သင်္ဘောပျံကြီးမှာ မြေပြင်ပေါ်သို့ ထိုးကျသွားသောကြောင့် ဘေးနားတစ်ဝိုက်မှ အဆောက်အဦ များစွာ ပျက်စီးသွားပြီး မြေပြင်ပေါ်တွင် ဧရာမ ချိုင့်ကြီးတစ်ခု ပေါ်လာပါသော်လည်း ထိုသင်္ဘောပျံကြီး၏ အပြင်ပိုင်းမှာမူ အကောင်းအတိုင်း ကျန်ရှိနေသေးဟန်တူသည်။ ထိုအချိန်တွင် သင်္ဘောပျံကြီး၏ တံခါးပေါက် ပွင့်သွားပြီး လူငယ်လေးယောက် ထွက်လာ၏။
ထိုလေးယောက်မှာ ကောင်းကင်တာအိုကျောင်း၏ ကျောင်းသားဝတ်ရုံများကို ဆင်မြန်းထားကြပြီး သူတို့၏ အဝတ်အစားများပေါ်မှ အမှတ်တံဆိပ်ကို ကြည့်လိုက်ခြင်းအားဖြင့် ဓမ္မလက်နက်ဌာနမှ ဖြစ်ကြောင်း သိနိုင်ပေသည်။
သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ ပတ်ပတ်လည်မှ ဒေါသထွက်နေကြသည့် လူအုပ်ကြီး ပင့်သက်များ ရှိုက်သွားကြ၏။ သူတို့ထဲက မည်သူကမှ လေသံကျယ်ကျယ်ဖြင့် စကားမပြောရဲကြတော့ပဲ တိုးတိုးလေးသာ ပြောဆိုနေကြတော့သည်။ ကောင်းကင်တာအိုကျောင်းမှာ ပြည်ထောင်စုထဲရှိ အဓိက တာအိုကျောင်းကြီး လေးကျောင်းထဲမှ တစ်ကျောင်း မဟုတ်ပါလော။ ထို့အပြင် ထိုကျောင်းမှာ ကောင်းကင်မြို့တော်နှင့်ပါ အဆက်အသွယ် ရှိနေသေးသည်။ ထိုကျောင်းမှ ဘွဲ့ရသည့် ကျောင်းသားများစွာက ပြည်ထောင်စုထဲရှိ ဌာနအသီးသီးတွင် ရာထူးများကို ရယူပိုင်ဆိုင်သွားကြမည် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ တာအိုကျောင်းတစ်ကျောင်းမှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် ကြီးမားသော အမွေအနှစ်များကို ပိုင်ဆိုင်ထားမည် ဖြစ်သည်။
အကယ်၍ ဤမတော်တဆမှုသာ သူတို့ကြောင့် ဖြစ်ခဲ့သည် ဆိုပါက တစ်ခုခုလုပ်၍ ရနိုင်ပါသော်လည်း ယခုတွင်မူ ၎င်းမှာ သူတို့နှင့် လုံးဝမဆိုင်သောကြောင့် လူအုပ်ကြီးမှာ ထိုကျောင်းသားများအား နှုတ်အားဖြင့် စော်ကားမိသွားမည်ကို မလိုလားပေ။ ထို့အပြင် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုလူငယ်လေးယောက်မှာ လက်ဖျားခါလောက်သော လူမှုရေးနောက်ခံများကို ပိုင်ဆိုင်ထားသည်ဖြစ်ကြောင်း သိနိုင်ပေသည်။
သင်္ဘောပျံကြီးထဲမှ ထွက်လာကြသည့် ထိုလူငယ်လေးယောက်မှာ လူအုပ်ကြီးကို လုံးဝ လျစ်လျူရှုထားကြ၏။ သူတို့မှာ မည်သည့်အခြင်းအရာမှ မဖြစ်ပျက်ခဲ့သည့်အလား ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြသည်။
သူတို့မှာ သူတို့၏ သင်္ဘောပျံကြီးကြောင့် လွင့်ထွက်သွားခဲ့ရသည့် ကလေးမလေးကို မြင်ပါသော်လည်း ဂရုပင် မစိုက်ကြပေ။ သူတို့ထဲမှ တစ်ယောက်မှာ အသံလွှင့်လက်စွပ်ကို အသာအယာ ထုတ်ယူလိုက်ကာ ညွှန်ကြားချက်အချို့ ပေးပြီးနောက် ခေါ်ဆိုမှုတစ်ခုကို ပြုလုပ်လိုက်သည်။
” ပြဿနာတစ်ခု တက်သွားလို့။ လာရှင်းပေးဦး ”
သူသည် ထိုသို့ဆိုလိုက်ပြီး သူ၏ ဘေးမှ ကျောင်းသားများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
” ဟွမ်ကျင့်။ မင်း သင်္ဘောပျံ မမောင်းတတ်ဘူးလားကွ။ ဒါ ဟန်လု ဘွဲ့ယူဖို့အတွက် တင်ပြရမဲ့ ပစ္စည်းကွ။ မင်း ဒီကိစ္စကို ဘယ်လိုမြင်လဲ ဟန်လု ”
” ကျန်းလန်။ အခုလိုဖြစ်သွားရတာက မင်း ငါ့ကို တွန်းလိုက်လို့ မဟုတ်ဘူးလား။ ဒါပေမဲ့ကွာ… ဟန်လု။ ငါ တောင်းပန်ပါတယ် ”
ဟွမ်ကျင့်ဆိုသော လူငယ်လေးမှာ ပုခုံးတွန့်ကာ ရှုံ့မဲ့မဲ့ပြုံးလိုက်ပြီး တောင်းပန်လိုက်၏။
ထိုနှစ်ယောက်က စိုက်ကြည့်နေကြသည့် ဟန်လုဟု အမည်ရသော လူငယ်လေးကမူ စိတ်မကောင်းဖြစ်နေသည့် အမူအရာဖြင့် သင်္ဘောပျံကြီးဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး ထိခိုက်မှုများကို စစ်ဆေးလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့သော ကလေးမလေးအား စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်၏။
” ကြီးကြီးမားမားကြီး ထိခိုက်သွားတာ မရှိပါဘူး။ သွေးနည်းနည်း စွန်းသွားရုံလောက်ပဲ။ ပွတ်လိုက်ရင် ပျောက်သွားမှာပါ ”
သူတို့သည် လူအုပ်ကြီးအား ရှိနေသည်ဟုပင် မှတ်ယူမထားသည့် အပြင် သွေးသံတရဲရဲ ဖြစ်နေသော ကလေးမလေးကိုလည်း ဂရုစိုက်ခြင်း အလျဥ် မရှိပေ။ ထို့ကြောင့် ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးမှာ ဒေါသအမျက်ချောင်းချောင်း ထွက်လာကြပါသော်လည်း သူတို့ ဆင်မြန်းထားသည့် ကောင်းကင်တာအိုကျောင်း ဝတ်ရုံများကို မြင်လိုက်ရသောအခါ သည်းညည်းခံလိုက်ရတော့သည်။
ထိုအခြင်းအရာအားလုံးကို မြင်လိုက်ရသည့် ဝမ်ပေါင်လဲ့၏ ဒေါသစိတ်များမှာ တဖြည်းဖြည်း ကြီးထွားလာတော့သည်။ သူသည် ကျန်းလင်နှင့် ရင်ဆိုင်ခဲ့သည့် အချိန်ကတည်းကစ၍ ဤကျောင်းမှာ ဘေးကင်းလုံခြုံသော နေရာတစ်ခု မဟုတ်ကြောင်း သိထားပါသော်လည်း ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများမှာ အပြစ်မရှိသောလူများ၏ အသက်များကို ယခုလို လုံးဝ ထည့်မတွေးဘဲ နေနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် သူတို့မှာ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများဖြစ်သောကြောင့် သူတို့ကိုယ်သူတို့ သာမန်လူများ၏ အထက်တွင် ရှိသည်ဟု မှတ်ယူထားကြသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ ဒေါသမီးများ တောက်လောင်နေသော အကြည့်မှာ အေးစက်သွား၏။
သူသည် ရှေ့သို့ခြေလှမ်း အနည်းငယ်ခန့် လှမ်းရန် ပြင်လိုက်စဉ်မှာပင် သူ၏ နောက်တွင်ရှိနေသော လူတစ်ယောက်က သူ့အား စေတနာဖြင့် လှမ်းဆွဲကာ တိုးတိုးလေး အသိပေးလိုက်၏။
” မသွားနဲ့။ သူတို့က ကောင်းကင်တာအိုကျောင်းက လူတွေ။ သူတို့တွေက ဘွဲ့ရတာနဲ့ အထက်တန်းလွှာ ဖြစ်သွားကြမှာ။ ပြီးတော့ သူတို့တွေ အခုလို အကြောက်အရွံ့ ရှိမနေတဲ့ ပုံကိုကြည့်ရင် သူတို့ရဲ့ မိသားစုက အင်အားတောင့်တင်းနေမှာ အမှန်ပဲ။ ငါတို့တွေ သူတို့လိုလူတွေကို ရန်စမိလို့ မဖြစ်ဘူး ”
မျက်နှာဖုံးအောက်ရှိ ဝမ်ပေါင်လဲ့၏ အမူအရာမှာ ခက်ထန်ပြီး တည်ကြည်နေ၏။ သူသည် သူ့အား ဆွဲထားသည့် လူကြီးထံမှ အသာအယာ ရုန်းထွက်လိုက်ပြီး ရှေ့သို့ဆက်၍ လျှောက်လှမ်းသွားလိုက်သည်။ သူသည် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားလေးယောက်ဆီသို့ မဟုတ်ဘဲ မိန်းကလေးဆီသို့ သွားလိုက်ခြင်း ဖြစ်သည်။ သူမ၏ သွေးများပေကျံနေသောမျက်နှာကို မြင်လိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီသွား၏။ သူသည် ထိုအသက်ပင် ကောင်းကောင်းမရှုနိုင်တော့သော ကလေးမလေး၏ ခန္ဓာကိုယ်ပေါ်သို့ လက်ဖြင့်ဖိကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ချီများ ထည့်သွင်းပေးလိုက်ပြီး နူးညံ့သိမ်မွေ့စွာ အားပေးစကားဆိုလိုက်၏။
” ကလေးလေး … ဘာမှ ကြောက်မနေနဲ့တော့နော်။ အဆင်ပြေသွားမှာပါ ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်ပြီး မှော်ဆေးရည်ဌာနမှ ဝယ်ယူခဲ့သော ဆေးလုံးတချို့ကို ထုတ်ကာ တိုက်လိုက်၏။
” အစ်ကိုကြီး … သမီး…. အရမ်းနာတယ်။ အရမ်းလည်း ကြောက်တယ်။ သမီး မေမေနဲ့ တွေ့ချင်တယ် ”
ထိုကလေးမလေးမှာ အစတွင် သွေးလန့်ကာ ချောက်ချားနေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့အား မြင်လိုက်ရပြီး သူ၏ နူးညံ့သိမ်မွေ့သော စကားသံကို ကြားလိုက်ရသောကြောင့် ချက်ချင်းပင် ငိုကြွေးလိုက်တော့သည်။ သူမမှာ အချိန်ကြာကြာ ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့သည့်အလား သူမ၏ စကားသံမှာ အလွန် တိုးညင်းနေ၏။
” ကလေး … ဘာမှ ကြောက်စရာမလိုဘူးနော်။ အဆင်ပြေသွားမှာ ”
ဝမ်ပေါင်လဲ့မှာ ထိုကလေးမလေး၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးနေသည့် ဝိညာဉ်ချီ ပမာဏကို မြှင့်တင်လိုက်သည်။ သူသည် ထိုမိန်းကလေး၏ ဒဏ်ရာများကို ဆက်လက်ကုသနေရင်း သူမ၏ ပါးစပ်ထဲသို့ ဆေးလုံးများ ထပ်၍ ထည့်လိုက်၏။
သူမ၏ ဒဏ်ရာမှာ ပြင်းထန်ပါသော်လည်း မှော်ဆေးရည်ဌာနမှ သန့်စင်ထားသည့် အားဖြည့်ဆေးလုံးများမှာ သာမန်လူများအတွက် အလွန် ဆေးစွမ်းထက်၏။ တခဏအကြာတွင် ထို မိန်းကလေး၏ ဒဏ်ရာများမှာ ပြန်လည်သက်သာလာတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ အာဟာရဓာတ်ကြွယ်ဝသော ဝိညာဉ်ချီများကြောင့် တဖြည်းဖြည်း အိပ်မောကျသွားတော့သည်။
ထိုစဉ် သင်္ဘောပျံကြီးပေါ်မှ ဆင်းသက်လာကြသည့် လူငယ်လေးယောက်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပြုံးသွားကြပြီး ထိုပြဿနာ ပြေလည်သွားပြီ ဖြစ်ကြောင်း မှတ်ယူ လိုက်ကြ၏။ ထို့ကြောင့် သူတို့မှာ စကားများပြောရင်း ရယ်မောကာ နောက်သို့လှည့်၍ ထွက်ခွာရန် ပြင်လိုက်ကြတော့သည်။ အသံလွှင့်လက်စွပ်မှတစ်ဆင့် အကူအညီတောင်းခဲ့သည့် ကျန်းလန်ဆိုသူပင် သူ၏ အသံလွှင့်လက်စွပ်ကို ပြန်၍ထုတ်ယူလိုက်ပြီး ထိုနေရာသို့ ရောက်လာရန် မလိုတော့ကြောင်း ပြန်၍အသိပေးလိုက်၏။
သူတို့မှာ တောင်းပန်စကားပင် မဆိုခဲ့သည်အပြင် မထီမဲ့မြင်ပြုမူနေကြသည် ဖြစ်ရာ ဘေးနားတစ်ဝိုက်မှ လူအားလုံး ဒေါသအမျက်ချောင်းချောင်း ထွက်လာကြတော့သည်။ သူတို့မှာ လူသိရှင်ကြား အော်မပြောရဲပါသော်လည်း သူတို့၏ မျက်လုံးများထဲတွင်မူ ဒေါသမီးများ တောက်လောင်နေသည်ကို အတိုင်းသား မြင်နိုင်ပေသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာလည်း ဒေါသအမျက်ချောင်းချောင်း ထွက်သွားရတော့သည်။ သူသည် ထိုမိန်းကလေးအား လူအုပ်ကြီးဆီသို့ ပွေ့ချီသွားလိုက်ပြီး အောက်သို့ အသာအယာ ချလိုက်၏။ သူ၏ ရင်ထဲတွင်မူ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် နောက်သို့လှည့်၍ ထို ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများကို အေးစက်စက်လှမ်းကြည့်ကာ ခပ်ဩဩလေသံဖြင့် ဆိုလိုက်၏။
” ရပ်လိုက်စမ်း ”
ဝမ်ပေါင်လဲ့၏ လေသံမှာ ရေခဲတမျှ အေးစက်နေ၏။ ထို့နောက် သူသည် လူအုပ်ကြီး မပြောရဲသော စကားများကို တဲ့တိုးပြောချလိုက်တော့သည်။
” ဒီလောက် အသိတရားခေါင်းပါးတဲ့ ဆန်ကုန်မြေလေးတွေကို ကောင်းကင်တာအိုကျောင်းက ဘယ်တုန်းကများ လက်ခံခဲ့တာလဲ ”
ဝမ်ပေါင်လဲ့က ထိုစကားများကို ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထွက်ခွာရန် ပြင်နေကြသည့် ကျောင်းသားလေးယောက်မှာ ရပ်တန့်သွားကြ၏။ သူတို့ နောက်သို့လှည့်လာကြပြီး ဝမ်ပေါင်လဲ့အား အေးစက်စက် ကြည့်လိုက်ကြသည်။ သူ၏ မိသားစုမျိုးနွယ်စုဆီသို့ အသံလွှင့်ကာ အကူအညီတောင်းခဲ့သည့် ကျန်းလန်ဆိုသူမှာ စိတ်အဆတ်ဆုံး ဖြစ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။ သူသည် ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့ဆီသို့ လျှောက်လှမ်းလာ၏။
” မင်းက ဘာကောင်လဲ။ သေချင်နေတာလားကွ။ ငါ့ကို ဆူပူကြိမ်းမောင်းတဲ့အထိကို အတင့်ရဲနေပါလား။ ငါက ကောင်းကင်တာအိုကျောင်းရဲ့ ဓမ္မလက်နက်ဌာနက…. ”
ကျန်းလန်၏ လေသံမှာ ဖော်ရွေမှု အလျင်းမရှိပေ။ သူသည် တဖျစ်ဖျစ် တတောက်တောက်နှင့် ဝမ်ပေါင်လဲ့အား တွန်းထုတ်ရန် ချဉ်းကပ်လာ၏။
သို့သော် သူ စကားမဆုံးခင်မှာပင် ဝမ်ပေါင်လဲ့က ညာလက်ကို ချက်ချင်းမြှောက်လိုက်ပြီး ထိုလူငယ်လေး၏ လက်ချောင်းကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ သူသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေသောကြောင့် သနားညှာတာမနေတော့ဘဲ ထိုလက်ချောင်းကို လှန်ချိုးကာ သူ၏ ခြေထောက်ဖြင့် ထိုလူငယ်လေး၏ ဒူးခေါင်းကို ကန်ကျောက်လိုက်တော့သည်။
ထိုအခါ ဂျွတ်ခနဲမြည်သံတစ်သံကို ကြားလိုက်ရပြီး ထိုလူငယ်လေး၏ နှုတ်မှ လူအော်သံနှင့် မတူသော စူးရှကျယ်လောင်သည့် အော်ဟစ်သံတစ်သံ ပေါ်ထွက်လာ၏။ သူသည် ဝေဒနာကြီးစွာ နာကျင်ခံစားလိုက်ရပြီး ခြေတစ်ပေါင်ကျိုးနှင့် ခုန်ဆွခုန်ဆွလုပ်ကာ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ဆယ်လှမ်းကျော် ဆုတ်ခွာသွားရပြီး မြေကြီးပေါ်သို့ ပုံခနဲ လဲကျသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးမှာ စိတ်နှလုံး လှုပ်ရှားသွားကြတော့သည်။
” မင်းမေဘ … သူက ကောင်းကင်တာအိုကျောင်းက ကျောင်းသားတွေကို တကယ် တိုက်ခိုက်ရဲတာပဲ ”
” ဒီ မျက်နှာဖုံးနဲ့ ကောင်ကတော့ ပြဿနာအကြီးကြီး တက်ပြီဟေ့ ”
” ဒီဘက်ခေတ်မှာ ဒီလိုမျိုး ရဲရဲရင့်ရင့်နဲ့ ကူညီပေးတတ်တဲ့ လူတွေက တော်တော်ကို ရှားသွားပြီ။ ဒီကောင်က တော်တော်ကို ရူးတာပဲကွ ”
လူအုပ်ကြီးထဲမှလူများမှာ တစ်ယောက်ပြီးတစ်ယောက် ပင့်သက်များ ရှိုက်မိသွားကြတော့သည်။
ထိုအခါ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားသုံးယောက်၏ အမူအရာများမှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားကြကာ သူတို့၏ လက်နက်များကို ချက်ချင်း ကိုင်လိုက်ကြပြီး သူတို့၏ ကျင့်ကြံခြင်းအစွမ်းများကို စတင် လည်ပတ်စေလိုက်တော့သည်။
” မင်းက ဘယ်သူလဲကွ ”
” မင်းက တော်တော်ကို သတ္တိကောင်းလှပါလား။ ငါတို့က ကောင်းကင်တာအိုကျောင်းကနော် ”
” ငါတို့က ဓမ္မလက်နက်ဌာနက ကျောင်းသားတွေကွ။ မင်းက အကြမ်းဖက်ရဲနေမှတော့ ငါတို့ မင်းကို လူဖြစ်ရတာ နောင်တရအောင် လုပ်ပေးရတာပေါ့ ”
သူတို့သုံးယောက်မှာ အံ့ဩတုန်လှုပ်သွားကြပြီး ဒေါသအမျက်ချောင်းချောင်း ထွက်နေကြ၏။ သူတို့ ထိုကဲ့သို့ ဒေါသတကြီး အော်ဟစ်နေကြစဉ် ဝမ်ပေါင်လဲ့ကမူ လှောင်ပြုံးပြုံးလိုက်၏။ အခြားသူများမှာ ကောင်းကင်တာအိုကျောင်းအား ကြောက်လျှင် ကြောက်ကြမည်ဖြစ်သော်လည်း သူကမူ ကြောက်ရွံ့ခြင်း အလျင်းမရှိပေ။
သူသည် တိုက်ခိုက်ရန်ပြင်လိုက်စဉ်မှာပင် အနီးအနားမှ အော်ဟစ်သံတစ်သံ ပေါ်ထွက်လာ၏။ ထိုအခါ လူအုပ်ကြီးမှာ အလျင်အမြန်ပင် လမ်းဖယ်ပေးလိုက်ကြသဖြင့် သိုင်းဝတ်စုံများ ဆင်မြန်းထားကြသည့် လူသန်ကြီး ဆယ်ယောက်ကျော် ရှေ့သို့ပြေးထွက်လာကြသည်။ သူတို့၏ရှေ့တွင် အဘိုးကြီးတစ်ယောက် ရှိနေ၏။ သူသည် ဖွံ့ထွားသွေးကြောအဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူ၏ မျက်လုံးများမှာ စူးရှစွာ တောက်ပနေကြ၏။
သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် မြေပြင်ပေါ်တွင် အော်ဟစ်မြည်တမ်းနေသည့် ကျန်းလန်ကို မြင်လိုက်ရသဖြင့် သူ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
” သခင်လေး ”
ထိုအဘိုးကြီးမှာ ထိုသို့အော်ဟစ်ကာ ရှေ့သို့ပြေးထွက်လာပြီး ဆွဲထူပေးလိုက်သည်။ သူ၏ နောက်မှ လူသံကြီးများကမူ ဝမ်ပေါင်လဲ့အား အန္တရာယ်ပြုလိုသည့် အကြည့်များဖြင့် ကြည့်ကာ သူ့အား ချက်ချင်းပင် ဝိုင်းထားလိုက်ကြတော့သည်။
သူတို့သည် အသံထုတ်လွှင့်ခြင်းကို ရရှိခဲ့သည့် အချိန်ကတည်းက ထိုနေရာသို့ ရောက်လုနီးပါး ဖြစ်နေခဲ့သောကြောင့် နောက်သို့ ပြန်မလှည့်သွားခဲ့ဘဲ ထိုနေရာသို့ အပြေးရောက်လာကြခြင်းဖြစ်သည်။ ထိုအဘိုးကြီးမှာ သူ့သခင်လေး၏ ညိုပုတ်ကာ လိမ်ကောက်နေသော လက်ချောင်းကို မြင်လိုက်ရသောအခါ လှန်ချိုးခံထားရခြင်းဖြစ်ကြောင်း ရိပ်မိသွားသဖြင့် ချက်ချင်းဆိုသလိုပင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့သည်။ ထို့နောက် သူသည် သတ်ဖြတ်လိုသော အကြည့်များဖြင့် ခေါင်းမော့ကြည့်ကာ အေးစက်စက် အော်ဟစ်လိုက်၏။
” နေ့ခင်းကြောင်တောင်ကြီးမှာ အကြမ်းဖက်ရဲလောက်အောင်ကို အတင့်ရဲနေပါလား ”
ထိုအဘိုးကြီး ထိုသို့ အော်ဟစ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ကြောင့် လက်ချောင်းကျိုးသွားရသည့် ကျန်းလန်မှာ နာကျင်မှုကြောင့် ချွေးများရွှဲနေပြီး ရှုံ့မဲ့နေသည့် အမူအရာဖြင့် သူ၏ လက်အောက်ငယ်သားများကို အော်ပြောလိုက်တော့သည်။
” မင်းတို့က ဘာကိုစောင့်နေကြတာလဲကွ။ သူ့ကို အသေသာ ရိုက်နှက်ပစ်လိုက်ကြတော့။ နာလိုက်တာကွာ…. ”
သူ၏စကားကို ကြားလိုက်ရသောအခါ လူသန်ကြီးလေးယောက်မှာ ဝမ်ပေါင်လဲ့ဆီသို့ ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် ပြေးဝင်လာကြတော့သည်။
ထိုအခါ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသား သုံးယောက်မှာလည်း စိတ်သက်သာရာရသွားပြီ သက်ပြင်းချလိုက်ကြတော့သည်။ သူတို့မှာလည်း ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုကြောင့် အံ့သြတုန်လှုပ်သွားခဲ့ရသည်။ ယခုတွင် သူတို့ အတန်းဖော်၏ မိသားစု ရောက်လာကြပြီဖြစ်ရာ ဝမ်ပေါင်လဲ့အား အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ဒေါသမပြေသေးပေ။ သူသည် တာအိုကျောင်းထဲတွင် ရှိခဲ့စဥ်ကဖြစ်စေ၊ အလွတ်တန်း တိုက်ခိုက်ရေးအသင်းဂေဟာထဲတွင် ရှိခဲ့စဉ်ကဖြစ်စေ အားကုန်မထုတ်ဘဲ တိုက်ခိုက်ခဲ့သည်သာ ဖြစ်သည်။ တိုက်ခိုက်ရေးအသင်းဂေဟာ၏ မမလေးနှင့် ရင်ဆိုင်ခဲ့ရသည့် အချိန်တုန်းကသာ အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေပြီဖြစ်ပြီး ထိုလူသန်ကြီးများက သူ၏ အနားသို့ ချဉ်းကပ်လာကြသောအခါ သူ၏ မျက်လုံးများမှာ အေးစက်စွာ တောက်ပသွားကြတော့သည်။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။
သူသည် ဟင်းလင်းပြင်ကြီးကိုပင် ဆုတ်ပြဲသွားစေနိုင်သည့် လက်သီးချက် တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ ထိုလက်သီးချက်မှာ လူသန်ကြီးတစ်ယောက်၏ ခန္ဒာကိုယ်ပေါ်သို့ ကျရောက်သွားသဖြင့် သူ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ ပုစွန်ဆိတ် တစ်ကောင်ကဲ့သို့ ကွေးညွှတ်သွားပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ရပ်တန့်သွားခြင်း မရှိပေ။ သူသည် ညာခြေထောက်ကို မြှောက်၍ ကန်ကျောက်လိုက်၏။ ထိုအခါ ဘုတ်ခနဲ မြည်သံနှစ်သံ ပေါ်ထွက်လာပြီး နောက်ထပ် လူသန်ကြီးနှစ်ယောက် သွေးများအန်ထွက်ကာ သတိမေ့မြောသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုအချိန်တွင် အခြားလူသန်ကြီးများမှာ သူ၏အနီးသို့ ရောက်လာကြပါသော်လည်း ဝမ်ပေါင်လဲ့က မြန်ဆန်လွန်းနေ၏။ သူသည် နောက်သို့လှည့်ကာ လူတစ်ယောက်၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်ကာ ၎င်းအား အသာအယာပင် လိမ်ချိုးလိုက်ပြီး သူ၏ညာခြေထောက်ကို မြှောက်၍ အခြားလူတစ်ယောက်၏ ပေါင်ကြားကို ရယ်ရက်စက်စက် ကန်ကျောက်လိုက်တော့သည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ လျှောက်လှမ်းလာ၏။ လူသန်ကြီးဆယ်ယောက်ထဲမှ တစ်ယောက်တလေပင် စက္ကန့်အနည်းငယ်ထက်ပို၍ တောင့်မခံနိုင်ခဲ့ကြပေ။ သူတို့အားလုံး မြေပြင်ပေါ်သို့ ပုံခနဲလဲကျသွားကြပြီး နာကျည်းစွာ အဆက်မပြတ် အော်ဟစ်ညည်းညူနေကြသောကြောင့် လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်ကာ ကြက်သေသေနေကြတော့သည်။
ထိုအချိန်တွင် ဖွံ့ထွားသွေးကြောအဆင့်တွင် ရှိသော အဘိုးကြီး၏ မျက်လုံးများထဲတွင် အေးစက်စွာ တောက်ပသွား၏။ သူသည် ဝမ်ပေါင်လဲ့ နောက်သို့လှည့်လာသည့်အချိန်တွင် ရှေ့သို့ ပြေးထွက်လာ၏။ သူသည် ညာလက်ကို မြှောက်လိုက်သောအခါ ကျားတစ်ကောင်၏ ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာသည်။ ထို့နောက် ထိုအဘိုးကြီး၏ ဘေးနားတစ်ဝိုက်တွင် ရက်စက်ကြမ်းကြုတ်သော ကျားနက်ကြီးတစ်ကောင် ပေါ်လာသကဲ့သို့ ဖြစ်သွား၏။
သို့သော် ထိုအဘိုးကြီး အနီးသို့ရောက်လာသည့် အချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ဘေးတိုက်အနေအထားတွင်သာ ရှိနေသေးပါသော်လည်း သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ ချက်ချင်းဆိုသလိုပင် အသက်ဝင်လာ၏။ ထို့နောက် မှင်တက်ဖွယ်ကောင်းသော စုပ်ယူအားတစ်မျိုး ချက်ချင်းပင် ထိုးထွက်လာပြီး သူ၏ ဘေးနားတစ်ဝိုက်ရှိ အရာအားလုံးကို ဆွဲငင်လိုက်သဖြင့် မျက်လုံးဖြင့် မမြင်နိုင်သော ဝဲကြီးတစ်ခု ပေါ်လာသည်။ ထိုအခါ အဘိုးကြီး၏ အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ လမ်းကြောင်းပြောင်းသွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ပြီးသွားပြီဖြစ်၍ သူ၏ညာလက်ဖြင့် ထိုအဘိုးကြီး၏ လက်ကောက်ဝတ်အား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
ထို့နောက် ထိုအဘိုးကြီး၏ လက်ကောက်ဝတ်မှာ ဂျွတ်ခနဲမြည်ကာ ရုတ်တရက်ဆိုသလို ကျိုးသွားသဖြင့် နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ ဝမ်ပေါင်လဲ့ကမူ ထိုအဘိုးကြီး ပေါင်ကြားကို အားပြင်းပြင်း ကန်ကျောက်လိုက်သဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုအဘိုးကြီးမှာ သွေးများ အန်ထွက်လာရတော့သည်။ သူ၏ ပေါင်ကြားထဲမှာပင် သွေးများထွက်နေပြီ ဖြစ်သည်။ ထို့နောက် သူသည် နောက်သို့လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါ အကြောများ ဆွဲနေတော့သည်။
ထိုမြင်ကွင်းကြောင့် ဘေးနားတစ်ဝိုက်မှ ကြည့်ရှုနေကြသူများမှာ အသက်ပင် မရှူနိုင်ကြတော့ပဲ ကြက်သေသေနေကြတော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုအဘိုးကြီးနှင့် တိုက်ခိုက်ရာတွင် အလွန် မြန်ဆန်ခဲ့၏။ ထို့အပြင် သူ၏တိုက်ကွက်များမှာ အလွန်ရိုးရှင်းပြီး ရက်စက်လွန်းနေသောကြောင့် သူတို့မှာ ဆွံ့အကာ မှင်တက်နေကြတော့သည်။
ကျောင်းသားသုံးယောက်မှာလည်း မျက်လုံးများပြူးနေကြ၏။ လက်ချောင်းလှန်ချိုးခံထားရသည့် ကျန်းလန်၏ မျက်နှာမှာမူ ဖြူဖပ်ဖြူရော် ဖြစ်နေပြီဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး သူသည် တွားသွားရင်း နောက်သို့ တဖြည်းဖြည်း ဆုတ်သွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး၏ ကျိုးနေသော လက်ချောင်းပေါ်သို့ တက်နင်းလိုက်သဖြင့် ထိုလူငယ်လေးမှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ဝမ်ပေါင်လဲ့ကမူ တည်တည်ငြိမ်ငြိမ်ပင် အမိန့်ပေးလိုက်၏။
” တောင်းပန်စမ်း “