ပူပြင်းသောမီးတောက်သည် ကောင်းကင်တွင်ပြည့်နှက်နေကာ တစ်အိမ်လုံးကို အနီရောင်လွှမ်းပြီး တောက်လောင်နေတော့သည်။ တံခါးပေါက်မှ “ရှီမန်အိမ်တော်” ဟူသော နာမည်ပြားသည် မီးတောက်ထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားခဲ့သည်။
“ရှီမန်ယူယူ မင်းက ငါ့ထက်သာတဲ့ မင်းအရည်အချင်းကိုပဲ အမြဲမှီခိုခဲ့တာမလား၊ မင်းခေါင်းလှည့်ပြီး ကြည့်လိုက်ပါဦး၊ မင်းတို့ရှီမန်မျိုးနွယ် ကျဆုံးတာကို ကြည့်လိုက်ပါဦး…ဟားဟားဟား” မီးတောက် မြူထဲမှလာသော စူးရှသောအသံသည် နားထဲတွင် စူးရှသွားခဲ့သည်။
“ကလေး ဒီအခြေအနေမှာ သမီးကိုအပြစ်တင်လို့မရဘူး၊ နောက်ကို သမီးကောင်းကောင်းနေရမယ်၊ သမီးပျော်ပျော်ရွှင်ရွှင်နေဖို့ကို အမေမျှော်လင့်တယ်…” အချစ်များဖြင့်ပြည့်နှက်နေသော အသံသည် သူမနာကျင်မှုများကို သက်သာစေခဲ့သည်။
သူမ၏ ကြက်သွေးရောင်မင်္ဂလာဝတ်စုံ၊ ကြက်သွေးရောင်မီးတောက်၊ ကြက်သွေးရောင် သွေးတို့သည် သူမမျက်စိရှေ့တွင် ဖြစ်ပေါ်နေခဲ့သည်။ နောက်ဆုံးတွင် ရှီမာယူယူ မတ်တတ်မရပ်နိုင်တော့ပဲ သူမမျက်စိအား တင်းကျပ်စွာပိတ်လိုက်တော့သည်။
“သခင်လေး နိုးလာပြီလား” ရှီမာယူယူ၏ မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာသည်ကို ချွန်ဂျီအန်းမြင်လိုက်ရသည်။ သူမ သခင်၏ မျက်လုံးများ မျက်ရည်များကို သုတ်ရန် ပြင်ဆင်တုန်းမှာပင် သူမျက်တောင်ခတ်လိုက်သည်ကို မြင်လိုက်သဖြင့် ပျော်ရွှင်စွာခေါ်လိုက်သည်။
ရှီမာယူယူ လှည့်ကြည့်လိုက်ချိန်တွင် ချွန်ဂျီအန်း၏ မျက်နှာကိုမြင်လိုက်ရသည်။ သူမ တဖြည်းဖြည်း ပြန်သတိရလာကာ သူမခေါင်းအားကိုင်ရန် လက်ကိုဆန့်ထုတ်လိုက်သော်လည်း သူမလက်တွင် ပတ်တီးစည်းထားသည်ကို တွေ့လိုက်ရသည်။
“သခင်လေး ဘာလုပ်ချင်လို့လဲ” ချွန်ဂျီအန်းမေးလိုက်သည်။
ရှီမာယူယူ ခေါင်းခါကာ မေးလိုက်သည် “ဒီနေရာက ဘယ်နေရာလဲ”
“ဒါက ကျောင်းအုပ်ကြီးအိမ်ပါ၊ သခင်လေး သတိမေ့နေတုန်းဒီကိုခေါ်လာတာ” ချွန်ဂျီအန်းပြောလိုက်သည်။
ဒီတစ်ကြိမ်တွင် ယွန်ယူအရှေ့သို့ထွက်လာသည်။ ရှီမာယူယူ သတိရနေသည်ကို မြင်သည်နှင့် သူပြောလိုက်သည် “သခင်လေး၊ နိုးလာပြီလား၊ သခင်လေး ဒီလောက်ရက်အများကြီးသတိမေ့နေတော့ ကျွန်မတို့ စိုးရိမ်လို့သေတော့မယ်”
“ငါ ဘယ်လောက်တောင်သတိမေ့နေတာလဲ” ရှီမာယူယူ မတ်တတ်ရပ်ကာ သူမလက်တွင် စည်းထားသော ပတ်တီးကို ချွတ်လိုက်သည်။
“လေးရက်တောင်ရှိသွားပြီ” ချွန်ဂျီအန်းပြောလိုက်သည် “ကျောင်းအုပ်ကြီးက သခင်လေးအဆင်ပြေတယ်လို့ ခဏခဏပြောပေးလို့သာပေါ့ မဟုတ်ရင် ယွန်ယူနဲ့ ကျွန်မနဲ့ စိုးရိမ်လို့သေတော့မယ်”
ရှီမာယူယူ၏ လက်များရပ်တန့်သွားကာ သူမကိုယ် သူမရေရွတ်လိုက်သည် “ငါးရက်၊ ဒါဆို အဘိုးနဲ့တခြားသူတွေထွက်သွားခဲ့တာ ငါးရက်တောင်ရှိသွားပြီပေါ့…”
ယွန်ယူသည် ရှေ့ထွက်လာကာ ရှီမာယူယူ၏ လက်ကိုဆွဲပြီးပြောလိုက်သည် “သခင်လေး ပတ်တီးတွေကို ဘာလို့ဖြေနေတာလဲ၊ အနာမကျက်သေးဘူးလေ”
ရှီမာယူယူ သူမခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သည်။ ရှီမာလင်းနှင့် ယှဉ်ပြိုင်သော ပွဲတွင် သူ၏ နှစ်ချက်သော လှုပ်ရှားမှုကို သူမ မခံနိုင်ကြောင်းကို ပြန်တွေးလိုုက်သည်။
“ငါ့ဒဏ်ရာတွေက ပျောက်တော့မှာ စည်းထားဖို့မလိုတော့ဘူး” ရှီမာယူယူ ပြောရင်းနှင့် ဆက်ဖြေနေလေသည်။
ချွန်ဂျီအန်းနှင့် ယွန်ယူတို့သည် သူမအား တားချင်သော်လည်း ရှီမာယူယူ ပတ်တီးများဖြေလိုက်ချိန်တွင် ဒဏ်ရာများသက်သာနေပြီကို အံ့သြစွာတွေ့လိုက်ရသည်။ သူ အိပ်ရာပေါ်မှဆင်းကာ အဆင်ပြေကြောင်းကို လမ်းလျှောက်ပြရသေးသည်။
ရှီမာယူယူ တံခါးတွန်းဖွင့်ကာ လမ်းလျှောက်ထွက်ခဲ့သည်။
“သခင်လေး… သခင်လေးရဲ့ ခန္ဓာကိုယ်…သူ…” ယွန်ယူသည် ရှီမာယူယူထွက်သွားသည်ကို ကြည့်ပြီး အံ့အားသင့်လွန်းသဖြင့် စကားပြောမထွက်တော့ပေ။
သခင်လေး၏ အခြေအနေအား ထပ်မစပ်စုရန် ချွန်ဂျီအန်းသည် သူမအားဆွဲကာ ခေါင်းခါပြလိုက်သည်။
အစကတည်းကပင် သခင်လေးသည် ပင်ကိုစရိုက်ပြောင်းလဲရုံသာမက လျှို့ဝှက်ချက်များ များများလာသည်ကို သတိထားမိခဲ့သည်။ သူ၏ အစေခံတစ်ယောက်အနေနှင့် မေးခွန်းများ မမေးခြင်းမှာ အကောင်းဆုံးဖြစ်သည်။
ရှီမာယူယူ အိမ်မှထွက်လာသည်။ ပြီးခဲ့သည်တစ်ခေါက်တွင် ဖန်ကျိရှင်းအားနှုတ်ဆက်ရန် ဒီသို့ရောက်လာခဲ့သည်။ ဒီလောက်မြန်မြန် ဒီကိုပြန်ရောက်လာမည်ဟု ထင်မထားပေ။
ကျောင်းအုပ်ကြီးသည် ပန်းပင်များကို ပြုစုနေခဲ့သည်။ အသံကြားသည်နှင့် ဘယ်သူမှန်းသိထားကာ ခေါင်းလှည့်လိုက်သည်။
“ရက်အကြာကြီးအိပ်ပြီးတော့ နောက်ဆုံးသတိရလာပြီပေါ့”
“ကျောင်းအုပ်ကြီးကို ဒုက္ခဖြစ်စေပါပြီ” ရှီမာယူယူ အရိုအသေပေးလိုက်သည်။
ကျောင်းအုပ်ကြီးသည် ပန်းပင်ရုံမှ ထလိုက်ကာ လယ်သမားတစ်ယောက်သကဲ့သို့ သူ၏ ညစ်ပတ်နေသော လက်များကို ဘောင်းဘီတွင်သုတ်လိုက်သည်။
“မင်းကို စောင့်ရှောက်ပါမယ်လို့ မင်းအဘိုးနဲ့ဆရာကို ငါကတိပေးထားတယ်၊ ဒါကြောင့် မင်းကို သေချာဂရုစိုက်ပေးရတာပဲ” ကျောင်းအုပ်ကြီးသည် ထွက်လာကာပြောလိုက်သည် “ငါ့နောက်လိုက်ခဲ့”
ကျောင်းအုပ်ကြီးသည် ရေနွေးငွေ့များထုတ်လွှတ်ကာ ညစ်ပတ်နေသော လက်များကို ဆေးနေသည်ကို ရှီမာယူယူစောင့်ကြည့်နေခဲသည်။ ညစ်ပတ်နေသော လက်များကို သန့်ရှင်းစေရန် ဝိညာဉ်ချီကို အသုံးပြုသည်မှာ သူတစ်ယောက်ပင်ဖြစ်လိမ့်မည်။
သူတို့နှစ်ယောက်သည် ကျောင်းအုပ်ကြီး၏ အိပ်ခန်းသို့လာခဲ့ကြသည်။ သူ အခန်းအတွင်းသို့ ဝင်သွားကာ မြန်မြန်ပင် ပြန်ထွက်လာပြီး လက်ထဲတွင် လက်စွပ်တစ်ကွင်းပါလာသည်။
သူ ရှီမာယူယူအားလက်စွပ်ပေးပြီးနောက်ပြောလိုက်သည် “ဒါက ဒီလိုကိစ္စတွေမဖြစ်ခင် မင်းအဘိုးပေးထားခဲ့တာပဲ၊ မင်းကို ပေးပေးဖို့ ပြောသွားတယ်”
ရှီမာယူယူ လက်စွပ်အားယူကာ သူမလက်တွင် တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။
“မင်းဘာမှမဖြစ်ဘူးဆိုရင်လည်း အိမ်ပြန်တော့” ကျောင်းအုပ်ကြီးပြောလိုက်သည် “မင်းကို စောင့်ရှောက်ဖို့အတွက် ချွန်ဂျီအန်းနဲ့ ယွန်ယူတို့က ပြီးခဲ့တဲ့သုံးရက်လုံးဒီမှာနေကြတယ်၊ အခု မင်းပြန်ကောင်းလာပြီဆိုတာ့ သူတို့ကိုပါခေါ်သွားတော့၊ ပြီးတော့ မင်းရဲ့ဘော်ဒါတွေလည်း ခဏခဏလာသေးတယ်၊ တခြားရှိရင် မင်းအိမ်ပြန်ပြီး ဆုံးဖြတ်ချက်ချတာစောင့်လိုက်ဦး၊ မင်းရက်နည်းနည်းလောက်နားပြီး အိမ်မှာဖြေရှင်းစရာရှိတာ ဖြေရှင်းပြီးမှ ကျောင်းပြန်လာခဲ့”
“ကျွန်တော်နားလည်ပါပြီ ကျေးဇူးတင်ပါတယ်ကျောင်းအုပ်ကြီး” ကျောင်းအုပ်ကြီးအား ရှီမာယူယူ အရိုအသေပေးကာ လှည့်ထွက်လာခဲ့သည်။
ချွန်ဂျီအန်းနှင့် ယွန်ယူတို့သည် အထုတ်အပိုးများပင် သိမ်းနှင့်ပြီးပြီ။ ရှီမာယူယူ ထွက်လာသည်နှင့ သူတို့နှစ်ယောက်သည်လည်း လျင်မြန်စွာပင်လိုက်လာခဲ့သည်။
“ချွန်ဂျီအန်း၊ ဒီရက်ပိုင်းမှာ အိမ်အခြေအနေဘယ်လိုရှိလဲ” ကျောင်းဝင်းမှထွက်သည်နှင့် အပြင်တွင် ရှုပ်ပွနေသည်ကို မြင်သည်နှင့် အုတ်ကျိုးအုတ်ပဲ့ဖြစ်သွားသော စစ်သူကြီးအိမ်တော်ကို သတိရသွားကာ ရှီမာယူယူမေးလိုက်သည်။
“သခင်လေး ကျွန်မတို့လည်း သခင်လေးသတိမေ့နေတော့ အဲမှာနေပြီး အပြင်မထွက်ခဲ့ပါဘူး၊ အဲဒါကြောင့် အပြင်က အခြေအနေတွေကို မသိခဲ့ပါဘူး” ချွန်ဂျီအန်းပြန်ဖြေသည်။
“ဒါဆို ငါတို့ပြန်ပြီးအတူတူကြည့်ရအောင်” ရှီမာယူယူ သက်ပြင်းချကာ သူတို့နှင့်အတူ စစ်သူကြီးအိမ်တော်သို့ ဦးဆောင်ခေါ်သွားလေသည်။
မူလအစက စစ်သူကြီးအိမ်တော်ရှိသော နေရာသို့သူတို့ရောက်သောအခါ ထိုနေရသည် ရှင်းလင်းပြီးဖြစ်၍ အိမ်အသစ်ကိုပင် ဆောက်လုပ်ပြီးဖြစ်သည်။ စစ်သူကြီးအိမ်တော်မှ လူများသည် ထိုယာယီသုံးအိမ်တွင် ထိုအတောအတွင်းနေထိုင်နေကြသည်။
“ငါးယောက်မြောက်သခင်လေး ပြန်လာပြီလား” အစောင့်သည် ရှီမာယူယူအားတွေ့သည်နှင့် ထိုသတင်းအား ကျန်သောသူများကို ပျော်ရွှင်စွာလိုက်ပြောတော့သည်။
“ငါးယောက်မြောက်သခင်လေး၊ အဆင်ပြေလား”
“ငါးယောက်မြောက်သခင်လေး…”
အစောင့်များသည် ရှီမာယူယူအားအလယ်တွင်ထားကာ ဝိုင်းအုံလာကြသည်။
ရှီမာလိုင်၊ ရှီမာယူမင်နှင့် တခြားသူများသည် လက်ရှိတွင် မရှိသဖြင့် ရှီမာယူယူသည် သူတို့၏ လက်ရှိတစ်ဦးတည်းသော သခင်ဖြစ်သည်။
သူမ အဆင်ပြေသည်ဖြစ်ကြောင်းကို ရှီမာယူယူခေါင်းညိတ်ပြလိုက်သည်။ အစောင့်များ လျော့နည်းမသွားသည်ကို မြင်သည်နှင့် ရှီမာယူယူ စိတ်ထဲမှ ကျေးဇူးတင်မိသည်။ ရှီမာလိုင်နှင့် တခြားသူများ မရှိသဖြင့် စစ်သူကြီးအိမ်တော်ကို စွန့်ပစ်သွားတဲ့သူမရှိဘူးပဲ။
“ကျန်တဲ့သူတွေရော”
“အိမ်တော်ထိန်းက ဆိုင်ပိုင်ရှင်တွေနဲ့ ဆွေးနွေးနေတယ်၊ အခုတော့ အရင်တုန်းက မီးဖိုဆောင်ရှိတဲ့ဘက်မှာ” အစောင့်တစ်ဦးသည် ပြန်ဖြေသည်။
“သိပြီ ကျေးဇူးပဲ”
ရှီမာယူယူ အရင်က မီးဖိုဆောင်ရှိသည့်ဘက်သို့ လျှောက်လာခဲ့သည်။ သူမ စာကြည့်ဆောင်မှဖြတ်လျှောက်လာချိန်တွင် အိမ်တစ်အိမ်လုံးသည် များစွာပျက်ဆီးနေသည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော် စာအုပ်ပြခန်းမှာ အကောင်းတိုင်းရှိနေသေးသည်။
“ဒါက အဖိုးတန်ပစ္စည်းဖြစ်နေလို့များလား” ရှီမာယူယူ ရေရွတ်ကာ စာအုပ်ပြခန်းကို ကြည့်လိုက်သည်။
သို့သော် သူမလက်ရှိတွင် လျှောက်ကြည့်ရန်အချိန်မရှိပေ။ သူမ အချိန်ရှိလျှင် နောက်တစ်ခေါက်လာရန်တွေးကာ မီးဖိုဆောင်ဘက်သို့ လျှောက်လာခဲ့သည်။
အခုတော့ မီးဖိုဆောင်သည် ကျန်ရှိနေသေးသော်လည်း စားဖိုဆောင်သည် ခန်းမဆောင်ဖြစ်နေခဲ့သည်။
ရှီမာယူယူရောက်ရှိချိန်တွင် အိမ်တော်ထိန်းသည် အခြွေအရံများဖြင့် ဆွေးနွေးနေသည်ကို မြင်လိုက်ရသည်။ သူမ ဝင်လာသည်ကိုမြင်သည်နှင့် အားလုံး မတ်တတ်ထရပ်ကြသည်။
“ငါးယောက်မြောက်သခင်လေး ခန္ဓာကိုယ်ဘယ်လိုနေသေးလဲ” အိမ်တော်ထိန်းသည် စိတ်လှုပ်ရှားစွာမေးလိုက်သည်။
ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “အဆင်ပြေပါတယ်၊ အခု ငါ့ကို စစ်သူကြီးအိမ်တော်နဲ့ အင်ပါယာမြို့တော်အခြေအနေအားလုံးကို ပြောပြတော့၊ သြော် မင်းတို့အားလုံးပြန်နှင့်တော့၊ အိမ်တော်ထိန်းတစ်ယောက်ပဲ နေပြီးငါ့ကိုပြောပြ”
သူမ အမိန့်ရပြီးသည်နှင့် အခြွေအရံများသည် အိမ်တော်ထိန်းနှင့် သူမအား ချန်ထားခဲ့ကာ ထွက်သွားကြလေသည်။