့သည်။ သူ၏ လေသံမှာ အနူးညံ့ အသိမ်မွေ့ဆုံး အနေအထားသို့ ရောက်နေပြီဖြစ်သည်။
” မမလေး … အမှန်အတိုင်း ပြောရရင် ကျနော်က မမလေးကို တိတ်တခိုး ချစ်နေမိတာ။ မမလေးကို မျက်နှာချင်းဆိုင် တွေ့ရဲမှာမဟုတ်ဘူး။ ကျနော်က အဲဒီလောက်အထိကို ရှက်တတ်တာဗျ ”
နောက်ဆုံးအထိအောင် မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရူးမီးဝိုင်းဖြစ်ကာ သူ၏ အကြီးမားဆုံး နောက်ဆုံး လှည့်ကွက်ကို ထုတ်သုံးလိုက်တော့သည်။
” မမလေး … လက်ဆောင်လိုချင်လား ”
ဝမ်ပေါင်လဲ့ ထိုသို့ မေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအနက်ရောင် မျက်နှာဖုံးကြီးမှာ ရုတ်တရက် ဖျတ်ခနဲ လက်သွား၏။ ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲတွင်မူ ထို တဖျတ်ဖျတ် လက်နေသည့် အလင်းရောင်မှာ ထွန်းလင်းတောက်ပသော သက်တန့်တစ်ခုကဲ့သို့ ဖြစ်နေ၏။ သူသည် စိတ်ဓာတ်များတက်ကြွသွားပြီး ချက်ချင်း စစ်ဆေးကြည့်လိုက်သောအခါ မျက်နှာဖုံးကြီး၏ မျက်နှာပြင်ပေါ်တွင် စာကြောင်းတစ်ကြောင်း ပေါ်လာသည်ကို မြင်လိုက်ရသည်။
” ဘာ လက်ဆောင်လဲ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီး မျက်နှာဖုံးထဲတွင် လူတစ်ယောက်ရှိနေကြောင်း သေချာသွားတော့သည်။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပြီး အလွန် ကြင်နာယုယတတ်သော အမူအရာဖြင့် ခပ်တိုးတိုးလေး မေးလိုက်၏။
” ကျနော့်ကိုယ်ကျနော် မမလေးကို လက်ဆောင်ပေးမှာ။ လိုချင်လား ”
သူ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် တဖျတ်ဖျတ်လက်နေသည့် မျက်နှာဖုံးကြီးမှာ ရုတ်တရက် ရပ်တန့်သွား၏။ ထို့နောက် ထိုမျက်နှာဖုံးထဲမှ ခရမ်းရောင် လျှပ်စီးတန်းများထွက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ တည့်မတ်စွာ ဦးတည်လာတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ၏ မျက်လုံးထဲတွင် ထိုလျှပ်စီးတန်းကြီး တဖြည်းဖြည်း ကြီးမားလာသည်ကို မြင်လိုက်ရပြီး ရှောင်တိမ်းရန် အချိန်မရှိလိုက်ပေ။ ထို့ကြောင့် ဒိုင်းခနဲ အသံအကျယ်ကြီး မြည်ကာ ထို လျှပ်စီးတန်းကြီးမှာ သူ့အား ရိုက်ခတ်သွားသောကြောင့် သူသည် အော်ဟစ်မြည်တမ်းလိုက်ရပြီး ကြက်သီးမွှေးညင်းများ ထသွားရတော့သည်။ သူသည် နာကျင်မှုများကိုသာ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တခုလုံး ပုံခနဲ လဲကျသွား၏။ အချိန်အတော်အတန် ကြာပြီးမှသာ သူသည် ဒေါသထွက်ကာ စိတ်မကောင်းဖြစ်နေသည့် အမူအရာဖြင့် ငိုယိုရင်း ဝမ်းလျားမှောက်ကာ ကုန်းရုန်း ထလာတော့သည်။
” မမလေးရယ်။ အဲဒီ လက်ဆောင် မလိုချင်ဘူးဆိုရင်တောင် ကျနော့်ကို ဓာတ်လိုက်အောင် လုပ်စရာမလိုပါဘူး ”
ယခုအကြိမ်တွင်မူ ထိုမျက်နှာဖုံးကြီးမှာ လျှပ်စီးတန်းများကို မထုတ်လွှတ်တော့ပေ။ ၎င်း၏ တဖျတ်ဖျတ် လက်နေသော အလင်းရောင်များ၏အောက်တွင် မှုန်ဝါးဝါး စာကြောင်းများ အတန်းလိုက်ပေါ်လာ၏။ ထို စာကြောင်းများပေါ်လာမှုကြောင့် ဝမ်ပေါင်လဲ့မှာ နာကျင်မှုများကို မေ့ပျောက်သွားပြီး ချက်ချင်းပင် အာရုံစိုက်လိုက်၏။
ထိုစာလုံးများမှာ မှုန်ဝါးနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ တဖျတ်ဖျတ် လက်နေသည့် အလင်းရောင်များ ပို၍တောက်ပလာပြီး ၎င်း၏ မျက်နှာပြင်ပေါ်ရှိ စာလုံးအရေအတွက်များ ပို၍များလာသည်ကိုသာ သူ မြင်လိုက်ရသည်။ သို့သော် ထိုစာကြောင်းများမှာ အလျင်အမြန်ပင် ပျောက်ကွယ်သွား၏။ ထိုမျက်နှာဖုံးကြီးမှာ ၎င်းတို့ကို ဖျက်ကာ အသစ်ပြန်ရေးနေသည့် အလားပင်။
ထို့ကြောင့် မမလေးမှာ ထိုမျက်နှာဖုံးထဲမှ အကြောင်းအရာများကို တစ်ဆင့်ပြန်၍ တွေးတောနေခြင်း ဖြစ်နိုင်ကြောင်း ဝမ်ပေါင်လဲ့ ယူဆလိုက်၏။ ၎င်းအား ကြည့်နေရင်းနှင့်ပင် ဝမ်ပေါင်လဲ့မှာ စိုးရိမ်လာရတော့သည်။ ငါးမိနစ်ခန့် ကြာပြီးနောက်တွင် မျက်နှာဖုံးပေါ်မှ စာကြောင်းအားလုံး ပျောက်ကွယ်သွားပြီး ပုံသေနည်းတစ်ခု ပြန်၍ ပေါ်ပေါက်လာတော့သည်။
ထို ပုံသေနည်းအောက်တွင် စာကြောင်းများစွာ ထပ်၍ ပေါ်ပေါက်လာ၏။
ထိုစာကြောင်းများမှာ ဝမ်ပေါင်လဲ့အား ဤ ပုံသေနည်းနှင့် အခြား အရေးကြီးသော ကမ္ဗည်းစာလုံး အနည်းငယ်ကို ယုံယုံကြည်ကြည် အာဂုံဆောင်ထားရုံဖြင့် ၎င်းအား အသုံးပြုကာ အခြားအရာအားလုံးကို တွက်ထုတ်နိုင်သည် ဖြစ်ကြောင်း ပြောပြနေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့ အာဂုံဆောင်ထားခဲ့သည့် ကမ္ဗည်းစာလုံးအရေအတွက် တစ်သိန်းငါးသောင်းထဲတွင် ထိုအရေးကြီးသော ကမ္ဗည်းစာလုံးများ ပါဝင်နေပြီးဖြစ်ရာ ထို ပုံသေနည်းကိုအသုံးပြု၍ တွက်ချက်မှုများကို ပြုလုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုပုံသေနည်းအား မြင်လိုက်ရသောအခါ သူ၏အသက်ရှူသံများ မြန်ဆန်လာ၏။ သူ၏ မျက်လုံးများ တောက်ပသွားပြီး သူသည် ပြုံးဖြဲဖြဲနှင့် ထိုမျက်နှာဖုံးကြီးကို အားရဝမ်းသာ နမ်းရှုံ့လိုက်တော့သည်။
သူ၏ နှုတ်ခမ်းမှာ မျက်နှာဖုံးနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် လျှပ်စီးတန်းများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့သွားရသဖြင့် သူ၏ နှုတ်ခမ်းအား နေရာရွှေ့ကာ ကိုးရိုးကားယားနှင့် ရှင်းပြလိုက်ရတော့သည်။
” နားလည်မှု လွဲတာပါ။ နားလည်မှု လွဲတာပါဗျာ။ ကျနော် မဆင်မခြင် ပြုမှုမိသွားလို့ပါ။ မကြောက်ပါနဲ့ မမလေး ”
အချိန်အတော်အတန် ကြာပြီးသောအခါမှ မျက်နှာဖုံးပေါ်မှ လျှပ်စီးများ ပျောက်ကွယ်သွား၏။ ဝမ်ပေါင်လဲ့မှာမူ ကြောက်ကြောက်ရွံ့ရွံ့နှင့် ချွေးများကို သုတ်ကာ သက်ပြင်းချလိုက်ပြီး ထိုပုံသေနည်းကို လေ့လာလိုက်တော့သည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် ပြဿနာတစ်ခုနှင့် ကြုံလိုက်ရ၏။
” မဟုတ်သေးဘူးနော် မမလေး။ ဒီ ပုံသေနည်းကြောင့် အများကြီး အာဂုံဆောင်စရာ မလိုတော့ပေမယ့် ကျနော် အဆောင်တွေကို သန့်စင်တဲ့အချိန်ကျရင် တွက်ချက်မှုတွေ လုပ်ဖို့ လိုအပ်တယ်လေ။ အချိန်မီအောင် လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့အဖြေကို အချိန်တိုလေးအတွင်းမှာ မှော်ဆန်ဆန် တွက်ထုတ်နိုင်ဖို့က လွယ်မှမလွယ်ပဲ။ တကယ်လို့ ကျနော်ရဲ့ တွက်ချက်နှုန်းက အရမ်းနှေးနေရင်လည်း အဆောင်သန့်စင်မှုရဲ့ လိုအပ်ချက်တွေကို အချိန်မီ မဖြည့်ဆည်းပေးနိုင်ပဲ ဖြစ်နေမှာ။ အဲဒီလိုဆိုရင် ကျနော်က ကမ္ဗည်းစာလုံး အဘိဓာန်ကိုပဲ လှန်ကြည့်လိုက်တော့မှာပေါ့ ”
” ဒီ စိတ်တွက်တွက်တဲ့ ပညာရပ်ကို အချိန်တိုအတွင်း တတ်မြောက်နိုင်မှာ မဟုတ်ဘူး ”
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ် ပြန်၍ အရူးမီးဝိုင်း ဖြစ်သွားရပြန်သည်။ မျှော်လင့်ချက်မှာ သူ၏ရှေ့သို့ ရောက်နေပါသော်လည်း လှမ်း၍ ဖမ်းဆုပ်ခွင့်မရှိသည့်အလား ဖြစ်နေ၏။
ဝမ်ပေါင်လဲ့ စကားဆုံးသွားသည့် အချိန်မှာပင် မျက်နှာဖုံးမှာ ဖျတ်ခနဲလက်သွားပြီး စာကြောင်းများစွာ ထပ်၍ပေါ်လာ၏။ ယခုအကြိမ်တွင်မူ ထိုစာကြောင်းများမှာ ဝမ်ပေါင်လဲ့အား အကယ်၍ ထိုပုံသေနည်းအား ပုံရိပ်ယောင်နယ်မြေထဲတွင် လေ့ကျင့်မည်ဆိုပါက အလွန် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ပြောပြနေ၏။
” “ဒီနေရာမှာ လေ့ကျင့်ရမှာလား ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အံ့ဩမှင်တက်နေစဉ် မျက်နှာဖုံးပေါ်မှ စာလုံးများမှာ နောက်တစ်ကြိမ်ထပ်၍ ပြောင်းလဲသွားပြန်သည်။ ထို့နောက် ကမ္ဗည်းစာတန်း တစ်တန်း ပေါ်လာ၏။ ထိုမျက်နှာဖုံးကြီးမှာ ဝမ်ပေါင်လဲ့အား ပုံသေနည်းကို ချက်ချင်း အသုံးပြု၍ အဖြေကိုတွက်ထုတ်ရန် စေခိုင်းနေသည့်အလားပင်။
ဝမ်ပေါင်လဲ့ကမူ ခေါင်းကုတ်ကာ ထိုကမ္ဗည်းစာလုံးတန်းအား ကြည့်လိုက်၏။ ၎င်းတို့အား ပုံသေနည်းထဲသို့ ထည့်ရသည်မှာပင် အသက်ရှူကြိမ် အနည်းငယ်ခန့် ကြာ၏။ ထိုအချိန်တွင် လျှပ်စီးတန်းတစ်တန်းက မျက်နှာဖုံးထဲမှနေ၍ ရုတ်တရက်ဆိုသလို ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ သူသည် အဖြေတွက်ထုတ်ရန်အတွက် သတ်မှတ်ထားသည့်အချိန်ကို ကျော်လွန်သွားပါက ဒဏ်ပေးခံရသည့်အနေဖြင့် မိုးကြိုးပစ်ခံရမည့်ဟန်တူသည်။
” ထပ်ပြီးတော့ လုပ်ပြန်ပြီဗျာ ”
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွား၏။ သူသည် အော်ဟစ်မြည်တမ်းနေရင်း သူ၏ ဆံပင်ထဲမှ မီးခိုးငွေ့များ ထွက်လာသောကြောင့် အသံကျယ်ကြီး ငိုကြွေးလိုက်ရတော့သည်။ ထိုအချိန်တွင် မျက်နှာဖုံးကြီးပေါ်၌ ဒုတိယမြောက်မေးခွန်း ပေါ်လာ၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ရီသွားပြီး ရူးသွပ်သွားတော့မည့်အလား ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် အလျင်အမြန် တွက်ချက်လိုက်ပါသော်လည်း နှေးကွေးနေသောကြောင့် စက္ကန့်အနည်းငယ်အကြာတွင် နောက်ထပ်တစ်ကြိမ်ထပ်၍ မိုးကြိုးပစ်ခံလိုက်ရပြန်သည်။
ထိုသို့ဖြင့် ပုံရိပ်ယောင်နယ်မြေထဲတွင် ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများ အရပ်မျက်နှာအနှံ့တွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေတော့သည်။ ယခုအကြိမ်တွင် သူ ကြုံတွေ့ခံစားနေရသည့် ကြောက်မက်ဖွယ်ရာများမှာ ပေါင်ကြားထဲတွင် အကန်ခံရခြင်းလောက် မဆိုးပါသော်လည်း ကြိမ်ဖန်များစွာ ခံစားနေရသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။
ထိုကဲ့သို့ တဂျုန်းဂျုန်း မြည်ဟည်းနေသော မိုးခြိမ်းသံများကြားတွင် ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများမှာ တဖြည်းဖြည်းနှင့် ပို၍ သနားစရာ ကောင်းလာတော့သည်။
” ကျနော် ဆက်ပြီးတော့ မလေ့လာချင်တော့ဘူး။ အား…. နာတယ်ဗျ…. ”
” ကျနော့်ကို လွှတ်ပေးပါတော့…. ထပ်ပြီးတော့ ဓာတ်လိုက်အောင် လုပ်နေပြန်ပြီ ”
ဝမ်ပေါင်လဲ့မှာ အရူးတစ်ယောက်လို ဖြစ်နေပြီ ဖြစ်သည်။ သူသည် ထိုဓာတ်လိုက်မှုများကြောင့် တစ်ကိုယ်လုံး မည်းတူးနေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မီးခိုးများပင် ထွက်နေပြီဖြစ်သည်။ မိုးကြိုးပစ်ခံရခြင်းမှ ခံစားရသည့် နာကျင်မှုများကြောင့် သူသည် သတိလစ်တော့မည့်အလား ဖြစ်နေ၏။ သူသည် အော်ဟစ်မြည်တမ်းရင်း ၎င်းမှာ ကောင်းကင်ဘုံ၏ အရက်စက်ဆုံး ပြစ်ဒဏ် ဖြစ်ရမည်ဟု မှတ်ယူလိုက်တော့သည်။
ထိုမျက်နှာဖုံးထဲတွင် မမလေးတစ်ယောက် ရှိနေသည်မဟုတ်ဘဲ စုန်းမအိုကြီးတစ်ယောက်သာ ရှိနေခြင်း ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့မှာ အော်ဟစ်မြည်တမ်းနေရပါသော်လည်း ၎င်းမှာ ကမ္ဗည်းစာလုံးများအားလုံးကို သူ မှတ်မိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းကိုလည်း သိထား၏။ ထို့ကြောင့် သူသည် အံကြိတ်ကာ နောက်ထပ်တစ်ကြိမ် ထပ်၍ မိုးကြိုးအပစ်ခံလိုက်ပြီး အသံကုန်အော်ဟစ်၍ တွက်ချက်နေလိုက်တော့သည်။