အခန်း (၂၅)

“အန်း” တည်းခိုရိပ်သာ

အခန်း (၂၅) “အန်း” တည်းခိုရိပ်သာ

“ဘာဖြစ်လို့လဲ ဒီကဗျာကို မင်း ကြားဖူးနေလို့လား”

ဆန်လျန်၏ မျက်နှာ အမူအရာကို ကြည့်ပြီး လင်ချုန်းရှောင်က မေးလိုက်လေသည်။

“ကြားဖူးတယ်။ဝမ်မျိုးရိုး တာအိုဆရာ တစ်ယောက် ရေးတာမဟုတ်လား”

“အဲဒါတော့မသေချာဘူး။ ဆရာ ပြောတာတွေကို ပြန်စဉ်းစား ကြည့်လိုက်ရင် ကဗျာအဆုံးမှာ စာလုံး သေးသေးလေးတွေကို သူမြင်ခဲ့တယ်တဲ့။အဲဒါက “ငါ့ရဲ့ သူငယ်ချင်းဟောင်း အဝါရောင်က ထွက်ခွာသွားပြီ။ဒါပေမယ့် သူ့စကားတွေက ကျန်ရစ်ခဲ့တယ်။ငါ့နှလုံးသားကလည်း အဲဒီ ကျိကျီလိုပဲ ဖြစ်နေလိမ့်မယ်” တဲ့။ဒါပေမယ့် စကားလုံးတွေ ရေးခဲ့တဲ့ သူက “လီ” လို့ လက်မှတ် ထိုးထားခဲ့တယ်”

ဆရာဖြစ်သူက ထိုကဗျာမှာ “အဝါရောင်” အမည်ရှိသည့် လူတစ်ယောက်က ရေးထားခဲ့သည်ဟု တွေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ “လီ” ဟု လက်မှတ် ထားခဲ့သည့် သူမှာလည်း အဝါရောင်၏ မိတ်ဆွေဟောင်း ဖြစ်ပေးလိမ့်မည်။ ကျိကျီ ဆိုသည်ကတော့ ဘာမှန်းမသိခဲ့ပေ။

ထိုအချိန် မက်မွန်ပွင့်များဆီမှ သွေးရနံ့ကို ရလိုက်သည်။ သူ နောက်လှည့် ကြည့်လိုက်သည့်အခါ သူ၏ ခြေလက်များမှာ ကြောက်လန့်မှုကြောင့် ပျော့ခွေ သွားရလေသည်။  သူ့နောက်တွင် ရောက်နေသည့် သတ္တဝါမှာ ကျားကြီးတစ်ကောင် ဖြစ်နေလေသည်။

နဂါးက တိမ်တွေကြားမှာ နေတယ်၊ကျားကတော့ လေထဲမှာ နေတယ်။

ကျား၏ မျက်လုံးထောင့်များမှာ အပေါ်သို့ ကော့တက်နေပြီး သူ၏ နဖူးတွင်လည်း အဖြူရောင် အစင်းများ ရှိလေသည်။

ကျားက ဆရာဖြစ်သူကို စိုက်ကြည့်နေပြီး ခုန်အုပ် လိုက်လေတော့သည်။

ဆရာမှာ ကြောက်လွန်းသောကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။ သို့သော် အဖြစ်အပျက်များက အံ့သြစရာ ကောင်းလှသည်။ ကျားကြီးမှာ တကယ်တမ်း သူ့ကို ခုန်မအုပ် နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် မမြင်ရသော ကြိုးဖြင့် လှမ်းဆွဲလိုက်သလို လေထဲတွင် တန်းလန်းကြီး ဖြစ်နေသောကြောင့် ဖြစ်လေသည်။

“ရှင်က ဘယ်သူလဲ။ ဘာလို့ဒီကို ရောက်လာတာလဲ”

အသံ သေးသေးလေးဖြင့် ကလေးတစ်ယောက်က မေးလိုက်ခြင်း ဖြစ်လေသည်။

ကျားကြီးမှာ ငြိမ်ကုပ်ပြီး ဝပ်နေလေသေည်။ မိန်းကလေးငယ်လေး တစ်ယောက်က ကျားကြီး၏ ကျောပေါ်တွင် ထိုင်နေလေသည်။ မိန်းကလေးငယ်လေးက သူမ၏ ဆံပင်များကို ချည်နှောင်ထားပြီး ကျောက်စိမ်းပလွေ တစ်ချောင်းကို ကိုင်ထားသည်။

သူမအသက်မှာ ခြောက်နှစ် ခုနစ်နှစ်မျှသာ ရှိဦးမည် ဖြစ်သည်။ သူမ၏ အသားအရေမှာ ကြည်လင်နေပြီး နှင်းကဲ့သို့ ဖြူဝင်းနေလေသည်။ သူမကို ကြည့်ရသည်မှာ တိတ်ဆိတ်သည့် ညနက်နက်တွင် ထိန်ထိန် သာနေသည့် လမင်းနှင့်ပင် တူနေလေသည်။ သူမ စကားပြောပုံ ဆိုပုံကတော့ လူကြီးတစ်ယောက် ကဲ့သို့ဖြစ်ပြီး လက်ထဲတွင်လည်း ပလွေတစ်ချောင်း ကိုင်ထားလေသည်။

“ခုန ပလွေမှုတ်နေတာ မင်းလား”

ဆရာက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အား ရှင်က တောင်ပေါ်ကို မတော်တဆ ရောက်လာတဲ့ သာမန် လူတစ်ယောက်ပဲ။ နောက်မှ ရှင်နဲ့ ဆက်ပြောတော့မယ်”

ရုတ်တရက်ဆိုသလို အနောက်မြောက်ဘက် ကောင်းကင်မှ အနီရောင် မျဉ်းကြောင်းများ ပေါ်လာလေသည်။

“လီချင်းဆွေ မင်းကို ဒီနေ့တော့ သံသရာ စက်ဝန်းထဲကို ငါပြန်ပို့မှ ဖြစ်တော့မယ်”

အနီရောင် မျဉ်းကြောင်းများ အလယ်မှ လူက ပြောလိုက်လေသည်။

မိန်းကလေးငယ်က အနီရောင် မျဉ်းကြောင်းများကို စိုက်ကြည့်နေပြီး ဆရာဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ ထိုင်နေသည့် ကျားကြီး၏ အောက်တွင် အနက်ရောင် တိမ်တိုက်တစ်ခု ပေါ်လာပြီး အနီရောင် မျဉ်းကြောင်းများဆီသို့ ပျံသန်း သွားလေတော့သည်။

ကောင်းကင်၏ အနောက်မြောက်ဘက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာလေသည်။ အရောင် ငါးမျိုးရှိသည့် ရောင်ခြည်တန်းများက အနီရောင် မျဉ်းကြောင်းများကို ကန့်လန့် ဖြတ်သွားသည်ကို တွေ့လိုက် ရလေသည်။

နေမထွက်ခင် လေးမှာပင် ဆူညံနေသော အသံများ ရပ်တန့် သွားကြလေသည်။

ဆရာဖြစ်သူမှာ မက်မွန်တောထဲရှိ ကျောက်တုံးအိမ်လေး တစ်ခုထဲသို့ ဝင်နေပြီး နေထွက်လာသည်ကို စောင့်နေလိုက်သည်။ မိန်းကလေးငယ်လေး ကိုလည်း မတွေ့ရတော့ပါ။ သို့သော် ကျောက်တုံး အိမ်လေးထဲတွင် ပန်းချီကားလိပ် တစ်ခု၊ ကျမ်းစာအုပ် သုံးအုပ်နှင့် သစ်သား ငါးရုပ်တုံး တစ်ခုကို တွေ့ရလေသည်။

မိန်းကလေးငယ်လေးက ပြန်ပေါ် မလာတော့ပါ။ ဆရာဖြစ်သူက သူတွေ့သည့် ပစ္စည်းများကို ယူပြီး အိမ်လေးထဲမှ ထွက်လာ ခဲ့လေသည်။ သူက အနောက်မြောက်ဘက်သို့ မသွားဘဲ အရှေ့တောင်ဘက်သို့ သွားလိုက်လေသည်။ တောင်ကြီးက ဘယ်လောက်ထိ ကြီးမားသလဲ ဆိုသည်ကို သူမသိပါ။ သို့သော် အရှေ့တောင်ဘက်ရှိ ပင်လယ်ပြင်ကို ပြန်ရောက်ရန်အတွက် ဆယ်ရက်ကျော် လမ်းလျှောက် ခဲ့ရလေသည်။ သူက ကမ်းခြေတွင် သိုင်းပညာ လေ့ကျင့်ရင်း အဆင့်တစ်ခုထိ ရောက်ရှိ ခဲ့ပြီးသည့် အခါတွင်တော့ ဝါးဖောင်လေးတစ်ခု ပြုလုပ်ကာ ပြည်မသို့ ပြန်ခဲ့လေသည်။

“ခုဆိုရင် ဆန်းကျူကျမ်းစာအုပ် ဘယ်လိုရလာလဲ မင်းသိပြီပေါ့”

လင်ချုန်းရှောင်က ပြုံးပြီးပြောလိုက်သည်။

“ဆန်းကျူ ကျမ်းစာအုပ်က သူရခဲ့တဲ့ လျှို့ဝှက် စာအုပ်တွေထဲက တစ်ခုမဟုတ်လား။ သစ်သား ငါးရုပ်တုံးကတော့ ခင်ဗျား ကိုင်ထားတဲ့ ဟာမလား”

ဆန်းလျန်က မေးလိုက်သည်။

“အမှန်ပဲ။ကျမ်းစာအုပ် သုံးအုပ်မှာ တစ်အုပ်က မင်ယွိသိုင်းကျမ်း၊ နောက်တစ်ခုက ဆန်းကျူ ကျင့်စဉ်ကျမ်း၊ အဲဒီ ကျမ်းစာအုပ် နှစ်အုပ်မှာ တူညီတဲ့ အချက်တွေရှိတယ် ။ဒါပေမယ့် မင်ယွိ သိုင်းကျမ်းက ပိုပြီး ကြောက်စရာကောင်းတယ်။ စာအုပ် နှစ်အုပ်လုံးက ကျင့်ကြံသူတွေ အတွက် ကောင်းတဲ့ စာအုပ်တွေပဲ။ဒါပေမယ့် ပိုပြီး အစွမ်းထက်တဲ့ မင်ယွိ သိုင်းကျမ်းက မပြည့်စုံဘူး ဖြစ်နေတယ်။အစိမ်းရောင်ဝတ် ညီလေးက ဆရာက အမြဲတမ်း ငါ့ကိုပိုပြီး မျက်နှာသာပေး တယ်လို့ ထင်နေတာ။ဒါပေမယ့် သူ့ကို အမြဲတမ်း နားလည်ခဲ့တဲ့ သူက ဆရာပဲ။သူက ရန်လိုတတ်ပြီး အစွန်း ရောက်တယ်။သူသာ မင်ယွိ သိုင်းကျမ်းကို ကျင့်မယ်ဆိုရင် သူ့အတွက် ဒဏ်ရာ အပြင်းအထန် ရတာမျိုးပဲ ဖြစ်လာမယ်။သူ့အတွက် ကောင်းမလာနိုင်ဘူး။ ဒါကြောင့် ဆရာက ပိုပြီး ပြည့်စုံတဲ့ ဆန်းကျူ ကျင့်စဉ်ကိုပဲ သူ့ကို လေ့ကျင့်စေခဲ့တာ။

သူ့ထက်ငါက ပိုပြီး အလားအလာရှိတယ် ဆိုတာတော့ ငြင်းလို့မရပါဘူး။ဆရာက ဒီသိုင်းပညာ ကို ငါကသာ အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့ရင် နောင်လာနောက်သား တပည့်တွေကို လက်ဆင့် ကမ်းပေးဖို့ မျှော်လင့်ခဲ့တယ်။

ဒီနှစ်တွေ အတွင်းမှာ ငါလည်း အချို့အရာတွေ သင်ယူခဲ့တယ်။ဒီသိုင်းပညာ လေ့ကျင့်ရင်းနဲ့ပဲ တာအိုကျင့်စဉ်ရဲ့ “ကျားဖြူကို ယဉ်ပါးအောင်လုပ်သည့် အဆင့်” ထိ ကျင့်စဉ်အောင်မြင်ခဲ့တယ်။ ငါ့ရဲ့ ငယ်ရွယ် နုပျိုမှုတွေကို ထိန်းထား နိုင်ခဲ့တယ်။ဒါပေမယ့် ဒီသိုင်းကျမ်းကို ပြည့်စုံအောင် ဖြည့်စွက်ဖို့ ကတော့ ငါမစွမ်းနိုင်တဲ့ အရာပဲ။

ငါအဲဒါကို ဖြည့်စွက်နိုင်ဖို့ အချိန်တွေ အများကြီး ကုန်ခဲ့ရတယ်။ဒါကြောင့် မင်ယွိ သိုင်းကျမ်းကို မင်းကို မသင်ပေးချင်တာ။မင်းရဲ့ အချိန်တွေ အလကား ဖြုန်းတီးသလို ဖြစ်မှာ စိုးရိမ်မိတယ်။

ငါ့ရဲ့ အတွေ့အကြုံအရ ပြောရရင် မင်ယွိသိုင်းကျမ်းက သိမ်မွေ့ နက်နဲလွန်းပေမယ့် ဆန်းကျူ ကျင့်စဉ်ကျမ်းနဲ့ အခြေခံ သဘော သဘာဝချင်း တူညီတယ်။နှစ်ကျမ်းလုံးက စစ်မှန်တဲ့ ကျမ်းတွေပါပဲ။

မင်းသာ ဆန်းကျူကျင့်စဉ်ကို အမြင့်ဆုံး အဆင့်ထိ လေ့ကျင့်နိုင်ရင် အကျိုးကျေးဇူးတွေ အများကြီးရမယ်။မသေမျိုးဖြစ်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ အလှမ်းမဝေးတော့ဘူး”

လင်ချုန်းရှောင် ပြောသည့် စကားများကို နားထောင်ပြီးသည့်နောက် ကျင်းယုံ၏ ဝတ္ထုများထဲမှ ဆန်းကျူ ကျမ်းစာအုပ်ကို ဆန်းလျန် သတိရလိုက်မိသည်။ “ဝူရှလောကသို့ တာအိုဝါဒ စီးဝင်လာခြင်း” ဆိုသော စာအုပ်ဖြစ်လေသည်။ ဝတ္ထုထဲမှ အဓိက ဇာတ်ဆောင်က ဆန်းကျူ ကျင့်စဉ်ကျမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။

သူက ထိုဝတ္ထုကို သဘောကျသော်လည်း အတွဲသုံးတွဲသာ ဖတ်ခဲ့ရလေသည်။

ထိုဝတ္ထုကိုသာ အဆုံးထိ ထုတ်ဝေမည် ဆိုလျှင် သူဖတ်ချင်လှသည်။ သို့သော် ထိုသို့ ထုတ်ဝေခွင့် ရလိုက်သည့်ပုံ မပေါ်ပေ။

ထိုအချက်များ အားလုံးမှာ ဆက်စပ်နေမည်လားဟု သူသိချင်နေမိသည်။

သို့သော် …

ဝတ္ထုဇာတ်လမ်းနှင့် လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို အံဝင်ခွင်ကျ ဖြစ်အောင် မည်သို့ လုပ်ဆောင်နိုင်မည်လဲ။ ယုံရခက်ခက်ကြီး ဖြစ်နေလေတော့သည်။

ဝတ္ထုစာအုပ်ဆိုသည်က ဖန်တီးမှုတစ်ခုသာ ဖြစ်သည်။ သို့သော် သူရောက်ရှိနေသည့် တခြားသော လောကတွင်တော့ တကယ့် ဖြစ်ရပ်မှန် ဖြစ်နေခဲ့သည်။

“တတိယ ကျမ်းစာအုပ်ကတော့ နတ်သက်ခြွေ ဓားသိုင်း မဟုတ်လား”

ဆန်းလျန်က ဖြည်းဖြည်းချင်းမေးလိုက်သည်။

“အမှန်ပဲ။ နတ်သက်ခြွေ ဓားသိုင်းက ပြင်းထန်တယ်။ ကျန်းဟူမှာ လေ့ကျင့်နေကြတဲ့ သိုင်းပညာတွေထက် သာလွန်တယ်။ ပြောရမယ်ဆိုရင် နတ်ဘုရားတွေရဲ့ သိုင်းပညာမျိုးနဲ့ ပိုတူတယ်။ ဆရာက ကြိုမြင်ခဲ့တာက အဲဒီသိုင်းကျမ်းကို လေ့ကျင့်တဲ့ သူတိုင်း သဘာဝလွန် နည်းလမ်းတွေနဲ့ သေရလိမ့်မယ် ဆိုတာပဲ။ ဒါကြောင့် တပည့်တွေကို အဲဒီသိုင်းကို မကျင့်ဖို့ တားမြစ်ထားခဲ့တယ်။ အစိမ်းရောင်ဝတ် ညီလေးက မင်းကို သင်ပေးချင်ခဲ့တယ် ဆိုတာက ဒီဓားသိုင်းကို တိမ်မြုပ် ပျောက်ကွယ်သွားတာမျိုး မဖြစ်စေချင်လို့ပဲ။ သူက မကောင်းတဲ့ လူတစ်ယောက် ဖြစ်ပေမယ့် မကောင်းတဲ့ စိတ်နဲ့တော့ မင်းကို သင်ပေးချင်တာ မဟုတ်ပါဘူး”

လင်ချုန်းရှောင်က သူ့အတွေးနှင့်သူ ရယ်မောလိုက်သည်။ ဒီလောကမှာ သူကသာလျှင် အစိမ်းရောင်ဝတ် လူကို နားလည် ပေးနိုင်ဆုံးလူ မဟုတ်ပါလား။ အစိမ်းရောင်ဝတ် လူ ဂိုဏ်းမှ ထွက်သွားပြီးသည့် နောက်ပိုင်း သူက ဂိုဏ်းကို ပြန်ပြီး မတည်ထောင်တော့ပါ။ ဆန်းလျန်နှင့် တွေ့ဆုံခဲ့ရသည်ကတော့ ကံတရား အတိုင်းပင် ဖြစ်လေသည်။ သူက သူ၏ သိုင်းပညာများကို ဆန်းလျန်ကို လက်ဆင့်ကမ်း သင်ပေးချင်မိသည်။ သူ၏ဂိုဏ်းမှ ပညာများကို တိမ်မြုပ် ပျောက်ကွယ် သွားစေလိုသောဆန္ဒ သူ့တွင် မရှိပါ။

“ကံကြမ္မာကို ကျွန်တော်မကြောက်သလို ဓလေ့ ထုံးတမ်းတွေနဲ့လည်း ကျွန်တော့်ကို ချည်နှောင်ထားလို့ မရပါဘူး”

ဆန်းလျန်က ပြောလိုက်သည်။

နတ်သက်ခြွေ ဓားသိုင်းကို ကျင့်တဲ့ သူတွေ သဘာဝလွန် နည်းလမ်းတွေနဲ့ သေရသည် ဆိုသည်မှာ ဝိညာဉ် စွမ်းအား နည်းပါးသောကြောင့် ဖြစ်လေသည်။ သိုင်းပညာ ကျွမ်းကျင်မှုကိုသာ မှီခို လွန်းသောကြောင့် တကယ်တမ်း အင်အား ကြီးမားသည့် ရန်သူနှင့် ရင်ဆိုင် ရသည့်အခါ သူတို့၏ ဝိညာဉ်မှာ ပြန်မကောင်း နိုင်တော့သည့် အခြေအနေအထိ ပျက်စီးသွားကြ ရလေသည်။ သူတို့၏ ဝိညာဉ်စွမ်းအားများ ပြန်လည် ကောင်းမွန်လာစေရန်အတွက် မည်သည့်အရာကို မဆို လုပ်လာကြပြီး အစွန်းရောက် သမား ဖြစ်ဖြစ်လာကြကာ အဆုံးသတ်တွင်တော့ သူတို့ ကိုယ်တိုင်ရော လောကကြီးကိုပါ ဖျက်စီးသည့် သူများ ဖြစ်လာရလေသည်။

အစိမ်းရောင်ဝတ် လူ၏ အစွန်းရောက် လွန်းသည့် ပုံစံမှာ ထိုအကြောင်း ကြောင့်ပင် ဖြစ်လေသည်။

ကျင့်စဉ် လေ့ကျင့်သည် ဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းပင် ဖြစ်သည်။ လူသတ်ခြင်းနှင့် အနိုင်ရခြင်းတို့ အပေါ်တွင် စွဲလန်း မွေ့လျော်ဖို့ မဟုတ်ပေ။ ကျင့်စဉ် လေ့ကျင့်တော့မည် ဆိုလျှင် စိတ်နှလုံးကိုလည်း အရင် လေ့ကျင့်ထားဖို့ လိုသည်။ စိတ်ကို မထိန်းချုပ်ဘဲ လုပ်ချင်တာ လုပ်ခွင့် ပေးထားလျှင် မသေမျိုးဖြစ်သည့် နတ်ဘုရားတို့၏ လမ်းစဉ်မှ သွေဖယ်သွားမည်သာ ဖြစ်လေသည်။

လင်ချုန်းရှောင်က ဆန်းလျန်ကို ကျင့်စဉ် ကျင့်ကြံခြင်းများကို သုံးညဆက်တိုက် သင်ပြ ပေးပြီးသည့်နောက် စာလေးတစ်စောင်သာ ချန်ထားခဲ့ပြီး နှုတ်ဆက် စကားပင် မဆိုဘဲ ထွက်ခွာ သွားလေတော့သည်။ သူ့ကို လာရောက် ရှာဖွေနိုင်သည့် နေရာကိုပင် ပြောမသွားခဲ့ပေ။

ဆန်းလျန်၏ တည်းခိုရိပ်သာ ဖွင့်ပွဲ ကျင်းပသည့် နံနက်ခင်း …

ဖွင့်ပွဲ အခမ်းအနားက ခမ်းနား ကြီးကျယ်လွန်းသော ပွဲကြီးတော့ မဟုတ်ပါ။

“တုန်းဖူ” တည်းခိုရိပ်သာကို “အန်း” တည်းခိုရိပ်သာဟု အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်လေသည်။

တံခါးမကြီး၏ ညာဘက် တံခါး တိုင်လုံးတွင် ရေးထားသည်မှာ …

“ယဉ်ကျေး သိမ်မွေ့သော ဧည့်သည်များသာ မကြာခဏ လာကြသည်”

ဟူ၍ ဖြစ်လေသည်။

ဘယ်ဘက် တံခါး တိုင်လုံးတွင် ရေးထားသည်မှာတော့ …

“ယဉ်ကျေးသိမ်မွေ့ခြင်း မရှိသော ဧည့်သည်များကိုလည်း အမြဲတမ်း ကြိုဆိုလျက်ပါ”

ဟူ၍ ဖြစ်လေတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset