ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးနောက် ဘေးနားတစ်ဝိုက်ရှိ ဓမ္မလက်နက်ဌာနမှ ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်ရင်း ကျန်ရစ်ခဲ့ကြတော့သည်။ ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာ အားလုံးမှာ အလွန် ထူးဆန်းနေ၏။ အစတွင် ချောင်ခွင်းသည် ဝမ်ပေါင်လဲ့အား အရှက်ခွဲတော့မည်ဟု ကြေညာခဲ့ပြီးနောက် ကျောင်းသားခေါင်းဆောင်အစည်းအဝေးကို ကျင်းပခဲ့သည်။ ထို့နောက် ထိုအစည်းအဝေးပွဲ၏ အစီရင်ခံစာများကို မထုတ်ပြန်နိုင်ခင် ဝမ်ပေါင်လဲ့တစ်ယောက် ချောင်ခွင်းအား တာအိုကျောင်းအပြင်ဘက်သို့ ဆွဲထုတ်သွားသည်ကို မြင်ခဲ့ရသည်။
ထို့နောက် ရိုက်နှက်ကန်ကျောက်ခြင်းများကိုပါ ဆက်၍ ရှုစားခဲ့ကြရ၏။
ယခုတွင်မူ တစ်ကိုယ်လုံး ရေများစိုရွှဲကာ ဖြူဖပ်ဖြူရော်နှင့် ဒေါသူပုန်ထနေသည့် ချောင်ခွင်းမှာ သနားစရာကောင်းသည့် အမူအရာဖြင့် သူ၏ ပေါင်ကြားအား လက်ဖြင့် အုပ်ထားသည်ကို မြင်လိုက်ရသောကြောင့် လူများထံမှ ထင်မြင်ယူဆချက်အသီးသီး ပေါ်ထွက်လာတော့သည်။
မည်သူကမှ ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကို ကြိုတင်မမှန်းဆနိုင်ခဲ့ပေ။ သူ၏ လုပ်ရပ်မှာ အလွန် ကျိုးကြောင်းဆီလျော်မှု မရှိခဲ့သည် မဟုတ်ပါလော။ ထို့အပြင် သူသည် ကျောင်းသားခေါင်းဆောင် တစ်ယောက်ကိုပင် မဆိုထားဘိ အခြားလူတစ်ယောက်ကိုပါ ရိုက်နှက်ကန်ကျောက်လိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။
ဘေးနားတစ်ဝိုက်ရှိ ဓမ္မလက်နက်ဌာနမှ ကျောင်းသားများသာ ထိတ်လန့်တုန်လှုပ်သွားကြသည်မဟုတ်ဘဲ လင်းတျန်ဟောက်နှင့် ချောင်ခွင်းတို့ပင် အံ့များကိုကြိတ်ကာ အလွန် နစ်နာသွားခဲ့ရသည်ဟု ခံစားနေရတော့သည်။ အထူးသဖြင့် ချောင်ခွင်း၏ ပေါင်ကြားမှာ မခံစားနိုင်လောက်အောင် နာကျင်နေသောကြောင့် အနည်းငယ်ပင် ထုံထိုင်းစပြုနေပြီဖြစ်သည်။ သူသည် မည်သည့်အရာကိုမှ မခံစားနိုင်တော့သောကြောင့် သူ၏ နှလုံးသားမှာ တုန်လှုပ်နေရပြီး အလွန် ဝမ်းနည်းညှိုးငယ်ကာ ဒေါသအမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။
” ဝမ်ပေါင်လဲ့ ”
ဒေါသတကြီးဖြစ်နေသော ချောင်ခွင်းအား အခြားသူများက ထူပေးလိုက်ကြပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးလိုက်ကြ၏။ လင်းတျန်ဟောက်မှာမူ ဝမ်ပေါင်လဲ့၏ နောက်ကျောအားစိုက်ကြည့်ရင်း သူ၏အကြည့်မှာ တဖြည်းဖြည်းနှင့် ပို၍ အေးစက်လာ၏။ အချိန်အတော်အတန်ကြာပြီးမှသာ သူသည် နှာမှုတ်လိုက်ပြီး ထွက်ခွာသွားတော့သည်။
ကျောင်းသားခေါင်းဆောင်သုံးယောက် ထွက်ခွာသွားကြသည်ကို မြင်လိုက်ရသောအခါ ဘေးနားတစ်ဝိုက်မှ ကျောင်းသားများမှာ အသက်ပြင်းပြင်းရှူလိုက်ကြပြီး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော်ကိုရက်စက်တာပဲ ”
” ဒီကိစ္စကြောင့် ဝမ်ပေါင်လဲ့တောင်မှ သူ့ကိုယ်သူ ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး။ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ရဲ့သားနဲ့ အခြားလူတစ်ယောက်ကိုမှ ရိုက်နှက်ကန်ကျောက်ရတယ်လို့ကွာ ”
လူတိုင်း ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံနေကြစဉ် စီနီယာကျောင်းသားများစွာကမူ ခေါင်းတယမ်းယမ်း ဖြစ်နေကြ၏။ ကျောင်းသားခေါင်းဆောင်များမှာ တာအိုကျောင်းအား သစ္စာဖောက်ခြင်း သို့မဟုတ် အလွန် ကောက်ကျစ်ယုတ်မာသော ကိစ္စတစ်ခုခုကို လုပ်မိခြင်း အစရှိသော ပြစ်မှုများကို မကျူးလွန်သရွေ့ မည်သည့်ပြစ်ဒဏ်မှ ခံစားရမည် မဟုတ်ကြောင်းကို သူတို့ကိုယ်တိုင် ကြုံခဲ့ဖူးသောကြောင့် သိရှိနားလည်ထားပြီး ဖြစ်သည်။
ထိုအခြင်းအရာမှာ အမှန်ပင်။ အကယ်၍ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့အား ပစ်မှတ်ထားရန် ဆန္ဒရှိနေပြီး ဒုပါမောက္ခက သူ့ဘက်မှ အကူအညီပေးရန် အဆင်သင့် ဖြစ်နေလျှင်တောင် တာအိုကျောင်းတစ်ကျောင်းလုံးက ထိုအကြောင်းအရာကို သိရှိသွားမည်ဆိုပါက အမှန်တရားကို ဖုံးကွယ်၍ရတော့မည် မဟုတ်ပေ။
ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာနှစ်ခုနှင့် ပတ်သက်သော သတင်းများထွက်လာသောအခါ ဓမ္မလက်နက်ဌာနတစ်ခုလုံး အံ့ဩတုန်လှုပ်သွားရတော့သည်။ ထိုအကြောင်းအရာနှစ်ခုမှာ ဝမ်ပေါင်လဲ့နှင့် ရင်းနှီးသော ဝိညာဉ်ကျောက်တုံးခန်းမမှ စစ်ဆေးရေးမှူးများကို ရာထူးမှရပ်စဲလိုက်သည့် ကိစ္စနှင့် ကျန်းလန်တို့အဖွဲ့ကို လွှတ်ပေးလိုက်သည့် ကိစ္စတို့ပင် ဖြစ်သည်။
ကျန်းလျန်နှင့် အခြားသူများကို လွှတ်ပေးလိုက်သောအခါ နဂိုကတည်းက ငြိမ်သက်နေခြင်းမရှိသော ရေကန်ထဲသို့ ကျောက်ခဲတုံးကြီးတစ်တုံးကို ပစ်ချလိုက်သဖြင့် ဧရာမ လှိုင်းလုံးကြီးတစ်လုံး ပေါ်ထွက်လာသကဲ့သို့ ဖြစ်သွား၏။ ကျန်းလန်နှင့် သူ၏အဖွဲ့ ကျူးလွန်ခဲ့သောပစ်မှုများမှာ အလွန် စက်ဆုပ်ဖွယ်ရာ ကောင်းနေသည် မဟုတ်ပါလော။ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်မှာ သူတို့အား အပြစ်မရှိဟု ဆုံးဖြတ်ခဲ့သည့်အပြင် ထိုလေးယောက်မှာ တာအိုကျောင်းထဲတွင် စည်းကမ်းဖောက်ခဲ့ခြင်း မဟုတ်သောကြောင့် မိမိတို့တွင် သူတို့အား အပြစ်ပေးပိုင်ခွင့်မရှိဟု ထုတ်ပြန်ခဲ့သည်ဖြစ်ရာ ကျောင်းသားများစွာ လက်မခံနိုင်ကြပေ။
ထိုသတင်းများ ပျံ့နှံ့သွားသောအခါ လူများစွာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ဝမ်ပေါင်လဲ့တစ်ယောက် ချောင်ခွင်းအား ထိုးနှက်ကန်ကျောက်နေခဲ့စဉ်က ပြောဆိုခဲ့သည့်စကားများကို ပြန်၍အမှတ်ရသွားတော့သည်။ ထိုအခါမှသာ ဝမ်ပေါင်လဲ့ ထိုသို့ပြမူခဲ့သည့် အကြောင်းအရင်းများကို သူတို့ နားလည်သွားကြ၏။
” သိပ်ကောင်းတယ်ကွာ။ ဒီ ချောင်ခွင်းဆိုတဲ့ကောင်က တော်တော်ကို တရားလွန်တဲ့ ကောင်ပဲ ”
” ဝိညာဥ်အမြုတေခန်းမက ကျောင်းသားခေါင်းဆောင်ကတောင် သဘောတူခဲ့သေးတာပါလား။ ကြည့်ရတာ သူတို့နှစ်ယောက်က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဆိုတဲ့ ကောလဟလတွေက မှန်နေတဲ့ပုံပဲ ”
ထိုဆွေးနွေးငြင်းခုံမှုများ အရှိန်ရလာစဉ် လျှိုတောက်ပင်းနှင့် တာဝန်မှ ရပ်စဲခံခဲ့ရသော အခြားသူများမှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာလည်း ထိုကဲ့သို့ ဆွေးနွေးငြင်းခုံနေကြသည့် လူများထဲသို့ ဝင်လာကြပြီး လူအများ၏ ထင်မြင်ယူဆချက်များကို လိုသလို ထိန်းညှိလိုက်ကြတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တင်းမာခက်ထန်သော အပြစ်တင်စကားတချို့ကိုသာ ပြစ်ဒဏ်အဖြစ် ခံယူလိုက်ရ၏။
သို့သော် သူသည် ကျောင်းသားခေါင်းဆောင်အစည်းအဝေးပွဲတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကိုမူ ပြောင်းလဲပစ်နိုင်စွမ်း မရှိသေးပေ။
” ဒီ ကြီးနိုင်ငယ်ညှင်းကောင်တွေက တော်တော်ကို တရားလွန်သွားပြီ ”
ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဆီသို့ မကျေမချမ်းနှင့် ပြန်သွား၏။ သူသည် ချောင်ခွင်းအား ထိုးနှက်ကန်ကျောက်ခဲ့ပါသော်လည်း သူ၏ အမျက်ဒေါသမှာ မပြေပျောက်သေးပေ။ အာဏာကြီးမားသော ကျောင်းသားခေါင်းဆောင်နှစ်ယောက်၏ ခြိမ်းခြောက်ခြင်းနှင့် အရှက်ခွဲခြင်းတို့ကို ခံခဲ့ရသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်လောက်အောင် ဒေါသထွက်နေရပြီဖြစ်သည်။
သူသည် ပထမတစ်ချက်ကိုပင် ခက်ခက်ခဲခဲနှင့် သည်းခံခဲ့ရသည် ဖြစ်သော်လည်း ကျန်းလန်နှင့် အခြားသူများ၏ ကိစ္စသို့ ရောက်သွားသောအခါတွင်မူ လုံးဝ သည်းမခံနိုင်တော့ချေ။ သူသည် ထိုဖြစ်ရပ်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်ဖြစ်ပြီး သူတို့အား သူကိုယ်တိုင် ဖမ်းဆီးခဲ့သည်။ သို့သော် လင်းတျန်ဟောက်နှင့် ချောင်ခွင်းတို့မှာ အမှန်တရားများကို လိုသလို ပြောင်းလဲ၍ သူတို့အားလုံးကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုကိစ္စကို လက်မခံနိုင်ပေ။ ထို့ကြောင့် သူသည် နောက်ရက်များတွင် ထိုပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းအမျိုးမျိုးအား စဉ်းစားတွေးတောလိုက်ပြီး လျှိုတောက်ပင်းအား စွန်းချီဖန်း၏ မိသားစုဆီသို့ စေလွှတ်ကာ ထိုကလေးမလေး၏ အကြောင်းကို သွား၍ မေးမြန်းခိုင်းလိုက်၏။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် လင်းတျန်ဟောက်နှင့် ချောင်ခွင်းတို့မှာ ပြန်လည်တည်ငြိမ်သွားကြပြီး ထိုဆွေးနွေးငြင်းခုံမှုများထဲတွင် စတင်၍ ဝင်ရောက်နှောင့်ယှက်နေကြပြီ ဖြစ်သည်။ သူတို့နှစ်ယောက်ပေါင်း၏ ဩဇာအာဏာမှာ ဝမ်ပေါင်လဲ့ထက် ပို၍ကြီးမားသောကြောင့် ချက်ချင်းဆိုသလိုပင် ဝိညာဉ်ကွန်ရက်ပေါ်နှင့် ဓမ္မလက်နက်ဌာနထဲတွင် မတူညီသော စကားသံများ ထွက်လာကြတော့သည်။
” ဝမ်ပေါင်လဲ့ဆီမှာ ဘာလုပ်ပိုင်ခွင့်အာဏာမှ မရှိတော့ဘူး။ သူက ဘာကိုမှ လုပ်လို့မရတော့လို့ ချောင်ပိတ်နေတဲ့ တိရစ္ဆာန်တစ်ကောင်လိုမျိုး အခြားလူတစ်ယောက်ကို ရိုက်နှက်ကန်ကျောက်ခဲ့တာ ”
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ပြီးတော့ လူတစ်ယောက်ကို ရိုက်နှက်ကန်ကျောက်ရဲရတယ်လို့။ ဟွန်း ”
” ငါတို့တွေ ဝမ်ပေါင်လဲ့ကို စိုးရိမ်နေစရာမလိုတော့ဘူး။ သူ့ရဲ့ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ ရာထူးက နာမည်သက်သက်ပဲရှိတော့တာ။ အခုကစပြီးတော့ ဒီကောင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလိုမျိုး နေရတော့မှာ ”
သိပ်မကြာခင် ထိုစကားသံများ ကြီးစိုးလာကြတော့သည်။ တချိန်တည်းမှာပင် လျှိုတောက်ပင်းနှင့် ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် အခြားလူများမှာ ကျဉ်းထဲကျပ်ထဲသို့ ရောက်နေကြပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ တာဝန်မှ ရပ်စဲခံရပြီးနောက် ဝိညာဥ်အမြုတေခန်းမနှင့် ကမ္ဗည်းစာခန်းမတို့မှာ သူတို့အကြောင်းများကို စတင်စုံစမ်းစစ်ဆေးနေကြသောကြောင့် ဖြစ်သည်။ ဝမ်ပေါင်လဲ့ကြောင့် ဝိညာဉ်ကျောက်တုံးခန်းမ၏ သြဇာအာဏာ ကျဆင်းသွားရသည်ဖြစ်ရာ တာဝန်မှ ရပ်စဲခြင်း မခံရသေးသည့် လူများမှာလည်း ဘက်ပြောင်းကာ ထိုစုံစမ်းစစ်ဆေးမှုများကို ကူညီပေးနေကြပြီ ဖြစ်သည်။
ထို အမြစ်ပြတ်ရှင်းလင်းသည့် လှုပ်ရှားမှုများမှာ အရှိန်အဟုန် ကြီးမားလာပြီဖြစ်သည်။ နေ့စဉ်နေ့တိုင်း ဝမ်ပေါင်လဲ့ကိုယ်တိုင် မြှောက်စားခဲ့သည့် ကျောင်းသားများစွာ ဖမ်းဆီးခံနေရ၏။ အထူးသဖြင့် လျှိုတောက်ပင်းဆိုလျှင် စုံစမ်းမေးမြန်းရန်ဟု ဆိုကာ ပထမဆုံး ဖမ်းဆီးခံခဲ့သည်။ ဝမ်ပေါင်လဲ့ ဆိုင်းမဆင့်ဗုံမဆင့်နှင့် ချောင်ခွင်းအား ထိုးနှက်ကန်ကျောက်ခဲ့သည့် အကြောင်းအရင်းကြောင့် ဟုတ်၊မဟုတ်တော့ မသိပေ။ စစ်ဆေးရေးမှူးများမှာ ရက်စက်ကြမ်းကြုတ်နေသည့်ပုံ ပေါက်နေပါသော်လည်း အမှန်တကယ်တွင်မူ သတိကြီးကြီး ထားနေကြသည်။ ဝမ်ပေါင်လဲ့မှာ လူတစ်ယောက်ကို ရိုးရိုးတန်းတန်းသာ ရိုက်နှက်ကန်ကျောက်ခဲ့ခြင်း မဟုတ်ပဲ လက်လွန်ခြေလွန် ဖြစ်ခဲ့သည် မဟုတ်ပါလော။
ထိုအခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့မှာ သွေးပွက်ပွက်ဆူလာသကဲ့သို့ ခံစားနေရပြီး သူ၏မျက်လုံးများထဲတွင် စိတ်ဓာတ်ပြတ်သားမှုများနှင့် ရူးသွပ်မှု အရိပ်အယောင်များဖြင့် တဖြည်းဖြည်း ပြည့်နှက်လာ၏။
” တောက်ကွာ။ ငါ့ကို ဘာမှလုပ်ရမအောင် ဖိအားပေးနေတာပဲ။ တော်တော်ကို ယုတ်မာပက်စက်လှပါလား။ ဒီ ပြဿနာကို ဖြေရှင်းဖို့က နည်းလမ်းတစ်ခုပဲ ရှိတော့တယ် ”
” ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ချောင်ခွင်းကို ရှင်းထုတ်ပစ်ဖို့ပဲ ”
” ငါ သူ့နေရာကို အစားထိုးပြီးတာနဲ့ ငါက ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင်အပြင် ကမ္ဗည်းစာခန်းမရဲ့ ကျောင်းသားခေါင်းဆောင်ပါ ဖြစ်သွားမှာ။ အဲဒါဆိုရင် ငါ့မှာ မဲနှစ်မဲ ပေးပိုင်ခွင့် ရှိသွားပြီ။ အဲဒီတော့ ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲရောက်ရင် ငါက လုံးဝကို အသာစီးရသွားမှာပဲ ”
၎င်းမှာ ကောင်းမွန်သော အကြံအစည်တစ်ခု ဖြစ်သော်လည်း သူ၏ ဒေါသကိုဖြေဖျောက်ရန် မလုံလောက်သေးကြောင်း ဝမ်ပေါင်လဲ့က တွေးမိသွားသဖြင့် အံကြိတ်လိုက်၏။
” တစ်ယောက်တည်းကိုပဲ ရှင်းထုတ်ပစ်ရုံနဲ့ ငါ ကျေနပ်နိုင်မှာ မဟုတ်ဘူး။ သူတို့နှစ်ယောက်စလုံးကို ရှင်းထုတ်ပစ်ရမယ်။ အဲဒါဆိုရင် ငါက ဓမ္မလက်နက်ဌာနရဲ့ ကျောင်းသားခေါင်းဆောင် သုံးယောက်စလုံး ဖြစ်သွားမှာဆိုတော့ ဓမ္မလက်နက်ဌာနရဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်အဖြစ်ကို ရောက်သွားမှာပဲ။ အဲဒီအချိန်ရောက်ရင် ငါ့ရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်သူကမှ ငြင်းဆန်နိုင်တော့မှာ မဟုတ်ဘူး ”
” တကယ်လို့ ငါသာ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ကျောင်းသားခေါင်းဆောင် အစည်းအဝေးပွဲတွေလည်း ကျင်းပနေစရာမလိုတော့ဘူး။ ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဆောင်ထဲမှာ ငါတစ်ယောက်ပဲ ဆုံးဖြတ်ချက်တွေ ချရတော့မှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ဆတ်ခနဲ ခေါင်းမော့လိုက်၏။ သူ၏ မျက်လုံးမှာ အနည်းငယ် နီမြန်းနေပြီဖြစ်သည်။ ဤအစီအစဉ်မှာ ထိုပြဿနာကို အပြီးတိုင် ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သူက ယုံကြည်ထား၏။
ဝမ်ပေါင်လဲ့မှာ အချိန် အတော်အတန်ကြာအောင် စဉ်းစားလိုက်ပြီးနောက် ထိုအစီအစဉ်မှာ အလွန် ခက်ခဲပါသော်လည်း သူ့အား အန္တရာယ်တွင်းထဲမှ လွတ်မြောက်စေနိုင်ပြီး ဆန်ကုန်မြေလေး ကျန်းလန်နှင့် သူ၏ မိတ်ဆွေများကို အပြစ်ပေးကာ လျှိုတောက်ပင်းနှင့် အခြားသူများကို ကယ်တင်၍ သူ၏ ရာထူးအား အစမှ ပြန်လည်ထူထောင်နိုင်ရန် ကူညီပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း မှတ်ယူလိုက်၏။
” အဲဒီအတိုင်း လုပ်မယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ အစွမ်းကုန် ကြိုးစားတော့မည်ဖြစ်သည်။ သူသည် ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက် ရှဲ့ဟေးရန်အား ချက်ခြင်းပင် ဆက်သွယ်လိုက်ပြီး မည်သည့် အကျိုးဆက်များပင် ခံစားရသည်ဖြစ်ပါစေ မှတ်ဉာဏ်ကြည်လင်ဆေးလုံးများကို တတ်နိုင်သမျှ အများဆုံး ဝယ်ယူမည်ဟု အသိပေးလိုက်၏။
တချိန်တည်းမှာပင် သူသည် တံခါးပိတ်လေ့ကျင့်ခြင်းအတွက် ပြင်ဆင်ရန်အလို့ငှာ နတ်ဝိဇ္ဇာဂူအပြင်ဘက်သို့ ထွက်သွားလိုက်ပြီး အစားအစာ အမြောက်အမြား ဝယ်ယူလိုက်၏။
” ငါသာ ဒီအတိုင်း လုပ်နိုင်မယ်ဆိုရင် ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ဓမ္မလက်နက်ဌာနကို ဆက်ပြီးတော့ ထိန်းချုပ်ထားနိုင်မှာပဲ။ တကယ်လို့ ငါ မလုပ်နိုင်ဘူး ဆိုရင်တော့ကွာ…. တောက်။ လျှိုတောက်ပင်းနဲ့ တခြားလူတွေကို ကယ်တင်ဖို့အတွက် နည်းလမ်းတစ်ခုခု ထပ်ပြီးတော့ စဉ်းစားရမှာပဲ ”
အမြဲတမ်း ရွှင်ရွှင်လန်းလန်း ရှိနေတတ်သည့် ဝမ်ပေါင်လဲ့မှာ ယခုတွင် ပထမဆုံးအကြိမ်အဖြစ် မပျော်မရွှင် ဖြစ်နေရပြီဖြစ်သည်။ သူ၏ အမူအရာမှာ ဝေဒနာများ ခံစားနေရသည်ပုံ ပေါက်နေ၏။ သူ ဓမ္မလက်နက်ဌာနထဲသို့ ဝင်သွားလိုက်သောအခါ သူ့အား မြင်လိုက်ရသည့် ကျောင်းသားအားလုံးထဲမှ မည်သူကမှ သူ့အား မနှုတ်ဆက်ကြတော့ပေ။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံလိုက်မည်ဆိုလျှင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်က သူတို့အား စုံစမ်းစစ်ဆေးလိုက်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သက်ပြင်းများချကာ ဝမ်ပေါင်လဲ့အား အရိုအသေပေးခဲ့သည့် ကျောင်းသားအနည်းငယ် ရှိနေဆဲပင်။ ဝမ်ပေါင်လဲ့က သူတို့၏ မျက်နှာအားလုံးကို မှတ်ထားလိုက်၏။ သူသည် သူတို့အား အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် အစားအစာများစွာ ဝယ်ယူလိုက်ပြီး သူ၏နတ်ဝိဇ္ဇာဂူဆီသို့ အပြေးပြန်သွားလိုက်တော့သည်။
သို့သော် ရန်သူများမှာ တစ်ယောက်နှင့် တစ်ယောက်ဆုံတွေ့ရန် အမြဲတမ်း ရေစက်ပါကြသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သည့်လမ်းတွင် သူ၏ရှေ့၌ စကားများပြောဆိုကာ ရယ်မောနေကြသည့် ကျောင်းသား ခုနစ်ယောက်၊ ရှစ်ယောက်လောက်ကို မြင်လိုက်ရသဖြင့် ရပ်တန့်သွား၏။ သူတို့ထဲမှ လေးယောက်မှာ ကျန်းလန်နှင့် သူ၏ မိတ်ဆွေများဖြစ်ကြသည်။
ကျန်းလန်နှင့် သူ့မိတ်ဆွေများ၏ ဘဝင်ခိုက်နေသော အပြုံးများနှင့် ရယ်မောသံများကို မြင်ရကြားရသောအခါ ဝမ်ပေါင်လဲ့၏ အမူအရာမှာ ပို၍ပင် ရှုံ့မဲ့သွား၏။
သို့သော် ကျန်းလန်နှင့် သူတို့မိတ်ဆွေများမှာ သူတို့၏ အောင်မြင်မှုများအတွက် အလွန် ဂုဏ်ယူဝမ်းမြောက်နေကြ၏။ သူတို့မှာ အပြစ်မရှိကြောင်း စီရင်ချက် ချခံခဲ့ရုံသာမက စစ်ဆေးရေးမှူးများအဖြစ်သို့ပါ ရာထူးတိုးခံခဲ့ရသည်။ ထို့ကြောင့် သူတို့၏ နှလုံးသားထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ အဆိုးထဲမှအကောင်းဖြစ်ကြောင်း မှတ်ယူလိုက်ကြသည်။ ကျန်းလန်နှင့် သူ၏မိတ်ဆွေများမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူတို့၏ အမူအရာများမှာ ပြောင်းလဲသွား၏။ ဝမ်ပေါင်လဲ့၏ လုပ်ပိုင်ခွင့်အာဏာများ ဆုံးရှုံးသွားရသည့် ဖြစ်ရပ်ကို တွေးမိလိုက်ကြသောအခါ သူတို့မှာ မောက်မာဝံ့ကြွားမှုများကို မချုပ်တည်းနိုင်က့တော့ဘဲ သူ့အား လှောင်ပြောင်လိုက်ကြတော့သည်။
” ကျောင်းသားခေါင်းဆောင် ဝမ်ပါလားဗျ။ ကျောင်းသားခေါင်းဆောင်ကို ကြည့်ရတာ သိပ်မလန်းသလိုပဲ။ ဆေးခန်းသွားပြီးတော့ ဆေးတွေဘာတွေများ စစ်ချင်သေးလား။ ရောဂါပြင်းနေရင် ဘယ်လိုလုပ်မလဲ။ ကျောင်းသားခေါင်းဆောင်က မသေချင်သေးဘူးမလား ”
” ဟုတ်တယ်။ ကျောင်းသားခေါင်းဆောင်ကိုကြည့်ရတာ အခုတလော အရမ်းကို ဒေါသစိတ်တွေ ကြီးနေတဲ့ပုံပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့ဗျာ။ ကျောင်းသားခေါင်းဆောင် တစ်ခုခုဖြစ်သွားမယ်ဆိုရင် တာအိုကျောင်းအတွက် ထိခိုက်နစ်နာမှုကြီးတစ်ခု ဖြစ်သွားမှာဗျ ”
” ပြီးတော့ ဟိုကလေးမလေးလည်း ရှိသေးတယ်။ ကျနော်က သူ့ မိသားစုဆီ သွားပြီးတော့ စကားသွားပြောရမလား စဉ်းစားနေတာ ”
သူတို့၏ အငြှိုးအတေးများဖြင့် လှောင်ပြောင်နေသည့် စကားသံများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူတို့အား အေးစက်စက်စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး သူဝယ်လာသော မုန့်များကို မြေကြီးပေါ်သို့ ချထားလိုက်တော့သည်။
ဝမ်ပေါင်လဲ့ ရပ်တန့်သွားသည့် အချိန်တွင် သူတို့၏ ဆန္ဒပြည့်ဝအောင် လှောင်ပြောင်ပြီးသွားကြသော ကျန်းလန်နှင့် သူ၏မိတ်ဆွေများမှာ ဝမ်ပေါင်လဲ့၏ အမူအရာကို သတိထားမိလိုက်သောကြောင့် ချက်ချင်းဆိုသလိုပင် အသက်ရှူသံများ ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့မှာ သူတို့အား စကားပြောခွင့်ပင် မပေးဘဲ ရှေ့သို့ ဖျတ်ခနဲလှမ်းလိုက်ပြီး ကျန်းလန်၏ရှေ့သို့ ရောက်သွား၏။ ကျန်းလန်မှာ မျက်လုံးပြူးသွားချိန်တွင် သူသည် ကျန်းလန်၏ ခြေထောက်ကို ဖြတ်၍ ကန်လိုက်၏။
ထိုအခါ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ကျန်းလန်မှာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ပေါင်ကြားကို ကန်ကျောက်လိုက်ခြင်း ဖြစ်သည်။ သူ၏ အော်ဟစ်သံမှာ သနားစရာကောင်းနေပြီး သူ၏ ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်ထွက်သွား၏။
” ဝမ်ပေါင်လဲ့။ မင်း … ”
အခြားသူများ၏ အမူအရာများမှာလည်း ပြောင်းလဲသွားကြ၏။ သူတို့အားလုံး မှင်တက်နေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာမူ ရပ်တန့်ခြင်းမရှိဘဲ ဖျတ်ခနဲလှုပ်ရှားကာ အဆက်မပြတ် ကန်ကျောက်လိုက်ပြန်သည်။ သူသည် သုံးကြိမ်တိတိ ဆက်တိုက် ကန်ကျောက်လိုက်သောအခါ ထိုလေးယောက်စလုံးမှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားကြတော့သည်။ ထိုအခါမှသာ သူက အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်လိုက်၏။
” မင်းတို့ကောင်တွေကို ကျောင်းထုတ်ရမှာ နှမြောဖို့ ကောင်းတယ်။ အဲဒီတော့ ဒီနေ့ကစပြီး ငါ မင်းတို့ကိုတွေ့တာနဲ့ တစ်ချက်ကန်မယ်။ မင်းတို့တွေ တခြားလူတွေကို အနိုင်ကျင့်ရင် တစ်စစီ ဖြစ်သွားအောင် ကန်ပြမယ်။ နောက်ဆုံး… မင်းတို့တွေ အသက်ထွက်တဲ့အထိပါ ကန်ပြမယ် ”
ဝမ်ပေါင်လဲ့မှာ တည်တည်ကြည်ကြည်နှင့် ဆိုလိုက်ပြီး သူ၏ အစားအစာများကို ပြန်၍ကောက်ယူကာ အဝေးသို့ဆက်၍ လျှောက်လှမ်းသွားတော့သည်။
ကျန်းလန်နှင့် အခြားလူသုံးယောက်၏ အမူအရာများမှာမူ ရှုံ့မဲ့မဲ့ ဖြစ်သွားကြ၏။ သူတို့မှာ အော်ဟစ်မြည်တမ်းရင်း ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရ၏။
” တစ်စစီ ဖြစ်သွားအောင် ကန်ပြမယ် ” ဆိုသောစကားကို ကြားလိုက်ရသောအခါ သူတို့၏ အမူအရာ အားလုံးမှာ ချက်ချင်းပင် ပြောင်းလဲသွားကြပြီး နဖူးပေါ်မှ ချွေးများ စီးကျလာကြတော့သည်။
” အသက်ထွက်တဲ့အထိပါ ကန်ပြမယ် ” ဆိုသော စကားမှာ ခြိမ်းခြောက်သည့်လေသံ ပို၍ပါနေသောကြောင့် သူတို့၏ နှလုံးသားများထဲတွင် အကြောက်တရားများက ကြီးစိုးသွားတော့သည်။
သူတို့မှာ လက်တုံ့ပြန်ရန် တွေးပင် တွေးရဲကြတော့မည် မဟုတ်ပေ။ သူတို့က တာအိုကျောင်းထဲတွင် ဆက်၍ နေရဦးမည်ဖြစ်ရာ အော်ဟစ်မြည်တမ်းလိုက်ကြတော့သည်။ သူတို့၏ ပတ်ပတ်လည်မှ စစ်ဆေးရေးမှူးများမှာလည်း ရှုံ့မဲ့မဲ့နှင့် ရယ်မောလိုက်ကြ၏။ ထိုလေးယောက်မှာ မစဉ်းစားမဆင်ခြင်ဘဲ ထိုစကားများကို ပြောခဲ့ခြင်းဖြစ်ကြောင်း သူတို့ မှတ်ယူလိုက်၏။
” သူက ချောင်ခွင်းကိုတောင် ထိုးနှက်ကန်ကျောက်ရဲခဲ့တဲ့ လူတစ်ယောက်လေ။ သူ့မှာ လုပ်ပိုင်ခွင့်အာဏာ မရှိတော့ဘူး ဆိုရင်တောင် သူ့ကို သွားပြီးစော်ကားဖို့ဆိုတာ မဖြစ်နိုင်ဘူး “