ယွမ်သလင်းကျောက်က နယ်နိမိတ်မဲ့နယ်မြေ၏ ငွေကြေးဖြစ်သည်။ ထိုသလင်းကျောက်များ၌ အတော်လေးသန့်စင်သည့် အော်ရာပါရှိပြီး ကျင့်ကြံခြင်းကို စုပ်ယူရန်အတွက် အသုံးပြုနိုင်သည်။
ဤသည်ထက်ပိုသည်က တခြားပစ္စည်းများကို လှဲလှယ်ရန်အတွက် အသုံးပြုခြင်းပင်။
ယွမ်သလင်းကျောက်တစ်၀က်။
ဒါကဘာလဲ။
ယွမ်ချီမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်သော်လည်း အရင်းအမြစ်နည်းပါးသည်။
ယန်မိသားစု၏စွမ်းအားက နယ်နိမိတ်မဲ့နယ်မြေတခုလုံး၌ မထည့်ပြောထိုက်ပါ။ သို့စေကာမူ သူတို့က မိသားစုတစ်စု ဖြစ်နေပါသေးသည်။
ယွမ်သလင်းကျောက်ငါးသိန်းက ယန်မိသားစုပိုင်ဆိုင်မှု၏ ၈၀ရာခိုင်နှုန်းနှင့် ညီမျှနေလေပြီ။
လေလံပွဲကျင်းပသူက ဤဆေးပုလင်းကို မည်မျှထိ တန်ဖိုးထားသလဲဆိုတာကို မြင်သာနိုင်သည်။
တကြိမ်တည်း။
ဤဆေးက တာအိုနယ်ပယ်က အထွပ်အထိပ်စွမ်းအားရှင်၏အော်ရာကိုပင် ချက်ချင်းပြန်လည်ရရှိစေနိုင်သည်။
ဤသည်က ဒုတိယအသက်နှင့်ညီမျှသည်။
ထို့အပြင် ဆေးလုံးလေးလုံးရှိနေသည်။
အသက်လေးသက်။
အောက်ထပ်တွင် ထိုင်နေသည့် လေလံပွဲကျင်းပသူများက လေလံတင်နေသည်ကို ကြားသောအခါ မချိပြုံးပြုံးရင်း ခေါင်းခါယမ်းလိုက်ကြသည်။
ဤဆေးပုလင်းက သူတို့ယှဉ်လု၍ရသည့်အရာတစ်ခုမဟုတ်တော့။
ဒုတိယထပ်ရှိ ခန်းမသုံးခုထဲတွင် သူတို့က နယ်နိမိတ်မဲ့နယ်မြေ၏ ပထမတန်းစား အင်အားစုများပင်။
သုံ့ရှောင်ချင်းပြုံးကာပြောသည်။
“ဒီကစီနီယာက ယွမ်သလင်းကျောက်ငါးရာ ပေးနေပါတယ်၊ ထပ်တိုးမယ့်လူကြီးမင်းများရှိပါသလား”
အသံများက ငြိမ်ကျသွားကြသည်။
ဒုတိယအထပ်၏ ဘယ်ဘက်ခန်းမမှ အမျိုးသမီးအသံတစ်သံထွက်လာသည်။
“ယွမ်သလင်းကျောက်ရှစ်သိန်း”
ယခုတကြိမ်တွင်မူ ညာဘက်ခန်းမကလူက သုံ့ရှောင်ချင်း ပြောလာမည်ကိုပင် စောင့်မနေတော့။
“တစ်သန်း”
ယွမ်သလင်းကျောက်တစ်သန်း။
ယန်မိသားစုတခုလုံးကိုရောင်းချလျှင်ပင် ယွမ်သလင်းကျောက်တစ်သန်းရမည်မဟုတ်ပါ။
သုံ့ရှောင်ချင်းပြုံးလိုက်သည်။
“တစ်သန်းပေးထားပါတယ်၊ ထပ်တိုးပေးမယ့်လူကြီးမင်းများရှိပါသလား”
ဒုတိယထပ်၏ အလယ်နေရာကနေ ဝါးလုံးပွဲရယ်မောသံတစ်သံထွက်လာသည်။
“မင်းတို့နှစ်ယောက်၊ အမွေအနှစ်နဲ့ အဲဒီရှေးဟောင်းအထူးပစ္စည်းအတွက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာမဟုတ်ဘူးလား”
ဘယ်ဘက်ကပြောသည်။
“ဒါနဲ့ပတ်သက်ပြီး စိတ်ပူမနေစမ်းပါနဲ့၊ ၁.၂ သန်း”
ညာဘက်ခန်းမ
“ကျုပ်တို့ ဘာလို့မျက်နှာသာမပေးနိုင်ရမှာလဲ၊ အမွေအနှစ်ကို လက်ဆင့်ကမ်းခွင့်ပေးမယ်လေ၊ ဆေးလုံးကတော့ ကျုပ်တို့အပိုင်ပေါ့၊ ၁.၅သန်း”
အလယ်ခန်းမ
“ဟေး၊ မင်းတို့က အတော်လေးအရှက်မဲ့နေကြတုန်းပဲ၊ နှစ်သန်း”
သုံးယောက်လုံး၏ဈေးကမြှင့်တက်လာသည်။
ထိုင်နေကြသည့်လူများကဆွံအနေကြ၏။
ဒါကနှစ်သန်းထိရောက်သွားတာလား။
ဟူးး၊ ဒီထိပ်သီးအင်အားစုတွေမှာ တကယ်နက်ရှိုင်းတဲ့ အုတ်မြစ်ရှိနေတာပဲ။
ဒီအင်အားစုတွေနဲ့ တကယ်ယှဉ်လို့မရတာ။
တတိယထပ်က ဇီကျင်းခန်းမ၌ ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်က ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြသည်။
“နှစ်သန်း၊ အဲဒါဘယ်လောက်လဲငါမသိဘူး”
“သူတို့အခုလိုဖြစ်နေတာကို ကြည့်ရမယ်ဆိုရင် လူနည်းစုမှာပဲ အဲလိုရှိလောက်တယ်”
ယဲ့ချိုးပိုင်တွေးနေသည်။
ကန္တာရနယ်ပယ်ကိုပြန်သွားပြီး ဆရာကို ထပ်ပြီးသန့်စင်ခိုင်းလိုက်မယ်ဆိုရင်ရော။
ဘာပဲဖြစ်ဖြစ် ဆရာဒီလိုဆေးမျိုးကို သန့်စင်တဲ့အခါတိုင်း ဖိုတခုကနေ တခုပြောင်းပြီး သန့်စင်လေ့ရှိတယ်။
ပြီးတော့ အမြန်နှုန်းကလည်း အရမ်းမြန်တယ်။
အကယ်၍ လုချန်ရှန်းကသာ ယဲ့ချိုးပိုင်၏ အန္တရာယ်ရှိသည့် အတွေးများကို သိခဲ့မည်ဆိုပါက….
ငါဒီကောင့်ကို ဒီနေရာမှာပင်သတ်ပစ်မယ်။
ချီးပဲ၊ ဒီကိုယ်ကျင့်တရားမရှိတဲ့ကောင်။
အမြဲတမ်းသူ့ဆရာကို နည်းအမျိုးမျိုးနဲ့ လှည့်စားဖို့ ကြိုးစားနေတယ်။
…..
သုံ့ရှောင်ချင်း၏မျက်နှာပေါ်၌ အပြုံးတပွင့်ရှိနေသည်။ ဤဈေးနှုန်းက သူမမျှော်လင့်ထားသည့်ပမာဏကို မရောက်သေးပါ။
ထို့ကြောင့် မီးပေါ်၌ လောင်စာဆက်ဖြည့်လိုက်သည်။
“ဒီဆေးလုံးလေးလုံးက အနာဂတ်မှာ မပေါ်လာနိုင်တော့ပါဘူး”
“ဘာပဲဆိုဆို ဘယ်စီနီယာကလုပ်ထားတာလဲဆိုတာ ကျွန်မတို့မသိဘူးလေ”
“ဒီတော့ လေလံတင်ချင်သူတိုင်းက ဒီအခွင့်အလမ်းကို ဖမ်းဆုပ်ထားသင့်တယ်”
ထိုစကားလုံးများထွက်လာသည်နှင့် လူတိုင်းက သုံ့ရှောင်ချင်း၏ ရည်ရွယ်ချက်များကိုသိသည့်တိုင် ငါးစာအတွက် ဆက်လက်တိုက်ခိုက်နေကြဆဲပင်။
ဘယ်ဘက်ခန်းမမှ အမျိုးသမီးအသံထပ်ပေါ်လာသည်။
“နှစ်သန်းခွဲ၊ ဒီဆေးလုံးက ကျွန်မတို့ ရေခဲဝိဉာဉ်ဂိုဏ်းကရဖို့သေချာနေပါပြီ”
ရေခဲဝိဉာဉ်ဂိုဏ်း!
လူတိုင်း၏မျက်နှာအမူအရာများက အနည်းငယ်ပြောင်းလဲသွားကြ၏။
နယ်နိမိတ်မဲ့နယ်မြေ၏ ပထမတန်းစားအင်အားစုတွေထဲက တခုဖြစ်ပြီး ဂိုဏ်းထဲတွင် အမျိုးသမီးဂိုဏ်းသားများကိုသာ လက်ခံသည်။
တချိန်တည်းမှာပင် ရေခဲအနုပညာအသိကို ကျင့်ကြံရန်လိုအပ်သည်။ နောက်ခံအင်အားကလည်း အတော်လေးအားကောင်းသည်။
ညာဘက်ခန်းမ
“ဟဲဟဲ၊ ဒီတော့ ရေခဲဝိဉာဉ်ဂိုဏ်းက နတ်သမီးလေးတွေပေါ့၊ တခြားတခုခုသာဆိုရင်တော့ မီးတောက်နီဂိုဏ်းက နတ်သမီးလေးတွေကို မျက်နှာသာပေးတာ ဘာပြဿာနာမှမရှိဘူးဆိုပေမယ့် ဒါကတော့…. ၂.၇၅သန်း”
“ငါတို့ မီးတောက်နီဂိုဏ်းကလည်း ဒီဆေးကို လိုချင်ပါတယ်”
မီးတောက်နီဂိုဏ်း!
ဤဂိုဏ်းက ရေခဲဝိဉာဉ်ဂိုဏ်း၏အင်အားနှင့် အတော်လေးတူညီပြီး နယ်နိမိတ်မဲ့နယ်မြေရှိ ပထမတန်းစားအင်အားစုများအနက် တခုဖြစ်သည်။
အလယ်ခန်းမကနေ ခပ်ယဲ့ယဲ့ရယ်မောသံတစ်သံထွက်လာသည်။
“မင်းတို့နှစ်ယောက်၊ ငါတို့ရဲ့ ကံကောင်းခြင်းတံခါး၀ကို ရောင်းချနိုင်မလားဆိုတာ ငါသိချင်မိလို့”
ဖန်တီးခြင်း၏တံခါး!
ပထမတန်းစားအင်အားသူများ၌ ၎င်းက ထိပ်တန်းအဆင့်တည်ရှိမှုတခုလည်းဖြစ်သည်။
ရေခဲဝိဉာဉ်ဂိုဏ်းနှင့် မီးတောက်နီဂိုဏ်းတို့ဖြင့်ယှဉ်ပါက အနည်းငယ်ပိုအားကောင်းသည်။
ခန်းမနှစ်ဖက်စလုံး၏ မျက်နှာအမူအရာများက အနည်းငယ်ပြောင်းလဲသွားကြ၏။
“ကံကောင်းခြင်းတံခါး၀ကလည်း ဒီနယ်စပ်မြို့ကို ရောက်လာမယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး”
“ဘာ၊ ကံကောင်းခြင်းတံခါး၀ကလည်း သူတပါးကို အနိုင်ကျင့်ရတာကြိုက်တာလား”
“ဟားဟား၊ မျှတစွာယှဉ်ပြိုင်ကြရအောင်၊ သုံးသန်း”
ဘယ်ပါတီကမှ အလျှော့မပေးလေရာ ဈေးနှုန်းက တချိန်လုံးမြှင့်တက်လာခဲ့သည်။
မကြာမီ ယွမ်သလင်းကျောက်ငါးသန်းဟူသည် ကန့်သတ်ချက်ကို ချိုးဖျက်လိုက်လေတော့သည်။
ယခုအဆင့်ကိုရောက်သောအခါ ရေခဲဝိဉာဉ်ဂိုဏ်းရော မီးတောက်နီဂိုဏ်းပါ တုံ့ဆိုင်းသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့ယူလာသည့် ယွမ်သလင်းကျောက်များက နောက်ဆုံးပစ္စည်းအတွက် ပြင်ဆင်ထားကြခြင်းပင်။
ကံကောင်းခြင်းဂိုဏ်းမှ ကုနင်က ပြုံးရင်း အော်ဟစ်လိုက်လေသည်။
“ဘာဖြစ်ကြတာလဲ၊ ဘာလို့လဲ၊ မင်းတို့မှာ ယွမ်သလင်းကျောက်အလုံအလောက် မပါကြဘူးလား၊ ဘာလို့နည်းနည်းလောက် ထပ်မတိုးပေးရတာလဲ၊ ဒီနေ့ရပ်လိုက်ကြရအောင်လေ”
ရေခဲဝိဉာဉ်ဂိုဏ်းက နတ်သမီးက စကားမပြောတော့ပါ။
သို့စေကာမူ မည်သည့်အမှတ်အသားမှလည်းမရှိတော့။
သူမတိုက်ပွဲကို လက်လျှော့လိုက်သည်က သိသာထင်ရှားနေသည်။
မီးတောက်နီဂိုဏ်း၏ စွမ်းအားရှင်က အံကြိတ်လိုက်သည်။
“၅.၂သန်း….”
သူ့အသံထဲတွင် အရင်ကကဲ့သို့ ခိုင်မာသည့်အမူအသွင်ရှိမနေတော့။
ဤသည်က မီးတောက်နီဂိုဏ်း၏ နောက်ဆုံးနိဂုံးလည်းဖြစ်နိုင်တယ်ဆိုတာ ပြော၍ရသည်။
သုံ့ရှောင်ချင်း တူငယ်လေးကို ကိုင်ကာ လက်မြှောက်ရင်း သူမဘေးက သစ်သားစားပွဲကို အချိန်မရွေးရိုက်ရန် အဆင်သင့်ဖြစ်နေသည်။
“ယွမ်သလင်းကျောက် ၅.၂သန်း၊ ထပ်တိုးပေးမယ့် ပမာဏများရှိကြပါသလား”
ယခုတကြိမ်တွင် ကံကောင်းခြင်းတံခါး၀က ရယ်မောကာ ကျယ်လောင်စွာပြောသည်။
“၅.၃သန်း”
ကံကောင်းခြင်းတံခါး၀က ဈေးနှုန်းမြှင့်တင်လိုက်သည်ကို ကြားလိုက်ရသောအခါ လူတိုင်းက ဆူညံပွက်လောရိုက်သွားကြ၏။
ယွမ်သလင်းကျောက်၅.၃သန်း!
ဘယ်လောက်တောင်ကြီးမားတဲ့ပမာဏလဲ!
သူတို့ကိုယူခွင့်ပေးခြင်းက သူတို့၏ဂိုဏ်းစွမ်းအားကို သေချာပေါက်တော့ ထိခိုက်စေလိမ့်မည်။
မီးတောက်နီဂိုဏ်းက အေးစက်စွာ နှာခေါင်းရှုံ့ရင်း တိတ်ကျသွားသည်။
သုံ့ရှောင်ချင်းကလည်း ပြုံးကာ သူမလက်ထဲက သစ်သားတူကို လှုပ်ယမ်းလိုက်သည်။
တန်
ပထမတချက်
“ဈေးထပ်တိုးပေးမယ့်သူရှိပါသလား”
စကားပြောပြီးသည့်နောက် သူမတူကို ထပ်တမံရိုက်ချလိုက်ကာ သုံးကြိမ်အထိ လှုပ်ယမ်းလိူက်သည်။
သုံးကြိမ်အသံမြည်သွားခဲ့သည်။
သုံ့ရှောင်ချင်းပြုံးလိုက်သည်။
“ကောင်းပါပြီ၊ ဒီဆေးလုံးလေးလုံးက ကံကောင်းခြင်းတံခါး၀က စီနီယာတွေက ပိုင်ဆိုင်သွားပါပြီ”
ကံကောင်းခြင်းတံခါး၀က ကုနင်က အပြုံးဖြင့်ပြောသည်။
“ကျုပ်လက်ခံလိုက်ပါပြီ”
အင်အားစုအားလုံးက ချီးကျူးကြသည်။
တိတ်ဆိတ်မှုက ထပ်တဖန်ကြီးစိုးသွားပြန်သည်။ အားလုံးက ဒုတိယအပိုင်းကို စောင့်မျှော်နေကြခြင်းပင်။
ပထမအပိုင်းနှင့် နောက်ဆုံးအပိုင်း!
ထိုင်ခုံအမျိုးမျိုးတွင်ရှိသည့် အင်အားစုများအတွက် ဤသည်က အတော်လေး ဆွဲဆောင်မှုရှိသော်လည်း သူတို့တွင် နောက်လိုက်ရန်အတွက် ခွန်အားနှင့် နောက်ခံမရှိပါ။
ထို့ကြောင့် သူတို့၏အကြည့်များစွာကို အလယ်တခုပေါ်၌ ပို့လွှတ်လိုက်ကြသည်။
ရှန်ကျင်းကုန်သည်များအသင်းက ကျင်းပသည့် လေလံပွဲတခုတွင် အလယ်က နေရာဖြစ်သည့်တိုင် သူတို့ကို စိတ်မပျက်စေပေ။
ထိုအချိန်တွင် တတိယထပ်က ဇီကျင်းခန်းမ၌ အပြင်ပကတံခါးခေါက်သံထွက်လာသည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
“၀င်လာပါ”
တံခါးကပွင့်လာသည်။
အစေခံမလေးတစ်ယောက်၀င်လာပြီး ခရမ်းရောင်ကဒ်တစ်ကဒ်ကို လေးစားမှုအပြည့်ဖြင့် လက်ကမ်းပေးသည်။
“ဒါက ဇီကျင်းကဒ်ဖြစ်ပြီးတော့ ရှန်ကျင်းကုန်သည်များအသင်းမှာ အကြီးမားဆုံး အကြွေးကန့်သတ်ချက်ရှိတဲ့ကဒ်ပါ၊ အဲဒီထဲမှာ ယွမ်သလင်းကျောက် ၅.၃သန်းပါ၀င်တဲ့ အာကာသဖွဲ့စည်းမှုပုံစံတခုပါပါတယ်၊ မမလေးက ရှင့်ကိုပေးဖို့အတွက် ကျွန်မကို ပြောထားတာပါ”
ယဲ့ချိူပိုင်ယူလိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
“၅.၃သန်းလား၊ ၀န်ဆောင်ခမရှိဘူးလား”
အစေခံမလေးက အပြုံးဖြင့်ပြောသည်။
“ဒါကအားလုံးအတွက် လက်ဆောင်တခုလို့ မမလေးကပြောပါတယ်”
ထို့နောက်သူမထွက်သွားပြီး နောက်က တံခါးပေါက်ကို ပိတ်လိုက်သည်။
ယဲ့ချိုးပိုင် စင်ပေါ်က သုံ့ရှောင်ချင်းကို ကြည့်ကာပြုံးလိုက်လေသည်။
“ရှန်ကျင်းကုန်သည်များအသင်းဆိုတဲ့ အတိုင်းပါပဲ၊ သူတို့က စီးပွားရေးလုပ်တဲ့နေရာမှာ အတော်လေးကောင်းတယ်”