အခန်း (၁၀၅) နတ်လူသားမျိုးနွယ်တွေအကုန်လုံးကိုမျိုးဖြုတ်ပစ်မယ်
“ဘုန်း…”
ဖုန်းကျီ လွင့်ထွက်သွားသည်။
နောက်ဆုံးအချိန်ထိ… သူ ရသလောက်ကြိုးစားခုခံခဲ့သည်။ သို့သော်… ကျန်းလန်၏ သေစေလောက်သည့် လက်သီးချက်ကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
သေလုဆဲဆဲ အခြေအနေဖြင့် မြေပြင်ထက်လဲကျနေသော ဖုန်းကျီက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
အခြေနေများက နားလည်ရန် ခက်ခဲလွန်းလှသည်။
တိုက်ပွဲတိုင်းတွင် သူက အမြဲတမ်း သူက မုဆိုးဖြစ်ခဲ့သည်။ သို့သော်… ယခုတော့ သားကောင်ဘ၀ ရောက်ရပေပြီ…။
သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲခဲ့ခြင်းကြောင့် ယခုကဲ့သို့ အဖြစ်မျိုး ကြုံတွေ့ရခြင်းလား…။ ဖုန်းကျီ၏ နားလည်ခြင်းတို့ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။
ကျန်းလန်က ဖုန်းကျီရှိရာသို့ လမ်းလျှောက်လာသည်။
ရန်သူက အသက်ထွက်ခါနီး ဖြစ်နေသည့်တိုင် သူက သေချာစေရန် နောက်ထပ်လက်သီးတစ်ချက်လောက် ထပ်ထိုးချင်သေးသည်။
ထိုအခါမှ… တစ်ဖက်လူ လုံး၀ အသက်ပျောက်သွားကြောင်း သေချာစေမည် ဖြစ်သည်။
ထို့ပြင်… ထွက်ပြေးသွားသည့် အဖိုးကြီးကိုလည်း အလွတ်ပေး၍ မဖြစ်သေးပေ။
ဖုန်းကျီ အခြေအနေမဟန်သည်နှင့် ချန်စန်းက စောစောစီးစီးပင် လစ်ပြေးသွားပြီ ဖြစ်သည်။
သို့သော်… ကျန်းလန်က သူ့ကို အလွတ်မပေးခဲ့ပေ။
ထိုအဖိုးကြီးကို အင်မော်တယ်နှောင်ကြိုး အသုံးပြုကာ ထိန်းချုပ်ထားခဲ့သည်။ ထို့ကြောင့် အဘိုးကြီး သူ့လက်မှ ပြေးလွတ်မည် မဟုတ်ပေ။
ဖုန်းကျီက ကျန်းလန်ကို ကြည့်ရင်း…
“မင်း… မင်း… တကယ်ပဲ မစိုးရိမ်ဘူးလား…”
ဟု မေးလိုက်၏။
သူ့ရင်ထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နက်နေသည်။
ကျန်းလန်က လေသံခပ်အေးအေးဖြင့်…
“နတ်လူသားမျိုးနွယ်တွေက ကျုပ်ကို သတ်ပစ်ချင်နေမှတော့… ကျုပ်အတွက် အကောင်းဆုံးနည်းလမ်းက မင်းနဲ့ ပူးပေါင်းဖို့ မဟုတ်ဘူး…”
“ဒါဖြင့်… မင်းက ဘာဖြစ်ချင်တာလဲ…”
သေလုနီးပါး အခြေအနေဖြစ်သော်လည်း ကျန်းလန် ဘာဖြစ်ချင်သည်ကို သူ အမှန်တကယ် သိချင်လှသည်။
ထို့ပြင်… အချိန်ဆွဲထားလိုသောကြောင့်လည်း သူက မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။ ကျန်းလန်ကို အချိန်ဆွဲထားခြင်းအားဖြင့် ချန်စန်း ထွက်ပြေးလွတ်မြောက်သွားနိုင်ချေရှိသည်။
ချန်စန်းသာ လွတ်မြောက်သွားလျှင် ကျန်းလန်လည်း သေချာပေါက် ပြဿနာအကြီးကြီး တက်ပေးလိမ့်မည်။
ယနေ့တိုက်ပွဲအကြောင်းကို နတ်လူသားမျိုးနွယ်များ သိရှိသွားပါက ကျန်းလန်တစ်ယောက် မကြာမီပင် အသက်ပျောက်ကာ တမလွန်တွင် သူ့ကို အဖော်လာပြုရပေလိမ့်မည်။
သို့သော်… ကျန်းလန်ပြောလိုက်သည့်စကားက သူ့စိတ်ဝိညာဉ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ကျန်းလန်၏ အသံက အေးစက်လျှက် ရှိ၏။
“ငရဲသွားတဲ့လမ်းက အေးစက်ပြီး မှောင်မိုက်တယ်… ၊ မင်းတစ်ယောက်တည်းသွားလို့ ဘယ်ကောင်းမလဲကွာ… ၊ မင်းကို အဖော်လုပ်ပေးဖို့ နတ်လူသားမျိုးနွယ်တွေအကုန်လုံးကို မျိုးဖြုတ်ပေးလိုက်မယ်… ၊ အချိန်တော့ နည်းနည်းလောက်စောင့်ပေါ့…”
ဖုန်းကျီ ကျန်းလန်ကို ကြည့်နေ၏။
ဒီလူငယ် မည်သို့သော အရူးစကားများကို ပြောနေပါသနည်းဟု မယုံကြည်နိုင်စွာ မျက်လုံးပြူးရင်း ကျန်းလန်ကို ကြည့်နေခြင်း ဖြစ်၏။
နတ်လူသားမျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်ပစ်ရန်ဆိုသည်မှာ ရူးသွပ်ခြင်းပင် မဟုတ်ပါလား။
“ဘုန်း…”
ကျန်းလန်၏ လက်သီးချက် ဖုန်းကျီထံ ကျရောက်သွားသည်။
ထိုသူကို နောက်ထပ် လျှာရှည်ခွင့် မပေးနိုင်တော့ပေ။ လွတ်သွားသည့် အဘိုးကြီးကို ရှင်းပစ်ရဦးမည် မဟုတ်ပါလား…။
မိုးကောင်းကင်ဝံပုလွေမျိုးနွယ်…
စောစောက ထိုသူ (၂)ယောက်ပြောနေသည့်စကားများမှ ကျန်းလန်သိခဲ့ရသည့် နာမည် ဖြစ်သည်။
ဟိုးယခင်အချိန်က… ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲတွင် ဝံပုလွေကြီးတစ်ကောင်ကို ကျန်းလန် သတ်ဖြတ်ခဲ့ဖူးသည်။
ထိုဝံပုလွေကြီးက မိုးကောင်းကင်ဝံပုလွေမျိုးနွယ် ဖြစ်ဟန်တူ၏။
ယခု… ထိုအဘိုးအကြီးက သေဆုံးသွားသည့် ဝံပုလွေကြီးအကြောင်း စုံစမ်းရန် ရောက်လာသူ ဖြစ်သည်။
ကြည့်ရသည်မှာ… ကျန်းလန်ကတော့ အတော်အတန် စွမ်းအားမြင့်မားသည့် မျိုးနွယ်စုများကို သွားပြီး ရန်စခဲ့မိပြီထင်သည်။
သို့သော်… သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားသည့်အတွက် သိပ်တော့ စိုးရိမ်ခြင်း မရှိပေ။
ဘာပဲဖြစ်ဖြစ်… ပြင်ပလောကကြီးက အန္တရယ်များသည်မှာ အမှန်ပင် ဖြစ်၏။ သူ့အတွက် နဝမတောင်ထွတ်တွင် ကျင့်ကြံနေခြင်းက အန္တရယ်အကင်းဆုံး ဖြစ်ပေလိမ့်မည်။
သူ အင်မော်တယ်ဖြစ်လာသည့်တစ်နေ့တွင်တော့ ရန်သူများကို စိတ်အေးလက်အေး ရင်နိုင်မည် ဖြစ်သလို ပြင်ပလောကသို့ ထွက်ခွာလျှင်လည်း သူ့ကိုယ်သူ အပြည့်အ၀ ကာကွယ်နိုင်စွမ်းရှိမည် ဖြစ်သည်။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ကျန်းလန် ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားသည်။
မကြာမီ… တောစပ်တစ်နေရာတွင် ကျန်းလန် ပြန်ပေါ်လာသည်။
ဤနေရာက တောစပ်ကိုစည်းချထားသည့် နေရာအစွန်းတစ်ခု ဖြစ်သည်။
ချန်စန်းက ထွက်ပြေးလွတ်မြောက်ရန်အတွက် စည်းကိုဖွင့်ထားလေရာ စည်းပေါက်နေသည်ကိုလည်း တွေ့ရသည်။
ထိုအပေါက်မှ ထွက်ခွာသွားနိုင်လျှင် ချန်စန်း လွတ်မြောက်သွားမည် ဖြစ်သည်။
သို့သော်… ကံဆိုးသည်မှာ ကျန်းလန်က သူ့ကို အင်မော်တယ်နှောင်ကြိုးဖြင့် ချုပ်နှောင်ထားသည့်အတွက် ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
သူ ဟန်ချက်ပျက်ကာ မြေပြင်ထက် လဲကျလျှက် ရှိသည်။
ကျန်းလန်အသုံးပြုလိုက်သည့် အင်မော်တယ်နှောင်ကြိုးက အစစ်မဟုတ်ပေ။ သို့သော်… အင်မော်တယ်မဖြစ်သေးသူများကိုတော့ တကယ့်အစစ်နှင့်မခြား ချုပ်နှောင်ထားနိုင်သည်။
အင်မော်တယ်နှောင်ကြိုးက ထွက်ပြေးသူများကို ဖမ်းဆီးရာတွင် အတော်လေး အသုံးဝင်သည့် မှော်ဝင်ပစ္စည်း ဖြစ်၏။
သို့သော်… အင်မော်တယ်များကိုတော့ အကြာကြီး ဖမ်းဆီးထားနိုင်မည် မဟုတ်ပေ။
ကျန်းလန်က စကားတစ်ခွန်းမှ မဆိုဘဲ ချန်စန်းကို စိုက်ကြည့်နေသည်။
ချန်စန်းကလည်း အသက်ချမ်းသာပေးပါရန် ကျန်းလန်ကို အသနားခံခြင်း မရှိပေ။
ချန်စန်းက…
“ကျုပ် မေးခွန်းတစ်ခုလောက် မေးချင်တယ်…”
သူ သေချာပေါက် သေရတော့မည်ကို ချန်စန်း သိရှိနေသည်။
မည်သို့ပင် တောင်းပန်ပါစေ တစ်ဖက်လူက သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။
ဤသည်က အတွေ့အကြုံများက သင်ယူထားသည့် သင်ခန်းစာ ဖြစ်၏။
ကျန်းလန်နေရာတွင် သူဆိုလျှင်လည်း ရန်သူကို အလွတ်ပေးမည် မဟုတ်ပေ။
ကျန်းလန်က…
“ဘာမေးမှာလဲ…”
ချန်စန်းက…
“ကျုပ်အနား နည်းနည်းလောက်တိုးလာပါလား…. နံရံတွေမှာ နားတွေရှိတယ်လေ… ကျုပ်ပြောမယ့်စကားကို တခြားသူတွေ မကြားစေချင်ဘူး…”
ကျန်းလန်က ဒူးတစ်ဖက်ထောက်ကာ ချန်စန်း၏ဘေးနားတွင် ထိုင်ချလိုက်သည်။
သို့သော်… သူတို့ကြားရှိ အကွာအဝေးက အနည်းငယ် ဝေးကွာနေဆဲ ဖြစ်သည်။
ချန်စန်းက ကျန်းလန်ကို ဒီ့ထက်နည်းနည်း သူ့အနားတိုးကပ်လာစေချင်သည်။
ကျန်းလန်က ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီးသည်နှင့် ချက်ချင်းပင် ချန်စန်း၏ မေးဖျားကို လက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ကျန်းလန် ထိုသို့ပြုလုပ်လိမ့်မည်ဟု ချန်စန်း လုံး၀ မျှော်လင့်မထားခဲ့ပေ။
ကျန်းလန်က…
“နံရံမှာနားတွေရှိတယ်ဆိုရင်… ဘာမှ ဆက်မမေးနဲ့တော့…”
ကျန်းလန်၏ အသံက တိုးလျသော်လည်း ခံစားချက်ကင်းမဲ့လွန်းသည်။
ချန်စန်းက ရုန်းကန်ရင်း စကားပြောရန် ကြိုးစားနေ၏။
ကျန်းလန်သာ ဒီထက်နည်းနည်း သူ့အနားတိုးကပ်လာမည်ဆိုလျှင် သူ့အတွက် လွတ်လမ်းရှိလာနိုင်သည်။ သူ့ရင်ထဲတွင် မကျေနပ်ချက်များဖြင့် ပြည့်နက်လျှက်ရှိသည်။
“ဘုန်း…”
ကျန်းလန်၏ လက်သီးအောက်တွင် ချန်စန်း အမှုန့်ကြေသွားခဲ့လေပြီ…။
ကျန်းလန်ကတော့ ထိုင်ရာမှ ထလိုက်ပြီး သွေးမှုံများကြားမှ ထွက်ခွာလာခဲ့သည်။
ထို့နောက်… ပေါက်နေသည့်စည်းကို ဖြတ်ကျော်ကာ တောအုပ်အတွင်းမှ ထွက်လာခဲ့တော့၏။
ကျန်းလန် တောအုပ်အပြင်ရောက်သည်နှင့် ပေါက်နေသည့်စည်းက ချက်ချင်းပြန်ပိတ်သွားခဲ့သည်။ သို့သော်… ကျန်းလန်က အရေးမစိုက်ပေ။
သူက တိုက်ခိုက်မှု ပြုလုပ်တိုင်း သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုထားခဲ့သည်။
ထို့ကြောင့်… ယနေ့တိုက်ပွဲကို အခြားသူများ သိရှိသွားမည်ဆိုလျှင်လည်း ကျန်းလန်ကို သံသယဝင်ကြမည် မဟုတ်ပေ။
မည်သို့ပင် စုံစမ်းမှုများ ပြုလုပ်ပါစေ တိုက်ပွဲကို သူနှင့် ဆက်စပ်မိကြမည် မဟုတ်ပေ။
ထို့ပြင်… ဤနေရာက ရေခဲပုဇဉ်းရင်ကွဲတောအုပ်နှင့် နီးသောကြေင့် ခွန်လွန်တောင်နှင့် အနည်းငယ် အလှမ်းဝေးလေသည်။
ကျန်းလန် တောအုပ်ထဲမှ ထွက်ခွာလာခဲ့သည်။
“လောလောဆယ်တော့ ကိစ္စပြတ်သွားပြီလို့ ယူဆနိုင်ပေမယ့် နတ်လူသားမျိုးနွယ်တွေကတော့ ငါ့ကို သတ်ချင်နေဦးမှာပဲ… ၊ ဒီတစ်ခေါက် တောင်ပေါ်ပြန်ရောက်ရင်တော့ ဘယ်တော့မှ အပြင်မထွက်တော့ဘူး…”
နဝမတောင်ထွတ်ကတော့ သူ့အတွက် အန္တရယ်အကင်းဆုံးနေရာ ဖြစ်သည်။
“နတ်လူသားမျိုးနွယ်တွေက ငါ့ကို အလွတ်ပေးမယ့်ပုံ မပေါ်ဘူး… ၊ ငါလည်း စောစောစီးစီး အစီအစဉ်တွေ လုပ်ထားသင့်တယ်…”
နောက်ပိုင်းကာလများတွင် သူက အင်မော်တယ်အဖြစ် အဆင့်တက်ရန် စမ်းသပ်ခံရခြင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ထို့ကြောင့်… ရန်သူများ၏ ပစ်မှတ်ထားခံရခြင်းက ကောင်းသည့် ကိစ္စ မဟုတ်ပေ။
ပျက်သုဉ်းတစပြင်လောကကြီးတွင် သူ ဘယ်တော့များမှ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာလေမည်လဲ…။
ပြိုင်ဘက်ကင်းဖို့ဆိုသည်က သူ့အတွက် အတော်လေး အလှမ်းဝေးသေးသည်။
အရင်ဆုံး အင်မော်တယ်ဖြစ်လာရင် ကျင့်ကြံရမည် ဖြစ်သည်။ အင်မော်တယ်ဖြစ်မလာသေးသရွေ့ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာရန်မှာ အိပ်မက်မျှသာ ဖြစ်ပေလိမ့်မည်။
ယခုအချိန်ထိတော့… အင်မော်တယ်ဖြစ်လာစေရန် အထောက်အကူပြုမည့် ပစ္စည်းများကို စနစ်က ပေးအပ်ခြင်း မရှိသေးပေ။
ခွန်လွန်တောင်၏ ထူးခြားသည့်နေရာများသို့သွားကာ စနစ်တွင် မှတ်ပုံတင်ကြည့်ရန် ကျန်းလန် စဉ်းစားလိုက်သည်။
အထူးသဖြင့်… ခွန်လွန်တောင်၏ မှော်ရုံနယ်မြေများနှင့် ကျောက်စိမ်းရေကန်သို့ သွားရောက်နိုင်ရန် ကြိုးစားရပေလိမ့်မည်။
………….
ကျန်းလန် ခပ်ဖြည်းဖြည်းပင်လမ်းလျှောက်ရင်း သေရည်ဆိုင်သို့ ထွက်ခွာလာသည်။
သေရည်ဆိုင်တွင် အလုပ်သွားလျှောက်ရဦးမည် မဟုတ်ပါလား။
လမ်းလျှောက်လာရင်း သူရင်ဆိုင်ခဲ့ရသည့်တိုက်ပွဲအကြောင်း ပြန်သုံးသပ်နေမိသည်။ နောက်ပိုင်းတွင်… ရန်သူကို ပိုပြီး သတိထားရပေလိမ့်မည်။
သူ့အနေဖြင့်… အချို့ကိစ္စများကို စူးစမ်းချင်စိတ် လျှော့ချရမည် ဖြစ်သည်။
ဥပမာအားဖြင့်… ချန်စန် နောက်ဆုံးမေးမည့်မေးခွန်းကို သူ ရုတ်တရက် သိချင်သွားမိသည်။
တကယ်တမ်း သူသာ သိချင်စိတ်ဖြင့် ချန်စန်းအနားသို့ တိုးကပ်သွားမိလျှင် မည်သို့သော လှည့်ကွက်မျိုးကို ရင်ဆိုင်ရမည်လဲ မပြောနိုင်ပေ။
သူ… ဖုန်းကျီကို ပြောခဲ့သလိုပင် ဖြစ်သည်။
ပြောသည့်စကားများက ဆီလျော်နေသည့်တိုင် သူ့ကို သတ်ချင်နေသူများကို ကျန်းလန် ယုံကြည်၍ မဖြစ်ပေ။
ရန်သူကို ယုံကြည်မိပါက အချိန်မရွေး အသက်အန္တရယ် ကျရောက်သွားနိုင်သည်။
နတ်လူသားမျိုးနွယ်များက လွယ်ကူသူများ မဟုတ်ကြပေ။ သို့သော်… သူ့ဘက်က စွမ်းအားကြီးနေသရွေ့… ၊ သူ့ လက်သီးချက်က စွမ်းအားပြင်းထန်နေသရွေ့ စိတ်ပူစရာ မရှိပေ။
ယခုတော့… နတ်လူသားမျိုးနွယ်များက သူ့ကို အလွတ်ပေးမည်ဆိုလျှင်တောင်မှ သူကတော့ နတ်လူသားမျိုးနွယ်များကို အလွတ်ပေးနိုင်တော့မည် မဟုတ်ပေ။
သို့သော်… သူ့တွင် အတည်ပြုရမည့်အချက်များ ရှိနေသေးသည်။
ထို့ပြင်… နတ်လူသားမျိုးနွယ်များက မြောက်ရှိုးသေဆုံးသွားသည်ကို သိရှိခဲ့ကြပြီး ဖြစ်သည်။ သို့သော်… မြောက်ရှိုးကို သတ်ဖြတ်ခဲ့သူမှာ သူဖြစ်ကြောင်းကိုတော့ သိရှိကြဟန် မရှိသေးပေ။
ကျန်းလန် အများကြီးမတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။
လောလောဆယ်တွင် အပြင်းအထန် ကျင့်ကြံမှုပြုလုပ်ပြီး အင်မော်တယ်ဖြစ်လာရန် ကြိုးစားရမည် ဖြစ်သည်။
သို့သော်… လက်ရှိပြဿနာတစ်ခုက သေရည်ဆိုင်တွင် အလုပ်သွားလျှောက်ရမည့် ပြဿနာ ဖြစ်၏။
တောင်ပေါ်ပြန်ပြီး တံခါးပိတ်ကျင့်ကြံချင်နေပြီဖြစ်ရာ အလုပ်မရလျှင် ကောင်းမည်ဟု ကျန်းလန် တွေးလိုက်မိသည်။
အလုပ်သာရခဲ့လျှင် အချိန်မည်မျှကြာအောင် အလုပ်လုပ်ပြီး အချိန်ဖြုန်းရဦးမည်လဲ မသိနိုင်ပေ။
ဘာပဲဖြစ်ဖြစ်… အလုပ်ရလျှင်လည်း အကျိုးအမြတ်တစ်ခုခုတော့ ရပေလိမ့်မည်။
နောက်ဆုံးတော့… အလုပ်ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ ဖြစ်သမျှအကြောင်း အကောင်းဟုသာ ကျန်းလန် ယူဆလိုက်တော့၏။
ထိုစဉ်…
“ဂရား…”
“………”
ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြီးနက်ကြီးကြောင့် လမ်းမထက် အတွေးလွန်ရင်း လမ်းလျှောက်နေသော ကျန်းလန် အံ့အားသင့်သွားရသည်။
အသံက ကောင်းကင်ထက်မှထွက်ပေါ်လာခြင်း ဖြစ်ပြီး မိုးကောင်းကင်တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်။
“နဂါးမျိုးနွယ်တွေလား…”
ကျန်းလန် ကောင်းကင်ထက် မော့ကြည့်လိုက်သည်။
ခွန်လွန်တောင်ရှိရာသို့ ဦးတည်ကာ ပျံသန်းသွားသည့် စိမ်းပြာရောင်နဂါးကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
ကြည့်လိုက်ရုံမျှဖြင့် နဂါးကြီးထံမှ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်နေသည်ကို ကျန်းလန် ခံစားလိုက်ရသည်။
နဂါးကြီးက အလွန်မှ စွမ်းအားကြီးမားလွန်းလှ၏။
နဂါးမျိုးနွယ်များ၏ အင်အားကို လျှော့တွက်၍ မရနိုင်ကြောင်း ကျန်းလန် နားလည်လိုက်သည်။
“နဂါးမျိုးနွယ်တွေ တကယ်ရောက်လာတာပဲ… ၊ ဒါပေမဲ့… တစ်ကောင်တည်းရောက်လာတာ… ၊ အုပ်စုလိုက်ရောက်လာတာမှ မဟုတ်တာ… တိုက်ပွဲဖြစ်မယ်လို့တော့ မထင်ပါဘူး…”
သူတောင်ပေါ်မှ ထွက်လာစဉ်က… အခြားတပည့်များ နဂါးမျိုးနွယ်များအကြောင်း ပြောနေသည်ကို ကြားခဲ့ရသည်။
ယခုတော့… ပြောကြသည့်အတိုင်း နဂါးမျိုးနွယ်က ခွန်လွန်တောင်သို့ ရောက်ရှိလာခဲ့ပြီ…။
နဂါးမျိုးနွယ်များရောက်ရှိလာခြင်းကို ကျန်းလန်က သိပ်ပြီး အရေးမစိုက်ပေ။ ဤသည်က တောင်သခင်များနှင့် အကြီးအကဲများ၏ ပြဿနာသာ ဖြစ်သည်။
ခွန်လွန်တောင်တွင်သာ တိုက်ပွဲဖြစ်မည်ဆိုလျှင် ဆရာဖြစ်သူက သူ့ကို သေရည်ဆိုင်တွင် အလုပ်လျှောက်ခိုင်းနေမည် မဟုတ်ပေ။
ထို့ပြင်… နဂါးများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တော့ ကျန်းလန်က ကြိုတင်အရှုံးပေးထားမည် ဖြစ်သည်။
နဂါးတစ်ကောင်ဆိုသည်က သူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိသည့်အရာ ဖြစ်သည်။ သို့သော်… လုန်ယွိကဲ့သို့ နဂါးငယ်လေးဆိုလျှင်တော့ တစ်မျိုးပေါ့လေ…။
လုန်ယွိဟု စဉ်းစားမိသည့်အခါ ကျန်းလန် သူမကို သတိရသွားမိသည်။
နှစ်ပေါင်း (၃၀) အတွင်း သူမသည်လည်း အတော်လေး အရွယ်ရောက်လာပေတော့မည်။
ထို့ပြင်… မူလဝိညာဉ်အဆင့် ၊ နောက်ဆုံးအဆင့်သို့လည်း ရောက်ရှိနေပေလောက်ပြီ…။