စာစဉ် (၁၈) အပိုင်း (၂၅၂)

သွေးစုဆောင်းခြင်း

ထန်ထန်က အလွန် ဉာဏ်ကောင်းသောကြောင့် ဇူယွမ်၏ စကားလုံးများကို နားလည်ပေသည်။ သူက ထူးဆန်းသော အခြေအနေကို ခံစားမိပေသည်။ ထို့ကြောင့် သူ၏ မျက်လုံးများကို သေးငယ်သော လက်ဖဝါးဖြင့် ဖုံးကွယ်လိုက်သည်။ ဇူယွမ် အနေဖြင့် တစ်လလျှင် ထောက်ပံ့ကြေး အဖြစ် မူလကျောက်စိမ်း အပိုင်းအစ သုံးဆယ်သာ ရကြောင်း သူသိပေသည်။ ဇူယွမ်မှာ မည်သည့်ဝင်ငွေမှ မရှိလျှင် ထန်ထန်အတွက် နှစ်အတော်အတန် ကြာမှ တစ်ခေါက်သာ သွားစားနိုင်ပေမည် …

“ဒီလို အစားအစာတွေ မင်းအမြဲ စားနေချင်လား” ဇူယွမ်က ထပ်ပြီး ဆွဲဆောင်ပြန်သည်။

ထန်ထန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးများက တောက်ပနေသည်။

ဇူယွမ်က နွေးထွေးစွာ ပြုံးလိုက်ပြီး “မင်းဒီလို အစားအစာတွေ နေ့တိုင်းစားချင်ရင် ငါ့မှာ မူလကျောက်စိမ်း လုံလုံလောက်လောက် ရှိဖို့ အရင် လိုအပ်တယ်။ ဒါကြောင့်မလို့ ငါအနာဂတ်မှာ မူလကျောက်စိမ်း ပိုရှာနိုင်ပြီး မင်းကို အရသာရှိတဲ့ အစားအသောက်တွေ ပုံမှန် ဝယ်ကျွေးနိုင်အောင် မင်းဆီက အကူအညီ နည်းနည်းလေး လိုအပ်တယ်”

ထန်ထန်က အနည်းငယ် ထိတ်လန့်သွားပြီး ဇူယွမ်ကို အနည်းငယ် စိုးရိမ်နေသည့် ဟန်ဖြင့် ကြည့်လိုက်သည်။ သူ၏ ပင်ကို အသိစိတ်အရ အန္တရာယ် အငွေ့အသက်ကို ခံစားမိနေပြီ ဖြစ်သည်။

လေသာဆောင်တွင် ယောင်ယောင်ကတော့ နေရောင်ခြည်အောက်တွင် သူမ၏ လက်ထဲမှ ရှေးဟောင်း စာသားများကို ရေးစွဲလျက် ရှိသည်။ သူမ၏ မျက်ဝန်းများက အိမ်အတွင်းသို့ လှမ်းကြည့် နေပြီးနောက် သူမ၏ နှုတ်ခမ်း ထောင့်စွန်းမှာ အပေါ်သို့ တက်သွားပြီး ပြုံးနေသည်။

ဇူယွမ်က ထန်ထန်ကို စိုက်ကြည့်လျက် သူ၏ လက်မောင်းအိုး အတွင်းမှ ကျောက်စိမ်း ပုလင်းကို ထုတ်ယူ လိုက်ပြီးနောက် အနည်းငယ်မျှ ပြုံးလိုက်ပြီး “အဲဒါက တကယ်ကို ရိုးရှင်းပါတယ်။ ငါမင်းရဲ့ သွေးအနည်းငယ်ကိုပဲ လိုချင်ရုံပါ”

အဆုံးတွင် ထန်ထန်၏ ကိုယ်ပေါ်မှ အမွေးများ ထောင်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်က တွန့်သွားကာ ဇူယွမ်ကို ထိုးဟောင်လိုက်သည်။

သည်ကောင်က သူ၏ သွေးကို လိုချင်သည်တဲ့လား …

“မင်းသာ ငါ့ကို ဒီလိုကိစ္စ သေးသေးလေးတောင် မကူညီဘူး ဆိုရင် ငါတို့ နောက်တစ်ချိန်မှာ သင်းရနံ့တစ်ရာ အိမ်တော်ထဲကို မဝင်နိုင်မှာ ငါစိုးရိမ်မိတယ်” ဇူယွမ်က တည်ငြိမ်နေသော အသံဖြင့် ပြောသည်။ သို့သော်လည်း သူ၏ စကားများက ခြိမ်းခြောက် နေသည်မှာ ထင်ရှားပေသည်။

ချီတုံချတုံ ဖြစ်သွားသော ဟန်များက ထန်ထန်၏ မျက်လုံး ဝိုင်းလေးများတွင် ပေါ်လာခဲ့သည်။

သူ၏ စိတ်အတွင်းမှာ ပြင်းပြင်းထန်ထန် ရုန်းကန် လှုပ်ရှားနေသည်မှာ ထင်ရှားပေသည်။

“မင်းဒီလို အရသာရှိတဲ့ အစားအစာတွေ စားချင်လား ဒါမှမဟုတ် အသားခြောက် စားချင်လား။ မင်းသာ အဲဒီကို နေ့တိုင်း မသွားနိုင်တော့ရင် ဝမ်းနည်းစရာ မကောင်းဘူးလား” ဇူယွမ်၏ စကားလုံးများက လုံးဝကို ဆွဲဆောင်နေသည်။

အဆုံးတွင် ထန်ထန်က နာကျင်ဟန်ဖြင့် ဆွဲဆွဲငင်ငင် အော်မြည်လိုက်ပြီး ဇူယွမ်၏ သွေးဆောင်မှုကို မခုခံတော့ပဲ သူ၏ လက်ဖဝါးကို ဖြန့်ပေးလိုက်သည်။

ထိုမြင်ကွင်းကြောင့် ဇူယွမ်မှ ခပ်ဟဟ ပြုံးလိုက်သည်။ ကောင်းကင်ဘုံ ယွမ်စုတ်တံက တဖြည်းဖြည်း ကြီးမားလာပြီး နှင်းဖြူရောင် အမျှင်များက အေးစက်စက် အလင်းရောင်နှင့် ထက်ရှနေသည်။

ချပ် …

ဇူယွမ်က သူ၏ စွမ်းအားများကို စုတ်တံဆီသို့ ပို့လွှတ်ကာ အလင်းတန်း အသွင်ဖြင့် ထန်ထန်၏ လက်ဖဝါးပေါ်သို့ ထိုးဖောက်လိုက်သည်။

ထက်ရှသော စုတ်တံအသွားက ထန်ထန်၏ လက်ဖဝါးပေါ်သို့ ကျရောက် သွားချိန်တွင် မီးပွင့်မီးပွား ကလေးများပင် ထွက်လာခဲ့သည်။ သို့သော်လည်း ထိုအရာက သေးငယ်သော အပေါက် တစ်ခုစာမျှတောင် ထိုးဖောက်နိုင်ခြင်း မရှိပေ။

ဇူယွမ်မှာ တုန်လှုပ်သွားသည်။ သည်အကာအကွယ်က အလွန် သန်မာလှပေသည်။

ထန်ထန်က အထင်အမြင် သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ငါမင်းကို ဖြတ်ခွင့်ပေးပေမဲ့ ဒါလေးတောင် မလုပ်နိုင်ဘူး တော်တော် အသုံးမကျတာပဲ  …

ဇူယွမ်က မျက်မှာ ပူစွာဖြင့် ရေရွတ်လိုက်သည်။ “ငါ့ရဲ့ ကောင်းကင်ဘုံ ယွမ်စုတ်တံက အနက်ရောင် အလယ်လတ် အဆင့် လက်နက်ပဲ ရှိသေးတယ်။ လေးခုမြောက် မှော်စာလုံးလဲ မနိုးထသေးဘူး …”

သူက အသက်ပြင်းပြင်း တစ်ချက်ရှူပြီး စုတ်တံကို ကိုင်မြှောက်လိုက်သည်။ မူလချီများက စုတ်တံတစ်လျှောက် စီးဆင်းသွားပြီး ခရမ်းရောင် အရှိန်အဝါများက ဖုံးအုပ်သွားသည်။

ထိုအရာက အရှိန်အဝါ ပြောင်းလဲခြင်းပင် ဖြစ်သည်။

စုတ်တံ၏ ထိပ်ဖျားက နောက်တစ်ကြိမ် တိုးဝင်သွားသည်။ သည်တစ်ကြိမ်တွင်တော့ အလုပ်ဖြစ်ခဲ့ကာ ထန်ထန်၏ လက်ဖဝါးပေါ်တွင် သေးငယ်သော အပေါက်တစ်ခု ဖြစ်လာပြီး လတ်ဆတ်သော သွေးများ စီးကျလာခဲ့သည်။

ဇူယွမ်က ပုလင်းကို ရှေ့သို့မြန်မြန် ဆွဲယူကာ ကျဆင်းလာသော သွေးများကို ခံယူလိုက်သည်။

ထိုအခါမှ ထန်ထန်၏ သွေးများများက ရွှေအိုရောင် ဖြစ်သည်ကို သူတွေ့ရှိ သွားခဲ့သည်။ ကျဆင်းလာသော သွေးစက် တစ်စက်ချင်းစီတိုင်းက အလွန်အမင်း လေးလံလှပြီး လျှို့ဝှက် ဆန်းကြယ်သော ခံစားမှုကို ပေးစွမ်းပေသည်။

“တကယ်လေးတာပဲ”

ကျောက်စိမ်းပုလင်းကို ကိုင်ထားသော သူ၏ လက်ပင်လျှင် ချက်ချင်း အောက်သို့ နိမ့်ကျသွားသည်။ ထန်ထန်၏ သွေးကား အလွန်အမင်း လေးလံ လှပေသည်။

“တကယ့်ကို ပစ္စည်းကောင်းပဲ” ဇူယွမ်က သူ၏ နှုတ်ခမ်းကို သပ်လိုက်သည်။ ထန်ထန်၏ သွေးမှာ သာမန်ထက် ပိုပြီး ထူးကဲကြောင်း သူခံစား မိပေသည်။ သူက ချက်ချင်းပင် ထန်ထန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သွေးများ ပိုမို လျင်မြန်စွာ ထွက်ကျလာအောင် ပြုလုပ်လိုက်သည်။

ထိုကြောင့် မိနစ်အနည်းငယ် အကြာတွင် ပုလင်း တစ်ခုလုံးအပြည့် သွေးများ ရရှိခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူက နှုတ်ခမ်း သပ်လိုက်ပြီး နောက်ထပ် ပုလင်းတစ်လုံးကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး သူ၏ မျက်လုံးများမှာ တောက်လောင်လျက် “နည်းနည်းလောက် ပိုပြီး။ နည်းနည်းလောက် ပိုပြီး”

သည်လို အချိန်အခါမျိုးက ရရှိရန် ခက်ခဲပေသည်။ ထိုကြောင့် သူက ရနိုင်သမျှ ရအောင် လုပ်နေခဲ့သည်။

ဝေါင်း …

သို့သော်လည်း သူ၏ လုပ်ရက်ကြောင့် ထန်ထန်မှာ ဒေါသ ထွက်သွားပြီး ဒေါသတကြီး ဟိန်းဟောက် လိုက်တော့သည်။ ဇူယွမ်၏ လောဘကြီးမှုကို မနှစ်မြို့ဟန်ဖြင့် သူ၏ လက်ဖဝါးကို ရုတ်တရက် မြှောက်လိုက်ပြီး ဇူယွမ်၏ ရင်ဘတ်ပေါ်သို့ အညှာအတာ ကင်းမဲ့စွာ ရိုက်ချလိုက်သည်။

ဘုန်း … အား …

မသဲကွဲသော ရိုက်နှက်သံနှင့် အတူ အနောက်မှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဇူယွမ်၏ ပုံရိပ်က အနောက်သို့ လွင့်စဉ်သွားပြီး ပြတင်းပေါက်မှ တစ်ဆင့် အိမ်အပြင်ဘက်သို့ ရောက်ရှိသွားကာ မြေပြင်နှင့် ရိုက်မိချိန်တွင် နာကျင်သောကြောင့် အော်ဟစ် လိုက်ရသည်။

လေသာဆောင်ပေါ်တွင် ယောင်ယောင်က ရှေးဟောင်း စာလုံးများ ရေးဆွဲနေရမှာ လှည့်ကြည့်နေသော သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။ သူမအနေဖြင့် ဖြစ်လာသည့် အကျိုးဆက်များကို ဆက်လက် မကြည့်ရှုလိုတော့ပေ။

ဇူယွမ်က မြေပြင်တွင် လဲလျောင်းနေပြီး သူ၏ ရင်ဘတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့အနေဖြင့် ပထမဆုံး စစ်ဆေးမိသော အရာမှာ ပုလင်း ကွဲမကွဲကို သာဖြစ်သည်။ ပုလင်း မကွဲသည်ကို တွေ့မှ သက်ပြင်း ချလိုက်ပြီး ခေါင်းယမ်းကာ “သဘောထားသေးတဲ့ ကောင်လေး။ တစ်ပုလင်းတည်းတဲ့ …”

သူရင်ဘတ်မှာ အလွန် နာကျင် နေပေသည်။ ထန်ထန်က တကယ့်ကို အညှာအတာ မဲ့လွန်းသည်။

“ဒါပေမဲ့လည်း နောက်ဆုံးတော့ ငါရခဲ့တာပဲ” သူက ပုလင်းကို လက်ထဲတွင် ညင်သာစွာ လှည့်ကာ ကြည့်ခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် ကျေနပ်နေဟန် ပေါ်လွင် နေပေသည်။ ယောင်ယောင် ပြောခဲ့သည် အတိုင်းဆိုပါက  ထန်ထန်၏ သွေးက အဆင့်လေး အမြင့်ဆုံးအဆင့် မူလသားရဲ၏ သွေးအဆီအနှစ်ကို အဆင့်ငါးနှင့် နှိုင်းယှဉ်နိုင်အောင် လုပ်ပေး နိုင်ပေသည်။

“နင်ဘာလုပ် နေတာလဲ”

ဇူယွမ်အထဲသို့ ပြန်သွားရန် ပြင်လိုက်စဉ်မှာပဲ ချစ်စဖွယ် ကောင်းသော အသံလေးက သူ၏ နံဘေးနားဆီမှာ ပေါ်ထွက် လာခဲ့သည်။ သူက ခေါင်းမော့ကြည့် လိုက်လျှင် အနီးအနားတွင် ရပ်နေသော ဂူဟွမ်ဂျီကို တွေ့လိုက်သည်။ သူမ၏ လှပသော မျက်နှာလေးမှာ သူ့ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။

ဇူယွမ်က ကျောက်စိမ်း ပုလင်းကို သိမ်းလိုက်ပြီး ပြုံးဖြီးဖြီးနှင့် “ဘာမှ မဟုတ်ပါဘူး”

သူက မေးလိုက်သည်။ “မင်းဒီမှာ ဘာလာ လုပ်တာလဲ”

ဂူဟွမ်ဂျီက ခဏမျှ တုံ့ဆိုင်း သွားပြီးနောက် ပြောလိုက်သည်။ “ငါကြားခဲ့တာ နင် နဂါးကိုးကောင် နိယာမ ကျင့်စဉ်အတွက် မူလသားရဲ သွေးအဆီအနှစ် ဝယ်ဖို့ တောက်ပသော ရတနာခန်းမကို သွားတယ်ဆို ဒါပေမဲ့ အဆုံးမှာ လုဖန်းကို ရှုံးနိမ့်ခဲ့တယ် မလား”

ဇူယွမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး ခေါင်းညိတ်ကာ “သူ အဆင့်ငါး မူလသားရဲ သွေးအဆီအနှစ်တွေ အကုန်လုံးကို ဝယ်ယူ သွားတယ်လေ”

ဂူဟွမ်ဂျီက အံကိုတင်းတင်း ကြိတ်ထားပြီး သူမ၏ မျက်လုံး အစုံမှာ ဒေါသကြောင့် အရောင်လက် နေပေသည်။ သူမက လုဖန်း၏ အပြုအမူကို စိတ်ပျက်နေပြီ ဖြစ်သည်။

သူမက လက်တစ်ချက် လှုပ်လိုက်ပြီး ဇူယွမ်ထံသို့ အနက်ရောင် အရိပ် တစ်ခုကကို ပစ်ပေးလိုက်သည်။

ဇူယွမ်က ထိုအရာကို ဖမ်းယူ လိုက်သည်နှင့် အံ့အားသင့်စွာပင် သူ၏ လက်မှ အေးမြမှုကို ခံစားလိုက် ရသည်။ ထိုအရာမှာ နောက်ထပ် ပုလင်းတစ်ခု ဖြစ်ပြီး ပြင်းထန်ပြီး ကြမ်းတမ်းသော အရှိန်အဝါများ ဖြာထွက်နေသည့် သွေးများက ထိုအထဲတွင် စီးဝင်နေသည်။

“အဆင့်ငါး နဂါးအမျိုးအစား မူလသားရဲ သွေးအဆီအနှစ်လား” ဇူယွမ်က စိုက်ကြည့်လိုက်သည်။

“ငါအတွင်းတောင်က ငါ့ရဲ့ အဆက်အသွယ် အချို့ကို အသုံးပြုခဲ့ပေမဲ့ တစ်ခုပဲ ရခဲ့တယ်” ဂူဟွမ်ဂျီက ရှင်းပြလိုက်သည်။

ဇူယွမ်က အတော်လေး အံ့ဩမိပေသည်။ ဂူဟွမ်ဂျီထံမှ သည်လို အကူအညီမျိုး ရရှိလိမ့်မည်ဟု သူတစ်ခါမှ မမျှော်လင့် ထားဖူးပေ။ သူက ခေါင်းခါယမ်း လိုက်ပြီး “မလိုအပ် …”

ဂူဟွမ်ဂျီက လက်ဝှေ့ယမ်း လိုက်ပြီး စကားဖြတ် ပြောလိုက်သည်။ “မလိုဘူး လုပ်မနေနဲ့။ နင်နဲ့ လုဖန်းကြားမှာ ပြဿနာ တက်တာက ငါနဲ့လည်း ဆိုင်တယ်။ ဒါကြောင့် ငါဘာမှ မလုပ်ပေးပဲ ရပ်ကြည့် မနေနိုင်ဘူး”

သူမက ဇူယွမ်ကို ကြည့်လိုက်ပြီးနောက် ရယ်မောကာဖြင့် ဟာသ လုပ်လိုက်သည်။ “ငါကြားခဲ့တာတော့ နင်က တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ လုဖန်းရဲ့ ပထမနေရာကို လုမယ်ဆို”

“သည်စကားတွေက ပျံ့နှံ့နေပြီးတော့ လူတိုင်းက နင့်ကိုနင် အရမ်း မျှော်လင့်နေတယ် ဆိုပြီး ရယ်နေကြပြီ”

ဇူယွမ်မှာ ပြောစရာ စကားမဲ့ သွားသည်။ သူ့အနေဖြင့် သည်သတင်းက ထိုမျှမြန်မြန် ပျံ့နှံ့လိမ့်မည်ဟု မထင်ထားပေ။ ကြည့်ရသည်မှာ သည်တစ်ကြိမ်လည်း လုဖန်း၏ စနက်ပင် ဖြစ်ပေလိမ့်မည်။

“ငါက ပြဿနာ ရှာတတ်တဲ့ လူစားမျိုးလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက တစ်ကြိမ်ပြီး တစ်ကြိမ် ရန်လာစ နေတယ်။ ဒါကြောင့်မလို့ ငါသူ့ကို တစ်ချက်မှ ပြန်မထိုးရင် မဖြစ်တော့ဘူး” ဇူယွမ်က ရယ်မောလိုက်ပြီး “မင်းကော ငါ့အပေါ်ဘယ်လို ထင်လဲ”

“အမှန်တိုင်း ပြောရင်တော့ နင့်မှာ အခွင့်အရေး သိပ်မရှိဘူး” သူမက အနီရောင် နှုတ်ခမ်း ပါးလေးကို စူလိုက်ပြီး “ဒါပေမဲ့လည်း နင် သူဆီကနေ ပထမ နေရာကို အရယူနိုင်ဖို့ မျှော်လင့်ပါတယ်”

ဇူယွမ်က ခေါင်းညိတ်လိုက်ပြီး “ဒါကို ကောင်းမွန်တဲ့ ဆုတောင်း မေတ္တာလို့ပဲ ငါလက်ခံ လိုက်မယ်”

ဂူဟွမ်ဂျီက ဆုံးဖြတ်ချက် ပြတ်သားပြီး အစွမ်းအစရှိသော သူတစ်ယောက် ဖြစ်သည်။ သူမက လက်ဝှေ့ယမ်း ပြလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ စမ်းချောင်း နံဘေးရှိ သူမ၏ အိမ်ငယ်လေးဆီသို့ ဦးတည် သွားလိုက်သည်။

“ကြိုးစားပါ။ တောင်ထွတ် ရွေးချယ်မှု အခမ်းအနား ကျင်းပဖို့ သိပ်မလိုတော့ဘူး။ ငါ နင့်ရဲ့ လုပ်ဆောင်မှုတွေကို တကယ် စောင့်ကြည့်နေမယ်”

သူမ၏ အသံက တောင်တစ်လျှောက် ပဲ့တင်သံ ထပ်သွားသည်။

ဇူယွမ်က ပျောက်ကွယ်သွားသော သူမ၏ ပုံရိပ်လေးကို ကြည့်နေခဲ့ပြီးနောက် အဆင့်ငါး မူလသားရဲ သွေးအဆီအနှစ် ပါသော ပုလင်းကို လှည့်ကာ ကြည့်လိုက်သည်။ ထိုနောက် သူက အကွာအဝေး တစ်ခုဆီသို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများက အေးစက်လာပြီး ကျဉ်းမြောင်း သွားတာ့သည်။

“လုဖန်း …”

“သွေးအဆီအနှစ်တွေကို ယူဆောင် သွားပြီးတော့ မင်းရဲ့ စိတ်ထဲမှာ ငါ့ကို အားနည်းအောင် လုပ်နိုင်ပြီလို့ ထင်နေပြီမလား။ ဒါကြောင့် မလို့ မင်းသက်သက်သာသာ နေလိုက်ရင်တော့ …”

“ဒါက ငါ့ကို တားဆီးဖို့ လုံလောက်တယ် ထင်ရင် မင်း အရမ်း မှားသွားမယ်”

“တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ မင်းနဲ့ အရမ်း သင့်လျော်တယ် ဆိုတဲ့  ပထမနေရာကို … ငါယူပြမယ်”


Comment

Leave a Reply


Options

not work with dark mode
Reset