“အစ်ကိုကြီးလိုင်” ရှီမာလိုင်အားမြင်သည်နှင့် ငယ်ငယ်ကခေါ်ခဲ့သည့် အတိုင်း ရှီမာရှင်းခေါ်လိုက်သည်။
ထိုနှုတ်ဆက်မှုသည် အရင်အချိန်ကို ပြန်သတိရသွားစေကာ ရှီမာလိုင် ရှီမာရှင်းအားကြည့်ကာ မေးလိုက်သည် “မင်းက ရှင်းလေးလား”
“အစ်ကိုကြီးလိုင်က ရှင်းလေးကို မှတ်မိသေးတာပဲ” ရှီမာရှင်းသည် ပြိုင်ဘက်မရှိသော တင့်တယ်မှုဖြင့်အနည်းငယ်ပြုံးလိုက်သည်။
ရှီမာလိုင်သည် သူမအား အနည်းငယ်ပြုံးပြကာ ရှီမာလင်းဘက်လှည့်ကြည့်ပြီးပြောလိုက်သည် “ဒါက ရှီမာလင်းဖြစ်မယ်”
သူတို့ငယ်စဉ်က ရှီမာရှင်း၏ တိုင်ပင်ဖော်တိုင်ပင်ဖက်မှာ ရှီမာလင်းသာဖြစ်သည်။
ရှီမာလင်းသည် ရှီမာလိုင်အားကြည့်လိုက်သည်။ ဒီလိုစုတ်ပြတ်နေသည့်နေရာတွင် ရှီမာလိုင်သည် သူ့ကျင့်စဉ်အား ထိုအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်လိမ့်မည်ဟုထင်မထားပေ။ သူသာ မျိုးနွယ်ကို ပြန်လာပါက သူ့လက်ရှိ စွမ်းအားသည် သူ့ထက်နည်းမည်မဟုတ်ပေ။
“ရှီမာလိုင် တခြားသူတွေရော” ရှီမာလိုင်ငုံ့ကြည့်လိုက်ရာ သူတို့မျိုးဆက်ဖြစ်သော ရှီမာယူမင်နှင့် တခြားယောက်ျားငယ်သုံးယောက်နှင့်အတူ ကိုယ်ရံတော်ကိုသာတွေ့ရသည်။ သူ တခြားသူများကိုမမြင်မိပေ။
“တခြားသူတွေဟုတ်လား” ရှီမာလိုင်အေးစက်စွာ ရယ်မောလိုက်သည် “အဲလူတွေက မင်းကိုလာပြီး သတင်းမပို့ကြဘူးလား၊ ငါကလွဲလို့ ကျန်တဲ့သူတွေအကုန်သေကြပြီ”
“အကုန်သေကုန်ပြီဟုတ်လား၊ ဒါဆို အစ်မ၃နဲ့ တခြားသူတွေ….” သူလိမ်သည် ဟုတ်မဟုတ်ကို သိချင်၍ ရှီမာရှင်းသည် ရှီမာလိုင်အားကြည့်လိုက်သည်။ သူယုံကြည်ချက်မဲ့နေသည်ကို မမြင်လိုက်ရသည်မှာ သနားစရာကောင်းသည် သူ့မျက်လုံးတွင် မုန်းတီးမှုများသာ ပြည့်နှက်နေခဲ့သည်။
“သူတို့သေသွားတာ နှစ်တစ်ရာနီးပါးရှိပြီ” ရှီမာလိုင်အေးစက်စွာပြောလိုက်သည်။
ထိုသတင်းကြားသော် ရှီမာလင်းသည် အလွန်တုန်လှုပ်သွားသော်လည်း ဟန်မပျက်ပြန်ထိန်းလိုက်သည်။
“ရှီမာလိုင် မင်းကအခုထိ တစ်ယောက်ထဲအသက်ရှင်ပြီး သားတွေ သမီးတွေမွေးပြီး အခုတော့ နောက်မျိုးဆက်တွေတောင်ရှိနေပြီ မင်းတကယ် အံ့သြစရာကောင်းတာပဲ” ရှီမာခစ်သည် မနှစ်မြို့ဖွယ်အမူအရာဖြင့််ပြောသည်။
“ရှီမာခစ် မင်းလား၊ မင်းလို ကလိမ်ကကျစ်ကောင်က အခုထိ အသက်ရှင်နေသေးတာကမှ အံ့သြစရာကောင်းတာ” ရှီမာလိုင်ငေါ့ကာ ပြန်ပြောလိုက်သည်။
“မင်း…” ရှီမာလိုင်ပြန်ပြောမည်ကို ရှီမာခစ်ထင်မထားပါ။ သူပြောလိုက်သည် “မင်းလို စည်းကမ်းကို ဖောက်ဖျက်ပြီး လွတ်မြောက်သွားတဲ့ အပြစ်သားအနေနဲ့ ငါတို့နဲ့ အခုတိတ်တိတ်ဆိတ်ဆိတ် ပြန်မလိုက်လာရင် ငါတို့သည်းမခံပဲ တိုက်ခိုက်တာကို အပြစ်မတင်နဲ့”
“မင်းတို့အားလုံးနဲ့ ပြန်လိုက်ရမယ်ဟုတ်လား၊ ဖြစ်နိုင်မယ်လို့ မင်းထင်လား၊ ရှီမာလိုင် သူတို့အားကြည့်လိုက်သည်။ သူ့မျက်နှာတွင် ကြောက်စိတ်တစ်စိုးတစိမျှရှိမနေပဲ ပြတ်သားမှုသာရှိနေခဲ့သည်။
“မင်းတို့အားလုံးထွက်သွားတော့ အဲနှစ်ကဖြစ်တဲ့ကိစ္စတွေက ဖြေရှင်းလို့မရခဲ့ဘူး၊ မင်းငါတို့နဲ့အတူပြန်လိုက်ရမယ် ရှီမာလင်းသည် မေးခွန်းမဟုတ်သည့် အမိန့်ကိုထုတ်ပြောလိုက်သည်။
“ဟားဟား၊ အဲနှစ်ကငါတို့သာ ထွက်မပြေးရင် ငါအခုဆိုသေနေလောက်ပြီ၊ အခုမျိုးနွယ်ရဲ့ အခြေအနေကို မသိရတာ၊ ငါတို့ပြန်လိုက်ရင် သေချာပေါက်သေမှာပဲ၊ ငါဘာလို့ပြန်လိုက်ရမှာလဲ ပြောပါဦး”
“အစ်ကိုကြီးလိုင် နောက်မှအဖေပြန်လာတော့ ပြောပြခဲ့တာ ဒေါသမီးမှုတ်နည်းကို အစ်ကို့ရဲ့အဖေက အဘိုးလေး၃ကို သတ်ပြီးယူခဲ့တာလား ဒါမှမဟုတ် အဘိုးလေး၃က အသတ်မခံရခင် သူ့ကိုအမွေပေးခဲ့တာလားမရှင်းဘူးဖြစ်နေတယ်၊ အစ်ကိုတို့မတရားစွပ်စွဲခံရတာဖြစ်နိုင်တယ်၊ အဲလိုဆိုရင် အစ်ကို ကိုယ်တိုင်တရားမျှတတာကို မရှင်းချင်ဘူးလား”
ရှီမာလိုင်၏ မျက်လုံးများသည် တွန့်ဆုတ်သွားကာ ရှီမာခိုင်နှင့် ရှီမာခစ်ကို ကြည့်လိုက်သည်။ ရှီမာခစ် ချက်ချင်းအော်လိုက်သည် “မင်းငါတို့နဲ့ တိတ်တိတ်ဆိတ်ဆိတ်မလိုက်ချင်ဘူးဆိုရင် ငါတို့မင်းကို ဇွတ်ဖမ်းခေါ်သွားရမှာပဲ၊ ဒါယူ…..”
ရှီမာခစ်သည် ပြောပြောဆိုဆိုနှင့် ရှီမာလိုင်အားတိုက်ခိုက်လိုက်သည်။ ထိုအလျင်ကြောင့် ရှီမာရှင်းနှင့် တခြားသူများ သူ့အား တားရန်အခွင့်အရေးမရလိုက်ပေ။
ရှီမာခစ်၏ တိုက်ခိုက်မှုကို ရှီမာလိုင်မြင်သော် တွန့်ဆုပ်နေသည်မှ ဒေါသအဖြစ်ပြောင်းသွားလေသည်။ သူလက်နှစ်ဖက်ဖြင့် ဝိညာဉ်ချီအားစုစည်းကာ ရှီမာခစ်ဆီသို့ပစ်လိုက်သည်။
နှစ်ယောက်လုံးဆီမှ လာသော ဝိညာဉ်စွမ်းအင်သည် အလယ်တွင်ဆုံတွေ့ကာ ပေါက်ကွဲမှုဖြစ်ပေါ်သွားလေသည်။ သူတို့နှစ်ယောက်သည်လည်း အချင်းချင်းတိုက်မကာ ပြန်ကန်ထွက်လာလေသည်။
“အဘိုး”
“အဘိုး”
“စစ်သူကြီး”
ရှီမာလိုင် တခြားတစ်ယောက်နှင့် တိုက်လိုက်နေသည်ကို မြင်သည်နှင့် ရှီမာယူမင်နှင့် တခြားသူများသည် တုန်လှုပ်စွာပင် အော်လိုက်ကြသည်။
“ဟိတ်လူတွေ လာကြ ငါတို့စစ်သူကြီးကို အတူသွားကာကွယ်ကြမယ်” နှစ်ဖက်လုံးစတင်တိုက်ခိုက်နေသည်ကို အိမ်တော်ထိန်းမြင်သော် ခေါ်လိုက်သည်နှင့် ဝိညာဉ်ဧကရာဇ်အဆင့်ရှိသောလူတစ်ယောက်သည် လေတွင်ပျံဝဲလာကာ ရှီမာလိုင်ရှေ့တွင် ရပ်လိုက်သည်။
“ညီလေး၅”
ရှီမာခိုင်သည် ရှီမာခစ်အား ခေါ်ကာ ရှီမာလင်းနှင့်တခြားသူများရှိရာသို့ ပြန်ခေါ်သွားချင်သည်။
“ဦးကြီး ၅ အဆင်ပြေရဲ့လား” ရှီမာယူလန်သည် ပျံလာကာ ရှီမာခစ်အားစိုးရိမ်စွာကြည့်ကာမေးလိုက်သည်။
လေထဲတွင် ပျံနေသော သူများသည် ရှီမာယူယူနှင့် တခြားသူများနှင့် မျိုးနွယ်တူများဖြစ်၍ သူတို့သည် အားလုံး ဝိညာဉ်ဧကရာဇ်များဖြစ်ကြသည်။
“ယူလန် ဦးကြီး ၅ကိုခေါ်သွား” ရှီမာခိုင်သည် ရှီမာခစ်အား ရှီမာယူလန်နှင့်အတူ ထည့်ပေးကာ ရှီမာလိုင်ရှေ့သို့ ပျံသွားလိုက်သည်။ သူသည် ခေါင်းမှ ခြေဖျားအထိ ခံ့ညားသော ရောင်ဝါအားထုတ်လွှတ်ကာ ပြောလိုက်သည် “ခေါင်းမာလိုက်တဲ့အရူး၊ မင်းက ခစ်ရဲ့ အသက်ကို သတ်ဖို့ကြိုးစားတယ်၊ မင်းက မလိုမုန်းထားတဲ့ ရက်စက်တဲ့သူပဲ၊ ငါမင်းကို ဒီနေ့သေချာပေါက်အဆုံးသတ်ပေးမယ်”
သူသည် သူတော်စင်အဆင့် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ရာ လူအားလုံးသည် တစ်ယောက်ချင်းစီ ထွက်ပြေးကြလေသည်။ ဝိညာဉ်သူတော်စင်နှင့် တိုက်ပွဲဖြစ်ပါက အကျိုးသက်ရောက်မှုမှာကြီးမားသည်။ ထိုစွမ်းအားမှာ အလွန်သန်မာ၍ မြန်မြန်လွတ်အောင်ပြေးထားမှ တော်ကာကျမည်။
ပွဲကြီးပွဲကောင်းကြည့် ရသည်ထက် သူတို့အသက်သည် ပိုအရေးကြီးသည်။
ရှီမာခိုင်အား ရှီမာလိုင်ကြည့်ကာ သူ့လက်နက်ကိုထုတ်လိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ကိုကလိမ်ကျစ်လုပ်သွားတော့ ဒီနေ့တော့ ငါမင်းကို လက်စားချေဖို့အခွင့်အရေးရပြီ၊ အိမ်တော်ထိန်း မင်းတို့အားလုံး နောက်ဆုတ်ကြ”
“စစ်သူကြီး”
“မင်းတို့အားလုံး သခင်လေးတွေကိုပဲ သွားကာကွယ်ကြ ဒါအမိန့်ပဲ”
ရှီမာလိုင်အမိန့်ပေးသည်နှင့် အိမ်တော်ထိန်းသည် လူများခေါ်ကာ နောက်ဆုတ်သွားကြသည်။
သူတို့သည် ရှီမာခိုင်၏ လေမှုတ်ခြင်းတစ်ချက်ကိုသာ ကာကွယ်နိုင်မည်ကို သိသည်။ သို့သော် သူတို့သည် ရှီမာလိုင်နှင့် သူတို့အသက်ကိုကာကွယ်ချင်ကြသေးသည်။ ထို့အပြင် သခင်လေးများသည် ပို၍ ကာကွယ်မှုကို လိုကြသည်။
“အဘိုး၊ အဲလူက အရင်တစ်ခါက အဘိုးကိုထိခိုက်အောင်လုပ်တဲ့သူမလား၊ မင်းတို့အားလုံးသတိထားကြ…အာ” ရှီမာလိုင်သသည် ထိုလူကြောင့် ဒဏ်ရာရခဲ့သည်ကို ရှီမာယူလီတွေးကာ နတ်ဆိုးသတ္တဝါတွယ်ကပ်ခြင်းကို ပြန်သတိပေးလိုက်သည်။ သို့သော် သူစကားမဆုံးခင်မှာပင် ရှီမာခိုင်မှ ထုတ်လွှတ်သော ရောင်ဝါ၏ ပိတ်ပင်ခြင်းကိုခံလိုက်ရသည်။
“နားညည်းလိုက်တာ” ရှီမာခိုင်သည် နောက်လှည့်ပြောကာ သူ့အား သတိမေ့သွားအောင် လုပ်လိုက်လေသည်။ သူထိုသို့လုပ်နေစဉ်အတွင်းတွင် ရှီမာယူမင်နှင့် တခြားသူများကိုမြင်သော်အခါ သူတို့ကိုလည်း သတိမေ့အောင်လုပ်လိုက်လေသည်။
“သခင်လေး” သူတော်စင်အဆင့်ဝိညာဉ်၏ စွမ်းအင်သည် တခြားသူများကို သတိမေ့သွားအောင်အထိ သန်မာလိမ့်မည်ဟု အိမ်တော်ထိန်းမထင်ခဲ့ပေ။ သူမြန်မြန်ပြေးသွားကာ အခြေအနေကို စစ်ဆေးလိုက်သည်။ သူတို့သည် သတိမေ့ရုံမျှမေ့ကာ အသက်ရှုနေသေးသည်ကို သိလိုက်သည်နှင့် ကိုယ်ရံတော်များကို ခေါ်ကာ သူတို့အားကာကွယ်ခိုင်းလိုက်သည်။
“လာခဲ့…..”
ရှီမာခိုင် သူ့မြေးများကို သတိမေ့အောင်လုပ်လိုက်သည်ကို ရှီမာလိုင်တွေ့သောအခါ တိုက်ခိုက်ရန် ပျံသန်းလာသည်….
ဝိညာဉ်ပုလဲအတွင်းတွင် ရှီမာယူယူသည် အနားယူကာ တစ်နေ့လုံးအားပြန်ဖြည့်နေလေသည်။ သူမ ဝိညာဉ်ချီသည် အားပြန်ပြည့်နေပြီဖြစ်သည်။ သို့သော် ဘာကြောင့်လဲမသိပါ သူမအဆင်မချောသလိုခံစားရသည်။ အမှားလုပ်မိမည်စိုး၍ ဆက်လက်ကျင့်ကြံရန်အတွေးကို စွန့်လွှတ်လိုက်သည်။ သူမ ဝိညာဉ်ပုလဲအတွင်းမှထွက်ကာ ဖက်တီးကျူနှင့် တခြားသူများကို ဆန့်ကျင်ရေးတစ်ရာဆေးကို ပေးရန်စီစဉ်လိုက်သည်။
သူမ အခန်းမှထွက်ကာလာ ကျောက်စမ်းပုလင်းများထုတ်ကာ တစ်ခုချင်းစီတွင် နှစ်လုံးထည့်လိုက်သည်။ ထိုအချိန်တွင် သူမသည် တစ်ယောက်ကို တစ်ပုလင်းစီခွဲဝေပေးနိုင်မည်ဖြစ်သည်။
သူမ ဆေးများခွဲပြီးသော် အလောတကြီးဖြစ်သော တံခါးခေါက်သံထွက်လာသည်။
“ယူယူ ယူယူ တစ်ခုခုဖြစ်နေပြီ၊ မင်း ထွက်လာပြီလား”
စိုးရိမ်မှုအပြည့်နှင့် ဖက်တီးကျူ၏အသံကြားသည်နှင့် သူမလက်ဝေ့ကာ ဆေးများကို သိမ်းပြီး တံခါးကို ဖွင့်လို်က်သည်။
“ဖက်တီး ဘာတွေအရေးကြီးနေတာလဲ”
“ယူယူ စစ်သူကြီးအိမ်တော်မှာတစ်ခုခုဖြစ်နေပြီ၊ မင်းအဘိုးက တခြားသူတွေနဲ့တိုက်နေကြတယ်” ဖက်တီးကျူ အလောတကြီးပြောသည်။
“ဝုန်း”
သူ့ဖြေရှင်းချက်အား သက်သေပြသလိုပင်… အဝေးမှကျယ်လောင်သော အသံထွက်လာသည်။ ထိုစွမ်းအားသည် မြို့တော်တစ်ဝက်ကိုပင် ရှင်းလင်းပစ်နိုင်လောက်သည်။
“ဘာတွေဖြစ်နေတာလဲ၊ အဘိုးက နာလန်မျိုးနွယ်ကလူကြီးတွေနဲ့ တိုက်ခိုက်နေတာလား” ရှီမာယူယူမေးလိုက်သည်။
“မဟုတ်ဘူး ငါလည်း အဲလူတွေကိုမသိဘူး၊ ဒါပေမယ့် သူတို့ကို ငါအဝေးကကြည့်တော့ သူတို့က ဝိညာဉ်သူတော်စင်၊ ဝိညာဉ်အုပ်ချုပ်သူနဲ့ ဝိညာဉ်ဧကရာဇ်တို့သုံးယောက်လို့ ပြောသံကြားတယ်၊ သူတို့ဘယ်ကလာလဲ ငါလည်းမသိဘူး…. ဟိတ် ယူယူ ငါ့ကိုစောင့်ဦး”
ဖက်တီးကျူစကားမဆုံးခင်မှာပင် ရှီမာယူယူသည် ချက်ချင်းပင် တံခါးမှကြီးမှပြေးထွက်သွားတော့သည်။