“ကောင်းပြီလေ၊ မင်း သူတော်စင်သားရဲကို လေ့ကျင့်တာအောင်မြင်ရင် ငါတို့ဒီအတောအတွင်း ရှီမာမျိုးနွယ်ကို ဝိညာဉ်သားရဲတွေ ထောက်ပံ့ပေးနိုင်ပါတယ်၊ ငါတို့လက်ဆောင်အဖြစ်အလကားပေးပါမယ်” ဒုဥက္ကဋ္ဌပြောလိုက်သည် “မင်း ဝိညာဉ်သားရဲကို မထိန်းကျောင်းနိုင်ရင် ငါတို့ သားရဲထိန်းကျောင်းသူအသင်းက မင်းကိုတော့ ကူညီပေးမယ် ဒါပေမယ့် မင်းတန်ကြေးတစ်ခုပြန်ပေးရမယ်”
“ကောင်းပါပြီ” ရှီမာယူယူခေါင်းညိတ်လိုက်သည် “ဒါပေမယ့် ကျွန်တော့်မှာ တောင်းဆိုချက်သေးသေးလေးတော့ရှိတယ်”
“ပြောပါ”
“ကျွန်တော် လူတွေရှေ့မှာ သားရဲလေ့ကျင့်ပေးချင်တယ်” ရှီမာယူယူပြောလိုက်သည်။
“လူရှေ့မှာ သားရဲလေ့ကျင့်ပေးမယ်ဟုတ်လား”
“ဟုတ်ပါတယ်၊ လူတွေပြည့်နေမယ့် နေရာမျိုးဆိုကောင်းပါတယ်၊ အများသုံးကွင်းပြင်လိုမျိုးဆို အဆင်ပြေပါတယ်” ရှီမာယူယူပြောလိုက်သည်။
ဒုဥက္ကဋ္ဌသည် စဉ်းစားကြည့်သည့်နောက်မှပင် ရှီမာယူယူ၏အစီအစဉ်ကိုနားလည်သွားရသည်။ သူသာ အားလုံး၏ရှေ့တွင် သားရဲထိန်းကျောင်းပြပါက ဒုံချန်းနိုင်ငံတွင် ချက်ချင်းပင် သူ့ဘက်ကရပ်တည်မည့်သူများပေါ်လာမည်။ အားလုံးသည် ရှီမာမျိုးနွယ်အား သားကောင်အဖြစ်တွေးထားသော အတွေးများပြန်ရုတ်သိမ်းသွားမည်ဖြစ်သည်။ သူ့ကိုယ်ပိုင်အမည်အပေါ်တွင်ပင် ဝိညာဉ်သခင်များကို ဆွဲဆောင်နိုင်မည်။
“ကောင်းပြီ၊ ငါ စီစဉ်ဖို့လူလွှတ်လိုက်မယ်၊ ငါတို့ခဏနေရင် ဝိညာဉ်ထိန်းကျောင်းဖို့ မြို့တော်ရဲ့ အများသုံးကွင်းပြင်ကိုသွားကြမယ်”
ပြင်ဆင်ရန် လူများလွှတ်ပြီးနောက် ဒုဥက္ကဋ္ဌသည် အခုလေးတင်ရောက်လာသော သူတော်စင်သားရဲအားကြည့်ရန် ရှီမာယူယူအားခေါ်သွားလေသည်။
အဆင့်နှစ်ဝက်ဝံသည် သော့ခတ်ထားသော လှောင်အိမ်ထဲတွင်ရှိနေသည်။ တစ်စုံတစ်ယောက်လာသည်ကို မြင်သည်နှင့် အကြည့်များသည် မုန်းတီးသည့်အကြည့်များဖြစ်သွားသည်။
“အဆင့်နှစ်သူတော်စင်သားရဲလား” အကြည့်တစ်ချက်နှင့်ပင် ထိုဝက်ဝံသားရဲ၏အဆင့်ကို ရှီမာယူယူသိရှိလိုက်သည်။
“ဒီဝက်ဝံသားရဲရဲ့ စိတ်စွမ်းအင်က မြင့်တဲ့အထဲမှာပါတယ်၊ သူက အဆင့်နှစ်ဖြစ်ပေမယ့် အဆင့်သုံးသူတော်စင်သားရဲကို လေ့ကျင့်ပေးရတာထက်ခက်တယ်” ဒုဥက္ကဋ္ဌပြောလိုက်သည်။
“အင်း..” ရှီမာယူယူသည် လှောင်အိမ်ထဲမှ ဝက်ဝံသားရဲအားကြည့်ကာ စိတ်ပူသည့်ပုံမပေါ်ပေ။
ထိုအချိန်တွင် အစေခံနှစ်ယောက်သည် ဝင်လာကာ ဒုဥက္ကဋ္ဌကို အရိုအသေပေးပြီး ပြောလိုက်သည် “ဒုဥက္ကဋ္ဌ ဝိညာဉ်သားရဲကို ခေါ်သွားပါတော့မယ်”
ဒုဥက္ကဋ္ဌခေါင်းညိတ်ကာ ပြောလိုက်သည် “သွားတော့ ဂရုစိုက်ဦး”
“ဟုတ်ကဲ့ပါ”
လူနှစ်ယောက်သည် လျှောက်လာကာ လှောင်အိမ်အားသယ်ဆောင်ပြီး ထွက်သွားကြလေသည်။ ထိုအကောင်သည် သေးငယ်သော ပုံစံဖြစ်ပေမယ့် ခန္ဓာကိုယ်တည်ဆောက်မှုမှာ ပြောစရာမလိုပေ။
“ငါတို့လည်းသွားမယ်လေ” ဒုဥက္ကဋ္ဌသည် ပြောပြီးသည်နှင့် အရင်လှည့်ကာထွက်သွားလေသည်။
ရှီမာယူယူ ခြေလှမ်းလှမ်းကာ နောက်မှလိုက်ရန်ဟန်ပြင်စဉ်တွင် ဝေကျိရွှီသည် သူမအားဆွဲထားလေသည်။
“ဘာလဲ” ဝေကျိရွှီအား သူမရှုပ်ထွေးစွာကြည့်လိုက်သည်။
ဝေကျိရွှီ သူမအား နီးကပ်အောင်ဆွဲကာ လေသံဖြင့်ပြောလိုက်သည် “ယူယူ ဒီဝက်ဝံသားရဲကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ မင်းတကယ်သိတာလား၊ ဒါက အဆင့်နှစ်သူတော်စင်သားရဲနော် မင်းသိရဲ့လား၊ မင်းမထိန်းကျောင်းနိုင်ရင် နာမည်ပျက်လိမ့်မယ်”
“မင်းစိတ်အေးအေးထားပါ၊ မဖြစ်နိုင်တာကို ငါဘယ်တုန်းက အာမခံဖူလို့လဲ” ရှီမာယူယူပြုံးကာ လှည့်ထွက်ပြီး ဒုဥက္ကဋ္ဌနောက်သို့လိုက်ခဲ့လေသည်။
ဝေကျိရွှီသည် ထွက်သွားသော ရှီမာယူယူ၏ နောက်ကျောအားကြည့်ကာ သက်ပြင်းချပြီး သူမနောက်မှလိုက်ခဲ့လေသည်။
သူမ ယုံကြည်ချက်အပြည့်ရှိနေလျှင် သူမပြောသည့်အတိုင်းလုပ်တတ်သည်ကို သူသိသည်။ သူမသည် သားရဲထိန်းကျောင်းသည့်သခင်ကောင်းဖြစ်ကြောင်းကို သူယုံချင်သည်။
ရှီမာယူယူနှင့် တခြားသူများ အများပိုင်ကွင်းပြင်သို့ရောက်သောအခါ လူအများအပြားရောက်နှင့်နေပြီကို တွေ့လိုက်ရသည်။ ကွင်းပြင်တွင် ခြေချစရာနေရာပင်မရှိပေ။ တစ်စုံတစ်ယောက်သည် လူအများရှေ့ဝိညာဉ်သားရဲထိန်းကျောင်းမည်ဟု အားလုံးက ကြားသိရချိန်တွင် အားလုံးသည် အလွန်အမင်းစပ်စုစွာဖြင့် ပြေးလာကြတော့သည်။
ရှီမိုလီနှင့် နာလန်လန်တို့သည်လည်း အများပိုင်ကွင်းပြင်သို့ဖြတ်လျှောက်လာကြသည်။ သားရဲထိန်းကျောင်းသူအသင်းမှ တစ်စုံတစ်ယောက်သည် ဝိညာဉ်သားရဲထိန်းကျောင်းမည်ဟုကြားသော် သူတို့သည် မြင်းရထားလုံးမှဆင်းကာ ထိုအပြုအမူအားလုပ်မည့်သူအားကြည့်ရန် အများပိုင်ကွင်းပြင်အလယ်သို့ရောက်လာကြသည်။
“လမ်းဖယ်ပေးကြ” အစောင့်သည် ဒုဥက္ကဋ္ဌအတွက်လမ်းပြုလုပ်ပေးရာ လူများဖယ်ပေးကြသည်နှင့် သားရဲထိန်းကျောင်းသူအသင်းမှလူများကို တွေ့လိုက်ရသည်။
ထိုဒုဥက္ကဋ္ဌပေါ်လာသည်နှင့် မြို့တော်မှလူများသည် သူ့အားသိကြသည်။ သူ့နောက်မှ ရှီမာယူယူလိုက်လာသည်ကို တွေ့သည်နှင့် အများစုသည် အံ့သြသွားကြသည်၊ သူတို့ဘာလုပ်မည်ကိုလည်းမတွေးမိကြပေ။
ဒုဥက္ကဋ္ဌသည် ရှီမာယူယူအား လှောင်အိမ်နှင့်ရှိနေသော ဝက်ဝံသားရဲရှိနေသည့် ကွင်းပြင်အလယ်အားခေါ်လာခဲ့သည်။
“ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ”
ရှီမာယူယူ အနားရှိလူများအားကြည့်လိုက်သည်။ လွှမ်းမိုးနိုင်သောစွမ်းအားရှင်တွေလာတာပဲ မဆိုးပါဘူး၊ နောက်တွင် သားရဲထိန်းကျောင်းသူများအသင်းများလူများသည် အလျင်အမြန်ပင်လုပ်ငန်းစတင်ကြတော့သည်။ လူအများ၏အာရုံကို ဖမ်းစားနိုင်ရန် လုပ်ဆောင်ရုံသာမာ လူများကို အပြင်တွင်ထားရန် စည်းတားလိုက်သည်။
“အရမ်းကောင်းတယ်” ရှီမာယူယူပြောလိုက်သည်။
“ဒါဆို မင်းမစခင် အခြေအနေကို အကဲခတ်လို့ရတယ်” ဒုဥက္ကဋ္ဌပြောလိုက်သည်။
“မလိုပါဘူး” ရှီမာယူယူပြောပြီးသည်နှင့် အများပိုင်ကွင်းပြင်အလယ်သို့သွားကာ လှောင်အိမ်ရှေ့တွင် ထိုင်ချလိုက်သည်။
“ရှီမာယူယူလား”
“သူက လှောင်အိမ်ရှေ့မှာထိုင်ပြီးဘာလုပ်နေတာလဲ”
“ရှီမာမျိုးနွယ်မှာ ကိစ္စတွေဖြစ်ခဲ့တာမလား၊ သူက ဘာလို့ဒီမှာရှိနေသေးတာလဲ”
“သူလုပ်နေတဲ့ပုံကြည့်ရတာ သူက သားရဲကိုထိန်းကျောင်းချင်လို့လား” “မဖြစ်နိုင်တာ၊ သူက အမှိုက်မဟုတ်ဘူးလား၊ ဘယ်လိုလုပ် သားရဲထိန်းကျောင်းသူသခင်ဖြစ်နိုင်မှာလဲ”
“မင်းက အခုမှအပြင်ကပြန်လာတာလား၊ ဒီရှီမာယူယူက အမှိုက်မဟုတ်တော့ဘူး၊ သူကျင့်ကြံနေတာ တစ်နှစ်လောက်ရှိပြီ၊ အခုသူက အဆင့်နှစ် အဂ္ဂိရတ်ဆရာဖြစ်နေပြီ၊ အခု သူ့အရည်အချင်းက ငါတို့တစ်ဘဝလုံးတောင် လိုက်မှီမှမဟုတ်တော့ဘူး၊ သူက ဘယ်လိုလုပ် အမှိုက်ဖြစ်ရမှာလဲ”
“ဘာ သူက အဂ္ဂိရတ်ပညာရှင်ဟုတ်လား၊ အဆင့်နှစ်တောင်”
“ဟုတ်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက် ဘုရင်ကြီးရဲ့ ဧည့်ခံပွဲမှာ သူက နေရာတင်ပဲဆေးဖော်ပြတယ်၊ ဒါ အင်ပါယာမြို့တော်က လူတိုင်းသိကြတာပဲ”
“သူက အဂ္ဂိရတ်ပညာရှင်ဆို သူက ဝိညာဉ်သားရဲထိန်းကျောင်းဖို့ဘာလို့ပေါ်လာတာလဲ”
“သူက သားရဲထိန်းကျောင်းသူသခင်လား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူမ အဂ္ဂိရတ်ပညာရှင်ဖြစ်တာပဲ ထူးဆန်းလှပြီ၊ ဘယ်လိုလုပ် သားရဲထိန်းကျောင်းသူသခင်ဖြစ်ရမှာလဲ၊ တကယ်သာအဲလိုဆိုရင် ငါတို့သေဖို့နေရာရှာထားရအောင် ဘာလို့အသက်ရှင်နေတော့မလဲ”
“ဒါပေမယ့် သူ့ကြည့်ရတာ တကယ်သားရဲထိန်းကျောင်းနိုင်တဲ့ပုံပဲ”
“သူသာ တကယ်ပဲ သားရဲထိန်းကျောင်းသူသခင်ရော၊ အဂ္ဂိရတ်ပညာရှင်ရောဆိုရင် သူဘယ်လောက်တောင် အားကြီးမလဲ၊ ရှီမာမျိုးနွယ်မှာ သူတစ်ယောက်ပဲကျန်ရင်တောင် ပြိုလဲမှာမဟုတ်တော့ဘူး”
“မင်းတို့ သတိမထားမိကြဘူးလား၊ လှောင်အိမ်ထဲက သူတော်စင်အဆင့်သားရဲနဲ့တူတယ်”
“ဘာပြောတယ်”
အားလုံး၏ အကြည့်များသည် လှောင်အိမ်သို့ရောက်သွားကာ သူတော်စင်သားရဲအားမြင်လိုက်ရသည်။ သူသာ သားရဲအားထိန်းကျောင်းရာတွင် အောင်မြင်ခဲ့ပါက သူသည် ထူးကဲသော သားရဲထိန်းကျောင်းသူသခင်ဖြစ်သွားမည်။
ထိုသည်သာ အမှန်တကယ်ဖြစ်လာပါက သူတို့အသက်ရှင်ကျန်မနေမည်ကို အားလုံးသည်ကြောက်လန့်နေကြသည်။
လူအများသည် ရှီမာယူယူအား သားရဲထိန်းကျောင်းသူသခင်ဖြစ်သည်ကို ယုံကြည်ကြသော်လည်း သံသယဝင်သူများလည်း ရှိနေသေးသည်။
ရှီမိုလီသည် သံသယဝင်သူထဲတွင်ပါဝင်သည်။ သူမ ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည် “ရှီမာယူယူ ရှီမာမျိုးနွယ်မှာ ကိစ္စအကြီးကြီးဖြစ်ခဲ့တာတောင် မင်းအိမ်မှာမနေပဲ ဒီမှာဘာလာလုပ်တာလဲ၊ မင်းက အဂ္ဂိရတ်ပညာရှင်မဟုတ်ဘူးလား၊ ဘာလို့လဲ၊ မင်းရဲ့ ဆေးဖက်ဝင်ပစ္စည်းတွေလို မင်းမျိုးစုံရတယ်လို့ထင်နေတလား၊ မင်းက သားရဲထိန်းကျောင်းသူဖြစ်နိုင်မယ်ထင်နေလား၊ ငါသာမင်းဆိုရင် ဒီမှာမျက်နှာ အပျက်မခံဘူး”
ရှီမာယူယူ ရှီမိုလီအားကြည့်ကာ ပြောလိုက်သည် “အဂ္ဂိရတ်ပညာရှင်က သားရဲထိန်းကျောင်းသူသခင်မဖြစ်ရဘူးလို့ ဘယ်သူပြောလဲ”
ထိုသို့ပြောပြီးသည်နှင့် သူမလက်အား လှောင်အိမ်ထဲသို့ထည့်လိုက်သည်။
သူမ ဝက်ဝံသားရဲကိုထိလိုက်သည်ကို အားလုံးတွေ့လိုက်သည်နှင့် ကြောက်လန့်သဖြင့် မျက်လုံးများပိတ်ထားလိုက်ကြသည်။
ထိုလှောင်အိမ်သည် ဝိညာဉ်သားရဲများ၏ စွမ်းအင်ကိုကန့်သန့်ထားသည်။ သူ့အကြည့်သည် ရန်လိုသော အကြည့်ဖြစ်သော်လည်း သူမလက်အားမကိုက်ပေ။
သူမလက်အား ဝက်ဝံသားရဲ၏နဖူးအားထားလိုက်ကာ အင်ပါယာသားရဲကျမ်းကို တွေးလိုက်သည်။ သူမ ထိန်းကျောင်းခြင်းဖြစ်စဉ်ကို စတင်လိုက်သည်။
ဘေဂုံထန်၊ ဝူရန်ဖေနှင့် ဖက်တီးကျူတို့သည် ဖြတ်လျှောက်သွားကြသည်။ ဝေကျိရွှီသည် နေရာလွတ်တွင် ရပ်နေသည်ကို မြင်သဖြင့် သူတို့လည်း အခြေအနေအား အတူတကွစောင့်ကြည့်နေကြသည်။ ရှီမာယူယူသည် လက်ရှိတွင် ဝက်ဝံသားရဲထိန်းကျောင်းနေသည်ကိုမြင်သည်နှင့် ဖက်တီးကျူသည် ပါးစပ်အဟောင်းသားဖြင့် အံ့သြနေတော့သည်။
“ကျိရွှီ ယူယူဘာလုပ်နေတာလဲ၊ သူမ သားရဲထိန်းကျောင်းနေတယ်လို့တော့မပြောနဲ့နော်” ဖက်တီးကျူသည် ဝေကျိရွှီဘေးမှလျှောက်လာကာ မေးလိုက်သည်။
“အားလုံးမင်းမြင်တယ်မလား” ဝေကျိရွှီ ဖက်တီးကျူအားပြောလိုက်သည်။
ဘေဂုံထန်သည် လှောင်အိမ်ထဲရှိ ဝက်ဝံသားရဲအားကြည့်ကာ ပြောလိုက်သည် “လှောင်အိမ်ထဲက သူတော်စင်သားရဲမဟုတ်လား၊ ပြီးတော့ အဆင့်နှစ်သားရဲ”
“ဘာပြောတယ်” ဖက်တီးကျူကြားချိန်တွင် မေးစေ့အားပြုတ်ကျမည်စိုးသဖြင့် ကိုင်ထားလိုက်ရတော့သည်။