စားပွဲစတင်ခြင်းကို စောင့်ဆိုင်းရင်းရှီမာယူယူအလွန်ပျင်းလာသဖြင့် ငြီးငွေ့မှုအားဖျောက်ဖျက်ရန် ဝိညာဉ်သစ်သီးအားစားနေလိုက်သည်။ သို့သော် ဝိညာဉ်သစ်သီးကို သူမအကြိုက်မတွေ့ပေ။ သူမ ဝိညာဉ်ပုလဲအတွင်းမှ ယူစားနေကြဖြစ်သော ဝိညာဉ်သစ်သီးနှင့် ယှဉ်လို့မရပေ။ ထိုအသီးများသည် အရသာမရှိကြပေ။ စားပွဲသို့လာရောက်ကြသော ဧည့်သည်များသည် ထိုဝိညာဉ်သစ်သီးများအရာသာရှိကြောင်း ချီးမွန်းခန်းဖွင့်နေကြသည်မှာ ကျွတ်ကျွတ်ညံနေကြသည်။ ထိုအခါမှ ရှီမာယူယူစဉ်းစားမိသည်မှာ သူမသည် ပုံမှန်ဘဝမှာပင် အဆင့်တန်းမြင့်မြင့်နေရသည်။
တခြားသူများအတွက်တော့ သာမာန်အသီးမှ ဝိညာဉ်သစ်သီးဖြစ်ရန်ခက်ခဲလှသည်၊ ဝိညာဉ်သစ်သီးပေါက်ရောက်ရာနေရာသည် အရေးကြီးလှသည်။ ထိုနေရာသည် အလွန်ထူးခြားသောနေရာဖြစ်ရမည်မှာ အသေအချာပင်။ ထို့အပြင် ထိုအသီးသီးရန်လည်း အချိန်ယူရသည်။
ဝိညာဉ်အသီးများနှင့် ဝိညာဉ်ဟင်းရွက်များသည် တူညီကြသည်။ ထိုအရာများသည် ကိုယ်ပိုင်ဝိညာဉ်ချီအား တိုးစေသည့်အတွက် လူတိုင်းစားလိုကြသည်။ ဝိညာဉ်သစ်သီးများရောင်းချသော်လည်း အလွန်အမင်းဈေးကြီးလှပြီး တစ်ခဏအတွင်းရောင်းထွက်သွားကြသည်သာ။ ပထမအဆင့် သို့မဟုတ် အာဏာရှိသောသူများပင်လျှင် ဝိညာဉ်အသီးများပုံမှန်စားရရန် မဖြစ်နိုင်ပါ။
သာမာန်လူများသည် ပုံမှန်အားဖြင့် ဝိညာဉ်အသီးများကို စားရခြင်းမရှိပဲ ထိုနေရာတွင်တော့ စားပွဲတစ်ခုချင်းစီတွင် ဝိညာဉ်အသီးပန်းကန်များ ခင်းကျင်းထားကာ ဧည့်သည်များပေါ့ပေါ့ပါးပါးစားသောက်နိုင်သည်။
“တော်ဝင်ကတော့ တော်ဝင်ပါပဲ၊ ရက်ရက်ရောရောကို ဧည့်ခံတာပဲ” တချို့သူများသည် သက်ပြင်းချကြသည်။
ရှီမာယူမင်းနှင့် တခြားသူ အနည်းငယ်သည် ဝိညာဉ်အသီးအား တစ်လုံးစီစားကြပြီး နောက်ထပ်မစားတော့ပေ။ ရှီမာယူလီသည် ရှီမာယူယူဘေးတွင်ထိုင်နေပြီး သူမဘက်လှည့်ကာ ရေရွတ်လိုက်သည် “ဒီဝိညာဉ်အသီးတွေက မင်းငါတို့ကိုပေးတာထက် အများကြီးအရသာဆိုးတာပဲ”
“ဒီက ဝိညာဉ်အသီးတွေကအဆိုးဆုံးပဲ ကျွန်တော် အစ်ကိုတို့ကိုပေးတဲ့အသီးတွေနဲ့ ဘယ်ယှဉ်လို့ရမလဲ” ရှီမာယူယူခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “မင်း…ဝိညာဉ်ချီမရှိမှတော့…အရသာကလည်း…”
ဝိညာဉ်ပုလဲအတွင်းတွင် သုံးရက်၊ ငါးရက်တစ်ခါ ဝိညာဉ်သစ်သီး သီးတိုင်းသူမ ရှီမာလိုင်မိသားစုသို့ အသီးများပို့နေကျဖြစ်သည်။ ပထမတော့ ရှီမာယူယူတွင်ထိုကဲ့သို့ အသီးများအများအပြားရှိနေခြင်းကို သူတို့အံ့သြသော်လည်း ရှီမာယူယူသည် ရှီမာမျိုးနွယ်၏ သွေးသားအရင်းချာမဟုတ်သည်ကို သူတို့သိကြသည်။ ထို့ကြောင့် သူမတွင်လျှို့ဝှက်ချက်များရှိသည်ကို သိသော်လည်း ထပ်ပြီးဘာမှမမေးပဲ လက်ခံထားလိုက်ကြသည်။
“ဒီနေ့ညတော့ ပွဲကြီးပွဲကောင်းပဲဟေ့” ရှီမာယူလီရုတ်တရက်အသံထွက်လာသည်။
ရှီမာယူလီမျက်လုံးများရှိရာသို့ ရှီမာယူယူတိတ်တဆိတ်ကြည့်လိုက်ရာ တစ်စုံတစ်ယောက်လာနေသည်ကို တွေ့သည်နှင့် အံ့သြစွာမျက်ခုံးပင့်လိုက်သည်။
နာလန်မျိုးနွယ်ရောက်လာပြီဖြစ်သည်….ပွဲကြီးပွဲကောင်းတော့ဖြစ်ပြီ…
နာလန်ဟီသည် နာလန်လန်နှင့်တခြား လူငယ်နှစ်ယောက်နှင့်အတူ လျှောက်လာသည်။ နာလန်ဟီလမ်းလျှောက်ချိန်တွင် သူ၏လွတ်နေသော အင်္ကျိလက်မှာ လှုပ်ရမ်းနေလေသည်။
ထိုအရာသည် ပြီးခဲ့သည့် မတော်တဆမှုအား အမှတ်ရစေသော အမှတ်အသားဖြစ်သည်မှာ သေချာသည်။
နာလန်လန်သည် သူမအဖေနောက်မှလိုက်လာခဲ့ပြီး မူရုန်အန်းအားမြင်သွားလေသည်။ ထိုအချိန်တွင် သူနှင့် ရှီမိုလီတို့သည် တစ်ယောက်နှင့်တစ်ယောက်နီးကပ်စွာ ခေါင်းငုံ့ပြီး တီးတိုးပြောနေကြသည်။ မူရုန်အန်းနှင့် ရှီမိုလီတို့ပြောနေသည်များကို သူမမကြားရသော်လည်း ရှီမိုလီသည် ပျော်ရွှင်စွာဖြင့် တခစ်ခစ်ရယ်မောနေခဲ့သည်။
ဘေးတွင် တွဲလောင်းကျနေသော သူမလက်အား လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ သူမဒဏ်ရာအား မူရုန်အန်းဘာကြောင့်မမြင်သလဲဆိုသည်ကို သူမကိုယ်သူမပြန်မေးမိသည်။ ပြီးတော့ သူတကယ်ပဲ ရှီမိုလီနဲ့ တွဲနေတာလား။ သူတို့အနေနီးနေသည်ဆိုသည့် ကောလဟလမှာ မှန်နေတာလား။
“လန်လေး၊ အခုလက်ရှိကို အာရုံစိုက်” နာလန်ဟီသည် မူရုန်အန်းအား ကြည့်လိုက်ကာ နာလန်လန်အားသတိပေးလိုက်သည်။
“သိပါပြီ အဖေ” နာလန်လန်သည် သက်ပြင်းချကာ သူမစိတ်ထဲမှ ဒေါသကို မြိုသိပ်လိုက်ရသည်။
နာလန်လန်နှင့် သူမမိသားစုတို့ နေရာတွင်ထိုင်နေသည်ကို ရှီမာယူယူမြင်လိုက်သည်။ နာလန်လန်သည် မူရုန်အန်း၏ ဘေး၊ ထောင့်စွန်းတွင်ထိုင်လိုက်သည်။
မူရုန်အန်းသည် ထိုအချိန်တွင် ရှီမိုလီအား ပျော်ရွှင်စွာပင် ချော့မော့နေခဲ့သည်။ သူ့ဘေးတွင် တစ်စုံတစ်ယောက်လာထိုင်သည်ကို ခံစားမိသဖြင့် သူမမျှော်လင့်ပဲ လှည့်ကြည့်လိုက်သည်။ သူ သာမာန်ကြည့်လိုက်ခြင်းဖြစ်ပေမယ့် ရင်းနှီးနေသော ပုံရိပ်အားတွေ့လိုက်ရာ ကြက်သေသေသွားခဲ့သည်။
မူရုန်အန်း၏ အကြည့်အား နာလန်လန်ခံစားမိသဖြင့် သူမခေါင်းလှည့်ကာ ဖျော့တော့သော အပြုံးအားပြုံးပြခဲ့ပြီး “မူရုန်အန်း မတွေ့တာကြာပြီနော်” နာလန်လန် ညင်သာစွာပင်ပြောလိုက်သည်။
“အင်း.. မတွေ့တာကြာပြီ” နာလန်လန်၏ အပြုံးကြောင့် မူရုန်အန်း တုန်လှုပ်သွားပြီး မသက်မသာဖြစ်သွားသည်။ ထို့ကြောင့် ရှက်ရှက်ဖြင့် တစ်ခွန်းထဲဖြေကာ ပြန်လှည့်သွားလေသည်။
“မိန်းကလေးနာလန်၊ မတွေ့တာကြာပြီ” ရှီမိုလီသည် ပြုံးကာ နာလန်လန်အားနှုတ်ဆက်လိုက်သည်။
“မင်းပူလွောင်တောင်တန်းသွားတုန်းက ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တယ်လို့ ငါ့အဖေဆီကကြားတယ်၊ အခုရော သက်သာသွားပြီလား” ရှီမိုလီမေးလိုက်သည်။
ရှီမိုလီသည် မူရုန်အန်းအားလက်ချိတ်ထားသည်ကို နာလန်လန်ကြည့်လိုက်သည်။ နာလန်လန်သည် အေးစက်သောအကြည့်ဖြင့်ကြည့်ကာ နှုတ်ခမ်းစူလိုက်သည်။
“ရှီမိန်းကလေး စိတ်ပူပေးတဲ့အတွက်ကျေးဇူးပါ အခုအကုန်ပြန်ကောင်းနေပါပြီ၊ ပြီးတော့ ငါတို့နာလန်မျိုးနွယ်က မင်းအဖေဆီကဆေးတွေရဖို့ ပိုက်ဆံတွေတော်တော်များများသုံးလိုက်ရသေးတယ်၊ အဲဒါမှာ အကျိုးမရှိဘူးဆိုရင်လည်း ဆရာရှီရဲ့ဆေးဖော်တာတွေက အလကားဖြစ်သွားမှာပေါ့” နာလန်လန်သည် ငေါ့၍ပြန်ဖြေသည်။
ရှီမိုလီ၏ အပြုံးများရပ်တန့်သွားသည်။ သူမအဖေက လူတွေကို ငွေညစ်နေတယ်လို့ လူကြားထဲမှာ ဒီနာလန်လန်က စောင်းမြောင်းပြေလိုက်တာလား၊ ရှီမိုလီ အံကြိတ်ကာပြောလိုက်သည် “မင်းပြန်ကောင်းတာတာ တော်သေးတာပေါ့၊ မူရုန်အန်းနဲ့ ငါနဲ့ မင်းကိုစိတ်ပူလို့ လာလည်မလို့တောင်စဉ်းစားနေတာ…. ပြီးတော့ မင်းတို့နှစ်ယောက်ကည်း သူငယ်ချင်းကောင်းဖြစ်ခဲ့တာပဲ၊ ဒါပေမယ့် မူရုန်အန်းကလည်း ငါ့အဖေရဲ့ တပည့်ဖြစ်သွားပြီး ငါတို့လည်း မင်္ဂလာဆောင်အတွက်ပြင်ဆင်နေရလို့ မအားဘူးဖြစ်နေတာ၊ အချိန်မပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်””
“မင်းတို့က လက်ထပ်တော့မှာလား” နာလန်လန်သည် မူရုန်အန်းအားမေးလိုက်သည်။
“ဟုတ်တယ်” မူရန်အန်း တိုက်ရိုက်ပင် ဖြေလိုက်သည်။
“ငါတို့နာလန်မျိုးနွယ်ကို မင်္ဂလာဖိတ်စာပို့ရင် နာလန်မိန်းကလေးသေချာပေါက်တက်မှာမလား” ရှီမိုလီပြန်ပြောလိုက်သည်။
နာလန်လန်သည် စားပွဲအောက်တွင် စကပ်အားတင်းကျပ်စွာဆုပ်ကိုင်ထားကာ အားငယ်စွာဖြင့် ပြန်ပြောလိုက်သည် “မိန်းကလေးရှီမင်းတို့နှစ်ယောက် လက်ထပ်ရမယ်လို့တကယ်ထင်နေတာလား”
“နာလန်မိန်းကလေး အဲဒါဘာကိုဆိုလိုတာလဲ” ရှီမိုလီမျက်နှာပျက်သွားသည်။
“ဘာအဓိပ္ပာယ်မှတော့မဟုတ်ပါဘူး၊ ကြောင်သူတော်ကြွက်သူခိုးက လူသစ်ကိုနှစ်သက်မြဲပဲလေ…. ဒီလို လူကြီးသူကောင်းယောင်ဆောင်တဲ့သူကို မိန်းကလေးရှီနှစ်သက်ရင်တော့ ငါက မင်းတို့နှစ်ယောက်ကို သေချာပေါက်ဂုဏ်ပြုပေးရမှာပေါ့” စကားပြောပြီးသည်နှင့် နာလန်လန်သည် ခေါင်းပြန်လှည့်ကာ ထိုဖက်သို့ နောက်ထပ်မကြည့်တော့ပေ။
“မင်း….ဟင်း” နာလန်လန်သည် ထပ်ပြီးစကားမပြောချင်တော့သည်ကိုတွေ့သည်နှင့် ရှီမိုလီစကားပြောခြင်း ရပ်လိုက်သည်။
ရှီမာယူယူသည် သူုတို့နှစ်မျက်နှာချင်းဆိုင်တွင်ရှိနေပြီး ပွဲကြီးပွဲကောင်းကို ပျော်ရွှင်စွာကြည့်နေခဲ့သည်။ နာလန်လန်သည် ကောက်ကျစ်၍ ညှိနှိုင်းရန်ခက်ခဲသောသူဖြစ်သည်။ ထိုနေ့သည် နေ့ထူးနေ့မြတ်ဖြစ်သည်ကို သူမစဉ်းစားကာ ရုပ်ဆိုးသော မြင်ကွင်းဖြစ်မလာစေရန် သူမဒေါသအားမြိုသိပ်လိုက်ရသည်။
ခဏအကြာတွင် ရှီလေနှင့် ဝူလင်းတို့သည် ခန်းမသို့ရောက်ရှိလာသည်။ အဂ္ဂိရတ်ပညာရှင်အသင်း၊ သားရဲထိန်းကျောင်းသူများအသင်း နှင့် ဝိညာဉ်သခင်များအသင်း များ၏ ကိုယ်စားလှယ်များသည်လည်း အသီးသီး ခန်းမသို့ဝင်လာကြသည်။ ထိုအခြေအနေသည် မကြာခင်စားပွဲစတင်တော့မည်ကို ပြသနေသည်။
ရှီမာယူယူ ထိုလူများအား ကြည့်လိုက်သည်။ ဝူလင်းမှလွဲ၍ ကျန်သောသူများသည် ဖော်ရွေ၍ ကြင်နာမှုရှိကြသည်။
ထိုအချိန်တွ်င ရှီမာလိုင်သည် အပြင်မှဝင်လာကာ သူ့နေရာတွင် ထိုင်လိုကသည်။ ရှီမာယူယူ သူ့အားအသိပေးသော အကြည့်ကြည့်လိုက်ပြီး ရှီမာလိုင်ခေါင်းညိတ်လိုက်သည်။
ထိုအရာအားကြည့်ပြီး ရှီမာယူယူနူးညံ့သောအပြုံးပြုံးလိုက်သည်။
ခဏအကြာတွင် ဘုရင်ကြီးသည် အကြီးဆုံးမင်းသားနှင့် မင်းသား၃တို့နှင့်အတူ ခန်းမထဲ ဝင်လာသည်။ အကြောင်းအရင်းအားမသိရသော်လည်း သူ့ကြည့်ရသည်မှ မသာမယာဖြစ်နေသည်။ ဘုရင်ကြီးသည် ဧည့်သည်များကို အားတင်းကာအပြုံးဖြင့် ဧည့်ခံနေရသည်။
“ဘုရင်ကြီးမွေးနေ့အတွက် ဂုဏ်ပြုပါတယ်၊ ဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေ” ဧည့်သည်များအားလုံးသည် မတ်တတ်ရပ်ကာ ဆုတောင်းကြသည်။
“ဒီဘုရင်ကြီးမွေးနေ့ကို လာပြီးဂုဏ်ပြုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ အားလုံးထိုင်ကြပါ” ဝမ်ဝူဖန်သည် ဧည့်သည်များအားလုံးကို လက်ဝှေ့ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဘုရင်ကြီး” ဧည့်သည်များအားလုံးထိုင်သွားကြသော်လည်း ဝူလင်းသည် မတ်တတ်ရပ်ကျန်နေခဲ့သည်။ “ဒီနေ့က ဘုရင်ကြီးရဲ့မွေးနေ့ဆိုတော့ ကျွန်တော်တို့အဂ္ဂိရတ်ပညာရှင်အသင်းက ဘုရင်ကြီးအတွက် အထူးမွေးနေ့လက်ဆောင်ပြင်ဆင်လာပါတယ်၊ ဘုရင်ကြီးမငြင်းဖို့မျှော်လင့်ပါတယ်”
“သခင်ဝူ ဘာပြောလိုက်တာလဲ၊ ဒီဘုရင်ရဲ့ စားပွဲကိုတက်ပေးတာပဲပျော်လှပြီ အဲလောက်ဆိုလုံလောက်တယ်” ဝမ်ဝူဖန်သည် ပြုံးကာမှတ်ချက်ပေးလိုက်သည်။
ဝူလင်း လက်ဆောင်သေတ္တာအားထုတ်ကာ တော်ဝင်နန်းတွင်းသူများကို ပေးကာ ဝမ်ဝူဖန်လက်ထဲသို့ ထည့်စေလိုက်သည်။
“ဘုရင်ကြီးခင်ဗျာ ဒါကတော့ ဒီနှစ်တစ်ဝက်မှာကျွန်တော် ဆေးဖက်ဝင်တွေရှာပြီး အထူးဖြင့်ဖော်ထားတဲ့အဆင့်လေးတော်ဝင်ဆေးဖြစ်ပါတယ်၊ ဒီဆေးက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပြတ်ကောင်းစေပါတယ်၊ ဘုရင်ကြီးရဲ့ ဒဏ်ရာတွေကြောင့် ခန္ဓာကိုယ်သိပ်နေလို့မကောင်းဘူးဆိုတာ ကျွန်တော်ကြားပါတယ်၊ ဘုရင်ကြီးအဲဆေးသောက်ရင် မြန်မြန်သက်သာပါလိမ့်မယ်” ဝူလင်းရှင်းပြသည်။
“တကယ်လား ကောင်းတယ် ကောင်းတယ်” ဝမ်ဝူဖန်သည် စိတ်လှုပ်ရှားစွာပင် သေတ္တာအားဖွင့်ကြည့်ရာ ရွှေဆေးသည် အထဲတွင်ရှီနေသည်ကိုတွေ့လိုက်ရသည်။ သူ့ဒဏ်ရာများသည် သူ့ကျင့်ကြံခြင်းတွင် အားစိုက်မှုများကြောင့် အနည်းနဲ့အများကျန်ခဲ့ခြင်းဖြစ်သည်။ ထိုဆေးအားတွေ့သည်နှင့် စိတ်လှုပ်ရှားသွားကာ သူ့ခံစားချက်အား စကားနှင့်ပင် ဖော်ပြ၍မရနိုင်တော့ပေ။
ကြည့်နေသောဧည့်သည်များသည်လည်း ဝမ်းဝူဖန်လက်ထဲမှ ပြဒါးရှင်လုံးကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
ရှီမာယူယူ မျက်စိမှေးကာ နှုတ်ခမ်းမဲ့လိုက်သည်။ အဲဒါ တော်ဝင်ဆေးလေးပဲဟာ ဘာတွေအဲလောက်စိတ်လှုပ်ရှားနေကြတာလဲ။