Switch Mode

အခန်း ( ၃၉ )

အမှန်တရားဆိုသည်မှာ

ဝမ်ပေါင်လဲ့၏ စကားသံမှာ အင်အားတစ်ခုအသွင် ပြောင်းလဲသွားသကဲ့သို့ပင်။ သူ၏ စကားသံကြောင့် ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးထဲရှိ လူများ၏ ‌သွေးခုန်နှုန်းများမှာ မြန်ဆန်လာပြီး သူတို့၏ မျက်လုံးများမှာလည်း အရောင်တောက်လာကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုမိန်းကလေးအတွက် တရားမျှတမှုကို ရယူပေးသည့်အနေဖြင့် သူတို့အား တောင်းပန်ခိုင်းနေခြင်း ဖြစ်သည်။

လူအုပ်ကြီးထဲမှ လူများမှာ ထိုကဲ့သို့ လုပ်နိုင်စွမ်း မရှိပါသော်လည်း သူတို့၏ရှေ့တွင် ထိုကဲ့သို့ လုပ်နေသည့်လူတစ်ယောက်ကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားကြသည်။ သူတို့က လက်ချောင်းများ တင်နင်းခံနေရသည့် လူငယ်လေးကိုကြည့်ရင်း သွေးများ ပွက်ပွက်ဆူလာကြတော့သည်။

” ရပ်စမ်း။ မင်း ဘာကောင်ကြီး ဖြစ်နေဖြစ်နေ ဒုက္ခလှလှ တွေ့တော့မှာ ”

” ဒီလို ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုအတွက် အကြမ်းဖက်ရဲ‌တယ်ပေါ့ ”

ကောင်းကင်တာအိုကျောင်းမှ အခြားကျောင်းသားသုံးယောက်မှာ ထိတ်လန့်တုန်လှုပ်နေကြတော့သည်။ သူတို့မှာ သူတို့၏ ကြောက်စိတ်များကို ဖုံးကွယ်ရန်အတွက် ဝမ်ပေါင်လဲ့အား ဒေါတသကြီး ကျိန်ဆဲကာ သတ္တိရှိချင်ယောင် ဆောင်နေကြသည်။

ကျန်းလန်မှာမူ ဝမ်ပေါင်လဲ့က သူ၏ လက်ချောင်းများကို တက်နင်းထားသောကြောင့် အံကြိတ်ကာ ထိုနာကျင်မှုကို သည်းညည်းခံရင်း ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေ၏။ အကယ်၍ အကြည့်များသာ လူသတ်နိုင်စွမ်း ရှိမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သေဆုံးနေလောက်ပြီ ဖြစ်သည်။

” ငါတို့ကိုအနိုင်ကျင့်ရတာ ကျေနပ်နေလား။ မင်း အခုလောလောဆယ်တော့ ကျေနပ်နေဦးပေါ့ကွာ။ မင်းက ငါတို့ထက် သုံးနှစ် လေးနှစ်လောက် ပိုစောပြီး ကျင့်ကြံထားလို့သာ အစွမ်းထက်နေတာပါ။ ဒါပေမဲ့ ငါတို့ရဲ့ အနာဂတ်တွေက မတူဘူးကွ။ နောက်ထပ် နှစ်အနည်းငယ်ကြာရင် မင်းက ငါတို့ရှေ့မှာ ဘာကောင်မှ ဟုတ်တော့မှာ မဟုတ်ဘူး ”

ကျန်းလန်၏ မျက်လုံးများထဲတွင် အလွန် ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် ပြည့်နှက်နေ၏။ သူသည် အံကြိတ်ကာ တရှူးရှုး တရှဲရှဲနှင့် အသက်ရှူရင်း စကားလုံး တစ်လုံးချင်းစီတိုင်းကို မုန်းတီးမှုအပြည့်ဖြင့် ဆိုလိုက်၏။
” မင်းလိုမျိုး လူတွေကို ငါ အများကြီး မြင်ဖူးထားပြီးသား။ မင်း ငါတို့ကို သတ်ရဲလား။ ဒါ ကောင်းကင်မြို့တော်ကွ။ ငါတို့ကလည်း ကောင်းကင်တာအိုကျောင်းက ကျောင်းသားတွေကွ။ မင်း အဖမ်းခံရဖို့သာ ပြင်ထားတော့ ”

” ငါတို့က အမှားလုပ်ခဲ့ရင်တောင် ကောင်းကင်တာအိုကျောင်းကပဲ ငါတို့ကို မေးခွန်းထုတ်ခွင့်ရှိတယ်။ မင်းလိုမျိုး ဘာမှမဆိုင်တဲ့ကောင်က ငါ့ကို အမိန့်ပေးပိုင်ခွင့် လုံးဝမရှိဘူး ”

ကျန်းလန်မှာ ထိုကဲ့သို့ ကြိမ်းဝါးရင်း သူ၏ မျက်လုံးများထဲမှ အမုန်းတရားများမှာ ပို၍ပင် ကြီးထွားလာတော့သည်။

” ငါ့မှာ မင်းကို အမိန့်ပေးပိုင်ခွင့်မရှိဘူး ဟုတ်လား ”
ဝမ်ပေါင်လဲ့က သူ့အား မထီမဲ့မြင်သည့် အမူအရာနှင့် ကြည့်နေသည့် လူငယ်လေးအား ကြည့်ကာ မေးလိုက်၏။ ထို့နောက် သူသည် ကြောက်ရွံ့နေပါသော်လည်း စိတ်ထဲတွင် သူ့အား ရွံရှာစက်ဆုပ်နေသည့် လူငယ်လေးသုံးယောက်အား ကြည့်၍ ခေါင်းညိတ်ကာ မေးလိုက်၏။

” အဲဒါဆိုရင် ကောင်းကင်တာအိုကျောင်းက ဓမ္မလက်နက်ဌာနရဲ့ ဝိညာဉ်ကျောက်တုံးခန်းမ ကျောင်သားခေါင်းဆောင်ဖြစ်နေရင်ရော မင်းကို အမိန့်ပေးခွင့်ရှိလား ”

ဝမ်ပေါင်လဲ့မှာ ထိုသို့မေးလိုက်ပြီး သူ၏ မျက်နှာဖုံးကိုချွတ်ကာ သူ၏ ခန္ဓာကိုယ်အား ဆန့်လိုက်သောအခါ သူ၏ ဝတ်ရုံအောက်ရှိ တင်းကျပ်နေသော အဝတ်အစားများမှာ တစ်စစီ ဆုတ်ပြဲသွားသဖြင့် သူ၏ လုံးဝန်းသော ခန္ဓာကိုယ်မှာ တစ်ဖန်ပြန်၍ ပေါ်လာတော့သည်။

” မင်းက…. ”

” ကျောင်းသားခေါင်းဆောင်ပါလား ”

” မဖြစ်နိုင်တာ ”

ဝမ်ပေါင်လဲ့က ထိုမေးခွန်းကို မေးလိုက်ပြီး သူ၏ မျက်နှာဖုံးကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသား သုံးယောက်မှာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား အော်ဟစ်လိုက်ကြတော့သည်။ သူတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်ချောက်ချားမှုများနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားပြီး သူတို့၏ မျက်နှာများမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားကြ၏။ ထို့နောက် သူတို့မှာ ခွန်အားအကုန်လုံး ဆုံးရှုံးသွားသည့်အလား မြေပြင်ပေါ်သို့ ဒယိမ်းဒယိုင်ဖြင့် လဲကျသွားကြတော့သည်။

မထီမဲ့မြင့် အမူအရာနှင့် ရှိနေခဲ့သည့် ကျန်းလန်မှာမူ ခန္ဓာကိုယ်တစ်ခုလုံး စတင် တုန်ရီလာ၏။ သူသည် အသက်ရှူသံများပင် မြန်လာပြီး သူ၏ မျက်လုံးအိမ်မှာလည်း ပြူးကျယ်လာရတော့သည်။ သူ၏ အသိစိတ်များမှာ ယောက်ယက်ခတ်သွားပြီး သူသည် စောစောကကဲ့သို့ သတ္တိရှိနေသည့် ပုံစံပင် ဟန်မဆောင်နိုင်တော့ဘဲ အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ရတော့သည်။

” ဝမ်ပေါင်လဲ့ ”

သူတို့၏ အသက်ရှုသံများမှာ ရပ်တန့်သွားပြီး သူတို့၏ အမူအရာများမှာလည်း အဆက်မပြတ် ပြောင်းလဲနေပြီ ဖြစ်သည်။ သူတို့မှာ စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်သော အံ့ဩတုန်လှုပ်မှုများနှင့် ကြောက်ရွံ့ထိတ်လန့်မှုများကို ခံစားနေကြရပြီ ဖြစ်သည်။ သူတို့က တာအိုကျောင်းသားများ ဖြစ်သောကြောင့် မည်သူကိုမှ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ သူတို့က ကောင်းကင်မြို့တော်ရှိ အရာရှိများကိုပင် လျစ်လျူရှုနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ သူတို့နှင့် မတူပေ။ သူသည် ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင်ဖြစ်ရာ သူတို့၏ ကံကြမ္မာများကို ဆုံးဖြတ်နိုင်စွမ်းရှိသည်။

သူတို့မှာလည်း ကံဆိုးစွာဖြင့် ဝမ်ပေါင်လဲ့နှင့် တည့်တည့်တိုးခဲ့ကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား ပြောမိခဲ့သည့် ရက်စက်ကြမ်းကြုတ်သော စကားလုံးများကို ပြန်စဉ်းစားမိလိုက်သည့်အပြင် ဓမ္မလက်နက်ဌာနထဲတွင် ပျံ့နှံ့နေခဲ့သည့် ဝမ်ပေါင်လဲ့နှင့် ပတ်သက်သော ကောလာဟလများကို ပြန်၍ သတိရသွားသောအခါ သက်တမ်းတစ်ဝက်တိတိ ဆုံးရှုံးလိုက်ရသကဲ့သို့ ချက်ချင်းပင် အသားများ တုန်ရီသွားကြတော့သည်။ သူတို့မှာ စိတ်ထဲတွင်ကြိတ်၍ ဝမ်းနည်းပူဆွေးနေကြပြီး သတိမေ့မြောသွားတော့မည့်အလား ခံစားလိုက်ရ၏။

သူတို့၏ ဘေးနားတစ်ဝိုက်မှ အစေခံများမှာလည်း မှင်တက်နေကြပြီ ဖြစ်သည်။ ပေါင်ကြားထဲတွင် အကန်ခံခဲ့ရသည့် အဘိုးကြီးပင် သတိပြန်လည်လာအောင် မနည်းကြိုးစားခဲ့ရ၏။ သို့သော် သူသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပင့်သက်ရှိုက်မိသွားပြီး သတိပြန်လစ်သွားတော့သည်။ သူ၏ အသိစိတ်ထဲတွင် ရက်စက်ကြမ်းကြုတ်သော အတွေးများဖြင့် ပြည့်နေပါသော်လည်း ယခုတွင်မူ သူသည် လက်တုန့်ပြန်ရန်အတွက်ပင် မစဉ်းစားနိုင်တော့ပေ။ သူသည် ဝမ်ပေါင်လဲ့က သူ့အား လက်စားပြန်ချေမည်ကိုပင် စိုးရိမ်နေရတော့သည်။ သူ၏ သခင်လေးမှာ တာအိုကျောင်းသားတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။

” သူက ကျောင်းသားခေါင်းဆောင်တဲ့လား ”

ဘေးနားတစ်ဝိုက်မှ လူများမှာလည်း ထို အပြောင်းအလဲများကြောင့် အံ့ဩတုန်လှုပ်သွားကြ၏။ သူတို့မှာ တအံ့တဩနှင့် အသိစိတ်များ ကယောင်ချောက်ချားဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။ ထိုအပြောင်းလဲများမှာ သူတို့၏ စိတ်ကူးများဖြင့် မမှန်းဆနိုင်လောက်အောင် ကြီးမားနေ၏။

ဝမ်ပေါင်လဲ့ကမူ ကျန်းလန်၏ လက်ချောင်းကို ဆက်၍နင်းကာ တည်ကြည်စွာ မေးလိုက်၏။
” အခုရော … ငါ မင်းကို တောင်းပန်ခိုင်းလို့ ရပြီလား ”

လက်ချောင်းကျိုးနေသည့် ကျန်းလန်တစ်ယောက် စကားမပြောနိုင်ခင်မှာပင် ကောင်းကင်တာအိုကျောင်းမှ အခြားကျောင်းသားသုံးယောက်မှာ ချက်ချင်းဆိုသလိုပင် မတ်တတ်ထလာကြပြီး ထိုကောင်မလေးဆီသို့ ပြေးသွားကာ အလျင်အမြန် တောင်းပန်လိုက်ကြ၏။

” တောင်းပန်ပါတယ် ညီမလေးရယ်။ အစ်ကိုတို့ တမင်တကာ လုပ်ခဲ့တာမဟုတ်ပါဘူး ”

” ကျေးဇူးပြုပြီး အစ်ကိုတို့ကိုခွင့်လွှတ်ပါ ညီမလေး ”

ထိုကျောင်းသားသုံးယောက်မှာ အလွန် စိုးထိတ်နေကြသောကြောင့် စကားသံများပင် တုန်ရီနေကြသည်။ သူတို့က ဝမ်ပေါင်လဲ့၏ ဖမ်းဆီးခြင်းကိုခံရပါက ခံစားရမည့် အကျိုးဆက်များကို ကောင်းကောင်းသိထားကြသောကြောင့် သူတို့၏ လုပ်ရပ်များကို နောင်တရနေကြတော့သည်။ ယခုတွင် သူတို့အားလုံးမှာ စိုးရိမ်ကြောင့်ကြနေပြီး မျက်ရည်စက်လက် ဖြစ်နေကြပြီဖြစ်သည်။

ကျန်းလန်မှာ သူ၏ လက်ချောင်းများကို ဝမ်ပေါင်လဲ့က တက်နင်းထားဆဲ ဖြစ်သော်လည်း အလွန် ထိတ်လန့်တုန်လှုပ်နေသောကြောင့် ထိုနာကျင်မှုကိုပင် မေ့ပျောက်သွားရတော့သည်။ ထို့နောက် သူသည် ချက်ချင်းပင် တောင်းပန်လိုက်၏။ ဝမ်ပေါင်လဲ့ မျက်နှာဖုံးကို ချွတ်လိုက်သည့် အချိန်မှစ၍ သူ၏ မောက်မာဝင့်ကြွားမှုအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတော့သည်။

သူသည် သူ၏ အမှားကို ပြန်လည်ပြုပြင်သည့်အနေဖြင့် သူ၏ ဘေးမှ လူသန်ကြီးများကို အော်ဟစ်ကြိမ်းမောင်းကာ ထို ကလေးမလေးအတွက် အကောင်းဆုံးဆေးရုံနှင့် အကောင်းဆုံးသမားေတာ်များကို ရှာဖွေပေးရန် အမိန့်ပေးလိုက်၏။ ထို့အပြင် ထိုမိန်းကလေး၏ မိဘများကိုပါ ရှာဖွေပြီး နစ်နာကြေး ထိုက်ထိုက်တန်တန် ပေးရန်လည်း မှာကြားလိုက်၏။

ထိုလူသန်ကြီးများမှာလည်း ဝမ်ပေါင်လဲ့အား ရိုသေလေးစားမှုအပြည့်ဖြင့် ကြည့်နေကြ၏။ သူတို့က ဝမ်ပေါင်လဲ့၏ ခွင့်ပြုချက်ကို ရရှိသွားသောအခါ ပြေးထွက်သွားကြပြီး ထိုကလေးမလေးအား ဂရုတစိုက်နှင့် ပွေ့ချီကာ အမြန်ဆုံးနည်းဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်တော့သည်။

အနာဂတ်တွင်လည်း သူတို့မှာ မဟုတ်မဟတ် လုပ်ရဲတော့မည်မဟုတ်ဟု ဝမ်ပေါင်လဲ့ ယုံကြည်ထားသည်။ ထိုလေးယောက်၏ အနာဂတ်နှင့် ကံကြမ္မာများကို သူ လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် ဆုံးဖြတ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။

” ငါ မင်းတို့လေးယောက်ကို ရိုက်နှက်ကန်ကျောက်ပြီးမှ ကျောင်းစည်းကမ်းထိန်းသိမ်းရေးဆောင်ဆီကို ဆွဲခေါ်သွားရမလား။ ဒါမှမဟုတ် ငါ့နောက်ကနေ ကျိုးကျိုးနွံနွံနဲ့ လိုက်လာမလား။ ကြိုက်တာရွေး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ အေးစက်စက် ဆိုလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ တာအိုကျောင်းဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။

ထိုကျောင်းသားလေးယောက်မှာ ကြောက်ရွံ့မှုများနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေသော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့မှာ သည်းညည်းခံ၍ မတ်တတ်ထလာကြပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသောမျက်နှာများဖြင့် ဝမ်ပေါင်လဲ့၏ နောက်သို့ လိုက်သွားကြတော့သည်။ သူတို့မှာ သင်္ဘောပျံကြီးကိုပင် လှည့်မကြည့်နိုင်တော့ပေ။

သူတို့က ဝမ်ပေါင်လဲ့၏ နောက်မှလိုက်၍ ဓမ္မလက်နက်တောင်ထိပ်ဆီသို့ ပြန်သွားသည့် လမ်းတစ်လျှောက် တုန်လှုပ်ချောက်ချားနေကြ၏။ ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဆောင်သို့ ရောက်သောအခါ သူတို့မှာ စကားတစ်ခွန်းပင် ပြန်မပြောရဲကြဘဲ အချုပ်ခန်းများထဲသို့ ရောက်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုကိစ္စအတွက် သူတို့အား ပြင်းပြင်းထန်ထန် အပြစ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူသည် ဝိညာဉ်ကျောက်တုံးခန်းမ၏ ကျောင်းသားခေါင်းဆောင်အဖြစ်သို့ ရောက်လာခဲ့သည့် အချိန်မှစ၍ ထိုကဲ့သို့သော ကိစ္စများအပေါ် အာရုံသိပ်မစိုက်ခဲ့ပေ။ ယခုမှာ သူကိုယ်တိုင် ဖမ်းဆီးချုပ်နှောင်မှုကို ပြုလုပ်ခဲ့သည် ပထမဆုံးအကြိမ် ဖြစ်သည်။

လျှိုတောက်ပင်းနှင့် တခြားစစ်ဆေးရေးမှူးများမှာ ထိုအကြောင်းကို ဖြစ်ကြောင်းကုန်စင် သိရှိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့်ပတ်သက်၍ ဒေါသအမျက်ချောင်းချောင်း ထွက်နေသည်ဖြစ်ပြီး ထိုအမှုအား မည်သူကမှ ပြုပြင်ပြောင်းလဲ၍မရအောင် လုပ်လိုက်မည်သာဖြစ်ကြောင်း သိသွားကြသည်။

ထို့အပြင် မျက်မြင်သက်သေများစွာလည်း ရှိနေသေးသည်။ ထို့ကြောင့် တာအိုကျောင်းမှာ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်လုပ်ရန်သာ လိုအပ်သည်။ ထို့နောက် ထိုအမှုအား တာအိုကျောင်း၏ ကျောင်းတွင်းတရားရုံးဆီသို့ လွှဲပြောင်းကာ သူတို့အား စုံစမ်းစစ်ဆေးခိုင်းလိုက်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူချမှတ်လိုသော ပြစ်ဒဏ်ကိုပါ ဖော်ပြလိုက်၏။

၎င်းမှာ ကျောင်းထုတ်ရန်ပင် ဖြစ်သည်။

ထိုကဲ့သို့ အလွန် စက်ဆုပ်ဖွယ်ကောင်းလှသည့် အမှုကို သူသည် သက်သေအပြည့်အစုံနှင့်တကွ သူကိုယ်တိုင် ဖမ်းဆီးနိုင်ခဲ့သည်ဖြစ်ရာ ဒုပါမောက္ခပင် ဆန္ဒရှိလျှင်တောင် ထိုကိစ္စအား ဖိအားပေးနိုင်ရန် မလွယ်ကူပေ။ ထို့ကြောင့် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့ ချမှတ်လိုသော ပြစ်ဒဏ်အတိုင်း ဖြစ်သွားမည်သာ ဖြစ်သည်။

ထိုကိစ္စမှာ ဓမ္မလက်နက်ဌာနထဲတွင် အလျင်အမြန်ပင် ပျံ့နှံ့သွား၏။ ထိုသတင်းကိုကြားလိုက်ရသည့် ကျောင်းသားတိုင်းထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့မှာ အနာဂတ်တွင် ထိုကဲ့သို့မလုပ်မိစေရန် သူတို့ကိုယ်သူတို့ ပြန်၍သတိပေးနေကြပြီး ကျောင်းသားအများစုမှာ ကျိန်ဆဲနေကြတော့သည်။

သူတို့မှာ ဝမ်ပေါင်လဲ့အား ကျိန်ဆဲနေခြင်းမဟုတ်ဘဲ ဓမ္မလက်နက်ဌာနအား နာမည်ဖျက်ခဲ့သော ဆန်ကုန်မြေလေးများကို ကျိန်ဆဲနေကြခြင်းဖြစ်သည်။ ထိုသတင်းများမှာ ဝိညာဉ်ကွန်ရက်ပေါ်တွင်လည်း ချက်ချင်းပင် ပျံ့နှံ့သွားပြီး လူအများ၏ ထောက်ခံအားပေးမှုများကို ရရှိသွားကြတော့သည်။

တာအိုကျောင်းထဲတွင် ထိုကျောင်းသားလေးယောက်ကဲ့သို့ မောက်မာဝင့်ကြွားသူများမှာ များများစားစား မရှိကြပေ။ သူတို့မှာ လူသားများသာမက နတ်ဘုရားများကိုပါ အမျက်တော်ရှစေနိုင်လောက်သည့် ပြစ်မှုများကို ကျူးလွန်ခဲ့သည်ဖြစ်ရာ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရသည်မှာ မထူးဆန်းပေ။

တစ်ပြိုင်နက်ထဲမှာပင် ထိုကိစ္စကြောင့် ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းမှာ ထပ်၍ ပျံ့နှံ့သွားရပြန်သည်။ မိန်းကလေးများစွာ ထိုကိစ္စအကြောင်းကို ကြားသိလိုက်ရပြီးနောက် ဝမ်ပေါင်လဲ့အား ပို၍ပင် သဘောကျနှစ်သက်သွားကြတော့သည်။

မှော်ဆေးရည်ဌာနမှ မိန်းမပျိုလေးများဆိုလျှင် သူ့အား ပို၍ပင် အထင်ကြီးလေးစားသွားကြတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့က သူတို့၏ ဆေးလုံးများကို အသုံးပြုကာ လူတစ်ယောက်အား ကယ်တင်ပေးခဲ့သည်ဖြစ်ကြောင်း သိလိုက်ရသောအခါ အသံလွှင့်လက်စွပ်များမှတစ်ဆင့် ဝမ်ပေါင်လဲ့အား မေးမြန်းဆက်သွယ်လိုက်ကြ၏။ တချို့ သတ္တိကောင်းသည့် မိန်းကလေးများဆိုလျှင် သူ့အား ချိန်းတွေ့ရန်ပင် တောင်းဆိုလိုက်ကြ၏။

ထိုကျောင်းသားလေးယောက်၏ မိသားစုများမှာလည်း ထိုသတင်းကို ကြားသိလိုက်ရသောအခါ စိုးရိမ်သောကရောက်သွားကြသည်။ သူတို့မှာ သနားညှာတာပေးရန်အတွက် သူ့ဆီသို့ လူများစေလွှတ်ကာ အကောင်းဆုံးကြိုးစား၍ တောင်းပန်ခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့ကမူ သူတို့ကို လျစ်လျူရှုထားလိုက်၏။

ထို့ကြောင့် သူတို့မှာ အားကိုးရာ မဲ့သွားကြသဖြင့် လျှိုတောက်ပင်းနှင့် အခြားစစ်ဆေးရေးမှူးများထံ အကူအညီ တောင်းလိုက်ကြ၏။ သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့၏ ဤကိစ္စအပေါ်ထားရှိသော သဘောထားကို သိထားကြသည်ဖြစ်ရာ မည်သူကမှ လာဘ်မစားရဲကြဘဲ ထိုတောင်းဆိုမှုများကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ကြသည်။

နောက်ဆုံးတွင် ထိုကျောင်းသားလေးယောက်၏ မိသားစုများမှာ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်သော ချောင်ခွင်းဆီသို့ သွားလိုက်ကြတော့သည်။

ထိုညတွင် ဝိညာဥ်အမြုတေခန်းမထဲ၌ ထိုခန်းမ၏ ကျောင်းသားခေါင်းဆောင်ဖြစ်သော လင်းတျန်ဟောက်မှာ ရှေ့ဟောင်းစာလိပ်တစ်လိပ်ကို ကိုင်ရင်း ဝိညာဉ်လက်ဖက်ရည်တချို့ကို မြည်းစမ်းနေ၏။ ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင် ချောင်ခွင်းမှာ သူ၏ ဘေးတွင် ရပ်ရင်း သူ့အား တိုးတိုးလေး စကားပြောနေ၏။

” အစ်ကိုလင်း … တခြားလူတွေကို လျစ်လျူရှုလို့ရပေမယ့် ကျန်းလန်ရဲ့ မိသားစုမျိုးနွယ်စုက ပဉ္စမအဆင့်ရှိတဲ့ နတ်ဘုရားရတနာတစ်ပါးကို ပေးဖို့ အဆင်သင့် ဖြစ်နေတာဗျ ”

လင်းတျန်ဟောက်မှာ ထို ‘ နတ်ဘုရားရတနာ ‘ ဆိုသော စကားလုံးများကို ကြားလိုက်ရသောအခါ အတွေးနယ်ချဲ့နေသည့် အမူအရာဖြင့် အနည်းငယ် ခေါင်းမော့လာ၏။ ပထမအဆင့်နှင့် ဒုတိယအဆင့် ပစ္စည်းများကို ဓမ္မအဆောင်များဟု ‌ခေါ်ဆိုကြသည် ဖြစ်ပြီး တတိယအဆင့်မှနေ၍ ဆဋ္ဌမအဆင့်အထိ ရှိသော ပစ္စည်းများကို နတ်ဘုရားရတနာများဟု ခေါ်ဆိုကြသည်။ သတ္တမအဆင့်သို့ ရောက်လျှင်မူ ၎င်းတို့ကို ဓမ္မလက်နက်များဟု သတ်မှတ်ကြသည်။

လျှို့ဝှက်ဆန်းကြယ်ရတနာများမှာ နဂိုကတည်းက အလွန် တန်ဖိုးကြီးသော ပစ္စည်းများဖြစ်ရာ ပဉ္စမအဆင့်ရှိသော နတ်ဘုရားရတနာတစ်ပါးဆိုလျှင် ရှင်းပြနေစရာပင်မလိုပေ။ လင်းတျန်ဟောက်ပင် စိတ်နှလုံး လှုပ်ရှားသွားရ၏။ ထို့ကြောင့် သူသည် အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး ဒုပါမောက္ခအား တိုက်ရိုက် မေးမြန်းလိုက်တော့သည်။ ထို့နောက် သူသည် ထိုအသံလွှင့်လက်စွပ်အား ပြန်၍ချလိုက်ပြီး အနည်းငယ် ပြုံးလိုက်၏။

” တာအိုကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်‌တွေကို ဆန့်ကျင်တဲ့ အဆိုပြုချက်က နောက် ရက်အနည်းငယ်အတွင်း စတော့မှာ။ ဓမ္မလက်နက်ဌာနမှာ အရင်ဆုံး အစမ်းစလုပ်မှာလို့ ပြောတယ်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က လတ်တလော တော်တော်ကို အလုပ်များနေတာပဲဆိုတော့ … သူ့ကို အနားပေးဖို့ အချိန်ကျပြီ ”
လင်းတျန်ဟောက်မှာ ထိုသို့ဆိုလိုက်ပြီး ဝိညာဉ်လက်ဖက်ရည်ခွက်အား ‌မြှောက်လိုက်၏။ ထိုအခါ သူသည် ထိုခွက်ထဲတွင် ရေသိပ်မကျန်တော့ကြောင့် သတိထားမိလိုက်သည်။ သို့သော် သူ ထိုခွက်အား အောက်သို့ ပြန်မချခင်မှာပင် ချောင်ခွင်းက ၎င်းအား ရေနွေးများဖြင့် ပြန်ဖြည့်ထားပြီးသား ဖြစ်နေပြီ ဖြစ်သည်။

” အချိန်တန်ရင် ငါတို့တွေ ကျန်းလန်နဲ့ တခြားသူတွေကို လွှတ်ပေးလိုက်ရုံပဲ ”
လင်းတျန်ဟောက်မှာ ထိုသို့ဆိုကာ ပြုံးလိုက်ပြီး ဝိညာဉ်ကျောက်တုံးခန်းမ ရှိရာဘက်သို့ မထီမဲ့မြင်အမူအရာဖြင့် လှမ်း၍ကြည့်လိုက်၏။

ချောင်ခွင်းမှာမူ ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset