Switch Mode

အခန်း ( ၄၀ )

ကျောင်းသားခေါင်းဆောင် ပြောင်းလဲခြင်း

အချိန်များ ကုန်လွန်သွားပြီး သုံးရက်တိတိ ကုန်ဆုံးသွား၏။

ထိုသုံးရက်အတွင်း ဝမ်ပေါင်လဲ့မှာ မှော်ဝင်ငွေရောင်သဲများကို သုံး၍ မှောင်ခိုဈေးမှ ဝယ်ယူထားသော ဆေးလုံးများ၏ အကူအညီဖြင့် ကမ္ဗည်းစာလုံးများကို အာရုံအပြည့်စိုက်၍ အာဂုံဆောင်နေ၏။

ထိုဆေးလုံးများမှာ အရည်အသွေး မြင့်မားသောကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ဆုံးတွင် ကမ္ဗည်းစာလုံး အရေအတွက် တစ်သိန်းငါးသောင်းတိတိကို အာဂုံဆောင်နိုင်သွား၏။

သို့သော် သူသည် သေလုမတတ် ခံစားနေရပြီဖြစ်သည်

***

ဝမ်ပေါင်လဲမှာ သူ၏ဦးခေါင်းကို ခဏခဏ ကုတ်နေရသောကြောင့် ဖူးရောင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ခဏနားကာ မုန့်များကို ထုတ်ယူလိုက်သည်။ သို့သော် ထိုမုန့်ထုပ်များကို ထုတ်ယူလိုက်သောအခါ ၎င်းတို့ပေါ်တွင် ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။ ထို ပုံရိပ်ယောင်များကြောင့် သူ မူးဝေသွားရတော့သည်။

” ဘာတွေ ဖြစ်နေတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ သူ၏ မှုန်ဝါဝါးဖြစ်နေသော အမြင်အာရုံအား ကြည်လင်သွားစေရန်အတွက် အလျင်အမြန် မျက်တောင်ခတ်လိုက်၏။ ထိုအခါမှသာ ထိုမုန့်ထုပ်မှာ သာမန်အတိုင်း ပြန်ဖြစ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ရီဝေဝေနှင့် ထိုမုန့်ထုပ်ထဲမှ အာလူးကြော်တချို့ကို ထုတ်ယူလိုက်၏။ သို့သော် ထိုအာလူးကြော်များကို ကြည့်လိုက်မိသောအခါ သူ၏မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားရပြန်သည်။

” ဘယ်လိုလုပ်ပြီးတော့ ဒီအာလူးကြော်တွေပေါ်မှာပါ ကမ္ဗည်းစာလုံးတွေ ရှိနေရတာလဲဟ။ မဟုတ်မှလွဲရော ငါ့ဆီမှာ သဘာဝလွန်စွမ်းအားတွေများ ရှိနေတာများလား ”
ဝမ်ပေါင်လဲ့မှာ သူ၏မုန့်များပေါ်မှာပင် ကမ္ဗည်းစာလုံးများကို မြင်နေရသောကြောင့် အထိတ်တလန့် ဖြစ်သွားပြီး တစ်ခုခု လွဲမှားနေပြီဖြစ်ကြောင်း ယူဆလိုက်တော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး စိတ်ငြိမ်အောင် လုပ်ရန်အတွက် ဝိညာဉ်ရေခဲရေဘူးအား သောက်ရန် ပြင်လိုက်၏။ သို့သော် ထိုရေဘူး၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ကမ္ဗည်းစာလုံးများမှာ လူးလွန့်နေသည့်ပုံ ပေါက်နေ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားတော့သည်။ သူသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ပါသော်လည်း ရုတ်တရက်ဆိုသလို မူးဝေသွား၏။ သူ၏ အမြင်အာရုံထဲတွင် ကမ္ဗည်းစာလုံးများစွာ ထပ်၍ပေါ်လာကြပြီး နံရံများပေါ်မှနေ၍ ဆင်ဝင်အထိ နေရာယူထားကြပြီ ဖြစ်သည်။ ထို့နောက် သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်သောအခါ ကောင်းကင်၊ မြေပြင်၊ မြက်ပင်နှင့် သစ်ပင်များသာမက လေထဲတွင်ပါ ကမ္ဗည်းစာလုံးများနှင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ သူ့မှာ သဘာဝလွန်စွမ်းအားများ ရှိနေခြင်း မဟုတ်ဘဲ ကမ္ဗည်းစာလုံးများစွာ အာဂုံဆောင်ရန် ဆေးလုံးများစွာ မှီဝဲခဲ့‌သောကြောင့် ချီအားဖြည့်ပညာရပ် ဒုတိယတွဲတွင် ဖော်ပြထားသည့် မကောင်းသော ဘေးထွက်ဆိုးကျိုးများကို ခံစားနေရခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ သူသည် သွက်ချာပါဒဝေဒနာကို စတင် ခံစားနေပြီ ဖြစ်သည်။

” သောက်ကျိုးနဲ ဒီ ကမ္ဗည်းစာလုံးတွေကြောင့် ငါတော့ ရူးတော့မှာပဲ ”

ဝမ်ပေါင်လဲ့မှာ ခေါင်းများချာချာလည်နေပြီး လတ်တလောအတွင်း အပြင်သို့ အကြိမ်အနည်းငယ် ထွက်ခဲ့ခြင်းမှ လွဲ၍ အချိန်အများစုကို ဆေးလုံးများမှီဝဲကာ ကမ္ဗည်းစာလုံးများ အာဂုံဆောင်ခြင်း၌သာ ကုန်ဆုံးစေခဲ့သည်ဖြစ်ကြောင်း သတိရသွား၏။ သူသည် ကမ္ဗည်းစာလုံး အရေအတွက် တစ်သိန်းငါးသောင်းတိတိကို အာဂုံဆောင်နိုင်ရန်အတွက် သူ၏ ဦးခေါင်းထဲတွင် စုစည်းထားသော ဆေးလုံးများ၏ ပေါင်းစပ်စွမ်းအားကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် သူ၏ ဦးနှောက်မှာ အလွန် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ခံစားလိုက်ရသဖြင့် သွက်ခါပါဒဝေဒနာကို တဖြည်းဖြည်းနှင့် စတင်ခံစားနေရခြင်း ဖြစ်သည်။

ရှေးဦးဝိညာဉ်ခေတ်တွင် ဓမ္မလက်နက်ဌာနမှ ကျောင်းသားများ ထိုကမ္ဗည်းစာလုံးများကို အာဂုံဆောင်ရင်း ရူးသွပ်သွားခဲ့ရသည့် သာဓကများစွာ ရှိခဲ့ဘူးသည်။

ထိုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလောက်အောင် များပြားသော ကမ္ဗည်းစာလုံးများကို အာဂုံဆောင်ရသည်မှာ ထိတ်လန့်ဖွယ်ရာ ကောင်း၏။ ရိုးရိုး စာလုံးများဆိုလျှင်ပင် နေ့တဓူဝ အသုံးပြုလေ့ရှိကြသည့် အရေအတွက်မှာ ထောင်ဂဏန်း အနည်းငယ်မျှသာ ရှိပေသည်။

ကမ္ဗည်းစာလုံး အရေအတွက် တစ်သိန်းငါးသောင်းဆိုသော ပမာဏမှာ အလွန် ကြီးမားလွန်းသောကြောင့် မတူညီသော ဘာသာစကားမြောက်မြားစွာ၏ စာလုံးများကို အာဂုံဆောင်ရသကဲ့သို့ပင်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ထိုကဲ့သို့ အာဂုံဆောင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ရှေးဦးဝိညာဉ်ခေတ်နှင့်အတူ နေရာအနှံ့ ပျံ့နှံ့နေသည့် ချီအားဖြည့်ပညာရပ်ပါ ပေါ်ပေါက်လာခဲ့သည်ဖြစ်ရာ လူသားများ၏ ခန္ဓာကိုယ်များနှင့် ဦးနှောက်များမှာ အဆင့်ဆင့် တိုးတက်ပြောင်းလဲသွားခဲ့၏။ ထို့ကြောင့် မဖြစ်နိုင်သော အရာများမှာလည်း ဖြစ်နိုင်သော အနေအထားသို့ ရောက်ရှိလာကြတော့သည်။

မည်သို့ပင် ဆိုစေကာမူ ကမ္ဗည်းစာလုံးများနှင့် ရိုးရိုးစာလုံးများမှာ ကွဲပြားမှုများ ရှိနေဆဲပင်။ သို့သော် သူတို့က ထိုကဲ့သို့ ကွဲပြားနေသည့်တိုင်အောင် အာရုံစိုက်၍ မကြည့်ပါက ၎င်းတို့အား ကွဲကွဲပြားပြား သိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မတူညီသော အဓိပ္ပါယ်များစွာကိုပါ နားလည်အောင်လုပ်ရန် လိုအပ်သဖြင့် ၎င်းတို့ကို အာဂုံဆောင်ရသည်မှာ အဆပေါင်းများစွာ ပို၍ ခက်ခဲ၏။ ကမ္ဗည်းစာလုံး တစ်လုံးချင်းစီတွင် မတူညီသော အကျိုးသက်ရောက်မှုများ ရှိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ၎င်းတို့ကို အာဂုံဆောင်ရင်း ရူးသွပ်လုမတတ် ခံစားနေရတော့သည်။

ဓမ္မလက်နက်ဌာနထဲတွင် သူ၏ စွမ်းဆောင်ရည်အား အံ့ဩစရာကောင်းသည်ဟု သတ်မှတ်၍ မရပါသော်လည်း ဝမ်ပေါင်လဲ့အား စိတ်ဓာတ်အကျဆုံးဖြစ်အောင် လုပ်နေသည့် အချက်မှာ သူက ကမ္ဗည်းစာလုံးအရေအတွက် တစ်သိန်းငါးသောင်းတိတိကို အာဂုံဆောင်နိုင်ပါသော်လည်း လူဆယ်ယောက်ထဲတွင် တစ်ယောက်လောက်က သူ့အား ယှဉ်နိုင်စွမ်း ရှိနေမည့် အချက်ပင် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော ပင်မတာအိုကျောင်း လေးကျောင်းထဲသို့ ဝင်ခွင့်ရခဲ့သော ကျောင်းသားများထဲတွင် ထိပ်တန်းအဆင့် ကျောင်းသားများစွာ ရှိနေသည် မဟုတ်ပါလော။

ထို့အပြင် သူသည် ထိုကမ္ဗည်းစာလုံးများကို မယှဉ်တွဲရသေးပေ။ ထိုအပိုင်းမှာ ဝိညာဉ်အမြုတေပညာရပ်ထဲတွင်သာ လေ့လာသင်ယူရမည်ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ယခုထက်ပင် အများကြီးပို၍ ခဲယဉ်းနေမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ သွေးလေချောက်ချားနေသောကြောင့် ဆေးလုံးများ ထပ်၍သောက်ရမည်ကို ကြောက်ရွံ့နေတော့သည်။ သူသည် ယခင်ကအတိုင်း ဆက်လက်၍ အာဂုံဆောင်လိုက်မည်ဆိုပါက အမှန်တကယ်ပင် ရူးသွပ်သွားနိုင်သောကြောင့် စိုးရိမ်နေရပြီ ဖြစ်သည်။

ထိုအချိန်တွက် ဝမ်ပေါင်လဲ့မှာ သူသည် ပြည်ထောင်စုဥက္ကဋ္ဌ မဖြစ်သေးကြောင်း သတိရသွားသဖြင့် စိတ်ဖောက်သွား၍ မဖြစ်သေးကြောင်း အားတင်းလိုက်၏။ တချိန်တည်းမှာပင် အကယ်၍ သူသာ ရူးသွပ်သွားခဲ့မည်ဆိုပါက သူ၏ ခန္ဓာကိုယ်အ‌လေးချိန်အား ထိန်းသိမ်းနိုင်တော့မည် မဟုတ်ကြောင်းကိုလည်း တွေးမိလိုက်၏။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက သူသည် သေချာပေါက် ဖက်တီးဘိုးဘေးကြီးများနှင့် ပြန်လည်ဆုံတွေ့လိုက်ရမည်သာ ဖြစ်သည်။

သူသည် ထိုကဲ့သို့ တွေးတောမိသွားသောကြောင့် သူ၏ အတွေးထဲတွင် ဖက်တီးဘိုးဘေးကြီးများနှင့်အတူ သွားရည်များယိုကာ ကမ္ဗည်းစာလုံးများကို အရူးတစ်ယောက်ကဲ့သို့ အာဂုံဆောင်နေသည့် ပုံရိပ်များ ပေါ်ပေါက်လာတော့သည်။

” ဆက်မတွေးနဲ့တော့ ”
ဝမ်ပေါင်လဲ့မှာ အသားများ တဆတ်ဆတ် တုန်ရီသွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်၏။ သူသည် ယခုကဲ့သို့ ဆက်ကာ အာဂုံဆောင်နေ၍ မဖြစ်တော့ကြောင်း သိသွားသဖြင့် ခေတ္တမျှ အနားယူလိုက်ပြီး ချီအားဖြည့်ပညာရပ် ဒုတိယတွဲအား ကောက်ယူကာ ၎င်းအား လှန်လှောဖတ်ရှုလိုက်တော့သည်။

” ကမ္ဗည်းစာလုံးပေါင်း အလုံးရေတစ်သိန်းကို အာဂုံဆောင်ရတာက ကမ္ဗည်းစာခန်းမရဲ့ အခြေခံလိုအပ်ချက်ဆိုပေမဲ့ ငါ အာဂုံဆောင်တာကို ရပ်ပြီးတော့ ဝိညာဉ်အမြုတေပညာရပ်ကို စလေ့လာသင့်တယ်လို့ ထင်တယ်။ အဲဒီနှစ်ခုကို ရောလိုက်မယ်ဆိုရင် ပိုပြီးတော့ ကောင်း‌တဲ့ အကျိုးရလဒ်တစ်ခုကို မရနိုင်ဘူးလို့ ဘယ်သူပြောရဲလဲ ”
ထိုအကြံမှာ ကောင်းမွန်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်သွားသဖြင့် သူသည် ချက်ချင်းပင် ဝိညာဥ်အမြုတေပညာရပ်အား စတင်လေ့လာလိုက်တော့သည်။

ဝိညာဥ်အမြုတေပညာရပ်မှာ ကမ္ဗည်းစာလုံးများအား ဝိညာဉ်ကျောက်တုံးများပေါ်သို့ ရေးထိုးသည့် ပညာရပ်အား လေ့လာရခြင်း ဖြစ်သည်။ ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်နိုင်ရန်အတွက် စေ့စေ့စပ်စပ် လေ့ကျင့်ထားပြီး ဝိညာဥ်အမြုတေ ရေးထွင်းနည်းပေါင်း မြောက်မြားစွာကို မှတ်မိနေရန် လိုအပ်သည်။

ထို ဝိညာဥ်အမြုတေ ရေးထွင်းနည်းများထဲတွင် မတူညီသော ကမ္ဗည်းစာလုံးများအား ယှဉ်တွဲနိုင်သည့် နည်းလမ်းများကို မှတ်တမ်းတင်ထား၏။ ထို ယှဉ်တွဲခြင်း ပညာရပ်နှင့် ရေးထိုးခြင်း ပညာရပ်တို့ကို တတ်မြောက်အောင် လေ့ကျင့်ပြီးပါက နောက်ဆုံးတွင် ဝိညာဥ်အမြုတေတစ်ခုကို သန့်စင်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ထိုပညာရပ်မှာ လွယ်ကူသည်ဟု ထင်ရပါသော်လည်း လက်တွေ့တွင်မူ လေ့လာတတ်မြောက်နိုင်ရန် ခဲယဉ်း၏။

သို့သော် ဝမ်ပေါင်လဲ့မှာ ကမ္ဗည်းစာလုံးများကို အာဂုံဆောင်ခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမဆို ပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုကဲ့သို့ လေ့လာအကဲခတ်လိုက်ပြီးနောက် ရေးထိုးခြင်းပညာရပ်ကို စတင် လေ့ကျင့်လိုက်တော့သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြန်သည်။ ဝမ်ပေါင်လဲ့မှာ ပင်ပင်ပန်းပန်းကြိုးစားပြီး လေ့လာနိုင်မည့် နည်းလမ်းအမျိုးမျိုးကို ရှာဖွေနေပါသော်လည်း သူ၏ ရလဒ်များမှာ တိုးတက်လာသည့်ပုံ မပေါ်ပေ။

သူသည် စိတ်ဓာတ်များ ကျဆင်းကာ ချီအားဖြည့်ပညာရပ် စာအုပ်အား ဆုတ်ဖြဲပစ်ချင်စိတ်များ ပေါက်လာသည်အထိ အသိစိတ်ပျောက်လုမတတ် ဖြစ်နေသည့် အချိန်တွင် ကောင်းကင်တာအိုကျောင်းထဲ၌ ကောလာဟလများ စတင်ပျံ့နှံ့လာ၏။

ထိုကောလာဟလများမှာ ကျောင်းသားခေါင်းဆောင်များအကြောင်း ဖြစ်သည်။ အဓိက တာအိုကျောင်းကြီး လေးကျောင်းမှာ ကျောင်းသားခေါင်းဆောင်စနစ်များအား အဆင့်ဆင့် ပြုပြင်ပြောင်းလဲတော့မည် ဖြစ်ကြောင်း ထိုကောလာဟလများမှတစ်ဆင့် သိနိုင်၏။ ယခင်စည်းမျဉ်းအဟောင်းများကြောင့် ကျောင်းသားခေါင်းဆောင်များမှာ ကြောင်မက်ဖွယ်ရာကောင်းသော လုပ်ပိုင်ခွင့်အာဏာများကို ပိုင်ဆိုင်ထားကြသည်။ ကျောင်းသားခေါင်းဆောင် တစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ရေးတစ်ခုကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ ဌာနတိုင်းမှာ သဘောထားကွဲလွဲကာ မညီမညွတ် ဖြစ်နေကြရသည်။ သူတို့က အလွန် စိတ်ဝမ်းကွဲနေ‌ကြသောကြောင့် ပေါင်းစည်းညီညွတ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုစနစ်အား အစမှပြန်၍ ပြုပြင်ပြောင်းလဲကာ ပြန်လည်ဖွဲ့စည်းရန် လိုအပ်လာခြင်း ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ဖော်ပြရမည်ဆိုလျှင် ထိုစနစ်အား ပြောင်းလဲခြင်းမှာ ဌာနတစ်ခုချင်းစီတွင် ကျောင်းသားခေါင်းဆောင်လွှတ်တော်တစ်ခုစီ တည်ထောင်ရန် ဖြစ်သည်။ ကျောင်းသားခေါင်းဆောင် တစ်ယောက်ချင်းစီတိုင်း မဲတစ်မဲစီ ပေးပိုင်ခွင့် ရှိမည်ဖြစ်ပြီး မဲအများဆုံးရသည့်လူမှာ မိမိဌာန၏ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်ကို စီမံအုပ်ချုပ်ရမည် ဖြစ်သည်။

အဓိက တာအိုကျောင်းကြီး လေးကျောင်းထဲတွင် သမင်ဖြူတာအိုကျောင်းမှာ ထိုစည်းမျဉ်းအသစ်များကို စတင်ကျင့်သုံးနေပြီဖြစ်သည်။ အခြားကျောင်းသုံးကျောင်း ဖြစ်သော သမင်ဖြူသစ်ကိုင်းကျောင်း၊ မဟာမြစ်တာအိုကျောင်းနှင့် ကောင်းကင်တာအိုကျောင်းတို့မှာ စတင်ကျင့်သုံးမည့် ဌာနတစ်ခုကို ရွေးချယ်ကြမည် ဖြစ်သည်။

ထိုစနစ် အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက် အဆင့်နိမ့်ကျွန်း တစ်ကျွန်းလုံးတွင် စတင်အသုံးပြုမည် ဖြစ်သည်။

ထိုကောလာဟလများမှာ အလျင်အမြန် ပျံ့နှံ့သွားကြသဖြင့် လူများစွာ၏ ထင်မြင်ယူဆချက် ပေါင်းစုံမှာလည်း ချက်ချင်းပင် ပေါ်ပေါက်လာကြတော့သည်။ ကျောင်းသားခေါင်းဆောင်စနစ်အား ပြန်လည်ပြုပြင်သည်ဟုသာ ဆိုပါသော်လည်း လက်တွေ့တွင်မူ သေးငယ်သော ပြောင်းလဲမှုတစ်ခုကြောင့် ကြီးမားသော အကျိုးဆက်များ ပေါ်ပေါက်လာမည်သာဖြစ်သည်။ ကျောင်းသားခေါင်းဆောင် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်နှင့် ကျောင်းသားအားလုံးအပေါ် သက်ရောက်မှု ရှိလာမည်သာ ဖြစ်သည်။

လူများစွာ ထိုကဲ့သို့ ‌ဆွေးနွေးငြင်းခုံနေကြစဉ်တွင် ကျောင်းသားခေါင်းဆောင်များမှာ စိတ်မရှည်နိုင်တော့ပေ။ သူတို့မှာ သူတို့၏ ကိုယ်ပိုင် အဆက်အသွယ်များမှ တစ်ဆင့် ထိုသတင်းများကို လေ့လာလိုက်ကြသည်။ ဝမ်ပေါင်လဲ့မှာ တံခါးပိတ်ကာ သူ၏ ကမ္ဗည်းစာလုံးများကို အာဂုံဆောင်နေပါသော်လည်း လျှိုတောက်ပင်းနှင့် အခြားသူများမှာ ထိုကောလာဟလများကို ကြားသိလိုက်ရသည်နှင့် တစ်ပြိုင်နက် စိုးထိတ်သွားကြပြီး ထိုကိစ္စအား ဆက်၍ စုံစမ်းနိုင်ရန်အတွက် ဝမ်ပေါင်လဲ့အား ရှာဖွေလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုအကြောင်းကိုကြားလိုက်ရသောအခါ ဆွံ့အသွား၏။ သူသည် မျက်ခုံးနှစ်ဖက်ကြားမှ နေရာအား လက်ဖြင့်ပွတ်ရင်း ကျန့်လျန်အား ထို ကောလာဟလများအကြောင်းကို လှမ်း၍မေးလိုက်သည်။ သို့သော် ကျန့်လျန်မှာ လိမ္မာပါးနပ်သည့်တိုင်အောင် ထိုကိစ္စနှင့် ပတ်သက်၍ များများစားစား သိမထားပေ။

တာအိုကျောင်း တစ်ကျောင်းလုံး ထိုကိစ္စအပေါ် အာရုံစိုက်နေကြပြီး ဌာနအားလုံးမှ ကျောင်းသားခေါင်းဆောင်များမှာလည်း အနည်းနှင့်အများ စိုးထိတ်နေကြစဉ် ပါမောက္ခကြီးမှာ တာအိုကျောင်းတစ်ကျောင်းလုံးအား ကြေညာလိုက်ပြီး ကျောင်းသားခေါင်းဆောင်စနစ်အား ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း အတည်ပြုလိုက်၏။

” မူရင်းကျောင်းသားခေါင်းဆောင်စနစ်ကို ဖျက်သိမ်းပြီးတော့ ကျောင်းသားခေါင်းဆောင်လွှတ်တော်မှာ မဲပေးရတဲ့ စနစ်ကို ပြောင်းလဲမှာဖြစ်တယ်။ ဒီ စနစ်ကို ဓမ္မလက်နက်ဌာနမှာ အရင်ဆုံးစပြီးတော့ ကျင့်သုံးမှာဖြစ်တယ် ”

ထို ကြေညာချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခြားဌာနမှ ကျောင်းသားများမှာ စိတ်သက်သာရာရသွားကြပြီး သက်ပြင်းချလိုက်ကြတော့သည်။ ဓမ္မလက်နက်ဌာနမှ ကျောင်းသားအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။ အခြေအနေကိုရိပ်စားမိသော မည်သူမဆို ဓမ္မလက်နက်ဌာနမှာ ဖရိုဖရဲဖြစ်သွားတော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။

လျှိုတောက်ပင်းနှင့် အခြားသူများမှာမူ ထိုကြေညာချက်အား ကြားလိုက်ရသောအခါ အလွန် စိုးရိမ်သွားကြတော့သည်။ ထိုလွှတ်တော်ဖြင့် လည်ပတ်မည့်စနစ်မှာ ဝမ်ပေါင်လဲ့အတွက် အလွန်အထိနာစေမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုသတင်းများကို ချက်ချင်းပင် ကြားသိလိုက်သည်။ တချိန်တည်းမှာပင် ကျန့်လျန်ကလည်း တစ်ဆင့်စကားမှနေ၍ ထိုအကြောင်းကို ကြားသိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့ထံ အသံထုတ်လွှင့်ကာ ဆက်သွယ်လိုက်၏။

” ညီလေးပေါင်လဲ့ … မင်း သတိထားမှဖြစ်မယ်။ ဒီ ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်ကို အစတုန်းက ထောင်ချောက်ဌာနအတွက် သတ်မှတ်ထားခဲ့တာလို့ အစ်ကို ကြားထားတယ်။ ဒါပေမဲ့ ဝိညာဥ်အမြုတေခန်းမရဲ့ ကျောင်းသားခေါင်းဆောင် လင်းတျန်ဟောက်ရဲ့ တောင်းဆိုမှုနဲ့ ဒုပါမောက္ခရဲ့ အင်တိုက်အားတိုက် ထောက်ပံ့မှုတွေကြောင့် အဲဒီအစီအစဉ်ကို ဓမ္မလက်နက်ဌာနဆီကို ပြောင်းပေးလိုက်တာ ”

ကျန့်လျန်၏ စကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အမူအရာ ပြောင်းလဲသွား၏။ ထိုအပြောင်းအလဲများမှာ မြန်ဆန်လွန်းနေပြီး ဝမ်ပေါင်လဲ့မှာ တုံ့ပြန်နိုင်မည့် နည်းလမ်းတစ်ခုတ‌လေကိုပင် မစဉ်းစားနိုင်ခင်မှာပင် သူ၏ အသံလွှင့်လက်စွပ်ထဲမှ ထူးဆန်းသောအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

” ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ဝမ်ပေါင်လဲ့။ ငါက ဝိညာဥ်အမြုတေခန်းမရဲ့ ကျောင်းသားခေါင်းဆောင် လင်းတျန်ဟောက်ပါ။ ပါမောက္ခကြီးရဲ့ ညွှန်ကြားချက်ကြောင့် ငါတို့တွေ ပထမဆုံး ကျောင်းသားခေါင်းဆောင်အစည်းအဝေးပွဲ ကျင်းပနိုင်ဖို့အတွက် မနက်ဖြန် မနက်စောစော ဝိညာဥ်အမြုတေခန်းမရဲ့ ကျောင်းသားခေါင်းဆောင်အဆောင်ဆီကို အရောက်လာခဲ့ ”

၎င်းမှာ လင်းတျန်ဟောက် ဝမ်ပေါင်လဲ့အား စကားပြောဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏ လေသံမှာ တည်ငြိမ်နေပြီး ခံစားချက် ကင်းမဲ့နေပါသော်လည်း ဖိအားပေးနိုင်စွမ်းရှိသော ထူးဆန်းသည့် စွမ်းအားတစ်မျိုး ကိန်းအောင်းနေ၏။ သူ၏ စကားသံမှာ အသံလွှင့်လက်စွပ်ထဲမှ ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူ တစ်ဂူလုံး ပဲ့တင်ထပ်သွားသည့် အလားပင်။

Comment

Leave a Reply

Options

not work with dark mode
Reset