“ကျိရွှီ ရှီမာယူယူက ဘယ်တုန်းက သားရဲထိန်းကျောင်းသူသခင်ဖြစ်တာလဲ မင်းသိလား” ဖက်တီးကျူသည် သူ့မျက်သူမယုံနိုင်ပဲ ဝေကျိရွှီအားဆွဲကာ တိုက်ရိုက်ပင်မေးလိုက်သည်။
ဝေကျိရွှီသည် သူ့လက်အားရိုက်ကာမေးလိုက်သည် “မင်းကငါ့မေးတော့ ငါဘယ်သူ့ကိုသွားမေးရမှာလဲ”
“ငါတို့တိတ်တိတ်နေပြီး ကြည့်ရအောင်” ဘေဂုံထန်ပြောလိုက်သည်။
ရှီမာယူယူ ဝက်ဝံသားရဲအား ထိတွေ့နေသည်ကို စောင့်ကြည့်နေရင်းနှင့်ပင် ဖက်တီးကျူနှင့် တခြားသူများသည် တိတ်ဆိတ်နေခဲ့သည်။
ထိန်းကျောင်းခြင်း ဖြစ်စဉ်သည် လူနှင့် သားရဲတို့မလှုပ်မယှက် အချိန်ကြာမြင့်စွာ တိတ်ဆိတ်ပြီး ရပ်နေရသည်။ ကြည့်စရာဘာမှမရှိပေ။ ရှည်လျားသော ဖြစ်စဉ်တစ်ခုဖြစ်သည်။
ထိုသို့ဖြစ်သော်လည်း ရှီမာယူယူ မနက်မှနေ့လည်အထိ ထိန်းကျောင်းခြင်း ဖြစ်စဉ်ကို လုပ်ဆောင်နေသော်လည်း ဘယ်သူမှထွက်မသွားပေ။
ထိုအရင်က အမှိုက်ဖြစ်ခဲ့သောသူသည် အဂ္ဂိရတ်ပညာရှင်ဖြစ်ရုံသာမက သားရဲထိန်းကျောင်းသူသခင်ဖြစ်မည်ကို အားလုံးကကြည့်ချင်ကြသည်။ သားရဲထိန်းကျောင်းခြင်း အောင်မြင်မလား ဆိုသည်ကို သူတို့ကြည့်ချင်ကြသည်။
ဝေကျိရွှီနှင့် သားရဲထိန်းကျောင်းသူသခင်အသင်းမှ တခြားလူများသည် ရှီမာယူယူသည် သားရဲထိန်းကျောင်းသူဖြစ်ကြောင်းကို ယုံကြည်ပြီးဖြစ်သည်။ သူမသာ မဟုတ်ခဲ့လျှင် ထိုဝက်ဝံသားရဲသည် အချိန်အကြာကြီး ငြိမ်သက်စွာရှိနေမည်မဟုတ်ပေ။
“ခဏနေပြီးတော့မယ်” ဒုဥက္ကဋ္ဌ၏ ရှီမာယူယူအားကြည့်သောအကြည့်များသည် ပို၍ တောက်ပလာသည်။
ဝေကျိရွှီနှင့်တခြားသူများသည် ဝက်ဝံသားရဲအားကြည့်လိုက်ရာ သူ့မျက်လုံးထဲမှ ရန်လိုသော အကြည့်များမရှိတော့သည်ကို တွေ့လိုက်ရသည်။ ထိုအရာသည် ဆိုင်မှ ဝယ်လာသော ဝိညာဉ်သားရဲနှင့် ဆင်တူသည်။
အချိန်ခဏအကြာတွင် ရှီမာယူယူမျက်လုံးပွင့်လာသည်။ သူမ စိတ်စွမ်းအား သိပ်လျော့နည်းသွားသည့်ပုံမပေါ်ပေ။
“ဝူး ဝူး”
ဝက်ဝံသားရဲသည် လှောင်ထဲတွင် ဝပ်နေရာ ရှီမာယူယူခြေတစ်လှမ်းတိုးပြီး လှောင်အိမ်အားဖွင့်လိုက်သည်။ သူထွက်လာပြီးဖြစ်သည်ကိုပင် ဝက်ဝံသားရဲမသိခဲ့ပေ။
သူမ လှောင်အိမ်ဖွင့်လိုက်သည်ကိုတွေ့သည်နှင့် အားလုံးသည် တုန်လှုပ်သွားကာ ခြေတစ်လှမ်းဆုတ်သွားကြလေသည်။ သို့သော် ဝက်ဝံသားရဲသည် လူများကို တိုက်ခိုက်ခြင်းမရှိသည်ကို မြင်သည်နှင့် နောက်ဆုံးမှ စိတ်သက်သာရာရကာ စိတ်လှုပ်ရှားစွာဆက်ကြည့်နေကြသည်။
ဒုဥက္ကဋ္ဌသည် ရှေ့သို့လျှောက်လာကာ ဝက်ဝံသားရဲအားကြည့်ပြီး ပြောလိုက်သည် “ထိန်းကျောင်းတာကတော့ အောင်မြင်သွားပြီ၊ မင်းဒါကို ရအောင်လုပ်နိုင်မယ်လို့ မထင်ထားဘူး၊ ဒါက သားရဲထိန်းကျောင်းသူသခင်အများစုထက် သုံးဆမြန်တာပဲ၊ တကယ်ကိုခက်ခဲတဲ့ စွမ်းဆောင်မှုပဲ”
ရှီမာယူယူပြုံးကာပြောလိုက်သည် “ကျွန်တော့်ရဲ့ သားရဲထိန်းကျောင်းတဲ့နည်းလမ်းက ထူးခြားလို့ပါ”
“ဘာပြောတယ်” ဒုဥက္ကဋ္ဌမေးလိုက်သည်။
“ဒီဝိညာဉ်သားရဲရဲ့ပိုင်ရှင်ဒီမှာရှိလား၊ ရှိရင် သူ့ကို သားရဲနဲ့ စာချုပ်ချုပ်လို့ရပြီ၊ ရလာမယ့် အဖြေက သခင်ကြီးကို စိတ်မပျက်စေရဘူးလို့ယုံပါတယ်” ရှီမာယူယူပြောလိုက်သည်။
ဒုဥက္ကဋ္ဌသည် ကွင်းပြင်ဘေးတွင်ရပ်နေသော သက်လတ်ပိုင်းလူတစ်ယောက်အားကြည့်လိုက်သည်။ ထိုလူသည် နားလည်သွားကာ လျှောက်လာလေသည်။
အမှန်တကယ်တော့ သူ၏ ဝိညာဉ်သားရဲအား ထိန်းကျောင်းပေးမည့်သူမှာ ရှီမာယူယူဖြစ်ကြောင်း ပထမဆုံးကြားချိန်တွင် သူသဘောမတူခဲ့ပေ။ သို့သော် ထိုဝိညာဉ်သားရဲသည် သားရဲထိန်းကျောင်းသူအသင်းဆီသို့ ရောက်သွားချိန်တွင် ဒုဥက္ကဋ္ဌမှ ဘာမှမပြောခဲ့သဖြင့် သူဘေးမှ ရပ်ကာ ကြည့်နေခဲ့သည်။
ရှီမာယူယူ အောင်မြင်စွာထိန်းကျောင်းနိုင်လိမ့်မည်ကို သူထင်မထားပေ။ သူမပြောသည်များကို ယုံကြည်ပြီးဖြစ်၍ သူမတွင် ဘယ်လိုပင် ထိန်းကျောင်းသည့်အရည်အချင်းရှိပါစေ သူမျှော်လင့်နေခဲ့သည်။
ဒုဥက္ကဋ္ဌပြောလိုက်သည် “ယူယူပြောတာကြားပြီးဖြစ်မှာပေါ့ မင်း အခုစာချုပ်ချုပ်လို့ရပြီ”
“ကောင်းပါပြီ”
ထိုလူ ဝက်ဝံသားရဲရှေ့ထွက်လာသည်နှင့် ရှီမာယူယူနှင့် ဒုဥက္ကဋ္ဌတို့သည် ခြေတစ်လှမ်းဆုတ်ပေးလိုက်ကြသည်။ သူသည် ဝက်ဝံခေါင်းပေါ်လက်တင်ကာ စာချုပ်ချုပ်ခြင်း လုပ်ဆောင်ချက်ကို လုပ်ဆောင်တော့သည်။
လျင်မြန်စွာပင် စာချုုပ်တည်ဆောက်မှုသည် အများပိုင်ကွင်းပြင်တွင်ပေါ်လာကာ လူနှင့် သားရဲဘေးတွင် ရပ်နေခဲ့သည်။ စာချုပ်ချုပ်ခြင်း ဖြစ်စဉ်ပြီးသွားသည်နှင့် ထိုတည်ဆောက်မှုသည် အလင်းတန်းနှစ်ခုထွက်လာကာ လူနှင့် သားရဲတို့၏ မျက်ခုံးကြားသို့ဝင်သွားလေသည်။
“ဒါဘာမှထူးခြားတာမရှိပါဘူး ဟုတ်တယ်မလား” ထိုစာချုပ်ဖြစ်စဉ်တွင် ထူးခြားသည့်အရာမရှိသည်ကို မြင်သည်နှင့် လူများသည် အနည်းငယ်စိတ်ပျက်သွားကြသည်။
ဝက်ဝံသားရဲသခင်သည် ထူးခြားမှုမခံစားရပေ၊ သို့သော် သူမေးရန်ပါးစပ်ဖွင့်မည်အလုပ်တွင် သူ၏ အတွင်းစွမ်းအားတွင် လှုပ်ရှားမှုများရှိနေသည်ကို ခံစားလိုက်ရသည်။ စာချုပ်နေရာမှ ဝိညာဉ်စွမ်းအားများထွက်လာခဲ့သည်။
သူ လျင်မြန်စွာ ခြေချိတ်ပြီးထိုင်ချလိုက်ကာ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ထိန်းညှိတော့သည်။ လျင်မြန်စွာပင် အဆင့်တက်သောအလင်းတန်းများ ဖြစ်ပေါ်လာပြီး လူနှင့် သားရဲသည် အတူတကွအဆင့်တက်ကြလေသည်။
“ဘုရားရေ သူတို့အတူတူ အဆင့်တက်သွားတာလား”
“စာချုပ်ချုပ်နေတုန်းမှာပဲ အဆင့်တက်သွားနိုင်တယ်ဟုတ်လား”
“ဒီထိန်းကျောင်းတဲ့နည်းလမ်းက ဘာပါလိမ့်”
“ထူးဆန်းလိုက်တာ”
“…….”
ထိုတစ်ကွင်းလုံးသည် ရှီမာယူယူအား အဖိုးတန်ပစ္စည်းလိုသဘောထားကာ လှည့်ကြည့်ကြသည်။
သူမ စာချုပ်ချုပ်ရန် သားရဲကို ထိန်းကျောင်းပေးလိုက်သည်နှင့် အဆင့်တက်သွားစေနိုင်တာ၊ ဆိုလိုတာက သူမကို စာချုပ်ချုပ်ခိုင်းရုံနှင့် သူတို့အဆင့်တက်သွားနိုင်သည်ပေါ့။
ဒုဥက္ကဋ္ဌသည် နှစ်ပေါင်းများစွာနေလာသော်လည်း စာချုပ်ချုပ်ပြီးသည်နှင့် အဆင့်ပါတက်လာသည်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် သားရဲထိန်းကျောင်းသူအသင်းနှင့် လက်တွဲရမည်မှာ သံသယဝင်ဖွယ်မရှိပေ။
အားလုံးသည် ထိုအကြောင်းအားအဆုံးမရှိပြောနေကြသည်။ အလင်းတန်းသည်တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ သခင်သည် အဆင့်နှစ်ဆင့်တက်သွားပြီး သားရဲမှာ အဆင့်တစ်ဆင့်တက်သွားလေသည်။
ထိုလူသည် မျက်လုံးဖွင့်ကာ ရှီမာယူယူအားစိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူမတ်တတ်ရပ်ကာ ရှီမာယူယူအားအရိုအသေပေးပြီး ပြောလိုက်သည် “ကျွန်တော်သားရဲကို စာချုပ်ချုပ်ပေးတဲ့နေရာမှာ ကူညီပေးတဲံ ငါးယောက်မြောက်သခင်လေးကို ကျေးဇူးတင်ပါတယ်၊ နောက်ကို စစ်သူကြီးအိမ်မှာ လိုအပ်တာရှိလို့ ကျွန်တော်ကူညီနိုင်တာရှိရင် ကျွန်တော့်ကို လာရှာလို့ရပါတယ်၊ ကျွန်တော်ပုန်းမနေပါဘူး”
“ကိစ္စမရှိပါဘူး” ရှီမာယူယူပြုံးကာ သူမလက်အားဝေ့ပြလိုက်သည် “ဒါပေမယ့် စစ်သူကြီးအိမ်တော်မရှိတော့ဘူး၊ ရှီမာအိမ်တော်ပဲ ရှိတော့တယ်၊ ငါတို့တစ်ခုခုခက်ခဲတာရှိရင် မင်းကို လာရှာပါ့မယ်”
“မင်းလိုမြေးရှိတဲ့ စစ်သူကြီးရှီမာရဲ့အနာဂတ်ကတော့ အခက်အခဲမရှိချောမွေ့တော့မှာပဲ၊ တခြားမရှိရင် ကျွန်တော်သွားပါတော့မယ်”
သူပြောပြီးနောက်တွင် ရှီမာယူယူနှင့် ဒုဥက္ကဋ္ဌအားအရိုအသေပေးကာ လှည့်ထွက်သွားလေသည်။ သူသည် အဆင့်တက်ပြီးဖြစ်၍ အားအင်များကျစ်လျစ်စေရန် သွားကျင့်ကြံဖို့လိုသေးသည်။
ရှီမာယူယူသည် စိတ်လှုပ်ရှားနေသော လူထုအားကြည့်ကာ သူမရည်ရွယ်ချက်ပြည့်ဝသွားပြီကို သိလိုက်သည်။ သူမ ဒုဥက္ကကို ပြောလိုက်သည် “ဒုဥက္ကဋ္ဌ ပြန်ကြအောင်”
“ကောင်းပြီ” ဒုဥက္ကဋ္ဌသည် ခေါင်းညိတ်ကာ သားရဲထိန်းကျောင်းသူအသင်းမှလူများနှင့် အတူထွက်သွားလေသည်။ အထုတ်အပိုးများသိမ်းဆည်းသူများသာ ကျန်ခဲ့လေသည်။
ပွဲအားကြည့်ရန် စုဝေးနေကြသောလူများလည်း ထွက်ခွာသွားကြသည်။ လူထုသည် တဖြည်းဖြည်း လျော့နည်းသွားကြသည်။ သို့သော် အားလုံးသည် ဖြစ်ပျက်ခဲ့သမျှကို မမေ့ပဲ ထိုသတင်းအား ပြောနေကြသည်။ သူတို့သည် အားလုံးကို ထိုထူးခြားသော ပွဲအကြောင်းကို ပြောပြခဲ့ကြသည်။
ရှီမာယူယူသည် သားရဲထိန်းကျောင်းသူကိုမှ ထူးခြားသော သားရဲထိန်းကျောင်းသူဖြစ်နေလိမ့်မည်ဟု ရှီမိုလီမထင်ခဲ့ပေ။ ရှီမာယူယူသည် သူမ၏ အဂ္ဂိရတ်ပညာတွင်အနိုင်ယူသွားသည်ကိုတွေးမိသည်နှင့် သူမစိတ်မလျော့ပဲ မုန်းတီးနေခဲ့သည်။
ရှီမာယူယူလုပ်ဆောင်သွားသည်ကို ကြည့်ကာ နာလန်လန်သည်လည်း ကြက်သေသေသွားခဲ့သည်။ မျိုးနွယ်မှ လူငယ်တစ်ယောက်အနေနှင့် ရှီမာယူယူဒီနေ့လုပ်လိုက်သော အပြုအမူ၏ အကျိုးဆက်ကို သူမ သိသည်။ သူမ မျိုးနွယ်သည် ရှီမာမျိုးနွယ်အား အနိုင်ရရန် အစီအစဉ်ရှိနေသေးသည်ကို တွေးကာ ထိုအခြေအနေအား သူမအဖေဆီသို့ ပြောရန် လူလွှတ်လိုက်လေသည်။
သူတို့ သားရဲထိန်းကျောင်းသည့်အသင်းသို့ရောက်သောအခါ အသင်းမှ လူတွေ၏မျက်လုံးများသည် မတူညီတော့ပေ။ သူမသည် ထူးချွန်သောသားရဲထိန်းကျောင်းသူသခင်ဖြစ်သည့်အချက်သည် သူတို့အား ကျေနပ်စေရုံသာမက သူမသည် အဆင့်နှစ် အဂ္ဂိရတ်ပညာရှင်ဖြစ်နေခဲ့သည်။
သူမ ဧည့်ခန်းသို့ရောက်သည်နှင့် ဒုဥက္ကဋ္ဌသည် ရှီမာယူယူ၊ ဖက်တီးကျူနှင့် တခြားသူများကို စောင့်ရှောက်ရန် ညွှန်ကြားပြီး ထွက်သွားလေသည်။
သူထိုအကြောင်းအား ဥက္ကဋ္ဌကို အစီရင်ခံရဦးမည်။ အစပိုင်းတွင် သူရှီမာမျိုးနွယ်အား ကူညီရုံပင်ကူညီခဲ့သည်။ သို့သော် ရျှွီာယူယူသည် သူတို့နှင့်လက်တွဲလျှင် ထိုမျှလောက်ကြီးမားသည့် အကျိုးအမြတ်ယူဆောင်လာပေးမည်ဟု ထင်မထားပေ။ ထိုကြောင့်ပင် သူ ရှီမာယူယူအား အခွင့်အရေးပေးချင်သည်၊ သို့သော် ဥက္ကဋ္ဌကို အစီရင်ခံရဦးမည်။
ဧည့်ခန်းတွင် ဖက်တီးကျူနှင့် တခြားသူများသည် ဖြစ်ခဲ့သည်များကို ပြန်ပြောကာ အာရုံလွင့်နေတုန်းဖြစ်သည်။ သူတို့၏ အကြည့်များသည် တဖြည်းဖြည်းပြောင်းလဲသွားကာ ရှီမာယူယူအား ထူးဆန်းသော သားရဲတစ်ကောင်သဖွယ်ကြည့်လိုက်ကြသည်။ ဘေဂုံထန်ပင်သည်လျှင် ထိုကဲ့သို့အရည်အချင်းကို အရင်ကမမြင်ဖူးသဖြင့် သူမ၏အကြည့်သည် တခြားသူများနှင့် ကွာခြားခြင်းမရှိပေ။
“ယူယူ မင်းငါတို့ကို ဖုံးကွယ်ထားတာ ဘယ်လောက်တောင်ရှိလဲ” ဖက်တီးကျူ အပြစ်တင်လိုက်သည်။
“အဟွတ် အဟွတ်….” ရှီမာယူယူ ချောင်းနှစ်ခါဆိုးလိုက်ကာ သူမတွင် လျှို့ဝှက်ချက်များရှိနေသေးသည်ကို တွေးလိုက်သည်။
“ယူယူ မင်းဘယ်တုန်းက သားရဲထိန်းကျောင်းသူသခင်ဖြစ်သွားတာလဲ” ဝူရန်ဖေ သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ပူလွောင်တောင်တန်းက ပြန်လာတော့ ငါခဏထွက်သွားသေးတယ်လေ၊ အဲဒါက ငါသားရဲတွေနဲ့ စာချုပ်ချုပ်ဖို့ပြန်သွားတာ၊ အဲတုန်းက ရှီမာမျိုးနွယ်မှာတစ်ခုခုဖြစ်လိမ့်မယ်ဆိုတာ သိတော့ ငါတို့အားတွေတက်အောင် လုပ်ချင်ခဲ့တာ၊ အဲလူတွေရှေ့ကျ အသုံးမဝင်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး”
“ဒီဆယ်ရက်အတွင်း မင်းသားရဲထိန်းကျောင်းသူသခင်ဖြစ်လာတယ်လို့ မင်းပြောနေတာလား” ဖက်တီးကျူ အံ့သြစွာအော်လိုက်သည်။